12th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကောလဟလတွေ နဲ့တစ်ဝက်တစ်ပျက် တစ်ဒေါင့်တနားသာဖေါ်ပြထားတဲ့ သတင်းစကားတွေဟာ အဖြစ်မှန် အခြေအနေကို အမြဲပုံဖျက်လေ့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သတိပေး

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၃။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၄။ မန္တလေးတိုင်းတွင်း လွှတ်တော် ရပ် ကိုယ်စားလှယ်များနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံပွဲ (/၂၀၂၃) ကျင်းပ

📌 ၅။ မွန်ပြည်နယ်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ တွေ့ဆုံဆွေးနွေး

📌 ၆။ ရွှေဘိုမြို့နယ်တွင် ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အား ပထမဆုံး မဲစနစ်ဖြင့် ရွေးချယ်ဆောင်ရွက်

📌 ၇။ သထုံ-ဘီးလင်းလမ်းပိုင်းတွင် စစ်တပ်ရိက္ခာယာဉ်တန်းကို ၂ရက်ဆက် တိုက်ခိုက်မှု စစ်သား ၂ဝ ကျော်သေဆုံး

📌 ၈။ ကွန်ဖဲ့စခန်းအား  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.LA) မှ မီးရှို့ဖျက်ဆီး

📌 ၉။ အီတလီနိုင်ငံ မီလန်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးဆန္ဒပြပွဲကို အီတလီရောက်မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုများကလှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကောလဟလတွေ နဲ့တစ်ဝက်တစ်ပျက် တစ်ဒေါင့်တနားသာဖေါ်ပြထားတဲ့ သတင်းစကားတွေဟာ အဖြစ်မှန် အခြေအနေကို အမြဲပုံဖျက်လေ့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သတိပေး


ဒီဇင်ဘာ၁၁ရက်၊၊

ကောလဟလတွေနဲ့တစ်ဝက်တစ်ပျက် တစ်ဒေါင့်တနားသာဖေါ်ပြထားတဲ့ သတင်းစကားတွေဟာ အဖြစ်မှန်အခြေအနေကို အမြဲပုံဖျက်လေ့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှာ သတိပေးဆိုလိုက်ပါတယ်။


"ပြစ်တင်ဝေဖန် အကဲဖြတ်  မစောကြစေချင် ဆင်ခြင်တုံတရား အပြည့် နဲ့ ကိုယ့်နိုင်ငံရေး ပန်းတိုင်ကို မျက်ခြေမပြတ် အရှိန်အဟုန် နဲ့ ဆက်သွားဖို့ပါပဲ။ ကောလဟလတွေ - တစ်ဝက်တစ်ပျက် တစ်ဒေါင့်တနား သာဖေါ်ပြထားတဲ့ သတင်းစကားတွေဟာ အဖြစ်မှန်အခြေအနေကို အမြဲပုံဖျက်လေ့ရှိပါတယ်။ အာဏာရှင်တွေကလည်း ဒီလို တစ်ဝက်တပျက်အမှန်တရားတွေနဲ့ သူတို့လိုချင်တဲ့ public opinion ကို ပုံသွင်းလေ့ရှိပါတယ်။ တစ်ခါတစ်ခါ - အာဏာရှင်က သိပ်တောင်အားမထုတ်ရပဲ ကိုယ်တွေက သူ့စိတ်ကြိုက် အခင်းအကျင်းကို လိုက်ပုံဖေါ်သလို မဖြစ်သွားဖို့ သတိနဲ့ ဉာဏ်နဲ့ ချဉ်းကပ်နိုင်ကြဖို့အရေးကြီးလှပါတယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာ၁၁ရက်နေ့မှာအကြမ်းဖက် စကစဘက်က မြောက်ပိုင်းသုံးဖွဲ့နဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဒီဇင်ဘာလ ၁၁ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၁/၂၀၂၃)ကို ဒီဇင်ဘာ၁၁ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဒီဇင်ဘာလ ၁၁ရက်။

အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၄/၂၀၂၃) ကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


 အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တွဲဖက်အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်မှ လမ်းညွန်ချက်များနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြား ခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။


ထို့နောက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်မှ နိဂုံးချုပ် စကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၁ နာရီ ၃၀ မိနစ် အချိန်မှာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးကို အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန် တို့မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ မန္တလေးတိုင်းတွင်း လွှတ်တော် ရပ် ကိုယ်စားလှယ်များနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံပွဲ (/၂၀၂၃) ကျင်းပ


 ဒီဇင်ဘာလ (၁၁) ရက်။

မန္တလေးတိုင်း လွှတ်တော် ရပ် ကိုယ်စားလှယ်များနှင့် မန္တလေးတိုင်းတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လစဉ်တွေ့ဆုံပွဲ (/၂၀၂၃) ကို ဒီဇင်ဘာ၁၁ရက်က ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ CRPH အဖွဲ့ဝင် ဦးမျိုးနိုင်၊ လူထုတိုက်ပွဲ ဦးဆောင်သူ ဒေါက်တာတေဇာစန်းတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပြီး လက်ရှိ ပြည်သူ့‌နွေဦးတော်လှန်ရေးကြီး၏ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဘဏ္ဍာရေး၊ လူထုတိုက်ပွဲရေး၊ စိတ်ဓာတ်ရေး အစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။


ထို့အပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မန္တလေးတိုင်း Focal ဖြစ်သူ ဦးမြင့်အောင်မိုးနှင့်အတူ ဦးအောင်မျိုးလတ်၊ ဦးချမ်းမြေ့တို့ကလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ ဒေသတွင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပါတယ်။


ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကိုယ်စားလှယ်များနှင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ပြန်လည်ဆွေးနွေး၊ မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ၊ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ မွန်ပြည်နယ်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ တွေ့ဆုံဆွေးနွေး


မော်လမြိုင်၊ ဒီဇင်ဘာ ၁၁ရက်။

မွန်ပြည်နယ်ရှိ လွတ်တော် ရပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မွန်ပြည်နယ်  CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-MON) တို့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့တယ်လို့ CCSC-MON က သတင်းထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ ၁၁ ရက်နေ့၊ မနက် ၁၀ နာရီ အချိန်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ တွေ့ဆုံပွဲကို မွန်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီမှ ကောင်စီဥက္ကဋ္ဌ နှင့် ကောင်စီဝင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ CCSC-MON ရဲ့ အထွေထွေ အတွင်းရေးမှူးက ကောင်စီ စတင် ဖြစ်ပေါ်လာပုံ၊ စုဖွဲ့ထားပုံ၊ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ မူဝါဒ၊ စံတန်ဖိုးနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး လွတ်တော်ကိုယ်စားလှယ်များက ကောင်စီပေါ်ပေါက်လာမှုကို ကြိုဆိုကြောင်း အမြဲတမ်း ချိတ်ဆက်ဆက်သွယ်နိုင်ရန် ပလက်ဖောင်းတစ်ခု ဆောင်ရွက်ထားစေလိုပါကြောင်း၊ အတူတကွ လက်တွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


CCSC-MON အနေဖြင့်လည်း ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း နဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ထားရှိဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ တွေ့ဆုံဆွေးနွေးပွဲကို နေ့လည် (၁၂:၃၀) နာရီတွင် ရပ်နားခဲ့ပါတယ်။


========================


📌📌 ၆။ ရွှေဘိုမြို့နယ်တွင် ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အား ပထမဆုံး မဲစနစ်ဖြင့် ရွေးချယ်ဆောင်ရွက်


ဒီဇင်ဘာလ ၁၁ရက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတစ်ခုတွင် ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် မဲစနစ်နဲ့ ရွေးချယ်ဆောင်ရွက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်(ပအဖ) အဖွဲ့ ထံက သိရပါတယ်။


အဆိုပါ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်ပွဲကို ကျေးရွာအတွင်းရှိ ပြည်သူအင်အား (၇၂၉) ဦး တက်ရောက်မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဗဟိုကော်မတီမှ ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်များ နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ် ပေးနိုင်ရန် ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားရန် အတွက် ကျေးရွာများတွင် ရပ်ကျေး ပအဖ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်‌ ပေးနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ သထုံ-ဘီးလင်းလမ်းပိုင်းတွင် စစ်တပ်ရိက္ခာယာဉ်တန်းကို ၂ရက်ဆက် တိုက်ခိုက်မှု စစ်သား ၂ဝ ကျော်သေဆုံး


ဒီဇင်ဘာလ ၁၁ ရက်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ သထုံ-ဘီလင်းလမ်းပိုင်းမှာ စစ်တပ်ရိက္ခာတင်ယာဉ်တန်းကို ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ကျော် သေဆုံးသွားတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဒီဇင်ဘာလ ရက်နေ့ ၈နာရီခွဲခန့်အချိန်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိက္ခာတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲခဲ့ပြီး ၄ဝ မမ၊ RPG 79 ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ကားတစီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ရက်နေ့ မနက် ၁ဝ နာရီ ၄၅ မိနစ်ဝန်းကျင်မှာလည်း အဆိုပါစစ်ယာဉ်တန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ကျော် သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေး အဖွဲ့တွေက အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုတွေကို သထုံခရိုင် တပ်မဟာ- KNU/KNLA တပ်ရင်း တပ်ခွဲ မြေပြင်ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တပင်ရွှေထီးစစ်ကြောင်းနဲ့ Hawk Revolution Squard -HRS တို့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ကွန်ဖဲ့စခန်းအား  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.LA) မှ မီးရှို့ဖျက်ဆီး


ဒီဇင်ဘာလ (၁၁) ရက်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ် အတွင်းရှိ တောင်ခြေရင်း ရှေ့တန်း တပ်စခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.LA) နှင့် တော်လှန်ရေး ပူးပါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းနှင့် အပြန်အလှန်လုံခြုံရေးအရ အထောက်အကူယူထားသည့် ဝင်းကလုံး စစ်စခန်းမှာလည်း မလုံခြုံတော့သဖြင့် ဒီဇင်ဘာလ () ရက်နေ့တွင် ထိုစခန်းတွင် ချေကုတ်ယူထားသော ခမရ၃၅၂ စစ်ကြောင်း () မှာ စခန်းအား စွန့်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ () ရက်နေတွင် ကွန်ဖဲ့စခန်းတွင် ချေကုတ်ယူထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ထိုစခန်းမှ ဆုတ်ခွာခဲ့သောကြောင့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.LA) မှ သွားရောက်ရှင်းလင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့အတည်ပြုပါတယ်။


ထိုစခန်းများမှ ဆုတ်ခွာသွားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည့် မြို့နှင့်အနီးဆုံး တပ်စခန်းများသို့ ပြန်လည်အင်အားဖြည့်ပူးပေါင်းသွားတယ်လို့သိရပါတယ်။


========================


📌📌 ၉။ အီတလီနိုင်ငံ မီလန်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးဆန္ဒပြပွဲကို အီတလီရောက်မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုများကလှုပ်ရှား


ဒီဇင်ဘာလ ၁၁ရက်။

ဒီဇင်ဘာလ ၁၀ ရက်နေ့၊ အီတလီနိုင်ငံ မီလန်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံလူ့အခွင့်အရေးများဆိုးဝါးစွာ ချိုးဖောက်ခံနေရသော မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးဆန္ဒပြပွဲကို အီတလီရောက်မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုများက. ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


မြန်မာနိုင်ငံတွင်း မတရားအာဏာလု စစ်အုပ်စုမှ ဆိုးဝါးစွာကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ ချက်ချင်းလွတ်မြောက်ရန်နှင့် စစ်မိစ္ဆာများ၏ ဥပဒေမဲ့ လူစိတ်မဲ့ ကျူးလွန်နေသော မတရားမှုများအား ပြည်တွင်းပြည်ပ အတူတကွ ဖော်ထုတ်ကာ တော်လှန်ရေးအောင်မြင်သည်ထိ တွန်းလှန်သွားကြမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 


မျိုးဆက်သုံးဆက်တိုင်တိုင် မြန်မာပြည်တွင်း မှီခိုနေထိုင်ကြသူတိုင်းအား ယုတ်ညံ့ရက်စက်သည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ကျွန်ပြုချင်နေသည့် စစ်အုပ်စုအပေါင်းအပါများကြောင့် နှုတ်ဆိတ်ငြိမ်သက်သွားမည်မဟုတ်ဘဲ သမိုင်းပေးတာဝန်ကျေပွန်စွာဖြင့် ရောက်ရှိရာ မည်သည့်ဒေသမှမဆို တိုင်းရင်းသားပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment