20th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အစ္စရေးနှင့် ဂါဇာတွင်ဖြစ်ပွားနေသော အခြေအနေများကြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ခြင်းပေးပို့ရန်နှင့် မြန်မာနှင့် အခြားနိုင်ငံခြားသားများ အပါအဝင် အရပ်သားအားလုံးကို အကာအကွယ်ပေးရန် ယာယီသမ္မတတိုက်တွန်း

📌 ၂။ Special Advisory Council on Myanmar ကိုယ်စားလှယ်အဖွဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဝါရှင်တန်ဒီစီ ရုံးခန်းသို့လာရောက်ဆွေးနွေး

📌 ၃။ အမျိုးသားညီညွှတ်ရေးအစိုးရနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး

📌 ၄။ ရက်စက်ယုတ်မာသည့် စစ်တပ်သည် လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာ များရရှိရန် ကြိုးပမ်းလျက်ရှိပြီးစစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန် နိုင်ငံတကာအသိုက်အဝန်းအားသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

📌 ၅။ အကြမ်းဖက်စစ်တပ်က ရမ်းသန်းပစ်ခတ်လိုက်သောလက်နက်ကြီးခလယ်လွီထူခရိုင်၊ ဆောထီမြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ချုံအင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့

📌 ၆။ ဂျပန်နိူင်ငံတရားရေးဌာနမှ NUG ဂျပန် ကိုယ်စားလှယ်ရုံးမှာ လက်ထပ်ထားတဲ့ စာချုပ်ကို အသိအမှတ်ပြု

📌 ၇။ စင်ကာပူနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုအား ရောင်းချနေသော လက်နက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုခွင့်များအား ပိတ်ဆို့ကန့်သတ်နိုင်ရေးအတွက်ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အစ္စရေးနှင့် ဂါဇာတွင်ဖြစ်ပွားနေသော အခြေအနေများကြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ခြင်းပေးပို့ရန်နှင့် မြန်မာနှင့် အခြားနိုင်ငံခြားသားများ အပါအဝင် အရပ်သားအားလုံးကို အကာအကွယ်ပေးရန် ယာယီသမ္မတတိုက်တွန်း


အောက်တိုဘာ၂၀ရက်


အစ္စရေးနှင့် ဂါဇာတွင်ဖြစ်ပွားနေသော အခြေအနေများကြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ခြင်းပေးပို့ရန်နှင့် မြန်မာနှင့် အခြားနိုင်ငံခြားသားများ အပါအဝင် အရပ်သားအားလုံးကို အကာအကွယ်ပေးရန် ယာယီသမ္မတဒူဝါလရှီးလမှ အောက်တိုဘာ၂၀ရက် တွင် Twitterမှတစ်ဆင့် ရေးသားတိုက်တွန်းထားပါတယ်။


"အစ္စရေးနှင့် ဂါဇာတွင် ကြောက်မက်ဖွယ်ရာ အသက်ဆုံးရှုံးမှုနှင့် ဆိုးရွားလှသော အခြေအနေများကြောင့် ကြှနျုပျတို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ခြင်းပေးပို့ရန်နှင့် မြန်မာနှင့် အခြားနိုင်ငံခြားသားများ အပါအဝင် အရပ်သားအားလုံးကို အကာအကွယ်ပေးရန် တိုက်တွန်းအပ်ပါတယ်"လို့ ဆိုပါတယ်။


အစ္စရေးနှင့် ဂါဇာတွင်နှစ်ဖက်ဖြစ်ပွားနေသော အခြေအနေများကြားအရပ်သားများထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး ထိုင်းနိူင်ငံသားများထိခိုက်သေဆုံးမှုတို့ရှိကြောင်းသိရပါတယ်။


========================


📌📌 ၂။ Special Advisory Council on Myanmar ကိုယ်စားလှယ်အဖွဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဝါရှင်တန်ဒီစီ ရုံးခန်းသို့လာရောက်ဆွေးနွေး


အောက်တိုဘာ၂၀ရက်


အောက်တိုဘာ၁၉ရက်နေ့တွင် Special Advisory Council on Myanmar အဖွဲ့ဝင်များဖြစ်ကြသော Ms. Yanghee Lee နှင့် Mr. Chris Sidoti တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန် ဒီစီ ရုံးခွဲသို့ လာရောက်ခဲ့တယ်လို့ သိရပါတယ်။


Special Advisory Council on Myanmar အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့က လက်ခံတွေ့ဆုံခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် Special Advisory Council on Myanmar ကိုယ်စားလှယ်အဖွဲ့က ၄င်းတို့လာရောက်သော ခရီးစဥ်ရည်ရွယ်ချက်နှင့် တွေ့ဆုံမှုများအကြောင်းဆွေးနွေးပြီး မြန်မာနိုင်ငံနှင့် စပ်လျဥ်းသော ကုလသမဂ္ဂဆိုင်ရာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ဆုံးဖြတ်ချက်များ၊ စည်းရုံး ဆောင်ရွက်မှုများ အကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ 


ဒါ့အပြင်ကုလသမဂ္ဂနှင့် အခြားနိုင်ငံများ၏ မြန်မာ့အရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများ အပေါ် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွှတ်ရေးအစိုးရနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး


အောက်တိုဘာ၂၀ရက်


အမျိုးသားညီညွှတ်ရေးအစိုးရနှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီတို့သည် အောက်တိုဘာလ  (၁၉)ရက်နေ့၊ ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် အမျိုးသားညီညွှတ်ရေးညီညွှတ်ရေးအစိုးရမှ နိုင်ငံတော်သမ္မတရုံးမှ တာ၀န်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ အလုပ်သမားရေးရာဝန်ကြီးဌာန တို့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ တက်ရောက်ခဲ့ကြပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည့်အပြင် လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်းများပါ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးတွင် ပြည်သူ့နွေဦးတော်လှန်ရေးတွင် ဘုံရန်သူအကြမ်းဖက် အာဏာသိမ်း စစ်အုပ်စု ပြုတ်ကျရေးနှင့် တိုင်းရင်းသားအားလုံးတို့၏ ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ပြည်သူ့တော်လှန်ရေး၏ အဓိက စစ်မျက်နှာစာ ကဏ္ဍကြီး ()ခုဖြင့် ဆောင်ရွက်နေမှုကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ရက်စက်ယုတ်မာသည့် စစ်တပ်သည် လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာ များရရှိရန် ကြိုးပမ်းလျက်ရှိပြီးစစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန် နိုင်ငံတကာအသိုက်အဝန်းအားသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း


အောက်တိုဘာ၂၀ရက်


အောက်တိုဘာ၁၉ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) အဖျက်စွမ်းအားပြင်းလက်နက်များ ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။


"စစ်တပ်၏ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုများနှင့် လက်ရှိတွင် ပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ယုတ်မာသတ်ဖြတ်မှုများအရ စစ်တပ်သည် ပြည်သူများအပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို အပြည့်အဝပြုလုပ်ကျူးလွန်နိုင်ကြောင်း၊ထိုသို့ ရက်စက်ယုတ်မာသည့် စစ်တပ်သည် လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာ များရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းလိုကြောင်း၊ ထို့အပြင် အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေရန် အလို့ငှာ စစ်တပ်ကိုလက်နက်များ ရောင်းချပံ့ပိုးခြင်း မပြုရန်ကိုလည်း တိုက်တွန်းတယ်"လို့သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်သူများနှင့် ဆိုးရွားသောပြစ်မှုများကိုကျူးလွန်သည့် အဖွဲ့အစည်းများထံသို့ အဖျက် စွမ်းအားပြင်းလက်နက်များ ရောက်ရှိသွားရန် ဖြစ်နိုင်ခြေသည် အလွန် အင်မတန် ကြီးမားသည့် စိန်ခေါ်မှုအဖြစ် တည်ရှိနေတယ်လို့ သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်က ရမ်းသန်းပစ်ခတ်လိုက်သောလက်နက်ကြီးခလယ်လွီထူခရိုင်၊ ဆောထီမြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ချုံအင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့


အောက်တိုဘာ၂၀ရက်


ပုဇွန်မြောင်းကျေးရွာတွင် လှုပ်ရှားနေသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် (၂၀)နှင့် ပိန်းဇလုတ်မြို့တွင် အခြေစိုက်နေသည့် ခြေလျင်တပ်ရင်း အမှတ် (၂၆၄)တို့မှ တပ်သားများသည် အနီးအနားကျေးရွာများအတွင်းသို့ ၁၂၀မမ လက်နက်ကြီး လုံးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ ၉း၁၆ မိနစ် ၉း၅၀ မိနစ်အချိန်ကြားတွင် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့တယ်လို့အောက်တိုဘာ၂၀ရက်မှာ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRGကအသိပေးဆိုပါတယ်။


 ပစ်ခတ်လိုက်သော လက်နက်ကြီးအချို့သည် ခလယ်လွီထူခရိုင်၊ ဆောထီမြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ချုံအင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အသက် ၄၈ နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀နှစ် နှင့် ၄၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


 ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏ နွားသုံးကောင် ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး အခြားလက်နက်ကြီးနှစ်လုံးသည်လည်း ရွာသားတစ်ဦး၏ လယ်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စပါးပင်အချို့ ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၆။ ဂျပန်နိူင်ငံတရားရေးဌာနမှ NUG ဂျပန် ကိုယ်စားလှယ်ရုံးမှာ လက်ထပ်ထားတဲ့ စာချုပ်ကို အသိအမှတ်ပြု


အောက်တိုဘာလအတွင်းမှာ ပတ်စ်ပို့စ်သက်တမ်းနဲ့ပတ်သက်လို့အခက်ကြုံရသူ မြန်မာနိူင်ငံသားတစ်ဦးက လူမှုကွန်ရက်မှာ အခုလိုရှင်းလင်းအသိပေးဆိုထားပါတယ်။


"ကျွန်တော်တို့ လင်မယား၂ ယောက်လုံးပတ်စပို့စ်သက်တမ်း ကုန်နေခဲ့တာ ကြာပါပြီ။ခု မိန်းမက ရင်သွေးလွယ်ထားရလို့ ရပ်ကွက်ရုံးမှာ တရားဝင်လက်ထပ်ဖို့ သွားတော့ ရပ်ကွက်ရုံးက မြန်မာပြည်က အပျိုလူပျိုထောက်ခံစာရယ် သံရုံးမှာ လက်မှတ်ထိုးထား တာကို တောင်းပါတယ်။မတရား အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို အစိုးရအဖြစ် အသိမှတ်မပြုနိုင်ကြောင်းနဲ့ သူတို့နဲ့ ဆက်သွယ်ရင်  မိသားစု အန္တရာယ်ရှိနိုင်ကြောင်း ပြောပြတော့ ရပ်ကွက်ရုံးက အခြားနည်းလမ်းရှာပေးတယ်။ အကြောင်းအရာအစုံအလင်ကို ဂျပန်ဘာသာနဲ့ တရားရေးဌါန ကို တင်ပေးမယ်ပြောပါတယ် အကြာမှာ တရားရေးဌါနက ဆက်သွယ်လာပြီး လင်မယား ယောက်စလုံးကို မေးမြန်းစစ်ဆေးပါတယ် တပတ်အကြာမှာတော့ ရပ်ကွက်ရုံးကနေ တရားဝင် လင်မယား အဖြစ် အသိမှတ်ပြုကြောင်း ဆက်သွယ်လာပါတယ်။အဓိက ပြောချင်တာက တရားရေးဌါနက အသိမှတ်ပြုတာက NUG ဂျပန် ကိုယ်စားလှယ်ရုံးမှာ လက်ထပ်ထားတဲ့ စာချုပ်ကြောင့်ပါ လို့ ပြောချင်ပါတယ်"လို့ဆိုပါတယ်။


 NUG ရုံးကို ဂျပန်နိူင်ငံကအသိမှတ်ပြုထားတာမို့ အပျိုလူပျိုထောက်ခံစာနှင့်သံရုံးထောက်ခံစာတို့ မလိုအပ်ဘူးလို့၄င်းကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကိုရီးယား ကိုယ်စားလှယ်ရုံး၊ ဂျပန်နိူင်ငံ ကိုယ်စားလှယ်ရုံး၊ သြစတြေးလျနိူင်ငံ၊ချက်နိူင်ငံ၊ပြင်သစ်နိူင်ငံ၊ UKနိူင်ငံတို့တွင် ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ထားကာ အမေရိကန်နိူင်ငံဝါရှင်တန်ဒီစီတွင် နိူင်ငံခြားရေးဝန်ကြီးရုံးကို ဖွင့်လှစ်ထားပါတယ်။


========================


📌📌 ၇။ စင်ကာပူနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုအား ရောင်းချနေသော လက်နက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုခွင့်များအား ပိတ်ဆို့ကန့်သတ်နိုင်ရေးအတွက်ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကျင်းပမယ်


အောက်တိုဘာ၂၀ရက်


"စင်ကာပူနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့နေသော လက်နက်နှင့် ငွေကြေးလမ်းကြောင်းများအား ပိတ်ဆို့နိုင်ပါက စစ်အာဏာရှင် တော်လှန်ရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုလည်းသက်သာလာမှာဖြစ်ပါတယ်။ထို့ကြောင့် ပြည်တွင်း၊ ပြည်ပတော်လှန်ရေး အဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ နှင့် ပြည်သူလူထုတို့ စုပေါင်း၍ စင်ကာပူနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုအား ရောင်းချနေသော လက်နက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုခွင့်များအား ပိတ်ဆို့ကန့်သတ်နိုင်ရေးအတွက် စင်ကာပူအစိုးရအား ဖိအားပေးသော လှုပ်ရှားမှုများကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ အွန်လိုင်းနှင့်မြေပြင် ဟန်ချက်ညီညီလုပ်ဆောင်သွားရန်ရှိပါတယ်"လို့အောက်တိုဘာ၂၀ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကတရားဝင်အသိပေးကြေညာပါတယ်။


ထို့ကြောင့် စစ်အာဏာရှင်ကို တော်လှန်နေကြသော တော်လှန်မိတ်ဆွေ များအနေဖြင့် အွန်လိုင်းလှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ မြေပြင်လှုပ်ရှားမှုများတွင်သော် လည်းကောင်း မိမိတို့တက်နိုင်သည့်အပိုင်းမှ ထိရောက်စွာပူးပေါင်းပါဝင်ပေး ကြရန်အသိပေးကြေညာထားပါတယ်။


ဒါ့အပြင် စင်္ကာပူရှိ စကစရဲ့မြန်မာသံရုံးက မြန်မာပတ်စ်ပို့များကို အမေးအမြန်းမရှိ ပယ်ဖျက်ပစ်နေ၍ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူများ အထူးသတိထားရန်လိုအပ်တယ်လို့ အောက်တိုဘာလအတွင်း စင်္ကာပူရှိ မြန်မာအရေးတက်ကြွလှုပ်ရှားသူများကတဆင့်သိရပါတယ်။


စင်္ကာပူရှိ မြန်မာသံရုံးက မြန်မာပတ်စ်ပို့များကို အမေးအမြန်းမရှိ ပယ်ဖျက်ပစ်နေတယ်လို့ဆိုပြီး ၄င်းဖြစ်ရပ်ဟာ တော်လှန်ရေးနဲ့ဆက်စပ်ပတ်သက်မှုရှိတာကြောင့်လည်းဖြစ်နိူင်တယ်လို့ဆိုပါတယ်။


သို့ပါ၍ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူ များအနေဖြင့် ပြည်ပခရီးသွားလာမှုများအတွက် အထူးသတိထားရန်နှင့် မဖြစ်မနေ ပြည်ပထွက်ခွါရန်ရှိပါက လုံလောက်သည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးမှသာ ထွက်ခွါကြဖို့လိုအပ်မယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment