14th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၂။ ကာကွယ်ရေးဒုဝန်ကြီး ရေးမြို့နယ် တော်လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရာမှာ ပြည်သူ့တော်လှန်ရေးရဲဘော်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များကိုပါ နားထောင်ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်

📌 ၃။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ချေးငွေလုပ်ငန်းတစ်ခုအား ဓားပြတိုက်သွားသည့်ဖြစ်စဥ်မှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကြောင်းမင်းဘူးခရိုင်အမှတ် ( )တပ်ရင်းမှ အသိပေး

📌 ၄။ UK နိုင်ငံရောက် တော်လှန်ရေးမိသားစုဝင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ Kim မှလည်း ၁၆ ရက်တာ လှုပ်ရှားမှုတရပ်အနေဖြင့် ဖဲကြိုးဖြူကမ်ပိန်းကို ပါဝင်ခဲ့

📌 ၅။ အာဏာလက်လွတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စစ်ကောင်စီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့သုံးနှုန်း

📌 ၆။ အရပ်သားထိခိုက်မှုလျှော့ချရေးသင်တန်းအား (ICNCC)နှင့်NUGတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ပြီးအောင်မြင်စွာသင်တန်းကျင်းပပြီးစီး

📌 ၇။ ရခိုင်ပြည်နယ်တွင် စကစတပ်များက အရပ်သားများကို အဓမ္မဖမ်းဆီးခေါ်ဆောင်ထားပြီး နှစ်ရက်တာအတွင်းအယောက်၆၀နီးပါးဖမ်းဆီးထား

📌 ၈။ မုံရွာမြို့ .. အတွင်းရှိ အရေးကြီးပစ်မှတ်များကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်၍ ရန်သူဘက်မှ အရာရှိများအပါအဝင် အနည်းဆုံး () ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


ဒီဇင်ဘာ၁၄ရက်


လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က

ဒီဇင်ဘာလအတွင်း တရားဝင်အသိပေးပြောကြားထားပါတယ်။


"လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ။ တော်လှန်ရေး အောင်တဲ့အခါ  ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ် တစ်ခုချင်းရဲ့ နယ်မြေ၊ နယ်နိမိတ် သတ်မှတ်ရေးကိစ္စ စသဖြင့် ကိုယ့်အချင်းချင်းကြား ပြောစရာတွေ အများကြီး ရှိပါလိမ့်မယ်။ 

ဒီကိစ္စတွေ ကိုင်တွယ်တဲ့အခါ အင်အားအသုံးမပြုကြဘဲ စားပွဲဝိုင်းမှာပဲ ကျေလည်အောင် ပြောကြမယ်ဆိုတာလည်း အားလုံး သံန္နိဌာန် ချပြီး ဖြစ်တယ်။ တော်လှန်တဲ့ ပြည်သူနဲ့အတူ တော်လှန်ရေးအဖွဲ့တွေ ရှေ့ဆက်ချီတက်နေပါတယ်"လို့ ကာကွယ်ရေးဝန်ကြီးကသတင်းစကားပါးဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှည ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။


လတ်တလောမှာ စစ်ရေးကိုအရှိန်မြှင့်တင်လျက်ရှိပြီးတော့ စကစတပ်ဖွဲ့ဝင်များလက်နက်ချအလင်းဝင်ဖို့အသိပေးကြေညာထားပါတယ်။


========================


📌📌 ၂။ ကာကွယ်ရေးဒုဝန်ကြီး ရေးမြို့နယ် တော်လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရာမှာ ပြည်သူ့တော်လှန်ရေးရဲဘော်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များကိုပါ နားထောင်ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်


ဒီဇင်ဘာလ (၁၄) ရက်


ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်မှမွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့်သွားရောက်တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်ပါတယ်။


တွေ့ဆုံပွဲတွင် စစ်ဆင်ရေးကိစ္စရပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့တော်လှန်ရေးရဲဘော်များမှ အခက်အခဲများ၊ လိုအပ်ချက် နှင့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။


တွေ့ဆုံပွဲသို့ တောင်ပိုင်းတိုင်းစစ်ဒေသ တာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ် - MSRF ဒေါနစစ်ကြောင်း ABSDF တပ်ရင်း - ရေးပြောက်ကျားတပ် - YGF Ye Defence Force - YDF Mon State Revolutions Organization - MSRO Ye Air Force - YAF စသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။ 


========================


📌📌 ၃။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ချေးငွေလုပ်ငန်းတစ်ခုအား ဓားပြတိုက်သွားသည့်ဖြစ်စဥ်မှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကြောင်းမင်းဘူးခရိုင်အမှတ် ( )တပ်ရင်းမှ အသိပေး


ဒီဇင်ဘာ၁၄ရက်


"နိူဝင်ဘာ() ရက်နေ့ (၀၃း၃၀)pm အချိန်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ချေးငွေလုပ်ငန်းတစ်ခုအား ဓားပြတိုက်ပြီး ငွေသားနှင့် ဆိုင်ကယ်ပါ သိမ်းယူသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မိမိနယ်မြေခံရင်းဖြစ်တဲ့ မင်းဘူးခရိုင် အမှတ်() တပ်ရင်း အနေဖြင့်   (လုံးဝ) ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါ။ ၎င်းကဲ့သို့သော လုပ်ရပ်ကို  မိမိတို့ မင်းဘူးခရိုင် အမှတ် ( ) တပ်ရင်းအနေဖြင့် ကျူးလွန်မည်မဟုတ်ပါ။ ၎င်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကျူးလွန်  သည့်အဖွဲ့အား စုံစမ်းဖမ်းဆီးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်မှာဖြစ်တယ်"လို့ဒီဇင်ဘာ၁၄ရက် မင်းဘူးခရိုင်အမှတ် ( )တပ်ရင်းကတရားဝင်အသိပေးဖော်ပြပါတယ်။


မင်းဘူးခရိုင်အမှတ်() တပ်ရင်း    ရဲဘော်များအနေဖြင့် ပြည်သူ့အကျိုးသာ သယ်ပိုးဆောင်ရွက်ရန် သစ္စာဆို အဓိဌာန်ချထားပါသဖြင့်  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ () ရက်နေ့ (၀၃း၃၀)pm အချိန်တွင်  ဖြစ်ပွားခဲ့သောပြစ်မှုမျိုး မည်သည့်အခါမှ ကျူးလွန်မည်မဟုတ်ကြောင်းနှင့် ၄င်းလုပ်ရပ်အား လုံး၀ကန့်ကွက်ရှုံ့ချကြောင်း ဆိုထားပါတယ်။


========================


📌📌 ၄။ UK နိုင်ငံရောက် တော်လှန်ရေးမိသားစုဝင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ Kim မှလည်း ၁၆ ရက်တာ လှုပ်ရှားမှုတရပ်အနေဖြင့် ဖဲကြိုးဖြူကမ်ပိန်းကို ပါဝင်ခဲ့


ဒီဇင်ဘာ၁၄ရက်


UK နိုင်ငံရောက် တော်လှန်ရေးမိသားစုဝင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim မှလည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ အကြမ်းဖက်နှိပ်စက်ခံရမှုများကို ကာကွယ်တားဆီးနိုင်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုတရပ်အနေဖြင့် ဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခဲ့သည့် ဓါတ်ပုံကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ ဒီဇင်ဘာ ၁၀ ရက် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


မြန်မာနိုင်ငံရှိ အမျိုးသမီးများ အကြမ်းဖက်နှိပ်စက်ခံရမှုများကို ကာကွယ်တားဆီးနိုင်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုကမ်ပိန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအပါအဝင် PDFရဲဘော်များလည်းပါဝင်ဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ၅။ အာဏာလက်လွတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စစ်ကောင်စီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့သုံးနှုန်း


ဒီဇင်ဘာ၁၄ရက်


ဒီဇင်ဘာ၁၃ရက်မှာ “Operation 1027” ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ထုတ်ပြန်ရာမှာ ညီနောင်မဟာမိတ်သုံးဖွဲဲ့က အခုလိုထုတ်ပြန်အသိပေးဆိုပါတယ်။


"အာဏာလက်လွတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စစ်ကောင်စီသည် မိမိတို့ ညီနောင်မဟာမိတ် () ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနေရာများကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခုရက်များတွင် ဆက်တိုက် တွေ့မြင်နေရတယ်"လို့ဆိုပါတယ်။


ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလိုရှိနေသော ကျဖျင်ပဲ့ကိုင်ရှင်များ နှင့် ကျဖျင် ကုမ္ပဏီမှ လိမ်လည်နေသူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ အရေအတွက်မြောက်မြားစွာကို အပ်နှံခဲ့ပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။


အခြားတစ်ဘက်တွင်လည်း ကျဖျင့်ပဲ့ကိုင်ရှင်အချို့ အပါအဝင် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်နေ သူအချို့မှာ ထွက်ပြေးလွတ်မြောက်တိမ်းရှောင်နေသေးသောကြောင့် မိမိတို့အနေဖြင့် မည်သည့်နေရာတွင်ရှိနေသည်ကို သေချာစွာစုံစမ်းပြီး လိုက်လံဖမ်းဆီးခြင်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေးပြုလုပ်ရသည့် ရည်ရွယ်ချက်များများထဲတွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးသည် တစ်ချက်အပါအဝင်ဖြစ်သကဲ့သို့ အွန်လိုင်းလိမ်လည်မှုပပျောက် ရေး Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကိုလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နင်းနိုင်ရေးသည်လည်း တစ်ချက်အပါအဝင် ဖြစ်တယ်ဘို့ဆိုထားပါတယ်။


========================


📌📌 ၆။ အရပ်သားထိခိုက်မှုလျှော့ချရေးသင်တန်းအား (ICNCC)နှင့်NUGတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ပြီးအောင်မြင်စွာသင်တန်းကျင်းပပြီးစီး


ဒီဇင်ဘာ၁၄ရက်


ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ  (ICNCC) နှင့်  လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အရပ်သားထိခိုက်မှုလျှော့ချရေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (-) အတွင်း () ရက်တာ သင်တန်းတစ်ခု အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါတယ်။


ထိုသင်တန်းတွင် ချင်းပြည်နယ်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသီးသီးမှ လူသားစာနာတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


သင်တန်းတွင် စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အရပ်သားထိခိုက်မှုလျှော့ချနိုင်ရေးအတွက် နည်းလမ်းများကို သင်ကြားပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ရခိုင်ပြည်နယ်တွင် စကစတပ်များက အရပ်သားများကို အဓမ္မဖမ်းဆီးခေါ်ဆောင်ထားပြီး နှစ်ရက်တာအတွင်းအယောက်၆၀နီးပါးဖမ်းဆီးထား


ဒီဇင်ဘာ၁၄ရက်


ရခိုင်ပြည်နယ်တွင် စကစတပ်များက အရပ်သားများကို အဓမ္မဖမ်းဆီးခေါ်ဆောင်ထားပြီး နှစ်ရက်တာအတွင်းအယောက်၆၀နီးပါးဖမ်းဆီးထားတယ်လို့ ဒီဇင်ဘာ၁၄ရက်မှာ ရခိုင့်တပ်တော် AAက တရားဝင်အသိပေးဖော်ပြပါတယ်။


စစ်မြေပြင်ရှိ ရင်ဆိုင်တိုက်ပွဲများတွင် ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို သာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ရက်ဆက်ဆိုသလို လုပ်ဆောင်လာသည့်အတွက် ဒီဇင်ဘာ၁၂ရက်  တစ်ရက်တည်းတွင်ပင် စကစ၏သင်္ဘောမှ ကုလားတန်မြစ်ဝအတွင်းအရပ်သားပြည်သူစုစုပေါင်း (၅၃) ယောက်ကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့သိရပါတယ်။


အလားတူ ဒီဇင်ဘာ၁၁ရက်နေ့ကလည်း မင်းပြားမြို့နယ်ပန်းမြောက်အုပ်စုအောင်မဂ်လာတောင်ကုန်းကင်းစခန်းတွင်တပ်စွဲထားသော

 စကစတပ်များဟာ အရပ်သား၇ဦးကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ မုံရွာမြို့ .. အတွင်းရှိ အရေးကြီးပစ်မှတ်များကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်၍ ရန်သူဘက်မှ အရာရှိများအပါအဝင် အနည်းဆုံး () ဦးသေဆုံး


ဒီဇင်ဘာ၁၄ရက်


မုံရွာမြို့ .. အတွင်းရှိ အရေးကြီးပစ်မှတ်များကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်၍ ရန်သူဘက်မှ အရာရှိများအပါအဝင် အနည်းဆုံး () ဦးသေဆုံးခဲ့ပါတယ်။


ဒီဇင်ဘာ ၁၂ ညနေ လေးနာရီခန့်တွင် ဒေါင်းတမန် စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် မုံရွာ .. အတွင်းရှိ စက်လက်နက်ခွဲ သိုလှောင်ရုံ စနခ ၇၄၇ တပ်၊ နမခ စစ်တိုင်းရုံး အရာ ရှိရိပ်သာဆောင် အပါအဝင် အခြား အရေးပါသောနေရာများကို တပြိုင်နက် တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ KLGPDFက အတည်ပြုဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့်စစ်တိုင်းရုံး၊ ယာယီလေတပ်ဆွယ်အရာရှိရိပ်သာ (ကချင်၊စစ်ကိုင်း၊ ချင်း၊ မကွေးတို့ကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည့် နမခ/မုံရွာယာယီလေတပ်ဆွယ်မှ Air Traffic Control (ATC) လေကြောင်းထိန်းချုပ်ရေးစင်တာ ဝန်ထမ်းများနှင့် အရာရှိရိပ်သာ၊ လေယာဉ်ဆီသိုလှောင်ကန်ရဟတ်ယာဥ်များစစ်ထောက်ပို့လေယာဥ်များ တက်/ဆင်း ပြုလုပ်ရာ မုံရွာလေဆိပ်လေယာဥ် ပြေးလမ်းစသည်တို့ကို တပြိုင်နက် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


နောက်ဆက်တွဲ သတင်းများအရ အဆိုပါတိုက်ခိုက်မှုကြောင့် တိုင်းရုံးနှင့် အရာရှိရိပ်သာအတွင်း အနည်းဆုံး ငါးဦးသေဆုံးခဲပြီး ထိခိုက်ဒါဏ်ရာရသူများကို စစ်ဆေးရုံသို့ ပို့လိုက်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်၊ကိုခန့်နှင့်မင်စစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment