26th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် KIO ကို ယာယီသမ္မတ တိုက်တွန်း

📌 ၂။ အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် PDF တပ်ရင်းတစ်ရင်းစာ လက်နက်များ သိမ်းဆည်းရရှိထား၊ စစ်ကောင်စီ အိပ်မက်ကို ရိုက်ချိုးနိုင်တဲ့အောင်ပွဲဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဆို

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက တိုရွန်တိုမြို့မှာ တောင်းဟောလ်မီတင် ပြုလုပ်မယ်

📌 ၄။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၅။ စစ်အာဏာရှင်ကိုချေမှုန်းနိုင်ရေး တော်လှန်ရေးအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု KIO ဥက္ကဋ္ဌပြော

📌 ၆။ ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုရန် CHRO လျှောက်ထား

📌 ၇။ ပေါက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒေသခံလေးဦးကို သတ်ဖြတ်ခဲ့၊ ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေ၍ စစ်ရှောင်ပြည်သူတွေ အခက်ကြုံနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် KIO ကို ယာယီသမ္မတ တိုက်တွန်း


အောက်တိုဘာလ ၂၅။

ကချင်လွတ်လပ်ရေးတပ်မတော်-KIA အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF တွေအပါအဝင် မဟာမိတ် အင်အားစုများအကြား ပိုမိုပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။


အောက်တိုဘာလ ၂၅ရက်နေ့မှာကျရောက်ခဲ့တဲ့  KIO တည်ထောင်ခြင်း (၆၃) နှစ်ပြည့်သို့ ပေးပိုခဲ့တဲ့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဂုဏ်ပြုအမှတ်တရစကားမှာ အခုလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


မဟာမိတ်အင်အားစုတွေကြား ပူးပေါင်းမှု ယခုထက်ပိုပြီး စစ်အာဏာရှင်စနစ် အဆုံးသတ် အမြစ်ဖြတ်နိုင်ရေး အတူတကွ အားစိုက်လုပ်ဆောင်သွားကြပါစို့။ KIO အနေဖြင့် အနာဂတ်တွင်လည်း တိုင်းပြည် ကောင်းစားရေး၊ လူထု ကောင်းစားရေးအတွက် ရှေ့ဆုံးမှ မားမားမတ်မတ် ဦးဆောင်နိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်လို့ ယာယီသမ္မတ က ပြေားကြားခဲ့ပါတယ်။ 


တော်လှန်ရေးဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ရဲ့ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ရေးအောင်မြင်မှုတွေကိုလည်း အလေးအနက် ဂုဏ်ပြုပါ တယ်။ KIA စစ်ဦးစီးချုပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့အတူ မဟာမိတ်တွေထံ လေးနက်သည့် ဂုဏ်ပြု မှတ်တမ်းတင်စာ ပေးပို့ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်ရသလို အထူးကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် PDF တပ်ရင်းတစ်ရင်းစာ လက်နက်များ သိမ်းဆည်းရရှိထား၊ စစ်ကောင်စီ အိပ်မက်ကို ရိုက်ချိုးနိုင်တဲ့အောင်ပွဲဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဆို


အောက်တိုဘာလ ၂၅။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ အောင်ဂျာစခန်းသိမ်းတိုက်ပွဲမှ PDF တပ်ရင်းတစ်ရင်းစာ တပ်ဆင်ပေးနိုင်တဲ့ လက်နက်များ သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီရဲ့အိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့တဲ့အောင်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

"ဝန်ကြီးရေ ကောက်လိုတော့မပြီးသေးဘူး၊ လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDF တစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင်ရလိမ့်မယ်ဗျ" လို့ စခန်းသိမ်းပြီးနောက်ရက်မှာ စစ်ဒေသမှုးက အကြောင်းကြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook ကနေ အသိပေးထားပါတယ်။


အောင်ဂျာအောင်ပွဲက အရေးကြီးပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အောင်ဂျာစခန်းသိမ်းတိုက်ပွဲမှာ PDF တပ်ဖွဲဝင်များပါဝင်ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်များနဲ့ ရယူခဲ့သော အောင်ပွဲဖြစ်ကြောင်းနဲ့ ဒီစခန်းသိမ်းအောင်ပွဲမှာ AA CNF ABSDF KNA-BURMA KPDF နဲ့ PDF ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရပါတယ်။


တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ရန်သူ့အင်အား ရာကျော် ချေမှုန်းနိုင်ခဲ့တယ်။ ကျားတက်ထိုးပြီး ဝင်ရောက်သိမ်းယူခဲ့ရတဲ့ စခန်းသိမ်းအောင်ပွဲနေ့က PDF ရဲဘော်များရဲ့ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီးခေါင်လွန်းက ချီးကျူးပြောဆိုခဲ့တယ်လို့လည်း ဝန်ကြီး ဦးရည်မွန်က အသိပေးထားပါတယ်။ 


ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ရန်ရည်ရွယ်ချက်နဲ့ နမ့်ဆန်ယမ်ဂွင်ထဲမှာ စစ်ကောင်စီ တပ်တွေအခြေပြုနိုင်ဖို့ အင်အားတိုးချဲ့လှုပ်ရှားလာတာကနေ တိုက်ပွဲတွေဖြစ်ခဲ့ရတာလို့ KIA စစ်ဦးစီးချုပ်က အသိပေးထားပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတိုက်ပွဲမှာ အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့  တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက တိုရွန်တိုမြို့မှာ တောင်းဟောလ်မီတင် ပြုလုပ်မယ်


အောက်တိုဘာလ ၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေပါဝင်တဲ့ Myanmar Human Right Town Hall Meeting ကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဝေတို့က ၎င်း Town Hall Meeting မှာ ပါဝင်ဆွေးနွေး ပြောကြားသွားမှာ ဖြစ်ပါတယ်။


အဆိုပါ Myanmar Human Right Town Hall Meeting ကို အောက်တိုဘာ ၂၈ ရက်နေ့တွင် တိုရွန်တိုမြို့ ဂျော့ချ်လမ်းအတွင်းမှာ ပြုလုပ်ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာလ၊ ၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၇/၂၀၂၃) ကို အောက်တိုဘာ ၂၅ ရက် နေ့လယ်   နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ အမှာစကား ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားပေးခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် နာရီ ၃၀ မိနစ် အချိန်မှာ ရပ်နားခဲ့တယ်။


========================


📌📌 ၅။ စစ်အာဏာရှင်ကိုချေမှုန်းနိုင်ရေး တော်လှန်ရေးအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု KIO ဥက္ကဋ္ဌပြော


အောက်တိုဘာလ ၂၅။

အကြမ်းဖက်စစ်ကောင်စီကြောင့် တနိုင်ငံလုံး အထွေထွေအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရေး တော်လှန်ရေးအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပါတယ်။


အောက်တိုဘာလ ၂၅ ရက်မှာ ကျရောက်တဲ့ KIO တည်ထောင်ခြင်း ၆၃ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

KIO အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ပင်လုံကတိကဝတ်ကို အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေး စစ်ကောင်စီကိုတော်လှန်နေသော အဖွဲအစည်းများအားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း စစ်ကောင်စီကြောင့် တနိုင်ငံလုံး အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးရာသို့ ဦးတည်လာနေတာကိုတွေ့ရကြောင်း၊ စစ်တပ်က ပြည်သူများကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့အတွက် တနိုင်ငံလုံးက စစ်ဘေးရှောင် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေရကြောင်းလည်း ပြောကြားထားပါတယ်။


အဖက်ဖက်ကအကြပ်အတည်းဆိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မြို့ရွာတွေမှာ ပြည်သူ့စစ်အဖွဲ့တွေ အတင်းအဓမ္မဖွဲ့စည်းနေတာဟာ ပြည်သူအချင်းချင်း ရန်ဖြစ်ခိုင်းစေသည့်လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ နည်းလမ်းရှာပြီးရှောင်ရှားကြဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားပါတယ်။ 


ဒါ့အပြင် စစ်တပ်က သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဟာလည်း မှန်ကန်တဲ့ လုပ်ဆောင်မှုမဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ထောက်ခံတာမျိုးမလုပ်ဖို့လည်း အသိပေးထားပါ တယ်။  

ကချင်လွတ်လပ်ရေးတပ်မတော် -KIA ကလည်း အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ပွဲမှာ အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုရန် CHRO လျှောက်ထား


အောက်တိုဘာလ ၂၅။

အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့်တရားစွဲဆိုရန် လျှေက်ထားလိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ - Chin Human Rights Organization က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက် စစ်ကောင်စီက ချင်းပြည်နယ်တွင် ကျူးလွန်ခဲ့တဲ့ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ရုပ်အလောင်းများကို ဖျောက်ဖျက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လက်နက်အဖြစ် အသုံးပြုခြင်းများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ် ၁၀ ဦးကို တရားစွဲဆိုရန် လျှောက်ထားခဲ့တာဖြစ်ပါတယ်။


မနီလာမြို့ရှိ တရားရေးဌာနတွင် ချင်းပြည်နယ်မှ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းခံခဲ့ရသူ ဦးက တရားစွဲရန် ဖိလစ်ပိုင်နိုင်ငံ တရားရေးရာဌာနမှာ လျှောက်ထားခဲ့တာ ဖြစ်ပြီး အဆိုပါ အမှုတွဲကို ဖိလစ်ပိုင် ရှေ့နေများဖြစ်တဲ့ Romel Bagares နှင့် Gilbert Andres တို့က ပူးတွဲရေးသားခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီက လူနေအိမ် ၂၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး လူ ၂၅၀ ကျော် သတ်ဖြတ်ခဲ့ကာဒေသခံပြည်သူ ၆၀,၀၀၀ ခန့်ကို အိန္ဒိယသို့ မောင်းထုတ်ခဲ့တဲ့ ထန်တလန်မြို့ မီးရှို့ဖျက်ဆီးမှု ဒုတိယ နှစ်ပတ်လည်နေ့မှာ အခုလို တရားစွဲဆိုရန် လျှောက်ထားတဲ့ တိုင်ကြားချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။


တိုင်ကြားသူများထဲတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့တဲ့ ပူးရဲလ်တူးရဲ့ သမီးလည်း ပါဝင်ပါတယ်။


 ပူးရဲလ်တူးဟာ ပူးဟရမ်ကျင်းနဲ့အတူ တိုက်ပွဲကြောင့် ထန်တလန်မြို့က ထွက်ပြေးတိမ်းရှောင်လာသူများအတွက် ဆေးဝါးများ ပြန်ယူစဉ်မှာ စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။


အခြား တိုင်ကြားသူတစ်ဦးမှာ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ပစ်သတ်ခဲ့သည့် အသက် ၃၀ အရွယ် သင်းအုပ်ဆရာကြီး ကျုံးဗျက်ဟမ်ရဲ့ ဦးလေးဖြစ်သူလည်း ပါဝင်ပြီး စစ်ကောင်စီက ၎င်းသင်းအုပ်ဆရာကို သတ်ဖြတ်ပြီးနောက် အလောင်းကို အပိုင်းပိုင်းဖြတ်ကာ ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ ဆိုထားပါတယ်။


ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ ကမ္ဘာပေါ်ရှိ မည်သည့် နေရာတွင်မဆို ကျူးလွန်သော စစ်ရာဇ၀တ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဖြင့် ဖိလစ်ပိုင်တွင် တရားစွဲနိုင်ကြောင်း၊ ယင်းဥပဒေအရ ဖိလစ်ပိုင် အာဏာပိုင်များ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ ပေါက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒေသခံလေးဦးကို သတ်ဖြတ်ခဲ့၊ ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေ၍ စစ်ရှောင်ပြည်သူတွေ အခက်ကြုံနေ


အောက်တိုဘာလ၊ ၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေရေးထိုင်ရေးတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။


ပခုက္ကူကနေ ပေါက်မြို့ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ အင်အား နှစ်ရာကျော်ပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က စပြီး ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။


ဝက်ပုတ်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက်မှာ ဝက်ပုတ်ရွာကနေတဆင့် ညောင်ရင်းရွာနဲ့ ဇီးပြားကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းနဲ့တိုးတဲ့ ဝက်လက်ရွာက ဒေသခံအမျိုးသားတစ်ဦးနဲ့ ညောင်ရင်းရွာက ဒေသခံအမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ပေမယ့် သေဆုံးခဲ့သူတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။


ဆက်လက်ပြီး အောက်တိုဘာ ၂၂ ရက်မှာ အဲဒီ စစ်ကြောင်းဟာ အိုင်းမရွာ အနောက်ဘက်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ခွဲထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အမျိုးသား ခြောက်ဦးထဲက နှစ်ဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်လကျ်ာ ကဆိုပါတယ်။


အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ လက်ရှိချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာနဲ့ ဆေးဝါး အကူညီတွေ လိုအပ်နေပါတယ် အဲဒီစစ်ကြောင်းသာ ပေါက်မြို့နယ်ထဲ ဒီထက်ရက်ရှည် စစ်ကြောင်းထိုးမယ် ဆိုပါက စစ်ရှောင်တွေအတွက် ရိက္ခာပြတ်လပ်လာနိုင်ချေ ရှိတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။


လက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်ဟာ ကျောက်တိုင်ခင်ကျေးရွာမှာ ဆက်လက်တပ်စွဲနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ ဒီနေ့ထိ ဆက်လက် စစ်ရှောင်နေရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment