25th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ National Graduate Institute For Policy Studies (GRIPS) သို့  ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်မှ လေ့လာရေးသွားရောက်

📌 ၂။ စစ်အာဏာရှင်စနစ်၏ မျိုးဆက်ရှည်ကြာစွာ လည်ပတ်မှုကို အဆုံးသတ်ရန် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သော အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၃။ သိမ်းပြီးသားမြို့တွေကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ကောင်းမွန်လုံခြုံသည့် ဆက်သွယ်ရေးစနစ်ရရှိရေး အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၄။ နွေဦးဘဏ်Relationship Manager များအဖြစ် အယောင်ဆောင်ကာ အများပြည်သူများထံသို့ တိုက်ရိုက်ဆက်သွယ် လိမ်လည်မှုများရှိနေ၍ မည်သည့် သူစိမ်းတစ်ယောက်ကိုမှ ငွေလွှဲပြောင်းခြင်း မပြုလုပ်ရန်သတိပေး

📌 ၅။ အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းစျေး မီးလောင်၍ဆိုင်ခန်းများအားလုံးမီးလောင်ဆုံးရှုံး

📌 ၆။ ဝက်လက်မြို့နယ် လှတောကျေးရွာ စကစ အထိုင်စခန်းမှ  ထွက်လာသော အင်အား ရှစ်ဆယ်ခန့်ရှိ စကစစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများကြားဖြတ်တိုက်ခိုက်

📌 ၇။ ကျောက်ဆည်မြို့ရှိ ကြံ့ခိုင်ရေးရုံးအတွင်း စကစနှင့်ပျူအစည်းဝေးလုပ်နေစဥ်လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်

📌 ၈။ ချင်းပြည်နယ်၊ ဇိုတုန်‌‌ဒေသ၊ ရေဇွာမြို့ တပ်စခန်းမှ ဒုတပ်ကြပ် တစ်ဦး CDF-ZOTUNG ထံ အလင်းဝင်ပူးပေါင်းလာခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ National Graduate Institute For Policy Studies (GRIPS) သို့  ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်မှ လေ့လာရေးသွားရောက်


နိုဝင်ဘာလ ၂၄ရက်။

National Graduate Institute For Policy Studies (GRIPS) သို့  ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်မှ လေ့လာရေးသွားရောက်ခဲ့တယ်လို့ ဂျပန်နိုင်ငံ NUGကိုယ်စားလှယ်ရုံးက  နိုဝင်ဘာ၂၄ ရက်မှာအသိပေးဖော်ပြပါတယ်။


GRIPS မှာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် လိုအပ်သော နိုင်ငံ့ဝန်ထမ်းကောင်းများ လေ့ကျင့်သင်ကြားပေးရာ ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်တက္ကသိုလ်ဖြစ်ပြီး ဂျပန်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးရာ ပေါ်လစီများရေးဆွဲရာတွင် အထောက်အကူပြုနိုင်သည့် နိုင်ငံတကာမှပညာရှင်များစုဝေးရာ Think-Thank တစ်ခုလည်း ဖြစ်ပါတယ်။


နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင်လိုအပ်သော လူသားအရင်းအမြစ်များမွေးထုတ်ပေးရန်မှာ ပြည်သူလူထုက ရွေးကောက်တင်မြောက်သည့် အစိုးရများ၏ တာဝန်ဖြစ်သည့် အားလျော်စွာ ရှေ့ဆက်လျှောက်လှမ်းရမည့် လုပ်ငန်းစဉ်များအတွက် သွားရောက်လေ့လာခဲ့ကြတာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်စနစ်၏ မျိုးဆက်ရှည်ကြာစွာ လည်ပတ်မှုကို အဆုံးသတ်ရန် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သော အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


နိုဝင်ဘာလ၂၄ရက်။

စစ်အာဏာရှင်စနစ်၏ မျိုးဆက်ရှည်ကြာစွာ လည်ပတ်မှုကို အဆုံးသတ်ရန် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သော အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆိုပါတယ်။


အမေရိကန်ပြည်ထောင်စုရှိ ချစ်လှစွာသော မိတ်ဆွေများအတွက် ဤအထူးကျေးဇူးတော်နေ့တွင် ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများသည် ကမ္ဘာ၏မျှော်လင့်ချက်နှင့် လွတ်လပ်မှုမီးရှူးတန်ဆောင်ဖြစ်သည့် နိုင်ငံကြီးသားများအား ရင်တွင်းစကားဆိုချင်ပါတယ်။ ကျွန်ုပ်တို့၏ချင်ခင်လှသော အမိမြေကို ခြိမ်းခြောက်ခဲ့သော ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်၏ မျိုးဆက်ရှည်ကြာစွာ လည်ပတ်မှုကို အဆုံးသတ်ရန် ကျွန်ုပ်တို့ဘက်မှ ရပ်တည်ပေးခဲ့သော အမေရိကန်ပြည်ထောင်စုအား ယနေ့တွင် ကျွန်ုပ်တို့ကျေးဇူးတင်လိုပါတယ်။ အမေရိကန် မြန်မာအသိုက်အဝန်းအား ပျော်ရွှင်ရွှင်လန်းပြီး မင်္ဂလာရှိသော ကျေးဇူးတော်နေ့အတွက် နွေးထွေးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျေးဇူးသိစိတ်နှင့် မျှော်လင့်ချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်၌ တောက်ပနေပါစေ"လို့ဆိုထားပါတယ်။"


ထို့အပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို၂၀၂၂ ခုနှစ် အတည်ပြုလက်ခံမှုတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် နိုင်ငံတကာနယ်ပယ်တွင် အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုကို ကျွနု်ပ်တို့ ကျေးဇူးတင်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၃။ သိမ်းပြီးသားမြို့တွေကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ကောင်းမွန်လုံခြုံသည့် ဆက်သွယ်ရေးစနစ်ရရှိရေး အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


နိုဝင်ဘာလ၂၄ရက်။

သိမ်းပြီးသားမြို့တွေကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ကောင်းမွန်လုံခြုံသည့် ဆက်သွယ်ရေးစနစ်ရရှိရေး အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားလိုက်ပါတယ်။


နိုဝင်ဘာလအတွင်း အင်တာနက်ရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ‌ရန် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ တိုက်တွန်းပြောကြားရာမှာထည့်သွင်းဆိုပါတယ်။


"ယခုလိုထိုးစစ်တွေ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ မြို့သိမ်းတိုက်ပွဲတွေလည်း ဆင်နွှဲနေပြီဖြစ်ပြီး သိမ်းပြီးသည်နှင့် ဆက်တိုက်မြို့တွေကို ထိန်းထားဖို့လိုအပ်လာပါပြီ။ ဒီလို တိုက်၊ သိမ်း၊ ထိန်း အဆင့်ဆင့်တိုင်းမှာ အားလုံးနဲ့ချိတ်ဆက်ပြီး ညီညွတ်စွာဆောင်ရွက်ကြဖို့ အင်မတန်အရေးကြီးတဲ့ ကာလကိုရောက်နေပြီဖြစ်ပြီး ရှေ့တန်းနှင့် နောက်တန်းရှိ တော်လှန်ရေးအင်အားစုများ တစ်ပြိုင်ထဲ တစ်ညီတစ်ညွတ်ထဲ တောင်းဆိုနေသောကိစ္စရပ်မှာ အင်တာနက်ရရှိရေးဖြစ်သောကြောင့် ကောင်းမွန်လုံခြုံသည့် ဆက်သွယ်ရေးစနစ်ရရှိရေးသည် အသက်တစ်မျှ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အင်မတန်အရေးကြီးတဲ့ကာလဖြစ်ပြီး လူထုရဲ့ပါဝင်မှုကလည်း ပိုမိုအရေးကြီးသည့်ကဏ္ဍကို ရောက်ရှိလာပြီဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  တလတာ "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ နွေဦးဘဏ်Relationship Manager များအဖြစ် အယောင်ဆောင်ကာ အများပြည်သူများထံသို့ တိုက်ရိုက်ဆက်သွယ် လိမ်လည်မှုများရှိနေ၍ မည်သည့် သူစိမ်းတစ်ယောက်ကိုမှ ငွေလွှဲပြောင်းခြင်း မပြုလုပ်ရန်သတိပေး


နိုဝင်ဘာ၂၄ရက်။

နွေဦးဘဏ်Relationship Manager များအဖြစ် အယောင်ဆောင်ကာ အများပြည်သူများထံသို့ တိုက်ရိုက်ဆက်သွယ် လိမ်လည်မှုများရှိနေ၍ မည်သည့် သူစိမ်းတစ်ယောက်ကိုမှ ငွေလွှဲပြောင်းခြင်း မပြုလုပ်ရန် မြန်မာ့နွေဦးဖွံဖြိုးရေးဘဏ်ကအများပြည်သူသို့ နိုဝင်ဘာ၂၄ရက်မှာ သတိပေးကြေညာလိုက်ပါတယ်။ 


"အခုချိန်ခါတွင် အစုရှယ်ယာ ဝင်ယူနိုင်ခွင့် နောက်ကျ/ လက်လွတ် သွားမည့်အရေးကို စိတ်ပူပင်နေကြသော ပြည်သူများ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ telegram channel မှ သော်လည်းကောင်း၊ တခြားသော ဆက်သွယ်ရေးလမ်းကြောင်းများမှ သော်လည်းကောင်း အသုံးပြု၍ ငွေကြေးလိမ်လည်မှုများ စတင်ပေါ်ပေါက်လာပြီဖြစ်ပါတယ်။လူလိမ်များသည် သူတို့ကိုသူတို့ ပြည်သူ့ဓန ဆက်ဆံရေးအရာရှိ Relationship Manager များအဖြစ် အယောင်ဆောင်ကာ အများပြည်သူများထံသို့ တိုက်ရိုက်ဆက်သွယ် လိမ်လည်နေပါတယ်"လို့ဆိုပါတယ်။


လိမ်လည်မှု screenshot များလည်း နွေဦးဘဏ်မှ ရရှိထားပြီးနွေဦးဘဏ်၏ telegram SDB user community ထဲတွင် ကြည့်ရှုနိုင်တယ်လို့အသိပေးဆိုထားပါတယ်။


သို့ဖြစ်၍ငွေဖြည့်/ ငွေလွှဲ ကိစ္စရပ်များအားလုံးကို မိမိ တို့၏ နွေဦးဘဏ် အကောင့်မှာ ရှာတွေ့နိုင်မည့် Relationship Manager များမှ လွဲ၍ တိုက်ရိုက်ဆက်သွယ်လာသူ မည်သည့် သူစိမ်းတစ်ယောက်ကိုမှ ငွေလွှဲပြောင်းခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအကြောင်းကြားထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းစျေး မီးလောင်၍ဆိုင်ခန်းများအားလုံးမီးလောင်ဆုံးရှုံး


နိုဝင်ဘာလ၂၄ရက်။

ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းစျေး မီးလောင်၍ဆိုင်ခန်းများအားလုံးမီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


နိုဝင်ဘာလ၂၄ရက် ညနေပိုင်းမှာ အကြမ်းဖင်စစ်တပ်ရဲ့ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ စျေးအပေါ်ကိုကျရောက်ပေါက်ကွဲကာမီးလောင်ခဲ့တာလို့ ဒေသခံများကတညီတညွတ်တည်းအတည်ပြုဆိုထားပါတယ်။


"ပုဏ္ဏားကျွန်းစျေး  မီးညွန့်ကျိုးသွားပါပြီ။ ဒါပေမယ့်ဆိုင်ခန်းများအားလုံး မီးလောင်ဆုံးရှုံးသွားပါပြီ"လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကဆိုပါတယ်။


ပုဏ္ဏားကျွန်းမြို့ထဲကို မီးမကူးအောင်ပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုပမာဏာများပြားခဲ့တယ်လို့သိရပါတယ်။


နိုဝင်ဘာ၂၃ရက်နေ့ကလည်း ရှမ်းပြည်နယ် မူဆယ် ကျင်စန်းကျော့ ကားကွင်းထဲ စကစပစ်ခတ်၍ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကာကုန်ကားများမီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၆။ ဝက်လက်မြို့နယ် လှတောကျေးရွာ စကစ အထိုင်စခန်းမှ  ထွက်လာသော အင်အား ရှစ်ဆယ်ခန့်ရှိ စကစစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများကြားဖြတ်တိုက်ခိုက်


နိုဝင်ဘာလ၂၄ရက်။

ဝက်လက်မြို့နယ် လှတောကျေးရွာ စကစ အထိုင်စခန်းမှ  ထွက်လာသော အင်အား ရှစ်ဆယ်ခန့်ရှိ စကစစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာလ၂၄ရက် မင်းသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုဆိုထားပါတယ်။


"ဝက်လက်မြို့နယ် လှတောကျေးရွာ စကစ အထိုင်စခန်းမှ  ထွက်လာသော အင်အား ရှစ်ဆယ်ခန့်ရှိ စစ်ကြောင်းအား တော်လှန်ရေး အင်အားစုများဖြစ်ကြသော နယ်စည်းမခြား ပျံလွှား အဖွဲ့ ဗိုလ်စွန်ရဲ ကိုးတောင်ကျား အဖွဲ့၊ ဒိုင်းနမိုက်အဖွဲ့၊ မင်းသားကြီးအဖွဲ့၊ ဒေါင်းမင်းအဖွဲ့ ဒေါင်းစကြာအဖွဲ့၊ မီးတောက်အဖွဲ့ ဂျိမ်းစိုးအဖွဲ့၊ ပေသီးအဖွဲ့ တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့်စကစ ဖက်မှ အထိခိုက် အသေဆုံးများပြားနိုင်ကြောင်းသိရပါတယ်။


၎င်းစစ်ကြောင်းသည် လှတောရွာ အထိုင်စခန်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း ကနဦးကြားသိထားရတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ကျောက်ဆည်မြို့ရှိ ကြံ့ခိုင်ရေးရုံးအတွင်း စကစနှင့်ပျူအစည်းဝေးလုပ်နေစဥ်လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်


နိုဝင်ဘာလ၂၄ရက်။

နိူဝက်ဘာ၂၄ရက်မွန်းလွဲပိုင်းအချိန်တွင်ကျောက်ဆည်မြို့ရှိ ကြံ့ဖွံ့ရုံးအတွင်း စကစနှင့် ပျူအစည်းဝေးလုပ်နေသည်ဟု အတွင်းသတင်းရရှိသောကြောင့် ကျွန်တော်တို့ K.R.A နှင့်အတူ K.D.D.F တို့ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


"ဖြစ်စဥ်ဖြစ်ပြီးတဲ့နောက် မှန်လုံကားတစ်စီးလာတယ်။ ရုံးထဲကနေ သွေးထွက်ဒဏ်ရာတွေနဲ့တစ်ယောက်ကိုတော့ ကားပေါ်မတင်သွားတယ်လို့ ဒေသခံမျက်မြင်ကဆိုပါတယ်"လို့ဆိုပါတယ်။


၎င်းလက်ပစ်ဗုံးသည် ရုံးအဆောက်အဦ အပေါက်ဝရှိ အရပ်ဝတ်ဖြင့် လုံခြံးရေးယူနေသော စကစဘက်တော်သားအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


========================


📌📌 ၈။ ချင်းပြည်နယ်၊ ဇိုတုန်‌‌ဒေသ၊ ရေဇွာမြို့ တပ်စခန်းမှ ဒုတပ်ကြပ် တစ်ဦး CDF-ZOTUNG ထံ အလင်းဝင်ပူးပေါင်းလာခဲ့


နိုဝင်ဘာလ၂၄ရက်။

ချင်းပြည်နယ်၊ ဇိုတုန်‌‌ဒေသ၊ ရေဇွာမြို့ တပ်စခန်းမှ ဒုတပ်ကြပ် တစ်ဦး CDF-ZOTUNG ထံ အလင်းဝင်ပူးပေါင်းလာခဲ့ပါတယ်လို့ CDF-ZOTUNGကတရားဝင်အသိပေးဆိုထားပါတယ်။


"ချင်းပြည်နယ်၊ ဇိုတုန်‌‌ဒေသ၊ ရေဇွာမြို့ တပ်စခန်းမှ ဒုတပ်ကြပ် ဦးထန်လျန်ကျင်း  သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်တွင် CDF-ZOTUNG ထံ အလင်းဝင်ပူးပေါင်းလာခဲ့တယ်"လို့ဆိုပါတယ်။


 CDF-ZOTUNG အနေဖြင့် ထိုသူအားလုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားရှိပြီး ပြည်သူ့ရင်ခွင်ထံ‌ နောက်ထပ်ခိုလှုံလာမည့် အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်သားများကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်လို့ဆိုပါတယ်။


အလင်းဝင်လာသူတို့၏ လုံခြုံရေးအား အပြည့်အဝ တာဝန်ယူပေးသွားမယ်လို့CDF-ZOTUNGကအသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment