၂၀၂၃ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်အပြီးတိုင်ဖျက်သိမ်းရေးအတွက် တော်လှန်ရေးခရီးတွင် မတူညီသော တော်လှန်ရေးအစုအဖွဲ့များ စစ်အာဏာရှင်ကို ယနေ့အထိတော်လှန်နေသည့်အပေါ် လေးစားအသိမှတ်ပြုတယ်လို့ ယာယီသမ္မတပြော
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိ
📌 ၃။ နိုင်ငံပိုင်ပစ္စည်းများအား ထုခွဲရောင်းချ၊ ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်
📌 ၄။ တနိုင်ငံလုံး ရန်သူဝိုင်းနေတဲ့ စစ်တပ်မှာ ဆက်ပြီး မနေကြဘဲ ပြည်သူ့မေတ္တာခံယူဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း
📌 ၅။ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယ အစည်းအဝေး ကျင်းပ၍ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ(မူကြမ်း) အား အတည်ပြုပြဌာန်း
📌 ၆။ ပြည်သူလူထုအနေနဲ့ လုံးဝတွေဝေမနေဘဲ တော်လှန်ရေးကို ဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြဖို့ KNUကတိုက်တွန်းပန်ကြား
📌 ၇။ USD 10 Millions တန် နွေဦးဘဏ် အစုရှယ်ယာ ရောင်းချရာ၆ နာရီ အတွင်း ဒေါ်လာ ၃ သန်းဖိုးရောင်းချရ
📌 ၈။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့
📌 ၉။ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား(၂၇) နာရီအတွင်း ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်
📌 ၁၀။ နဘားမီးရထားရဲစခန်းမှ မီးရထားရဲများကအင်းတော်ရဲစခန်းထဲသို့ ပြောင်းရွေ့ခေါ်သွားပြီးနောက် နဘားမီးရထားရဲစခန်းမီးလောင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်အပြီးတိုင်ဖျက်သိမ်းရေးအတွက် တော်လှန်ရေးခရီးတွင် မတူညီသော တော်လှန်ရေးအစုအဖွဲ့များ စစ်အာဏာရှင်ကို ယနေ့အထိတော်လှန်နေသည့်အပေါ် လေးစားအသိမှတ်ပြုတယ်လို့ ယာယီသမ္မတပြော
နိုဝင်ဘာလ ၁၇ရက်။
စစ်အာဏာရှင်အပြီးတိုင်ဖျက်သိမ်းရေးအတွက် တော်လှန်ရေးခရီးတွင် မတူညီသော တော်လှန်ရေးအစုအဖွဲ့များ စစ်အာဏာရှင် ကို ယနေ့အထိတော်လှန်နေသည့်အပေါ် လေးစားအသိမှတ်ပြုတယ်လို့ယာယီသမ္မတကဆိုပါတယ်။
နိုဝင်ဘာ၁၇ရက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သ၀ဏ်လွှာတွင်ဆိုထားပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်အာဏာရှင်အပြီးတိုင်ဖျက်သိမ်းရေးအတွက် တော်လှန်ရေးခရီးတွင် မတူညီသော တော်လှန်ရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့စည်းများ၊ ပြည်သူလူထုအားလုံးနှင့်အတူ ရွေးကောက်ခံအမတ်များသည်လည်း စစ်အာဏာရှင်၏ ဖိနှိပ် နှိပ်စက်မှုပေါင်းစုံကို ကြံ့ကြံ့ခံပြီး အသက်ဘေးအန္တရာယ်ကြားမှ စစ်အာဏာရှင်ကို ယနေ့အထိတော်လှန်နေသည့်အပေါ် ကျွန်တော့်အနေဖြင့်လေးစားအသိမှတ်ပြုလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ယခုအချိန်သည် စစ်အာဏာရှင်တော်လှန်ရေးသည် အလွန်အားကောင်းလျက်ရှိပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်ရေးကြိုးပမ်းနေသည့်အားလျော်စွာ လွှတ်တော်အခန်းကဏ္ဍာသည်လည်းအရေးပါတယ်လို့ ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိ
နိုဝင်ဘာလ ၁၇ရက်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ နိုဝင်ဘာ၁၇ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ရုံးအဖွဲ့ဝင်အချို့မှ သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရသော ပကတိအခြေအနေမှန်များ ၊အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးမူဝါဒများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊သတင်းမီဒီယာများနှင့်တွေ့ဆုံဆွေးနွေးသွားမယ်လို့သိရပါတယ်။
ထို့အပြင် ဂျပန်နိုင်ငံသို့ရောက်ရှိနေကြသော ပြည်ထောင်စုမြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော အဖွဲ့အစည်းများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံသွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ်ရုံးကအသိပေးကြေညာပါတယ်။
နိုဝင်ဘာလ(၁၉)ရက်၊ တနင်္ဂနွေနေ့မှာ အစီအစဥ်ကို ကျင်းပသွားမှာလို့သိရပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ နေရာအခက်အခဲကြောင့် ကြိုတင်စာရင်းပေးသွင်းထားသူများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး ပွဲစီစဉ်နေချိန်အတွင်း လုံခြုံရေးအရ စီမံဆောင်ရွက်ထားမှုများအပေါ် ကြည်ဖြူစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်းဆိုထားပါတယ်။
ဂျပန်ခရီးစဥ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အရှေ့အာရှ ခရီးစဥ်တစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ နိုင်ငံပိုင်ပစ္စည်းများအား ထုခွဲရောင်းချ၊ ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်
နိုဝင်ဘာလ ၁၇ရက်။
နိုင်ငံပိုင်ပစ္စည်းများအား ထုခွဲရောင်းချ၊ ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၄/၂၀၂၃ကို နိုဝင်ဘာလ ၁၇ ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က ထုတ်ပြန်ကြေညာပါတယ်။
ကြေညာချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူရန်ကြိုးပမ်းအားထုတ်နေသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် မကြာခင် ချုပ်ငြိမ်းပျောက်ကွယ်သွားတော့မည့် အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်တယ်လို့ဖော်ပြပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် အခြားအဖွဲ့အစည်းများသည် နိုင်ငံပိုင်ပစ္စည်းများဖြစ်သည့် ဌာနပိုင်ပစ္စည်းများ၊ ဌာနပိုင် ပုံသေပိုင်ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မြေ၊ အဆောက်အအုံ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်ခွင့်များနှင့် သမဝါယမပိုင်ပစ္စည်းများအပါအဝင် နိုင်ငံတော်က တရားဝင် ပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်မှုများကို ထုခွဲရောင်းချရန်၊ ငှားရမ်းရန်နှင့် အခြားနည်းဖြင့် ဆောင်ရွက်ရန် အဆောတလျင် စီစဉ်နေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။
နိုင်ငံပိုင်ပစ္စည်းများ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက် စစ်ကောင်စီနှင့် ယင်း၏လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အထက်အပိုဒ် (၂) တွင်ဖော်ပြပါ ပစ္စည်းများအပါအဝင် နိုင်ငံသားပြည်သူများပိုင် မည်သည့်ပစ္စည်းကိုမျှ ရောင်းချပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့်နှင့် အခြားမည်သည့်နည်းနှင့်မျှ စီမံခန့်ခွဲပိုင်ခွင့် မရှိပါလို့ဆိုပါတယ်။
သို့ပါ၍ အထက်အပိုဒ် (၂) တွင်ဖော်ပြပါ နိုင်ငံပိုင်ပစ္စည်းများ အပါအဝင် နိုင်ငံသား ပြည်သူများ ပိုင်ပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်ခြင်း မပြုကြရန် သတိပေးတားမြစ်လိုက်ပြီး တားမြစ်ချက်အား လိုက်နာမှုမရှိဘဲ နိုင်ငံပိုင်ပစ္စည်းများကို လက်ဝယ်ရယူထားသူ မည်သူကိုမဆိုအား အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ တနိုင်ငံလုံး ရန်သူဝိုင်းနေတဲ့ စစ်တပ်မှာ ဆက်ပြီး မနေကြဘဲ ပြည်သူ့မေတ္တာခံယူဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း
နိုဝင်ဘာလ ၁၇ရက်။
တနိုင်ငံလုံး ရန်သူဝိုင်းနေတဲ့ စစ်တပ်မှာ ဆက်ပြီး မနေကြဘဲ ပြည်သူ့မေတ္တာခံယူဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်းဆိုလိုက်ပါတယ်။
"တော်လှန်ရေးကတော့ ပြီးတဲ့ထိ ဆက်သွားရမှာပဲ။ ပြည်သူတွေက ဒီတိုင်း စစ်အာဏာရူးတွေအောက်တော့ နေချင်မှာ မဟုတ်၊ ဒီတော့ တပ်မတော်သားများ မြန်မြန်ပူးပေါင်းလေ သွေးထွက်သံယို နည်းလေလေ ဖြစ်မှာပါ။ နိုင်ငံလဲ အမြန်ဆုံး ပြန်ထူထောင် နိုင်မှာပါ။ တပ်ရင်းမှာ ကျန်နေတဲ့ မိသားစုများကြောင့် ပူးပေါင်းဖို့ ခက်ခဲနေသူများလဲ အကြောင်းရှာပြီး အဖမ်းခံလိုက်ကြပါ။ ပူးပေါင်းနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ မင်းအောင်လှိုင်မှာ ထောက်ပို့နိုင်တဲ့ အရင်းအမြစ် များများမကျန်တော့ဘူး။အနည်းနဲ့အမြန် လမ်းဆုံးရောက်မှာပဲ။ တနိုင်ငံလုံး ရန်သူဝိုင်းနေတဲ့ စစ်တပ်မှာ ဆက်ပြီး မနေကြပါနဲ့။ အခုချိန်ဟာ ပြည်သူ့မေတ္တာခံယူဖို့ အကောင်းဆုံးအချိန်ပါ"လို့ဝန်ကြီးကဆိုပါတယ်။
လက်နက်နဲ့အတူအလင်းဝင်လာတဲ့ စကစတပ်များကိုလည်း ဆုငွေများပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။
လက်ရှိမှာ ပြည်သူ့ဘက်သို့ကူးပြောင်းလာတဲ့ စကစတပ်ဖွဲ့ဝင် တစ်သောင်းခွဲခန့်ရှိနေပြီဖြစ်ပါတယ်။
========================
📌📌 ၅။ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယ အစည်းအဝေး ကျင်းပ၍ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ(မူကြမ်း) အား အတည်ပြုပြဌာန်း
နိုဝင်ဘာလ ၁၇ရက်။
မကွေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယ အစည်းအဝေး ကျင်းပ၍ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ(မူကြမ်း) အား အတည်ပြုပြဌာန်းလိုက်ပါတယ်။
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ အစည်းအဝေးကို နိုဝင်ဘာလ(၁၇) ရက် ၂၀၂၃ ခုနှစ် ၊ နံနက် (၁၀း၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့် မှတဆင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးတွင် အခမ်းအနားမှူးမှ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး သဘာပတိ တဦး ရွေးချယ်ခြင်း ၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌတို့ကို လုပ်ထုံးလုပ်နည်းများအညီ ရွေးချယ်တင်မြောက်ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပါတယ်။
ထို့နောက်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ အစည်းအဝေးသို့ နိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့မှ ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားပြီး လွှတ်တော်မှ မှတ်တမ်းတင်ခဲ့ပါတယ်။
ထို့နောက် လွှတ်တော်ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် တဦးတင်သွင်းလာသော မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်၏ အတည်ပြုချက် ရယူပြဌာန်းနိုင်ခဲ့ကာ ညှိနှိုင်းရေးမှူး (၅) ဦးကိုလည်း လွှတ်တော်သို့ အဆိုပြုတင်သွင်း အတည်ပြုချက်ရယူနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ ပြည်သူလူထုအနေနဲ့ လုံးဝတွေဝေမနေဘဲ တော်လှန်ရေးကို ဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြဖို့ KNUကတိုက်တွန်းပန်ကြား
နိုဝင်ဘာလ ၁၇ရက်။
ပြည်သူလူထုအနေနဲ့ လုံးဝတွေဝေမနေဘဲ တော်လှန်ရေးကို ဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြဖို့ နိုဝင်ဘာ၁၇ရက်တွင် KNUဗဟိုကထုတ်ပြန်သောရုပ်သံမှာ KNUပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတိုက်တွန်းပန်ကြားလိုက်ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးယိုယွင်းပြီး ဘေးကျပ်နံကျပ်အခြေအနေမျိုး ရင်ဆိုင်နေရပြီး လက်တွေ့အခြေအနေအားဖြင့်လည်း ဆောက်တည်ရာ မရ ဂဏာမငြိမ်အနေအထားမျိုးမှာ ရောက်နေတဲ့အပေါ်မှာ လွတ်ရာလွတ်ကြောင်းကို ထွက်ပေါက်တစ်ခုအနေနဲ့ ရှာကြံတော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံရေးအလှည့်အပြောင်းတစ်ခုအနေနဲ့ သူတို့ရဲ့ ထွက်ပေါက်ကို ရှာတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ လုံးဝတွေဝေမနေဘဲ ကျွန်တော်တို့ တော်လှန်ရေးကို ဆက်လက်ပြီး ကျွန်တော်တို့ တစ်သားတည်း စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြဖို့ ပန်ကြားလိုပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက် မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် အတွင်း ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၅၁) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုအား တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သလို လက်နက် ခဲယမ်း မြောက်များစွာ သိမ်းဆည်း ရမိခဲ့ပါတယ်။
========================
📌📌 ၇။ USD 10 Millions တန် နွေဦးဘဏ် အစုရှယ်ယာ ရောင်းချရာ၆ နာရီ အတွင်း ဒေါ်လာ ၃ သန်းဖိုးရောင်းချရ
နိုဝင်ဘာလ ၁၇ရက်။
USD 10 Millions တန် နွေဦးဘဏ် အစုရှယ်ယာ ရောင်းချရာ၆ နာရီ အတွင်း ဒေါ်လာ ၃ သန်းဖိုးရောင်းချရတယ်လို့ နိုဝင်ဘာ၁၇ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်ကအသိပေးဆိုပါတယ်။
"ICO Seed Round စဖွင့်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မှာ ၆ နာရီ အတွင်း စုစုပေါင်း USD 3,000,000 အမေရိကန်ဒေါ်လာ ၃ သန်းဖိုးနှင့် ညီမျှတဲ့ ဝယ်ယူမှု ရရှိထားပြီး ဖြစ်ပါတယ်။ SDB Application မှ ကိုယ်တိုင် ဝယ်ယူကြတဲ့ subscription 2,000 ကျော် နှင့် ဒေါ်လာ ၁ သန်း နီးပါး order တင်ခြင်းရောက်ရှိထားပြီး နွေဦးဘဏ်ရဲ့ ကိုယ်စားလှယ်တော် Relationship Managers - RMs များ မှ တဆင့် ဝယ်ယူ စာရင်းသွင်းခြင်းမှာလည်း ဒေါ်လာ ၂ သန်း နီးပါး အထိ ရရှိထားပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။
USD 10 Millions တန် နွေဦးဘဏ် အစုရှယ်ယာ ရောင်းချခြင်း မှာ ၁ရက်အတွင်း 30% အထိ ရရှိနေပြီမို့ပါဝင်ပေးသူအယောက်တိုင်းအတွက် ဂုဏ်ယူကျေးဇူးတင်တယ်လို့ နွေဦးဖွံဖြိုးရေးဘဏ်ကဆိုထားပါတယ်။
နွေဦးဘဏ် အစုရှယ်ယာ တခု = USD $0.001 (SDB Token)အနည်းဆုံး သတ်မှတ်ချက် = USD $10ဒေါ်လာဖြစ်ပြီး နိူဝင်ဘာ၁၇ရက်မှ၂၇ရက်အထိ နွေဦးဘဏ်ရှယ်ယာပိုင်ရှင်ကြီးဖြစ်ဖို့ အခွင့်အရေးရှိနေမှာဖြစ်ပါတယ်။
========================
📌📌 ၈။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့
နိုဝင်ဘာလ ၁၇ရက်။
နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မိနစ်(၂၀)ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် အထိနာသွားသော ရန်သူ့တပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။
ရန်သူထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း ရန်သူ့စခန်းတစ်ခုလုံးကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများမှာ ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jammer ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀မမသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်တို့ ဖြစ်ပါတယ်။
BPLA သည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်း အမှတ်(၁၀၇)စစ်ဒေသနှင့် မြောက်ပိုင်းအမှတ်(၂၀၃)စစ်ဒေသတို့တွင် မဟာမိတ်များနှင့်အတူ ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၉။ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား(၂၇) နာရီအတွင်း ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်
နိုဝင်ဘာလ ၁၇ရက်။
ရခိုင်ပြည်နယ်၊ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား(၂၇) နာရီအတွင်း ရက္ခိုင့်တပ်တော်မှအပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။
လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသော စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့် တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
ရန်သူ့လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦးအား လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့လည်းAAကဆိုပါတယ်။
========================
📌📌 ၁၀။ နဘားမီးရထားရဲစခန်းမှ မီးရထားရဲများကအင်းတော်ရဲစခန်းထဲသို့ ပြောင်းရွေ့ခေါ်သွားပြီးနောက် နဘားမီးရထားရဲစခန်းမီးလောင်
နိုဝင်ဘာလ ၁၇ရက်။
နဘားမီးရထားရဲစခန်းမှ မီးရထားရဲများက အင်းတော်ရဲစခန်းထဲသို့ ပြောင်းရွေ့ခေါ်သွားပြီးနောက် နဘားမီးရထားရဲစခန်းမီးလောင်ခဲ့တယ်လို့ အင်းတော်IR Teamကအသိပေးဆိုထားပါတယ်။
"နိုဝင်ဘာ၁၆ရက် မနေ့ည ၁၀နာရီအချိန်တွင် စကစတပ်များမှ နဘားရွာထဲဝင်ပြီး နဘားမီးရထားရဲစခန်းမှ မီးရထားရဲများက အင်းတော်ရဲစခန်းထဲသို့ ပြောင်းရွေ့ခေါ်သွားကြောင်းသိရပါတယ်။ ယနေ့နိုဝင်ဘာ၁၇ရက် မွန်းလွဲပိုင်းအချိန်တွင် နဘားမီးရထားရဲစခန်းမီးလောင်နေကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် အင်းတော်စစ်တပ်ကုန်းမှ နဘားရွာဘက်သို့ ဟောက်ဝစ်ဇာဖြင့် ပစ်ခတ်၍ ပြည်သူများ ဘုန်းကြီးကျောင်းထဲတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ညနေပိုင်းအချိန်တွင် အင်းတော်မှ စကစအင်အား၇၀ခန့်မှာ နွားကားဖြင့် နဘားရွာသို့ ရောက်ရှိလာကြောင်း သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment