၂၀၂၃ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရှိန်မြှင့်သည့်နေရာများတွင် ပြည်သူလူထု အထိအခိုက်လျော့နည်းရေးအတွက် ပြည်သူလူထုလက်စွဲအား မြေပြင်သို့ ကျယ်ပြန့်စွာရောက်ရှိရေး စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ နိုင်ငံတကာက မြန်မာအရေးကို စိတ်ဝင်စားမှုအားနည်းခြင်းအား ပြည်သူလူထုထောက်ခံမှုဖြင့် ကျော်လွှားနိုင်ခဲ့တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးပြောကြား
📌 ၃။ Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန်အသိပေးကြေညာ
📌 ၄။ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
📌 ၅။ အကြမ်းဖက်အုပ်စုကတော့ "ကြွက်မနိုင် ကျီမီးရှို့" ဆိုသလို အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးသတိပေး
📌 ၆။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ လက်နက်မဲ့လူထုကိုပဲ အကြမ်းဖက်အနိုင်ကျင့်နိုင်တော့တဲ့ အကြမ်းဖက်အဖွဲ့ကြီးသက်သက်ပဲဖြစ်တော့တယ်လို့ ပညာရေးဒုဝန်ကြီးဆို
📌 ၇။ ကောလင်းမြို့နယ်အတွင်း စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိပြီးမြို့နေလူထု ဝင်ထွက်သွားလာမှုမှာ ပုံမှန်အနေအထား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေ
📌 ၈။ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူများအားတိုက်ခိုက်ရာ စကစတပ်နဲ့ရဲအပါအဝင်ပျူစုစုပေါင်း (၃၀) ကျော်ခန့် သေဆုံး
📌 ၉။ မိုးဗြဲတွင် တနှစ်ကျော်ကြာ စက်တော်ရာတောင်ကုန်းတွင်နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ၅၁၈ ကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်ရယူ
📌 ၁၀။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ် ဒရုန်းနှင့်တိုက်ခိုက်ခံရ၍ စကစတပ်ကအဆင့်မြင့်အရာရှိများ ထိခိုက်ဒဏ်ရာရကာ ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံး
📌 ၁၁။ အလင်းဝင်လာသည့် စကစတပ်ဖွဲ့ဝင်များကို CNAမှ ဆုငွေများအသီးသီးချီးမြှင့်ပေးအပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရှိန်မြှင့်သည့်နေရာများတွင် ပြည်သူလူထု အထိအခိုက်လျော့နည်းရေးအတွက် ပြည်သူလူထုလက်စွဲအား မြေပြင်သို့ ကျယ်ပြန့်စွာရောက်ရှိရေး စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
နိုဝင်ဘာလ ၁၆ရက်။
စစ်ရှိန်မြှင့်သည့်နေရာများတွင် ပြည်သူလူထု အထိအခိုက်လျော့နည်းရေးအတွက် ပြည်သူလူထုလက်စွဲအား မြေပြင်သို့ ကျယ်ပြန့်စွာရောက်ရှိရေး စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
"အရေးပေါ်အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဌာနတစ်ခုနှင့်တစ်ခုကြား၊ မြို့နယ်များနှင့် အချိတ်အဆက်ကောင်းစွာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်တင်းနိုင်ရေးအတွက်အင်အားစုစည်းထားစေလိုကြောင်း၊ အရေးပေါ်ကာလ ထိန်းသိမ်းထားသော မြို့နယ်များ၏ ထိန်းချုပ်နိုင်မှု အခြေအနေများကို ဒေသတွင်းနှင့် နိုင်ငံတကာသိရှိအောင် သတင်းထုတ်ပြန်မှုများ လိုအပ်ပြီး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာငွေထိန်းသိမ်းမှု၊ တရားစီရင်မှုနှင့် Non-CDMများကို ကိုင်တွယ်ဆောင်ရွက်ထားသည်ကို ချပြနိုင်ရေးစီမံရန်လိုကြောင်း၊ စစ်ရှိန်မြှင့်သည့်နေရာများတွင် ပြည်သူလူထု အထိအခိုက်လျော့နည်းရေးအတွက် ပြည်သူလူထုလက်စွဲအား မြေပြင်သို့ ကျယ်ပြန့်စွာရောက်ရှိရေး စီမံဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း"ပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာက မြန်မာအရေးကို စိတ်ဝင်စားမှုအားနည်းခြင်းအား ပြည်သူလူထုထောက်ခံမှုဖြင့် ကျော်လွှားနိုင်ခဲ့တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးပြောကြား
နိုဝင်ဘာလ ၁၆ရက်။
နိုင်ငံတကာက မြန်မာအရေးကို စိတ်ဝင်စားမှုအားနည်းခြင်းအား ပြည်သူလူထုထောက်ခံမှုဖြင့် ကျော်လွှားနိူင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးက နိုင်ငံတော်တော်များများက နှုတ်နဲ့ပဲ ထောက်ခံကြတယ်ပေါ့လေ။ တကယ် စိတ်ရောကိုယ်ပါ ယူကရိန်းတို့လို၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ဖြစ်နေသလို သိပ်စိတ်ဝင်စားမှုမရှိဘူးပေါ့။ ပထဝီအနေအထားကြောင့်လည်းပါတယ်။ အဲဒါကို ကျွန်မတို့ကျော်လွှားနိုင်တယ်။ အဲဒါ ကျွန်မတို့ပြည်သူလူထုကို ကျေးဇူးတင်တယ်။ တိုင်းပြည်တပြည်လုံးမှာ မှီတင်းနေထိုင်ကြတဲ့ အရွယ်ပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့မှတ်ချက်ကြောင့်သာလျှင် ဒီအခြေအနေအထိကိုရောက်လာတာဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာခရီးစဥ်များအတွင်း ၁၀၂၇ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးများကိုရှင်းလင်းပြောကြားခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးများရလဒ်ကို နိုင်ငံတကာက အံ့သြသင့်ခဲ့တယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန်အသိပေးကြေညာ
နိုဝင်ဘာလ ၁၆ ရက်။
Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ရေးထိုး၍ အမိန့်ကြော်ငြာစာတစ်ရပ်ကို နိုဝင်ဘာ၁၆ရက် ညပိုင်းမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီဖြစ်ရာ ယခုအချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြင့်မားစွာဖြင့် “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီ ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းများသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြရန် အကြောင်းကြားလိုက်တယ်လို့ဖော်ပြပါတယ်။
Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ကြေညာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
နိုဝင်ဘာလ ၁၆ရက်။
ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
"စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ ကျားတက်ရွာရဲစခန်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နေ့လည် (၁) နာရီတွင် အဆိုပါ ရဲစခန်းရှိ ရဲ နှင့် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်သွားခဲ့တယ်"လို့ဆိုပါတယ်။
ယခုအချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားပြီ ဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ ကျားတက်ရဲစခန်းမှ တပ်၊ ရဲ ပျူစောထီးအင်အား(၉၀)ခန့်အား ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ၃ ရက်တိုင် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်အုပ်စုကတော့ "ကြွက်မနိုင် ကျီမီးရှို့" ဆိုသလို အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးသတိပေး
နိုဝင်ဘာလ ၁၆ရက်။
အကြမ်းဖက်အုပ်စုကတော့ "ကြွက်မနိုင် ကျီမီးရှို့" ဆိုသလို အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နိုဝင်ဘာ၁၆ရက် ဆိုရှယ်မီဒီယာမှတဆင့် အသိပေးဆိုပါတယ်။
"အကြမ်းဖက်အုပ်စုကတော့ "ကြွက်မနိုင် ကျီမီးရှို့" ဆိုသလို အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုလုပ်လာနေပါတယ်။ မတူပီ ဝေးလူကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေး (၈)ယောက်အပါအဝင် (၁၃) ယောက်သေဆုံးခဲ့ပါတယ်။ မတ္တရာမှာလည်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသား (၁၂) ဦးကို အကြောင်းမဲ့ပစ်သတ်သွားပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ပြည်သူတွေအပေါ် အစွမ်းကုန် ရက်စက်ယုတ်မာလာတဲ့သဘောပါ။ တဖက်ကလည်း ပြည်သူတွေကနေ တော်လှန်ရေးအင်အားစုတွေအပေါ် အပြစ်တင်မှုတွေပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတာဖြစ်ပါတယ်။သတိပြုနိုင်ဖို့ပါ"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာ၊ ကိုးတဲရွာ၊ အလယ်တောရွာနှင့် အင်းတိန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုမှ ဂျက်ဖိုက်တာများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် (၂)နှစ်အောက်ကလေးငယ် (၂)ဦး၊ အသက်(၆) နှစ်အရွယ်ကလေးငယ် (၁) ဦး ၊ ကိုယ်ဝန်ဆောင်မိခင် (၁) ဦး အပါအဝင် ပြည်သူစုစုပေါင်း (၁၇) ဦးသေဆုံးခဲ့ပြီး ပြည်သူများ၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းများလည်းပျက်စီးခဲ့ပါတယ်။
========================
📌📌 ၆။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ လက်နက်မဲ့လူထုကိုပဲ အကြမ်းဖက်အနိုင်ကျင့်နိုင်တော့တဲ့ အကြမ်းဖက်အဖွဲ့ကြီးသက်သက်ပဲဖြစ်တော့တယ်လို့ ပညာရေးဒုဝန်ကြီးဆို
နိုဝင်ဘာလ ၁၆ရက်။
မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ လက်နက်မဲ့လူထုကိုပဲ အကြမ်းဖက်အနိုင်ကျင့်နိုင်တော့တဲ့ အကြမ်းဖက်အဖွဲ့ကြီးသက်သက်ပဲဖြစ်တော့တယ်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောကြားပါတယ်။
"တစ်ချိန်က ပြည်သူ့ ဘဏ္ဏာ ဝေစုကို အများဆုံးရနိုင်ဖို့အတွက် တပ်သားအင်အား ၅ သိန်းကျော်လို့ လိမ်လည်စာရင်းပြပြီး အလွဲသုံးစားလုပ်ခဲ့ကြတယ်။ အခုတော့ စစ်အင်အားက ဟိုနေရာအတွက်လည်း မလုံလောက်၊ ဒီနေရာလည်းမလုံလောက်နဲ့။ တပ်သားသစ်ဆိုသူတွေကလည်း သူခိုး၊ လူလိမ်၊ ရာဇဝတ်ကောင်စသည့်ဖြင့်ကို အတင်းပုံပြောင်းစုဆောင်းနေကြရပြီ။ ဒီလို လူတွေနဲ့ စုဖွဲ့ထားတဲ့ လက်နက်ကိုင်တပ် ဘယ်မှာ တိုက်ရည်ခိုက်ရည်ရှိမှာလဲ၊ လက်နက်မဲ့လူထုကိုပဲ အကြမ်းဖက်အနိုင်ကျင့်နိုင်တော့တဲ့ အကြမ်းဖက်အဖွဲ့ကြီးသက်သက်ပဲဖြစ်တော့တယ်။ လွိုင်ကော်တက္ကသိုလ်ထဲမှာ တပ်သား ရာကျော်နဲ့ တပ်စွဲထားပေမယ့် တိုင်ရင်းသားနဲ့ပြည်သူ့တော်လှန်ရင်းအင်အားစုတွေကို လက်နက်ချ အရှုံးပေးခဲ့ရတာ မျက်မြင်ပါ။ တက္ကသိုလ်မှာ တပ်စွဲထားတာကိုကြည်နူးပြီး ခွင့်ပြုခဲ့တဲ့ ပညာတတ်ဆိုသူတွေလည်း အခုတော့ လူပေါင်းမှားတဲ့အကျိုးကိုခံစားနေရလောက်ပြီ"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းလေးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီးလူပေါင်း ခြောက်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၇။ ကောလင်းမြို့နယ်အတွင်း စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိပြီးမြို့နေလူထု ဝင်ထွက်သွားလာမှုမှာ ပုံမှန်အနေအထား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေ
နိုဝင်ဘာလ ၁၆ ရက်။
ကောလင်းမြို့နယ်အတွင်း စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလ (၆)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ကောလင်းမြို့အတွင်း၌ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နေပြီ ဖြစ်ပါသဖြင့် ပြည်သူများ ကောလင်းမြို့တွင်းသို့ ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပါတယ်လို့ဆိုပါတယ်။
အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက် ကောလင်းမြို့အတွင်းသို့ ပြည်သူများမှ ပြန်လည်ဝင်ရောက်နေထိုင်ကာ စျေးများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ခေါက်ဆွဲစက် ထုတ်ကုန်လုပ်ငန်းများကို စတင်လည်ပတ်၍ လုပ်ငန်းများ လုပ်ကိုင်နေကြပြီဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
ယခုတွင် ကောလင်းမြို့နေလူထုအနေဖြင့် ၃၅ ရာခိုင်နှုန်းခန့် မြို့နယ်အတွင်း ဝင်ရောက်နေထိုင်လျက်ရှိကြပြီး၊ မြို့နေလူထု ဝင်ထွက်သွားလာမှုမှာ ပုံမှန်အနေအထား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူများအားတိုက်ခိုက်ရာ စကစတပ်နဲ့ရဲအပါအဝင်ပျူစုစုပေါင်း (၃၀) ကျော်ခန့် သေဆုံး
နိုဝင်ဘာလ ၁၆ရက်။
ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူများအားတိုက်ခိုက်ရာ စကစတပ်နဲ့ရဲအပါအဝင်ပျူစုစုပေါင်း (၃၀) ကျော်ခန့် သေဆုံးခဲ့တယ်လို့ နိုဝင်ဘာ၁၆ရက်မှာ မြိုင်ပကဖကအတည်ပြုပါတယ်။
"မြိုင်ပကဖဟာ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၁၅ : ၃၀ အချိန်ခန့်မှ စတင်၍ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူများအား စတင်ချဉ်းကပ်ရာ ၁၀ ရက်နေ့ ညနေ ၁၇ ၅၀ ခန့်တွင် ရန်သူ့ဖက်မှ drone ဖြင့် ကင်းထောက်သဖြင့် Drone အား ပစ်ချခဲ့ပြီး ၎င်း Drone အား လာရောက်ကောက်ယူသော စကစနဲ့ရဲ၊ ပျူများကို မိမိတို့ဘက်မှ အသင့်နေရာယူပြီး ပစ်ခတ်ရာ စကစ (၂) ဦးလဲကျသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။
နိုဝင်ဘာ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၅ ရက်ဆက်တိုက် အီနာဂါအလုံး (၁၀၀၀) ခန့်ဖြင့် နေ့မနား ညမနား တိုက်ခိုက်ခဲ့၍ ရှေ့တန်းရဲဘော်များမှ ရန်သူ့နေရာဆီသို့ ချဉ်းကပ်ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် (၅) နာရီ အချိန်တွင် ဇီးပြားရဲစခန်းနှင့် ပျူရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးပြားပျူရွာအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ပြီး ပျူများ စခန်းပြုနေသော အဆောက်အဦးများကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ စကစနဲ့ရဲ၊ ပျူစုစုပေါင်း (၃၀) ကျော်ခန့် သေဆုံးပြီး ရှေ့ထွက်မိုင်း (၅) လုံး၊ လက်ပစ် (၈) လုံး သိမ်းဆည်းရရှိခဲ့ပြီး အများအပြားဒဏ်ရာရရှိ သွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း ရန်သူ့ဘက်မှ Mi – 35 ဖြင့် လေကြောင်းပစ်ကူ ၃ ချိန်လာရောက်၍ Rocket များ၊ စက်လက်များဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက် ကပစ (၂၄) မှ ၁၂၀ မမ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ရာဂဏန်းအထိ ပစ်ခတ်ခြင်းတို့ ခံခဲ့ရတယ်လို့ဆိုပါတယ်။
ကာကွယ်ရေးရဲဘော်များမှ ပျူရွာအား တစ်ရွာလုံးနီးပါး စီးနင်းနိုင်ခဲ့သော်လည်း ရန်သူ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရသဖြင့် မိမိတို့ ကာကွယ်ရေးရဲဘော် (၂၁ )ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲ့ရပါတယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ ၊ YRF( ပေါက်) ၊ Earthquake Defence Force ၊ တောင်ညိုနဂါးတပ်ဖွဲ့ ၊ Royal 7တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ မိုးဗြဲတွင် တနှစ်ကျော်ကြာ စက်တော်ရာတောင်ကုန်းတွင်နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ၅၁၈ ကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်ရယူ
နိုဝင်ဘာလ ၁၆ရက်။
နိုဝင်ဘာလ ၁၆ရက်မှာ မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေးကို မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F)ကအသိပေးဆိုပါတယ်။
မိုးဗြဲ ဖယ်ခုံဒေသများအတွင်း တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ် ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) ခုခံတော်လှန်ရေးအင်အားစုများ ပါဝင်သော မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်ခဲ့တယ်လို့ဆိုပါတယ်။
မိုးဗြဲ၊ ဖယ်ခုံဒေသများ အတွင်းရှိ ရန်သူ စကစ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နိုဝင်ဘာ၁၁ရက် မနက် ၅ နာရီမှ စတင်၍ ရန်သူစကစ ခြေကုပ်ယူထားသော စခန်းများဖြစ်ကြသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများအတွင်း တပ်စွဲထားသောခြေကုပ် စခန်း (၈) ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရန်သူ စကစမှ လက်နက်ကြီးဖြင့် အကြိမ်ရေ (၅၀၀) ကျော်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် (၂) ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ပြီး ရန်သူ စကစဘက်မှ မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်း လက်နက်ကြီးပစ်ခတ်တိုက် ခိုက်ခဲ့တာကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထို့အပြင်မိုးဗြဲတွင် တနှစ်ကျော်ကြာ စက်တော်ရာတောင်ကုန်းတွင်နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ၅၁၈ ကို နိုဝင်ဘာလ (၁၅) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ခုခံတော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ စက်တော်ရာတောင်ကုန်းသည် ရန်သူစစ်ကောင်စီ၏ ပင်မ စစ်ရေးအချက်အချာနေရာတစ်ခုလည်း ဖြစ်ပါတယ်။
မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရန်သူ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၆) ကြိမ်ရှိခဲ့ပါတယ်။။
နိုဝင်ဘာ ၁၅ ရက်တရက်တည်းတွင် ရန်သူ စစ်ကောင်စီ၏ လွိုင်လင်လေးတပ်မှနေ၍ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ (၁၅) ကြိမ်နှင့် ဖယ်ခုံတပ်မှ အကြိမ်ရေ (၅၀) ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ် ဒရုန်းနှင့်တိုက်ခိုက်ခံရ၍ စကစတပ်ကအဆင့်မြင့်အရာရှိများ ထိခိုက်ဒဏ်ရာရကာ ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံး
နိုဝင်ဘာ ၁၆ ရက်
အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ် ဒရုန်းနှင့်တိုက်ခိုက်ခံရ၍ စကစတပ်ကအဆင့်မြင့်အရာရှိများထိခိုက်ဒဏ်ရာရကာ ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်မှာ တိုင်းစစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ် ရှားထူးဝေါ် နည်းပညာ တပ်ဖွဲ့ Alpha Bats တပ်ခွဲနဲ့ နယ်ခံ ERO တပ်ဖွဲ့တို့ ပူးပေါင်းပြီး Suicide Drone ၂ စင်း အသုံးပြုတိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးသတင်းအရင်းအမြစ်အချို့ထံကသိရပါတယ်။
"ညနေစာလေးတွေ စားမြိန်ချက်ပဲ မတ်လတုန်းက တစ်ခါ၊ အောက်တိုဘာတုန်းက တစ်ခါ၊ ခု တစ်ခါ"လို့ KNDO တပ်ရင်း၆ဒရုန်းတပ်ဖွဲ့ကဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်လို့ Alpha Batsဒရုန်းတပ်ဖွဲ့ ကို ဆက်သွယ်မေးမြန်းရာ
"ခလရ ၁၉ ဒဗမက ကျော်မင်းထွန်း ဒဏ်ရာရ မစိုးရိမ်ရ၊ ခမရ၃၄၁ တသဟိန်လွင်စိုး ဧည့်ခံရေး သေဆုံး၊ စအရခွဲ၂/၉၁၈ ဒုအရာခံဗိုလ် ဝင်းထိန် သေဆုံး၊ ခမရ ၅၅၇ ဒဗမကခန့်နောင် ဒဏ်ရာပြင်း စိုးရိမ်ရ၊ နဗဟ၂ ဗမကဇော်လင်းထွန်း ပြင်းထန်ဒဏ်ရာ စိုးရိမ်ရ၊ ခမရ ၅၅၆ ဒဗမကဝင်းနောင်ထွန်းဒဏ်ရာရ မစိုးရိမ်ရ ၊ ကျန်တာ စကခ ၁၃ နဲ့ ရတခအများအပြား အရာရှိကတော်တွေရောပါပါတယ်"လို့ဆိုပါတယ်။
ဒဏ်ရာရရှိသူများတွင် ဗိုလ်မှူးကြီး ၁ ဦးနဲ့ ဒုဗိုလ်မှူးကြီး ၃ ဦး ပါဝင်ပြီး ၂ ဦး စိုးရိမ်ရတယ်လို့ သိရကာ ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
========================
📌📌 ၁၁။ အလင်းဝင်လာသည့် စကစတပ်ဖွဲ့ဝင်များကို CNAမှ ဆုငွေများအသီးသီးချီးမြှင့်ပေးအပ်
နိုဝင်ဘာလ ၁၆ရက်။
အလင်းဝင်လာသည့် စကစတပ်ဖွဲ့ဝင်များကို CNAမှ ဆုငွေများအသီးသီးချီးမြှင့်ပေးအပ်ခဲ့တယ်လို့ နိုဝင်ဘာ၁၆ရက် မှာ ဆုငွေများပေးအပ်ပုံကိုChinland Information Center ကဖော်ပြချက်အရ သိရှိရပါတယ်။
CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်စုများဖြစ်ကြသော CDF-Hualngoram, PDA, CDF-Zaniatram, CDF-Thantlang တို့မှ နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်နေ့များတွင် ဖလမ်းမြို့နယ်အတွင်းရှိ Rihkhawdar(ရိဒ်ခေါဒါ) မြို့ အနီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်း၂ ခုဖြစ်သော Tio စခန်းနှင့် Rih စခန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။
ထို့နောက် India နှင့် ဗမာပြည် ၏ စီးပွားရေးအချက်အချာကျသည့် ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သော Rihkhawdar မြို့ကို ချင်းအမျိုးသားအလံစိုက်ထူကာ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
Rih Operation ကို CNA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Ngun Hlei Thang ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီး၊ လက်နက်ငယ် အမြောက်အများနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment