11th DEC 2023 - Evening Daily News by Radio NUG



၂၀၂၃ ဒီဇင်င်ဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေးအတွက် မှန်ကန်ခိုင်မာ အားကောင်းတဲ့ အမိန့်ပေး ကွပ်ကဲမှုများ၊ စစ်သည်တော် ကျင့်ဝတ်များနဲ့ ပိုမိုအားစိုက် တိုက်ပွဲဝင် တော်လှန်သွားကြဖို့ ယာယီသမ္မတပြောကြား

📌 ၂။ စခန်းသိမ်းတိုက်ပွဲတွေအတွက် မိမိ နှစ်သက်ရာ ကို ထောက်ပို့ ကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၃။ နွေဦးတော်လှန်ရေးဟာ စကစကျူးလွန်ကြသလို ဥပဒေမဲ့ ကျူးလွန်တာမျိုးကို ရှောင်ရှားကြရမှာဖြစ်တယ်လို့ ချက်နိူင်ငံNUGကိုယ်စားလှယ်ပြောကြား

📌 ၄။ စစ်ကောင်စီလက်အောက်ခံ စစ်ဘက် အရပ်ဘက်ဝန်ထမ်းများ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကြရန် KNU ထုတ်ပြန်

📌 ၅။ CDF (ပလက်ဝ) ထံ ရဲတပ်ဖွဲ့ နဲ့ စစ်သား ၁၀ ဦး အလင်းဝင်

📌 ၆။ လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်းစတင်

📌 ၇။ နယူးယောက်တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာများချီတက်ဆန္ဒပြ

📌 ၈။ အမေရိကန်နိူင်ငံ ဆန်ဖရန် ဘေးဧရိယာမှာကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ နွေဦးတော်လှန်ရေးရန်ပုံငွေ ၁၅၇၀၀ ကျော်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေးအတွက် မှန်ကန်ခိုင်မာ အားကောင်းတဲ့ အမိန့်ပေး ကွပ်ကဲမှုများ၊ စစ်သည်တော် ကျင့်ဝတ်များနဲ့ ပိုမိုအားစိုက် တိုက်ပွဲဝင် တော်လှန်သွားကြဖို့ ယာယီသမ္မတပြောကြား


ဒီဇင်ဘာ ၁၁။


ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေးအတွက်  မှန်ကန်ခိုင်မာ အားကောင်းတဲ့ အမိန့်ပေး ကွပ်ကဲမှုများ၊ စစ်သည်တော်ကျင့်ဝတ်များနဲ့ ပိုမိုအားစိုက် တိုက်ပွဲဝင်တော်လှန်သွားကြဖို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား ပါးဆိုရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


ပြည်သူ့တော်လှန်ရေးကြီးအတွင်းမှာ နိုင်ငံတဝှမ်းက အသက်ပေးလှူသွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်း ရဲဘော်များရဲ့ ဂုဏ်ကျေးဇူးကို အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုပြီး ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ မှန်ကန်ခိုင်မာ အားကောင်းတဲ့ အမိန့်ပေး ကွပ်ကဲမှုများ၊ စစ်သည်တော် ကျင့်ဝတ်များနဲ့ ပိုမိုအားစိုက် တိုက်ပွဲဝင် တော်လှန်သွားကြပါလို့ တိုက်တွန်း လိုက်ပါတယ်။လို့  ယာယီသမ္မတက ဆိုပါတယ်။


လက်ရှိမှာတော့ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီး စစ်ကောင်စီရဲ့ တပ်များဟာ ကရင်နီဒေသ၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှာ အထိနာ ကျရှုံးလျက် ရှိပါတယ်။


========================


📌📌 ၂။ စခန်းသိမ်းတိုက်ပွဲတွေအတွက် မိမိ နှစ်သက်ရာ ကို ထောက်ပို့ ကြဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


ဒီဇင်ဘာ၁၁ရက်


"စခန်းတခါ သိမ်းဖို့ ဆို အသက်တွေများစွာ နဲ့ ငွေကြေးသိန်း ထောင်ချီ သောင်းချီ သုံးရတယ်။

စနစ်ကျတဲ့ ကွပ်ကဲ ပူးပေါင်းမှု လိုတယ်။စစ်မြေပြင် ဆေးရုံလိုတယ်။အရပ်သား ကာကွယ်ရေး၊ ဘေးလွတ်ရာ ပို့ဆောင်ရေး၊ စားဝတ်နေရေး လိုတယ်။ဆိုတော့ မိမိ နှစ်သက်ရာ ကို ထောက်ပို့ ကြပါ။ရေကန်ထဲ မှာ ရေပြည့်လာရင် ကြာပန်း မှန်သမျှပွင့်မှာပါ"လို့ ဒီဇင်ဘာ၁၀ရက်နေ့မှာ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုရှယ်မီဒီယာမှတစ်ဆင့်ပြောကြားခဲ့ပါတယ်။


အောက်တိုဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRFကထုတ်ပြန်ရာ ထောက်ပို့တပ်သားဦးရေ၁၄,၉၁၈ဦး၊ အမေရိကန်ဒေါ်လာ ၅၇၃,၀၉၄.၇၇ခန့်ရရှိခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ စကစကျူးလွန်ကြသလို ဥပဒေမဲ့ ကျူးလွန်တာမျိုးကို ရှောင်ရှားကြရမှာဖြစ်တယ်လို့ ချက်နိူင်ငံNUGကိုယ်စားလှယ်ပြောကြား


ဒီဇင်ဘာ၁၁ရက


ဒီဇင်ဘာ၁၁ရက်နေ့တွင် ချက်နိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်မှ ၎င်း၏ဆိုရှယ်မီဒီယာမှာ အခုလိုဆိုထားပါတယ်။


"ဒီတော်လှန်ရေးဟာ အလွန်သိမ်မွေ့တယ်ပြောရမယ်၊ လက်နက်ချ အလင်း ၀င်လာသူတွေကို တချို့က သူတို့တောင် ကိုယ့်ပြည်သူတွေကို ရက်ရက် စက်စက် မုဒိန်းကျင့်သတ်ဖြတ်ခဲ့သေးတာ ဘာလို့ကိုယ်က စည်းတွေ ဥပဒေတွေအတိုင်း သူတို့ကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီထားနေတာလည်း၊ သူတို့လို လုပ်ပစ်လိုက်လို့ တိုက်တွန်းသံတွေကို သတိထားမိတယ်။ သူတို့ခံစားချက်ကို အပြစ်မပြောလိုပါဘူး။အရေးကြီးတာက ကျနော်တို့ဟာ သူတို့လို မတရားလုပ်ရပ်တွေကို ရွံမုန်းလို့ ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပြီး သူတို့ ကျူးလွန်ကြသလို ဥပဒေမဲ့ ကျူးလွန်တာမျိုးကို ရှောင်ရှားကြရမှာပါ။ သူတို့လို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့စိတ်မျိုး လုံး၀ မမွေးမိဖို့လိုပါတယ်"လို့ဆိုပါတယ်။


ကရင်နီပြည်တွင် လွိုင်ကော်တက္ကသိုလ်မှ စကစနှင့်ပတ်သက်သော ပါမောက္ခချုပ်အပါအဝင် ဒုပါမောက္ခချုပ်နှင့်စကစအား ဆက်စပ်သူများကိုတရားစွဲဆိုအရေးယူမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီလက်အောက်ခံ စစ်ဘက် အရပ်ဘက်ဝန်ထမ်းများ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကြရန် KNU ထုတ်ပြန်


ရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းများအနေနဲ့ ပြည်သူလူထုနဲ့ လာရောက်ပူးပေါင်းကြဖို KNU က ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 


စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ဝန်ထမ်းများအနေနဲ့ စစ်ကောင်စီရဲ့ အမိန့်ပေးမှုကနေစွန့်ခွာပြီး ပြည်သူလူထုရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရန်၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်စေတဲ့အမိန့်တွေကို ဖီဆန်ခြင်း၊ အာဏာရှင်ထောက်တိုင်ဖြိုဖျက်ရန်၊ ဆန့်ကျင်တော်လှန်သော လှုပ်ရှားမှုတွေမှာ နည်းမျိုးစုံနဲ့ပါဝင်ကူညီတိုက်ပွဲဝင်ရန် လိုအပ်တယ်လို့ အသိပေးထားပါတယ်။ 

ထို့အပြင် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေသာ အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြဖို့လည်း ပါဝင်ပါတယ်။ 

သထုံ၊ ကျိုက်ထို၊ ဘီးလင်း မြိုနယ်များ အပါအဝင် သထုံခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အရပ်ဘက် ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကနေစွန့်ခွာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။ 

KNU စီမံအုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ ဘ၀လုံခြုံမှုနဲ့ လူမှုဝန်ဆောင်မှုတွေကို KNU ဘက်က အပြည့် အ၀ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူလူထုလူမှုဘဝလုံခြုံမှုနဲ့လူမှုဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်လိုတဲ့ မည်သည့်အဖွဲအစည်းမဆို အဆင့်ဆင့်သော KNU အဖွဲ့များနဲ့ချိတ်ဆက်ပြီး ခရိုင်အသိအမှတ်ပြုမှုနဲ့ ဆောင်ရွက်သွားဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 


ထို့ကြောင့် KNU တပ်မဟာ သထုံခရိုင် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူလူထုနဲ့စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်အရပ်ဘက်ဝန်ထမ်းများနဲ့ အခြားအဖွဲအစည်းတွေအနေနဲ့ ထုတ်ပြန်ကြေညာချက်နဲ့အညီ ပူးပေါင်းဆောင်ရွက် ဖို့ တိုက်တွန်းထားပါတယ်။


ဒါ့ကြောင့် KNU သထုံခရိုင် တပ်မဟာ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီအခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေက အရာရှိ အရာခံ ၊အကြပ်၊ တပ်သားများအနေနဲ့ KNU ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေမှာ ပါဝင်ပူးပေါင်းကြဖို့ တိုက်တွန်း ထားပါတယ်။


========================


📌📌 ၅။ CDF (ပလက်ဝ) ထံ ရဲတပ်ဖွဲ့ နဲ့ စစ်သား ၁၀ ဦး အလင်းဝင်


ဒီဇင်ဘာ ၁၁။


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နဲ့ စစ်သား စုစုပေါင်း ၁၀ ဦး CDF (ပလက်ဝ) ထံ အလင်းဝင် လာခဲ့တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အလင်းဝင်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ စစ်သားတွေဟာ ရှင်းလက်ဝကျေးရွာ အခြေစိုက် စစ်ကောင်စီ ဗျူဟာ - ခလရ - ၂၉၉ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးနဲ့ ရှင်းလက်ဝ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ဦးတို့ ဖြစ်ကြပါတယ်။


ရှင်းလက်ဝ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ဦးက ဒီဇင်ဘာလ ရက်နေ့မှာ အလင်းဝင်ရောက် လာတာ ဖြစ်ပြီး ခလရ - ၂၉၉ မှ ဒုတပ်ကြပ် ဦးနဲ့ တပ်သား ဦးတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထဲက  CDF (ပလက်ဝ) ထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။


ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီနဲ့ ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) တို့ရဲ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၀) ဦးကို ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


ယခု အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားများဟာ လက်နက်တော့ ယူဆောင်လာခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


📌📌 ၆။ လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်းစတင်


အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း စတင်လိုက်ပြီလို့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး GMSP က အသိပေးထုတ်ပြန်လိုက်ပါတယ်။ 


မြန်မာနိုင်ငံမှာ စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုများနဲ့ ရင်ဆိုင်နေရပြီး အပြစ်မဲ့ အရပ်သားများ အဆက်မပြတ် ကြောက်ရွံ့နေရေပမဲ့လည်း တရားမျှတမှုအတွက် ဆက်လက် တိုက်ပွဲဝင်နေကြတယ်လို့ GMSP က ပြောပါတယ်။ 


ကမ်ပိန်းမှာပါဝင်သူတွေအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အဖြူရောင်အင်္ကျီဝတ်ဆင်ပြီး မိမိတို့ရဲ့အသံကို မြှင့်တင်ကြဖို့ တိုက်တွန်းထားပါတယ်။  


မြန်မာနိုင်ငံကပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်ပါ။ မတရားမှုကိုဆန့်ကျင်ဖို့ အဖြူဝတ်ပါ။ ငါတို့ အသံတွေကြားရအောင်ပါလို့ GMSP က ပြောပါတယ်။


လေကြောင်းပစ်ကူကို အားထားပြီး အရပ်သားပြည်သူများကို မငဲ့မညှာ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို လူထုရဲ့ လေယာဥ်ဆီဖြတ် တောက်ပိတ်ဆို့ရေးလှုပ်ရှားမှုများနဲ့အတူ နိုင်ငံတကာသို့ ဖိအားပေးတောင်းဆိုဖို့ရည်ရွယ်ပြီး အဖြူရောင်ကမ်းပိန်းကို လုပ်နေတာလို့ သိရပါတယ်။


အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လေကြောင်းမှ ဗုံးကျဲမှုများ အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် စစ်ကောင်စီသို့ လေယာဥ်ဆီ တင်သွင်းရောင်းချနေမှုများကို နိုင်ငံတကာမှ အမြန်ဆုံး တားဆီးပိတ်ဆို့အရေးယူပေးရန်နဲ့ လေယာဥ်ဆီ ရောင်းချပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီများအနေနဲ့ စစ်အုပ်စုထံ လေယာဥ်ဆီရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရန်စတဲ့ရည်ရွယ်ချက်တွေလည်း ပါဝင်တယ်လို့ အသိပေးထားပါတယ်။


အဆိုပါအဖြူရောင်ကမ်ပိန်းကို ဒီဇင်ဘာလ ၁၁ ရက်ကစပြီး ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအထိ အပတ်စဉ်တနင်္လာနေတိုင်း ပြုလုပ်မှာဖြစ်ပြီး အဖြူရောင်အင်္ကျီ သို့မဟုတ် အဖြူရောင်အမှတ်အသားများကို ပိုမိုဝင်ဆင်အသုံးပြုတဲ့ အဖြူရောင် လှုပ်ရှားမှု ( White Campaign) ကို လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ နယူးယောက်တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာများချီတက်ဆန္ဒပြ


ဒီဇင်ဘာ ၁၁။


အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်ကောင်ရှိ Time Square ရင်ပြင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် "လူ့အခွင့်အရေးတွေ ပြန်ရဖို့ စစ်အာဏာရှင်ကို အမြစ်ဖြတ်စို့" ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပွဲကို New York City Burmese Community (NYCBC) မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောင်းတွင်းမိုး ရွာသွန်းနေတဲ့ကြားက ရာသီဥတုကို အံတုပြီး နယူးယောက်ရောက် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး စစ်ဘေးရှောင် စခန်းများ အပါအဝင် အရပ်သားပြည်သူများရဲ့ အသက်အိုးအိမ်များကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ် နေမှုအပေါ်  UN အပါအဝင် နိုင်ငံတကာမှ ပိတ်ဆို့ကန့်ကွက် အရေးယူပေးရန် ဆန္ဒဖော်ထုတ်ကာ တောင်းဆိုခဲ့ကြပါတယ်။


ထို့အပြင် နွေဦးတော်လှန်ရေးတွင် ပြည်သူများဘက်မှ မားမားမတ်မတ် ရပ်တည်ကာ အကြမ်းဖက် စစ်တပ်ကို ခုခံကာကွယ် တိုက်ပွဲဆင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ တိုင်းရင်သား ညီအကိုများရဲ့ ခုခံကာကွယ်ရေး တပ်ဖွဲ့များ အောင်ပွဲအလီလီ ရရှိနိုင်စေရန် ရည်ရွယ်ပြီး အောင်သပြေ လှုပ်ရှားမှုကိုပါ တပါတည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။


ထို့နောက် တက်ရောက်လာသူ အချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီထားသူများအား ချက်ချင်းလွှတ်ပေးရေး၊ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားပြည်သူများ နှင့်အတူ တသားတည်း ရပ်တည်ကြောင်း၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး နှင့် ကလေးသူငယ် အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ကြရေး စတာတွေကို ဟောပြောခဲ့ကြပါတယ်။


========================


📌📌 ၈။ အမေရိကန်နိူင်ငံ ဆန်ဖရန် ဘေးဧရိယာမှာကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ နွေဦးတော်လှန်ရေးရန်ပုံငွေ ၁၅၇၀၀ ကျော်ရရှိ


ဒီဇင်ဘာ၁၁ရက်


ဒီဇင်ဘာလအတွင်း အမေရိကန်နိူင်ငံ ဆန်ဖရန် ဘေးဧရိယာမှာကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ နွေဦးတော်လှန်ရေးရန်ပုံ‌ငွေ စုစုပေါင်း ၁၅,၇၉၄ဒေါ်လာရရှိခဲ့တယ်"နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုထံမှ သတင်းရရှိပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ လစဥ် နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အစားအစာများချက်ပြုတ်ရောင်းချကာ ရောင်းချပေးလျက်ရှိပါတယ်။


လက်ရှိမှာ နိူင်ငံတကာရောက် မြန်မာအင်အားစုများကလည်း နွေဦးတော်လှန်ရေးကို လူအား၊ငွေအားဖြင့် ပံ့ပိုးကူညီပါဝင်နေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်စစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment