၂၀၂၃ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယခုအချိန်ဟာ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ပြောကြာ
📌 ၂။ ပေါက်တောမြို့နယ်တွင် မော်တော်ဆိုင်ကယ်မောင်းသူနှင့် ဆွေမျိုးသားချင်း စုစုပေါင်း ၂၀ ဦးကို အကြမ်းဖက်တပ်က သတ်ဖြတ်ခဲ့
📌 ၃။ ကနေဒါနိုင်ငံ၊ Ottawa မြို့တွင် ကျင်းပသည့် Global Pluralism Award အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိလ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်
📌 ၄။ စစ်တပ်က အလွန်အမင်းဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများ နေထိုင်ရာအရပ်ဒေသများသို့ တိုက်ခိုက်ခြင်းများကို မဆင်မခြင် ဆက်လက်တိုးမြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၅။ ဦးမင်းကိုနိူင်ရေးဆွဲထားတဲ့ “ကြောင်ကလေးရဲ့နှလုံးသားပန်ချီကား” လေလံနိူဝင်ဘာ ၂၅ရက်ညပိုင်းလေလံပိတ်မည်
📌 ၆။ နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအား ယနေ့ နံနက် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်
📌 ၇။ Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုး
📌 ၈။ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယူးယောက်မြို့ရဲ့ Times Square မှာ မြန်မာအရေးလှုပ်ရှားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယခုအချိန်ဟာ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ပြောကြာ
နိူဝင်ဘာ၁၇ရက်
ယခုအချိန်ဟာ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ နိူဝင်ဘာ၁၆ရက်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က သုံးသပ်ဆိုထားပါတယ်။
"ပြည်သူများ ဒီအချိန် ထောက်ပို့ လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။လေးဂွ တွေကိုမှောင်ခိုဈေး ထက်သက်သာတဲ့ နှုန်းနဲ့ ရနိုင်တဲ့ အချိန်"လို့ဆိုပါတယ်။
အဆင့်မြှင့်လိုက်တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF မှာ တာဝန်ထမ်းဆောင်မယ်ဆိုရင် မိမိတာဝန်ထမ်းဆောင်လိုတဲ့ တိုင်းပြည်နယ်ကို ရွေးချယ်လို့ရနေပြီ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်စက်တင်ဘာလအတွင်း တစ်နိူင်ငံလုံးထောက်ပို့တပ်သား ၇၉၈၄ဦး၊ အမေရိကန်ဒေါ်လာ ၃၅၃၆၂၈ဒေါ်လာရရှိခဲ့ပါတယ်။
========================
📌📌 ၂။ ပေါက်တောမြို့နယ်တွင် မော်တော်ဆိုင်ကယ်မောင်းသူနှင့် ဆွေမျိုးသားချင်း စုစုပေါင်း ၂၀ ဦးကို အကြမ်းဖက်တပ်က သတ်ဖြတ်ခဲ့
နိူဝင်ဘာ၁၇ရက်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မော်တော်ဆိုင်ကယ်မောင်းသူနှင့် ဆွေမျိုးသားချင်း စုစုပေါင်း ၂၀ ဦးကို အကြမ်းဖက်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
နိူဝင်ဘာ၁၇ Twitter မှာ လူ့အခွင့်ရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးရေးသားဆိုပါတယ်။
"ယမန်နေ့က ပေါက်တောမြို့နယ်တွင် မော်တော်ဆိုင်ကယ်မောင်းသူနှင့် ဆွေမျိုးသားချင်း စုစုပေါင်း ၂၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဖြစ်ပြီး စစ်စည်းကမ်းနှင့် ဂျီနီဗာသဘောတူညီချက်များကို ရှင်းလင်းစွာ ချိုးဖောက်ခြင်းဖြစ်တယ်"လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်တွင် ရခိုင့်တပ်တော်AAကရဲစခန်းကိုတိုက်ခိုက်ပြီးနောက် စကစတပ်များက ရေကြောင်း၊ ကုန်းကြောင်းမှနေ၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၃။ ကနေဒါနိုင်ငံ၊ Ottawa မြို့တွင် ကျင်းပသည့် Global Pluralism Award အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိလ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်
နိူဝင်ဘာ၁၇ရက်
ကနေဒါနိုင်ငံ၊ Ottawa မြို့တွင် ကျင်းပသည့် Global Pluralism Award အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိလ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၆ရက်မှာ နိုင်ငံတော်သမ္မတရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ကနေဒါနိုင်ငံ၊ Ottawa မြို့တွင် နိုဝင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ကျင်းပသည့် Global Pluralism Award အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိလ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။
အခမ်းအနားတက်ရောက်သူများထဲမှ တဦးဖြစ်သည့် ကနေဒါ ဝန်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ရိုဟင်ဂျာလူနည်းစု အရေးကိစ္စများနှင့် စပ်လျဥ်းပြီး ပြောဆို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အဆိုပါအခမ်းအနားသို့ တက်ရောက်သူများထဲတွင် Princess Aga Khan ၊ ကနေဒါ ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သံတမန်များလည်း ပါဝင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ စစ်တပ်က အလွန်အမင်းဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများ နေထိုင်ရာအရပ်ဒေသများသို့ တိုက်ခိုက်ခြင်းများကို မဆင်မခြင် ဆက်လက်တိုးမြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
နိူဝင်ဘာ၁၇ရက်
နိူဝင်ဘာ၁၅ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုဆုံးဖြတ်ချက် မချမှတ်မီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။
"မြန်မာပြည်သူများသည် လူမဆန်၍ အကြမ်းဖက်သည့် တရားမဝင်စစ်တပ်၏ လုပ်ရပ်များ ကြောင့် လပေါင်း (၃၃) လကျော်အကြာ ဒုက္ခကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် စစ်တပ်က အလွန်အမင်းဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကိုသာမက မြေပြင်တွင်လည်း အရပ်သားပြည်သူများ နေထိုင်ရာအရပ်ဒေသများသို့ တိုက်ခိုက်ခြင်းများကို မဆင်မခြင် ဆက်လက်တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လည်း ကြိမ်ဖန်များစွာ ကျူးလွန်ထားကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင် မြေပြင်၌ အမှန်တကယ် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စစ်တပ်မှ မြန်မာပြည်သူများအပေါ် တစ်စိုက်မတ်မတ်ရက်စက်စွာ ကျူးလွန်နေသည့် ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာအပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် အဓိကရင်းမြစ်ပြဿနာမှာ လူမဆန်သည့် စစ်တပ်နှင့် ၎င်းမှ ဆက်လက်အကျိုးခံစားခွင့် ရရှိနေသော ပြစ်ဒဏ်ကျခံမှုမှ ကင်းလွတ်မှုတို့ပင် ဖြစ်သည်မှာ ထင်ရှားကြောင်း သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၅။ ဦးမင်းကိုနိူင်ရေးဆွဲထားတဲ့ “ကြောင်ကလေးရဲ့နှလုံးသားပန်ချီကား” လေလံနိူဝင်ဘာ ၂၅ရက်ညပိုင်းလေလံပိတ်မည်
နိူဝင်ဘာ၁၇ရက်
ဦးမင်းကိုနိူင်ရေးဆွဲထားတဲ့ “ကြောင်ကလေးရဲ့နှလုံးသားပန်ချီကား” လေလံနိူဝင်ဘာ ၂၅ရက်ညပိုင်းလေလံပိတ်မည်ဖြစ်ကြောင်းသိရပါတယ်။
လက်ရှိမှာ USD၇၀၀၀ အထိစျေးပေးထားကြောင်းသိရပါတယ်။
ဒီပန်းချီကားကို စစ်ကြောင်း ၁၂၂၁၊၁၂၂၂၊၁၂၂၃ ပါဝင်တဲ့ “အိုးစည်တီးသံ မြိုင်စေဖို့ .. မိုးကုတ်မြေကိုကူကြစို့” ရဲဘော်တွေ အတွက် လေလံပစ်သွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။
USD $1111 ကတော့ နွေဦးတော်လှန်ရေးရဲ့ သင်္ကေတ တခုဖြစ်တဲ့ $1111 ကို ဂုဏ်ပြုတဲ့အနေနဲ့ $1111 သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။
လေလံငွေ ပေးချေမှုကို DMMK နဲ့ International Currency များဖြင့် လက်ခံသွားမှာ ဖြစ်ကာ လေလံနိုင်တဲ့အခါ ပန်းချီကားကို သက်ဆိုင်ရာ နိုင်ငံအလိုက် အိမ်အရောက်ပေးပို့သွားမှာဖြစ်ပါတယ်။
လေလံနောက်ဆုံးပိတ်မည့် အချိန်ကတော့ 25.11.2023 ည(၉:၀၀) နာရီ အချိန်ဖြစ်ပြီး လေလံအများဆုံးပေးနိုင်တဲ့သူက “ကြောင်ကလေးရဲ့ နှလုံးသား” ပန်းချီကားကို လက်ဝယ်ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
========================
📌📌 ၆။ နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအား ယနေ့ နံနက် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်
နိူဝင်ဘာ၁၇ရက်
နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအား ယနေ့ နံနက် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ နိုဝင်ဘာ (၁၇)ရက်နေ့ မနက်ခင်းတိုက်ပွဲကို TNLAကအသိပေးဆိုပါတယ်။
တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအာ ယနေ့ နံနက် (၆း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် နမ့်ဖတ်ကာ၊ မန်တပ် စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။
တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီ တာကွန့်တပ်စခန်းကို နိူဝင်ဘာ၁၆ရက် နံနက် (၁၀း၅၀)နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ သိမ်းပိုက်ရရှိခဲ့ပါတယ်။
========================
📌📌 ၇။ Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုး
နိူဝင်ဘာ၁၇ရက်
Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။
နိူဝင်ဘာ၁၆ရက်မှာ နွေဦးတက္ကသိုလ်ကတရားဝင်အသိပေးဆိုပါတယ်။
"ကျောင်းသားဗဟိုပြုပညာရေးအဖွဲ့အစည်းဖြစ်တဲ့ နွေဦးတက္ကသိုလ်ဟာ အမေရိကန်နိုင်ငံရှိ Public University တစ်ခုဖြစ်တဲ့ Arizona State University နှင့် တရားဝင် သဘောတူစာချွန်လွှာရေးထိုးခဲ့ကြောင်း ပြည်သူများထံ အသိပေးအပ်ပါတယ်။ ဤပူးပေါင်းမှုမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားလူငယ်များအတွက် Arizona State University မှ ခရက်ဒစ်ရယူနိုင်သော ရက်တို/ရက်ရှည်သင်တန်းများ အပါအဝင် အခြားသော ပညာရေးဆိုင်ရာ အစီအစဥ်များကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထိုကဲ့သို့ Arizona State Universityနှင့် ပူးပေါင်းကာ ပြုလုပ်သွားမည့် ပညာရေးအစီအစဥ်များကို နွေဦးတက္ကသိုလ်မှ ကျောင်းသား၊လူငယ်များအားလုံးထံ တရားဝင်ကြေညာသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယူးယောက်မြို့ရဲ့ Times Square မှာ မြန်မာအရေးလှုပ်ရှားမည်
နိုဝင်ဘာ၁၇ရက်
လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယူးယောက်မြို့ရဲ့ Times Square မှာ မြန်မာအရေးလှုပ်ရှားမယ်လို့
နိူဝင်ဘာ၁၇ရက်မှာ NYCBCမှအသိပေးဆိုထားပါတယ်။
"မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဆုံးရှုံးနေခဲ့ရတဲ့ လူ့အခွင့်အရေးကို ရဖို့ စစ်အာဏာရှင်စနစ်အပါအဝင် အတွေးအခေါ်၊ ယဉ်ကျေးမှု၊ လူတန်းစား အရာအားလုံးကို တပြိုင်တည်း တော်လှန်နေရတဲ့ တော်လှန်ရေးကြီး။ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ဖိနှိပ်မှု ကို တွန်းလှန်နေခဲ့ကြတဲ့ တိုင်းရင်းသားအင်အားစုတွေကလည်း တက်ညီလက်ညီနဲ့ ဝိုင်းတိုက်နေကြသလို၊ နွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက်အရ ဖြစ်တည်လာတဲ့ ပြည်သူ့ PDF တွေကလည်း စကစကို အရှေ့အနောက်တောင်မြောက်နေ ဖိညှပ်ပြီး တိုက်နေကြပြီ။ဒါကြောင့် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယူးယောက်မြို့ရဲ့ အထင်ကရ Times Square မှာ အားလုံးစုရုံးပြီး မြန်မာပြည်သူတွေအတွက် ကြွေးကြော်ကြပါစို့။ အချိန်နဲ့နေရာ အတိအကျကို ထပ်ကြေညာပါမယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုကမြန်မာပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများကိုဆက်တိုက်ကျူးလွန်နေလျက်ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment