၂၀၂၃ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ boycott လုပ်ထားတာတွေကို မမေ့ဖို့နဲ့ ကူနိုင်တာတွေလည်း ကူဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီး တိုက်တွန်း
📌 ၂။ လွိုင်ကော်ဖြစ်စဥ်ကို ကြည့်ရင် စကစဟာ လူသားဒိုင်း လုပ်နေတယ် ဆိုတာပေါ်လွင်နေပြီလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ပြောကြား
📌 ၃။ မုံရွာမြို့နယ်တွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား နယ်မြေခံ ပအဖမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့
📌 ၄။ ကျွန်းလှမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ်ကို ပစ်ခတ်လိုက်၍ ရဟတ်ယာဉ် သုံးမရဖြစ်နေ
📌 ၅။ တမူးမြို့က စစ်သားနှင့်ရဲတွေလည်း အမြန်ဆုံးအလင်းဝင်ကြဖို့ တမူး PDF တပ်ရင်း ၄ ဖိတ်ခေါ်
📌 ၆။ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အကြမ်းဖက် စကစ အထိုင်ချစခန်းများမှ စကစတပ်များ ထွက်ပြေးတိမ်းရှောင်
📌 ၇။ စစ်ကောင်စီမှ မင်းတပ်နှင့်မတူပီကို လေကြောင်းတိုက်ခိုက်ခဲ့၍ နေအိမ်များ ထိမှန်ပျက်စီးကာ အရပ်သားသေဆုံးမှုအချို့လည်းရှိခဲ့
📌 ၈။ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ရန်သူ (၂၂) ဦး သေဆုံးကာ လက်နက်ချအညံ့ခံသူ (၂၈) ဦးရှိ
📌 ၉။ မကြာသေးမီနှစ်များအတွင်း အင်းလေးကန် ရေမျက်နှာပြင်ဧရိယာ လျော့ပါးသွားခဲ့တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ boycott လုပ်ထားတာတွေကို မမေ့ဖို့နဲ့ ကူနိုင်တာတွေလည်း ကူဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီး တိုက်တွန်း
boycott လုပ်ထားတာတွေမမေ့ဖို့ ကူနိုင်တာတွေလည်း ကူဖို့လိုအပ်တယ်လို့ ပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နိုဝင်ဘာလ (၁၅) ရက်နေ့မှာ လူမှုကွန်ယက်ကတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။
"စခန်းသိမ်း မြို့သိမ်းတွေဘဲ ထိုင်မျှော်နေလို့မရဘူး။ boycott လုပ်ထားတာတွေ မမေ့ဖို့ ကူနိုင်တာတွေလည်း ကူဖို့လိုသေးတယ်" လို့ ၎င်းက ဆိုပါတယ်။
စကစအပေါ် ဘဏ္ဍာရေးစစ်မျက်နှာ လှုပ်ရှားမှုရဲ့ ပထမခြေလှမ်းအနေနဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလ (၂) လအတွင်း စစ်တပ်ပိုင် အရက်/ဘီယာ စီးကရက် အဖျော်ယမကာ (၈) မျိုးကို ရွေးချယ်ခဲ့ကြပြီး အောက်တိုဘာနဲ့ နိုဝင်ဘာ (၂) လအတွင်း ဒုတိယခြေလှမ်းအနေနဲ့ စစ်တပ်ပိုင် ကုန်ပစ္စည်းတချို့နဲ့ ဝန်ဆောင်မှုလုပ်ငန်း (၈) မျိုးကို ရွေးချယ်ခဲ့ကြပါတယ်။
ဒုတိယခြေလှမ်းအတွက် ရွေးချယ်ထားတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်း (၈) မျိုးကတော့-
၁။ အောင်ဘာလေ ထီ
၂။ နန်းမြိုင် တံဆိပ် ကော်ဖီမျိုးစုံ
၃။ ရွှေဖီဦး တံဆိပ် အသင့်ဖျော် လက်ဘက်ရည်နှင့် လီမွန်တီး
၄။ ရွှေမန်းသူ အမြန်ကားလိုင်း
၅။ ရွှေမြိုင်သူ အမြန်ကားလိုင်း
၆။ ပုသိမ်သူ အမြန်ကားလိုင်း
၇။ သန်မြန်သူ အမြန်ကားလိုင်း
၈။ ရှမ်းမလေး အမြန်ကားလိုင်းတို့ပဲ ဖြစ်ပါတယ်။
========================
📌📌 ၂။ လွိုင်ကော်ဖြစ်စဥ်ကို ကြည့်ရင် စကစဟာ လူသားဒိုင်း လုပ်နေတယ် ဆိုတာပေါ်လွင်နေပြီလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ပြောကြား
လွိုင်ကော်ဖြစ်စဥ်ကို ကြည့်ရင် စကစဟာ လူသားဒိုင်း လုပ်နေတယ်ဆိုတာ ပေါ်လွင်နေပြီလို့ နိုဝင်ဘာလ (၁၅) ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က သုံးသပ်ပြောကြားလိုက်ပါတယ်။
"လက်ရှိ မဟာမိတ် တိုက်ပွဲတွေမှာ ကြည့်ရင် သိသာတာက ပြည်သူလူထုကို ထိခိုက်စေတဲ့ လက်နက်ကြီး ရမ်းသမ်းပစ်တာ၊ လေယာဥ်နဲ့ ဗုံးကျဲတာတွေက စကစ ကပဲလုပ်နေတာ ထင်ရှားပြီးသားဖြစ်နေပြီ။ မဟာမိတ်တွေရဲ့ ဗုံးချတယ်ဆိုတာ ဂူဂယ်မက်ထက်တောင်တိကျတဲ့ ဒရုန်းနဲ့ သွားသွားချတာ၊ လွဲစရာအကြောင်းမရှိဘူး။ လွိုင်ကော်ဖြစ်စဥ် ကြည့်ရင် စကစဟာ လူသားဒိုင်း လုပ်နေတယ်ဆိုတာ အရှင်းကြီး ဖြစ်နေပြီ" လို့ ၎င်းက ဆိုပါတယ်။
စကစတပ်များဟာ လွိုင်ကော်တက္ကသိုလ်တွင် Non CDM ဝန်ထမ်းနဲ့ အရပ်သားမိသားစုဝင်များကို ဓားစာခံထားသော်လည်း ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ စစ်မျက်နှာဖွင့်တိုက်ခိုက်မှုကြောင့် စကစတပ်များသာ အကျအဆုံးနဲ့ လက်နက်ချခဲ့ရပါတယ်။
နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ (၆) ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
ဆက်လက်ပြီး နိုဝင်ဘာလ (၁၄) ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ (၆) မှ တပ်ဖွဲ့ဝင်များအား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား မနက်ပိုင်းမှစတင်ခဲ့ပြီး ညနေပိုင်းတွင် ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန်
အခွင့်အရေးပေးခဲ့ပြီးနောက် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲကျန်ရှိနေသော တပ်ခွဲမှူး “ကောင်းမြတ်ကို” ဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့ပါတယ်။
========================
📌📌 ၃။ မုံရွာမြို့နယ်တွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား နယ်မြေခံ ပအဖမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့
မုံရွာမြို့နယ်တွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ နိုဝင်ဘာလ (၁၆) ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ (၆၀၀) ကျော်အား နိုဝင်ဘာလ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးတာဝန်ခံနှင့်အဖွဲ့မှ ကျေးရွာများအရောက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့အပြင် လိုအပ်သည့် ကျေးရွာများသို့လည်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။
========================
📌📌 ၄။ ကျွန်းလှမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ်ကို ပစ်ခတ်လိုက်၍ ရဟတ်ယာဉ် သုံးမရဖြစ်နေ
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပစ်ခတ်တိုက်ခိုက်လိုက်တဲ့အတွက် ရဟတ်ယာဉ် သုံးမရဖြစ်နေကြောင်း နိုဝင်ဘာလ (၁၆) ရက်မှာ အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
"ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာပေးသည့် စစ်ကောင်စီမှ Mi-35 ရဟတ်ယာဉ်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်မှ ပြန်လည်ပစ်ခတ်ရာ ကိုယ်ကိုထိမှန်ခဲ့ပြီး လက်ရှိအချိန်အထိ သုံးမရဖြစ်နေသည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်က ပြောတယ်" လို့ ဆိုပါတယ်။
ထိုရဟတ်ယာဉ်သည် တကရ - ၆၀၀၆ (ကန့်ဘလူ) မှ တက်လာခြင်းဖြစ်ပြီး ဗိုလ်ကြီးအဆင့်ရှိ အရာရှိ ဦးစီးသည့် နမခ လက်အောက်ခံ (တပ်စိစစ်ဆဲ) အဖွဲ့နှင့် ပျူစောထီး အင်အား (၆၃) ဦးရှိ ဆင်စွယ်စခန်းအား ကန့်ဘလူခရိုင် ကွပ်ကဲရေး၊ ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂) နှင့် ကန့်ဘလူခရိုင် ပကဖ တို့မှ ပစ်ခတ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားရာသို့ စစ်ကူပေးရန်အလာတွင် ကာကွယ်ရေးတပ်ဘက်မှ ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ထည်တွင် လက်သီးဆုတ်ခန့်ရှိသော အပေါက်နှစ်ပေါက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အသုံးပြု၍ မရဖြစ်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုတိုက်ပွဲတွင် ရန်သူ့ဘက်မှ ဗိုလ်အဆင့် အရာရှိ (၁) ဦးအပါအဝင် (၂၈) ဦး သေဆုံးပြီး (၁၈) ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၅။ တမူးမြို့က စစ်သားနှင့်ရဲတွေလည်း အမြန်ဆုံးအလင်းဝင်ကြဖို့ တမူး PDF တပ်ရင်း ၄ ဖိတ်ခေါ်
တမူးမြို့က စစ်သားနှင့်ရဲတွေလည်း အမြန်ဆုံးအလင်းဝင်ကြဖို့ တမူး PDF တပ်ရင်း ၄ က ဖိတ်ခေါ်ထားကြောင်း တမူး PDF တပ်ရင်းက နိုဝင်ဘာလ (၁၆) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
"သူများမြို့က စစ်သားနှင့် ရဲတွေ အလင်းဝင်ကုန်ကြပြီ။ တမူးမြို့က စစ်သားနှင့် ရဲတွေလည်း အမြန်ဆုံးအလင်းဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အချိန်မနှောင်းခင် အမြန်အလင်းဝင်ကြပါ။ နယ်ပယ်အသီးသီးက ဝန်ထမ်းများ အားလုံး အမြန်အလင်းဝင်ကြပါ။ အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြပါ" လို့ ဆိုထားပါတယ်။
နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ကိုးကန့်အထူးဒေသ (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
========================
📌📌 ၆။ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အကြမ်းဖက် စကစ အထိုင်ချစခန်းများမှ စကစတပ်များ ထွက်ပြေးတိမ်းရှောင်
ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အကြမ်းဖက် စကစ အထိုင်ချစခန်းများမှ စကစတပ်များ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ Khin-U Special force Organization - KSO က နိုဝင်ဘာလ (၁၆) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အကြမ်းဖက် စကစ အထိုင်ချစခန်းများမှ မူးတိမ်ချောင်းတံတား အထိုင်စခန်း၊ ရွာသစ်ကုန်းပျူရွာ အထိုင်စခန်းနှင့် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချစခန်းများရှိ အကြမ်းဖက် စကစတပ်သားများဟာ နိုဝင်ဘာလ (၆) ရက်မှာ တစ်ကြိမ်၊ (၈) ရက်နေ့မှာ တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ရေဦးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်" လို့ ဆိုပါတယ်။
၎င်းအထိုင်ချ စခန်းများ ပတ်လည်နှင့် နေရာများအားပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် အလုံးစုံ ရှင်းလင်းဝင်ရောက်ခဲ့ရာ ၎င်းတို့ထံမှ စစ်ရေးဆိုင်ရာ ပစ္စည်းတစ်ချို့နှင့် ပြည်သူများထံမှ မတရား ခိုးယူသိမ်းဆည်းထားသော ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ အထိုင်ချ နေရာများအား ဖျက်ဆီးရှင်းလင်းပြီးဖြစ်ကာ မတရားယူဆောင်ထားသော ပြည်သူပိုင်များပစ္စည်းတစ်ချို့အား တိုက်နယ် - ၂ ပကဖ (KSO) နှင့် မြို့နယ်ပကဖတို့မှ ထိန်းသိမ်းထားကြောင်း သတင်းရရှိပါတယ်။
ပစ္စည်းပုံစံ အတိအကျ ပြောနိုင်ပါက လာရောက်ဆယ်သွယ်ပြီး မိမိတို့ပစ္စည်းများအား ယူဆောင်နိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီမှ မင်းတပ်နှင့်မတူပီကို လေကြောင်းတိုက်ခိုက်ခဲ့၍ နေအိမ်များ ထိမှန်ပျက်စီးကာ အရပ်သားသေဆုံးမှုအချို့လည်းရှိခဲ့
နိုဝင်ဘာလ (၁၆) ရက်မှာ CDF-Mindat က စကစရဲ့လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အခုလို အသိပေးဆိုပါတယ်။
နိုဝင်ဘာလ (၈) ရက်နေ့တွင် စစ်ကောင်စီမှ မင်းတပ်ခရိုင်၊ တိုက်နယ် ၁၀ ရှိ မကွီအိမ်နူးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးမှုများ ရှိခဲ့ပါတယ်။ နိုဝင်ဘာလ (၁၄) ရက်နေ့တွင်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ရှိ ပိန်ရိန်းရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူနေအိမ် (၄) လုံး ပျက်စီးခဲ့ပါတယ်" လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၅) ရက်ညကလည်းမင်းတပ်မြို့နယ်နှင့် ထိစပ်လျက်ရှိသည့် မတူပီမြို့နယ်၊ ဝေလူးရွာကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူများ သေဆုံးမှုရှိခဲ့ပြီး ပျက်စီးမှုများအား အသေးစိတ် မသိရသေးဘူး လို့ ဆိုပါတယ်။
ကျောက်ထုအမြှောက်တပ်မှလည်း လက်နက်ကြီးများ ယနေ့မနက်ပိုင်းမှ စတင်ကာ မင်းတပ် - ကျောက်ထုကြားသို့ ရမ်းသမ်းပစ်ခတ်နေလျက်ရှိကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၈။ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ရန်သူ (၂၂) ဦး သေဆုံးကာ လက်နက်ချအညံ့ခံသူ (၂၈) ဦးရှိ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတိုက်ပွဲ (၆) ရက်တာအတွင်း ရန်သူ (၂၂) ဦးသေဆုံးကာ လက်နက်ချအညံ့ခံသူ (၂၈) ဦး ရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က နိုဝင်ဘာလ (၁၆) ရက်မှာ အတည်ပြုပါတယ်။
"မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်" လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၁) ရက်နေ့၊ ည ၁၂း၀၀ နာရီ အချိန်တွင် ၄င်းစခန်းနှစ်ခုဆီသို့ စစ်ကူလာသော တပ်မ - ၂၂ လက်အောက်ခံ ခလရ - ၈၁ ရန်သူ့စစ်ကြောင်းနှင့် S.O.F စစ်ကြောင်းတို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၃) ဦး သေဆုံးကာ (၇) ဦး ဒါဏ်ရာပြင်းထန်ခဲ့ပြီး ခဲယမ်းကျည်များ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မနက် ၈း၃၀ နာရီမှစကာ ဘုရားကုန်းအနီးတွင် နေရာယူထားသော အင်အား (၅၄) ဦးရှိ ရန်သူစစ်ကြောင်းနှင့် KNLA - PDF ပူးပေါင်းစစ်ကြောင်းနှင့်ထပ်မံ၍ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ရန်သူဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် ဒုဗိုလ်တစ်ဦး စနိုက်ပါ ထိမှန်၍ သေဆုံးခဲ့ကြောင်း၊
နိုဝင်ဘာလ (၁၃) ရက်နေ့တွင်လည်း ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာတွင် ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၁း၄၅ နာရီအချိန်တွင် ရန်သူဘက်မှ အကျအဆုံးများစွာဖြင့် လက်နက်ချ အညံ့ခံခဲ့၍ ဗိုလ်မှူး (၁) ဦး၊ ဒုဗိုလ် (၂) ဦး အပါအဝင် ရန်သူ (၁၄) ဦး အသေရရှိကာ (၂၈) ဦး အရှင်ဖမ်းမိခဲ့ပြီး (၁၂) ဦး ဆုတ်ခွာထွက်ပြေး၍ ပုန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် နိုဝင်ဘာလ (၁၅) ရက်နေ့ညတွင် ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား ထပ်မံပိတ်ဆို့ရှင်းလင်းခဲ့ပြီး ရန်သူ (၅) ဦး သေဆုံးကာ လက်နက်များ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရှိရပါတယ်။
တိုက်ပွဲ (၆) ရက်တာအတွင်း ရန်သူ သေဆုံး (၂၂) ဦး၊ လက်နက်ချအညံ့ခံသူ (၂၈) ဦး၊ လက်နက်မျိုးစုံ (၅၅) လက် ရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော် (၃) ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၀) ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၉။ မကြာသေးမီနှစ်များအတွင်း အင်းလေးကန် ရေမျက်နှာပြင်ဧရိယာ လျော့ပါးသွားခဲ့တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်
မကြာသေးမီနှစ်များအတွင်း ရေပေါ်စိုက်ပျိုးရေးခြံများ တိုးချဲ့ခြင်းသည် အင်းလေးကန်၏ ရေမျက်နှာပြင်ဧရိယာကို လျော့ပါးသွားစေခဲ့တယ်လို့ နိုဝင်ဘာလ (၁၆) ရက်နေ့မှာ ပြင်သစ်သံရုံး (ရန်ကုန်) က ကိုးကား အသိပေးဖော်ပြပါတယ်။
"မြန်မာနိုင်ငံရှိ အင်းလေးကန်သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ၎င်း၏ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လူသိများသော နေရာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ရေပေါ်စိုက်ပျိုးရေးခြံများ တိုးချဲ့ခြင်းသည် ကန်၏ ရေမျက်နှာပြင်ဧရိယာကို လျော့ပါးသွားစေခဲ့ပါတယ်" လို့ ဆိုပါတယ်။
အင်းလေးကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂၀၀၀) ကျော်မှာရှိတဲ့ ကုန်းမြင့်ဒေသ ရေချိုကန်ဖြစ်ကာ အင်းလေးကန်ထဲမှာ ကျေးရွာအုပ်စု (၃၄) စု၊ ရွာပေါင်း (၄၃၄) ရွာ၊ လူဦးရေ တစ်သိန်းရှစ်သောင်းကျော် နေထိုင်သလို ငှက်မျိုးစိတ် (၂၆၇) မျိုး၊ ငါးမျိုးစိတ် (၄၃) မျိုးရဲ့ နေရင်းဒေသလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment