၂၀၂၃ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၂။ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများ စုပေါင်းပြုလုပ်တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်
📌 ၃။ ဝက်လက်မြို့နယ်တွင် ကျေးရွာအခြေပြု ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များအား သင်တန်းပို့ချ
📌 ၄။ မင်းကင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ဒီဇင်ဘာ ၃၁ နောက်ဆုံးထား အလင်းဝင်ရန် မြို့နယ်ပအဖ ထုတ်ပြန်
📌 ၅။ ပျူစောထီး ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ (၅) ဦးကို လူသားစာနာ အကူအညီများ ထောက်ပံ့ပေးအပ်
📌 ၆။ ကျဆုံးရဲဘော်တစ်ဦးရဲ့ မိသားစုဝင်များကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အားပေးစကားနဲ့ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်
📌 ၇။ ရွှေဘိုနယ် ဇီးဖြူကုန်းရွာတွင်တပ်စွဲထားသော စစ်အုပ်စုဘန်ကာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
📌 ၈။ တအာင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ
📌 ၉။ ချင်းတော်လှန်ရေးကို အခြေခံ ရိုက်ကူးထားတဲ့ Ram Rian (My Duty) ရုပ်ရှင် တောင်ကိုးရီးယားမှာ စတင်ပြသ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာလ ၂၆ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၃၆/၂၀၂၃) ကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏမှ အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်လို့ သိရှိလိုတဲ့ အချက်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ မှဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၁ နာရီ မိနစ် ၃၀ အချိန်မှာ အစည်းအဝေး ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများ စုပေါင်းပြုလုပ်တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်
နိုဝင်ဘာလ ၂၆ရက်။
Australia နိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများက ပထမဦးဆုံးအကြိမ် စုပေါင်းပြုလုပ်တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ရံပုံငွေစျေးရောင်းပွဲ အခမ်းအနားကို ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ကောက်ယူနေမှု အခြေအနေများ၊ ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အရေးယူနိုင်ရေးကိစ္စရပ်များကို နိုင်ငံတကာနဲ့ ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တော်လှန်ရေးကာလ (၃) နှစ် အတွင်း အရှိန်အဟုန်မပြတ် တိုးတက်မှုများ အောင်မြင်မှုများ ရရှိလာခြင်းက မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံးရဲ့ စုပေါင်းပံ့ပိုး အင်အားကြောင့်ဖြစ်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဆိုပါ စျေးရောင်းပွဲမှ ရရှိသော ရံပုံငွေအားလုံးကို မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ အပါအဝင် လိုအပ်သောနေရာများကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ ဝက်လက်မြို့နယ်တွင် ကျေးရွာအခြေပြု ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များအား သင်တန်းပို့ချ
နိုဝင်ဘာလ၂၆ရက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကျေးရွာအခြေပြု ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲဘော်များအား သင်တန်းဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
၎င်းသင်တန်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရန် ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခင်းဖြစ်ရပ်အား ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်း၊ လူသေအလောင်းများအား စစ်ဆေးခြင်း စတာတွေကို သင်ကြားပို့ချပေးခဲ့ပါတယ်။
ထို့အပြင် ဥပဒေရေးရာနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြာခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ စည်းလုံးညီညွတ်စွာနဲ့ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန်တို့ကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင် ပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ ၊ မြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့များမှ တက်ရောက်ကာ ကျေးရွာပြည်သူ့လုံခြုံရေး အဖွဲ့များအား သင်တန်းပို့ချသင်ကြား ပေးခဲ့ကြပါတယ်။
========================
📌📌 ၄။ မင်းကင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ဒီဇင်ဘာ ၃၁ နောက်ဆုံးထား အလင်းဝင်ရန် မြို့နယ်ပအဖ ထုတ်ပြန်
နိုဝင်ဘာလ ၂၆ရက်။
စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာရှိတဲ့ Non CDM ဝန်ထမ်းတွေ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရထံမှာ အလင်းဝင်ကြဖို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင် သတင်းထုတ် ပြန်လိုက်ပါတယ်။
မင်းကင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေအနေနဲ့ ထုတ်ပြန်ချက်ကို မလိုက်နာဘူးဆိုရင် ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
Non CDM ဝန်ထမ်းတွေ အလင်းဝင်ရာမှာ ဌာနဆိုင်ရာ စာရွက်စာတမ်းတွေ၊ ပြည်သူပိုင်ပစ္စည်းတွေအပါအဝင် ဥပဒေတရပ် အရဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေ ပိုင်ဆိုင်တဲ့ သို့မဟုတ် ၎င်းတို့ကိုလွှဲအပ်ထားတဲ့ သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ထားတဲ့ သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတွေနဲ့ အခြားပစ္စည်းတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျအပ်နှံဖို့ ကြိုတင်ပြင်ဆင်ထားရမယ်လို့ အသိပေးထားပါတယ်။
မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ညွှန်ကြားချက်အတိုင်း CDM ဝန်ထမ်းတွေကိုကူညီခြင်း၊ တော်လှန်ရေးမှာ ထိထိရောက်ရောက်ကူညီပေးခဲ့တယ်လို့ အထောက်အထားခိုင်လုံတဲ့ Non CDM ဝန်ထမ်းတွေကို စိစစ်ပြီး အရေးယူခံရခြင်းမှကင်းလွတ်ခွင့်ပြုခြင်းနဲ့ ကြားကာလအတွင်း ကာလတိုစာချုပ်နဲ့ တာဝန်ပေးခြင်း တို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သတ်မှတ်ရက်အတွင်း အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အပြစ်ပေးအရေးယူမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုဘက် ရပ်တည်ပြီး အလင်းဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ပျူစောထီး ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ (၅) ဦးကို လူသားစာနာ အကူအညီများ ထောက်ပံ့ပေးအပ်
နိုဝင်ဘာလ ၂၆ရက်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ ၅ ဦးကို လူသားစာနာ အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အဆိုပါ ပျူစောထီးရွာမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ကလေး ၃ ယောက်ပါ မိခင်တစ်ဦးနှင့် အမျိုးသားတစ်ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ ပုလဲမြို့နယ် လူသားချင်း စာနာထောက်ထားရေး တာဝန်ခံတို့မှ လိုအပ်သည်များကို စစ်ဆေးမေးမြန်းပြီး ထောက်ပံ့ငွေ တစ်သိန်း (၁၀၀,၀၀၀) ကျပ်၊ မိုးကာ (၂) ချပ် နှင့် ခြုံစောင်များ ကူညီထောက်ပံ့ပေးခဲ့တယ် လို့ သိရပါတယ်။
========================
📌📌 ၆။ ကျဆုံးရဲဘော်တစ်ဦးရဲ့ မိသားစုဝင်များကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အားပေးစကားနဲ့ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်
နိုဝင်ဘာလ ၂၆ရက်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီ-လားပို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ဆားလင်းကြီး မြို့နယ်မှ ရဲဘော်တစ်ဦးရဲ့ မိသားစုဝင်များကို အားပေးစကားနဲ့ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နယက၊ အဖွဲ့ခေါင်းဆောင်နဲ့ မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံတို့မှ အဆိုပါ ရဲဘော်ရဲ့ နေအိမ်ကို နိုဝင်ဘာ ၂၅ ရက်နေ့က သွားရောက်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကာ မြို့နယ်အခွန်ရရှိငွေမှ ငွေကျပ် ၃ သိန်း ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၇။ ရွှေဘိုနယ် ဇီးဖြူကုန်းရွာတွင်တပ်စွဲထားသော စစ်အုပ်စုဘန်ကာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
နိုဝင်ဘာလ ၂၆ ရက်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာမှာတပ်စွဲထားတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် စခန်းကို မီးရှို့ဖျက်ဆီးပြီး ရှင်းလင်းခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့မနက်ပိုင်းက ဇီးဖြူကုန်းရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို ဒရုန်း အသုံးပြုပြီး ၆ဝ မမ ဗုံးသီးအစစ် ၂ လုံး၊ လက်လက်ဗုံး ၁ဝ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာမှာ စစ်အုပ်စုဝင်တွေ ထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။
အခုလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ၎င်းတို့အသုံးပြုခဲ့တဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးပြီး ရှင်းလင်းခဲ့တာလို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထား ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Wild Tiger LPDF ဦးဆောင်တဲ့ ရွှေဘို တိုက်နယ်-၂ မဟာမိတ်တပ်ပေါင်းစု ညီနောင်များနဲ့ LIGHTNING DRONE FROCE (We are everywhere) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိဘပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို- LPDF က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၈။ တအာင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ
နိုဝင်ဘာလ ၂၆ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ၃ဦးသေဆုံးပြီး တိုက်နယ်ဆေးရုံနဲ့ အိမ် ၅ လုံးပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းဖော်ပြလိုက်တာပါ။
တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြိုနယ် နောင်ပြစ်ကျေးရွာလမ်းခွဲမှာ နိုဝင်ဘာလ ၂၆ ရက်နေ့မနက် ၅ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ် ၂ဝ တိုက်ပွဲဖြစ်ပွားရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တပ်မဟာ ၁ စစ်ဒေသ မူဆယ်မြိုနယ် ဆိုင်ခေါင်ကျေးရွာနဲ့ ကောင်ရာကျေးရွာကြားမှာလည်း မွန်းလွဲ ၁နာရီ ၁၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွားဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁၂ ကြိမ် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တပ်မဟာ ၄ စစ်ဒေသ လားရှိးမြိုနယ် သံလွင်ကျေးရွာနဲ့ဟိုတီးကျေးရွာကြားမှာလည်း မနက် ၁၁ နာရီခွဲ အချိန်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တပ်မဟာ ၂ စစ်ဒေသဖြစ်တဲ့ နောင်ချိုမြိုနယ်မှာ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က ရွှေညောင်ပင်ရွာဘက်ကနေ သုံးဆယ်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကျေးရွာသား ၂ ဦး သေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြိုနယ်အတွင်းက ပြည်သူလူထုနေထိုင်ရာ ကျေးရွာနဲ့ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် လက်နက်ကြီးနဲ့ ၂၃ ကြိမ်၊ ဗုံးနဲ့ ၇ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် မာန်အောင်၊ မန်နား၊ သာယာကုန်းနဲ့ စယ်လန့်ကျေးအုပ်စု၊ မန်ဆက် စတဲ့ကျေးရွာ များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး၊ မန်နားကျေးက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးကာ အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင် မာန်အောင်ကျေးရွာက အမျိုးသမီးတဦး၊ မန်ဆက်ကျေးရွာက ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မာန်အောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် အိမ်တလုံး၊ မန်နားကျေးရွာက အိမ်တလုံးနဲ့ စယ်လန့်အုပ်စု၊ မန်ဆက်ကျေးရွာက ဒေသခံတို့ရဲ့နေအိမ် ၃လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၉။ ချင်းတော်လှန်ရေးကို အခြေခံ ရိုက်ကူးထားတဲ့ Ram Rian (My Duty) ရုပ်ရှင် တောင်ကိုးရီးယားမှာ စတင်ပြသ
နိုဝင်ဘာလ ၂၆ရက်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးကို ထင်ဟပ်ရိုက်ကူးထားတဲ့ Ram Rian (My Duty) Film Documentary ရုပ်ရှင်ကို တောင်ကိုးရီးယား နိုင်ငံ၊ Bupyeong Station, Lotte Cinema မှာ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြသခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ Documentary ကို အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ချင်းလူမျိုး ရုပ်ရှင်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Salai Tialbailing ကိုယ်တိုင် စစ်မက်ဖြစ်ပွားရာ ချင်းပြည် ထန်တလန်မြို့နယ်နဲ့ ကျေးရွာတွေမှာ ကိုယ်တိုင် စွန့်စားသွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ပြပြီးသွားရင် ဥရောပ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment