၂၀၂၃ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသမီးနဲ့ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုများ၊သတ်ဖြတ်မှုများအား စစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်မှုအမှုပေါင်း ၁၅၅မှုရှိတယ်လို့ ယာယီသမ္မတ ပြောကြား
📌 ၂။ အကြမ်းဖက်စစ်ကောင်စီစစ်တပ်ပြိုတော့မယ့်အချိန်ကာလမျိုးရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦး အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေကြသော အမျိုးသမီး (၅,၀၉၇) ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချထိန်းသိမ်းခြင်းကို ခံခဲ့ရ
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မည်သည့်ကိုယ်စားလှယ်နဲ့မှ တွေ့ဆုံဆွေး နွေးခဲ့တာ မရှိဘူးလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
📌 ၅။ Nationwide Operation ကိုလဲ “Operation 1027” စစ်ဆင်ရေး တစ်လပြည့် နိုဝင်ဘာလ (၂၇) ရက်နေ့မှာ နောက်တစ်ဆင့် တက်ဖို့ အသင့်ဖြစ်နေပြီ
📌 ၆။ မြိုင်မြို့ပေါ်ရှိစကစတပ်အထိုင်စခန်းမှ ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ ထန်းဘုန်းတောကျေးရွာရှိအရပ်သားသုံးဦးလက်နက်ကြီးထိမှန် သေဆုံး
📌 ၇။ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AAတို့ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးသေဆုံး
📌 ၈။ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းကိုစခန်းသိမ်းတိုက်ပွဲဆင်နွှဲရာရန်သူ့ဘက်မှ (၃) ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် (၁၆) ဦးအား ဖမ်းဆီးရမိခဲ့
📌 ၉။ ရွှေဘိုမြို့နယ်အနောက်ခြမ်း ပျူရွာဖြစ်တဲ့တည်သီးတောကျေးရွာရှိ စကစစခန်းကိုတော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိူင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသမီးနဲ့ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုများ၊သတ်ဖြတ်မှုများအား စစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်မှုအမှုပေါင်း ၁၅၅မှုရှိတယ်လို့ ယာယီသမ္မတ ပြောကြား
နိူဝင်ဘာ၂၅ရက်
အမျိုးသမီးနဲ့ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုများ၊သတ်ဖြတ်မှုများအားစစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်မှုအမှုပေါင်း ၁၅၅မှုရှိတယ်လို့ ယာယီသမ္မတဒူဝါလရှီးလမှ နိုဝင်ဘာ၂၅ရက် အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပတဲ့ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်ဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနားမှာပြောကြားပါတယ်။
"ကျနော်တို့နိူင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ အာဏာသိမ်းရန်ကြိုးပမ်းစဥ်ကတည်းက အမျိုးသမီးနဲ့ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုများ၊သတ်ဖြတ်မှုများ၊ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်နေကြတာဆိုရင်အမှုပေါင်း ၁၅၅မှုရှိတယ်လို့ဝန်ကြီးဌာနက မှတ်တမ်းတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် အရေးယူဆောင်ရွက်မယ့်အဖွဲ့အစည်းများကို ပေးပိူ့ပြီးဖြစ်တယ်လို့သိရပါတယ်။ကျူးလွန်ခံရတဲ့သူများကိုလည်း ကျနော်တို့အစိုးရအနေနဲ့ပံပိုးကူညီပြီး လိုအပ်တဲ့မူဝါဒများလည်း ချမှတ်ဆောင်ရွက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ သူရဲကောင်းများဟာ မိမိတို့ဒေသအတွင်း ငြိမ်းချမ်းစွာဆန္ဒပြခြင်းကြောင့် အကြမ်းဖက် ဖမ်းဆီးခံရခြင်း၊ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာလည်း ရိုက်နှက်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ခံရခြင်း၊ မတရားချုပ်နှောင်ထားစဉ်မှာလည်း အခြေခံကျန်းမာရေး၊ လူမှုရေးစောင့်ရှောင့်မှုများ မခံစားရခြင်း၊ စစ်ကြောရေးမှာလည်း ညှင်းပန်းနှိပ်စက်ခံရခြင်းတွေကို ကြုံတွေ့ရင်ဆိုင်နေရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီစစ်တပ်ပြိုတော့မယ့်အချိန်ကာလမျိုးရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
နိူဝင်ဘာ၂၅ရက်
နိူဝင်ဘာ၂၅ရက် အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပတဲ့ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်ဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။
"ကျနော်တို့အစိုးရအနေနဲ့လည်းစစ်ရှိန်မြှင့်နေတဲ့ကာလ၊တော်လှန်ရေးအင်အားစုတွေ အောင်ပွဲအလီလီရနေတဲ့ကာလ၊အကြမ်းဖက်စစ်ကောင်စီစစ်တပ်ပြိုတော့မယ့်အချိန်ကာလမျိုးတွေမှာ တော်လှန်ရေးအဆုံးသတ်အောင်ပွဲဆီအမြန်ဆုံးသွားနိူင်ဖို့အတွက်ဆထက်တန်ပိုး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပြုပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် တော်လှန်ရေးအစိုးရအနေနဲ့အတတ်နိူင်ဆုံးပံ့ပိုးကူညီနေသလို လုံခြုံတဲ့နေရာများလည်းဖန်တီးပေးနေသော်လည်းနိူင်ငံတကယအသိုင်းအဝိုင်းက အကူအညီနဲ့ပံ့ပိုးမှုတွေလိုအပ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦး အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေကြသော အမျိုးသမီး (၅,၀၉၇) ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချထိန်းသိမ်းခြင်းကို ခံခဲ့ရ
နိူဝင်ဘာ၂၅ရက်
နိူဝင်ဘာ၂၅ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အခုလိုအသိပေးထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦး အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေကြသော အမျိုးသမီး (၅,၀၉၇) ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုး သမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စာရင်းများ အရ အမျိုးသမီး (၈၇၁) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်၏ နေ့စဉ် တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အမျိုးသမီးများနှင့် မိန်းကလေးများသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအား အကာအကွယ် ရရှိရန် အထူးလိုအပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ထို့အပြင် အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးများ၊ မိန်းကလေးများအပါအဝင် မြန်မာ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်စီရင်ခြင်းမှ ကင်းလွတ်ခွင့် ရနေမှုအား အဆုံးသတ်ပြီး တရားမျှတမှုဖော်ဆောင်နိုင်ရေး၊ တရားမဝင်စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများ အမြန်ဆုံံး အဆုံးသတ်ရပ်တန့်စေရေးတို့အတွက် နိုင်ငံ တကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သောအရေးယူမှုများ တိုးမြှင့် လုပ်ဆောင်ပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ထပ်မံတိုက်တွန်း တောင်းဆိုအပ်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မည်သည့်ကိုယ်စားလှယ်နဲ့မှ တွေ့ဆုံဆွေး နွေးခဲ့တာ မရှိဘူးလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
နိုဝင်ဘာ ၂၅ ၊ ၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မည်သည့်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်နဲ့မှ တွေ့ဆုံဆွေးနွေးတာမျိုး မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
“NUG အနေနဲ့ ဘယ် စကစ ရဲ့ ကိုယ်စားလှယ်နဲ့ မှလဲ တွေ့ဆုံခဲ့တာ မရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုအတွက် ညှိနှိုင်းခဲ့တာလည်း မရှိပါဘူး။ အခုအချိန်ဟာ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မဟုတ်ပါဘူး။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြားခံကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေး အင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှုရှိတယ်ဆိုတာနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိနေတယ်လို့ ဒီနေ့မနက် သတင်းဌာနတွေက ဖော်ပြခဲ့ကြတာပါ။
“ဒီ ဂျာကာတာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကလည်း ပုံမှန် အင်ဒိုနီးရှား special envoy ရုံးနဲ့ တွေ့ဆုံဆွေးနွေးညှိနိုုင်းမှု တခုပဲ ဖြစ်ပါတယ်။ သဘောထားအမြင်တွေ ဖလှယ်ကြတဲ့ ဆွေးနွေးပွဲ ပဲ ဖြစ်ပါတယ်။ NUG နိုင်ငံခြားရေးရဲ့ အာဆီယံ ကိုယ်စားလှယ်တဦး တက်ရောက်ခဲ့ပြီး မဟာမိတ်များနဲ့ ညှိနှိုင်းသဘောတူထားတဲ့ ရပ်တည်ချက်တွေကိုပဲ ဆွေးနွေးခဲ့တာ ရှိပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒါအပြင် ဦးနေဘုန်းလတ်က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ “separately based on groupings” “အဖွဲ့လိုက် သီးခြားတွေ့ဆုံမှု” ဆိုတဲ့ အချက်ကို သတိထားရမှာဖြစ်တယ်လို့ ထောက်ပြထား ပါတယ်။
========================
📌📌 ၅။ Nationwide Operation ကိုလဲ “Operation 1027” စစ်ဆင်ရေး တစ်လပြည့် နိုဝင်ဘာလ (၂၇) ရက်နေ့မှာ နောက်တစ်ဆင့် တက်ဖို့ အသင့်ဖြစ်နေပြီ
နိုဝင်ဘာ ၂၅၊ ၂၀၂၃
Nationwide Operation ကိုလဲ “Operation 1027” စစ်ဆင်ရေး တစ်လပြည့် နိုဝင်ဘာလ (၂၇) ရက်နေ့မှာ နောက်တစ်ဆင့် တက်ဖို့ အသင့်ဖြစ်နေပြီလို့ ညီနောင် မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး (၂၉) ရက်မြောက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ဆင်ရေး (၂၉) ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ (၂၄) ရက်နေ့မှာလဲ အရင်ရက်တွေကို စစ်ရေးအရအရေးပါတဲ့ ဗျူဟာကုန်းတွေ စစ်ဘက်၊ ရဲဘက်ဆိုင်ရာတပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်သူ တပ်ဖွဲ့ဝင်တွေကို ဆက်လက်သုတ်သင်နိုင်ခဲ့ကာ ရန်သူရဲ့စစ်လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးလှုပ်ရှားရာဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး မိမိတို့သတ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ အရေးပါ တဲ့နေရာတွေ စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေသောနေရာတွေ ရန်သူ့လက်နက်ကြီးကုန်းတွေကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဟန်ချက်ညီစစ်ဆင်ရေးကနေ တဆင့် ပြည်သူကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ ရန်သူရဲ့ စစ်စခန်းတွေ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ကုန်းတွေကို အပြီးသတ်ချေမှုန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးတိုင်းမှာ မိမိတို့တပ်ဖွဲ့ဝင်တွေရဲ့ အသက်၊ သွေး၊ ချွေး၊ အရင်းအနှီး၊ ပေးဆပ်မှုများစွာနဲ့ ရယူနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့အချိန်ကနေ ဒီနေ့အထိ သမိုင်းဝင်စစ်ဆင်ရေးတွေကို တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း ရဲဘော်တစ်ယောက်ချင်းစီရဲ့ ပေးဆပ်မှုတိုင်းကို အလေးအနက်အသိအမှတ်ဂုဏ်ပြုအပ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
========================
📌📌 ၆။ မြိုင်မြို့ပေါ်ရှိစကစတပ်အထိုင်စခန်းမှ ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ ထန်းဘုန်းတောကျေးရွာရှိအရပ်သားသုံးဦးလက်နက်ကြီးထိမှန် သေဆုံး
"မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် အထိုင်ချနေသော စစ်ကောင်စီတပ်သားများကနိူဝင်ဘာ၂၂ရက် ၅နာရီအချိန်၌ မြိုင်မြို့ပေါ်အထိုင်စခန်းမှ ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ ထန်းဘုန်းတောကျေးရွာ ဦးမတ်ကျော် နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်"လို့နိုဝင်ဘာ၂၄ရက်မှာ ဖြစ်စဥ်ကို မြိုင်MVRFကအတည်ပြုဆိုထားပါတယ်။
အဆိုပါလက်နက်ကြီးကျည်ထိမှန်၍ ဦးမတ်ကျော် ၊ဒေါ်စန်းညွှန့်နှင့်အောင်ချမ်းသာကျေးရွာမှ အလည်လာသောဒေါ်ဝင်းနွဲ့ (ပွဲချင်းပြီးဆုံး) တို့ (၃)ဦး လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရပြီးအခြားပြည်သူ(၂) ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AAတို့ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးသေဆုံး
နိူဝင်ဘာ၂၅ရက်
" နိုဝင်ဘာလ (၂၄) ရက်နေ့၊ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်"လို့နိူဝင်ဘာ၂၅ရက် စစ်ရေးသတင်းကို ညီနောင်မဟာမိတ်သုံးဖွဲ့ကအသိပေးဖော်ပြပါတယ်။
ရက္ခိုင့်တပ်တော်AAသည် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်" ဗျူဟာ နှင့် “နှုံးဘူး" ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးတိုက်ပွဲသည် ပြင်းထန်လျက်ရှိပြီးရန်သူ့ဘက်မှဂျက်တိုက် လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် (၈) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့တယ်လို့သတင်းရရှိပါတယ်။
မိမိတို့အနေဖြင့် ရည်မှန်းထားသော စစ်ဆင်ရေးအစီအမံများကို တစ်ခုပြီးတစ်ခု ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး စစ်ဆင်ရေးအရှိန်ကိုလည်း ရပ်တန့်မသွားရအောင် အခြားသောမိတ်ဖက်အဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေး အဖွဲ့အစည်းထဲမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများ၊ ဘုံရည်မှန်းချက်တူညီသောအဖွဲ့အစည်းများနှင့်အတူတကွ ဆင်နွှဲလျက်ရှိတယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၈။ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းကိုစခန်းသိမ်းတိုက်ပွဲဆင်နွှဲရာရန်သူ့ဘက်မှ (၃) ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် (၁၆) ဦးအား ဖမ်းဆီးရမိခဲ့
နိူဝင်ဘာ၂၅ရက်
"ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့မှ နိုဝင်ဘာလ (၂၁) ရက်တွင် စခန်းသိမ်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ နိူဝင်ဘာ၂၅ရက်မှာ စခန်းသိမ်းတိုက်ပွဲနောက်ဆုံးရလဒ်ကိုအမှတ်၁စစ်ဒေသကအတည်ပြုပါတယ်။
၎င်းစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၃) ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် (၁၆) ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းစခန်းမှ ရန်သူ့လက်နက်ငယ် (၃၁) လက်၊ ကျည်မျိုးစုံ (၆၄၀၀) ကျော်၊ လက်ပစ်ဗုံး (၃၂) လုံး၊ မိုင်း (၆) လုံး၊ ကျည်အိမ် (၃၈) ခု၊ ငွေကျပ် (၉၀၀,၀၀၀) သိန်းကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းစခန်းသိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးဘက်မှ (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၎င်းရဲစခန်းသို့ တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီး နမခမှ တက်လာသည့် Mi-35 (၁) စီးဖြင့် တည်တောကျေးရွာသို့ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၉။ ရွှေဘိုမြို့နယ်အနောက်ခြမ်း ပျူရွာဖြစ်တဲ့တည်သီးတောကျေးရွာရှိ စကစစခန်းကိုတော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိူင်ခဲ့
နိူဝင်ဘာ၂၅ရက်
နိူဝင်ဘာ၂၅ရက်မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုများကစစ်ဆင်ရေးကိုလှုပ်ရှားခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ အခုလိုဆိုပါတယ်။
"တော်လှန်ရေးအင်အားစုများ တည်သီးတောပျူစခန်းအား အောင်မြင်စွာစခန်းသိမ်းနိုင်ခဲ့ကြောင်း ကနဦးသတင်းကောင်းကြားသိရပါတယ်"လို့ဆိုပါတယ်။
ထို့အတူမနက်၇နာရီ၃၀အချိန်ရွှေဘိုမြို့နယ် အနောက်ခြမ်းအား အကြမ်းဖက်စကစမှ လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့တယ်လို့ Khin U Local People Defence Forceကလည်းအတည်ပြုဆိုထားပါတယ်။
အဆိုပါပစ်ခတ်မှုဟာ နမခ မှ Mi35 ရဟတ်ယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment