18th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ခုခံစစ်တွင် စွန့်လွတ်အနစ်နာခံ ပေးဆပ်တိုက်ပွဲဝင်မှုအတွက် တအောင်းအမျိုးသား ခေါင်းဆောင်များနဲ့ ပြည်သူများကို ဦးညွတ်ဂုဏ်ယူကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန သဝဏ်လွှာပေးပို့

📌 ၂။ ကရင်အမျိုးသားထု အတွက်သာမကဘဲ တနိုင်ငံလုံးအတွက်ပါ တိုက်ပွဲဝင်နေကြောင်း KNU ဥက္ကဋ္ဌ ပြည်သူလူထုထံ ပြောကြား

📌 ၃။ ၁၀၂၇ စစ်ဆင်ရေးမှာ ဒဏ်ရာရသွားတဲ့ ကိုးကန့်ရဲဘော်များကို MNDAA တာဝန်ရှိသူများ သွားရောက် အားပေး

📌 ၄။ နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီဟု TNLA ကြေညာ

📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာဒေသခံများ ထွက်ပြေးနေရ

📌 ၆။ မောရဝတီရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟု ဒေါန စစ်ကြောင်းပြော

📌 ၇။ ရန်ကုန်မြို့တွင် Alpha Operation ​အဖွဲ့ရဲ့ ပထမဆုံး စမ်းသပ်စစ်ဆင်ရေးစတင် 

📌 ၈။ စစ်ကောင်စီရဲ့ အခွန်ကောက်ခံမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ထိုင်းရောက် မြန်မာ အလုပ်သမား များ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒထုတ်ဖော်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခုခံစစ်တွင် စွန့်လွတ်အနစ်နာခံ ပေးဆပ်တိုက်ပွဲဝင်မှုအတွက် တအောင်းအမျိုးသား ခေါင်းဆောင်များနဲ့ ပြည်သူများကို ဦးညွတ်ဂုဏ်ယူကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန သဝဏ်လွှာပေးပို့


ဒီဇင်ဘာလ ၁၇ရက်။

ပြည်သူလူထု တစ်ရပ်လုံး ဆင်နွှဲလျက်ရှိတဲ့ ခုခံတွန်းလှန်စစ်တွင် စွန့်လွှတ်အနစ်နာခံကာ ပေးဆပ်တိုက်ပွဲဝင်လျက်ရှိတဲ့ တအောင်းအမျိုးသား ခေါင်းဆောင်များနဲ့ ပြည်သူတစ်ရပ်လုံးကို ဦးညွတ်ဂုဏ်ယူကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ ပြောကြားခဲ့ပါတယ်။


ဒီဇင်ဘာလ ၁၆ ရက်နေ့က ကျရောက်ခဲ့တဲ့၂၇၁၅နှစ်မြောက် တအောင်းနှစ်သစ်ကူးနေ့ကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ အခုလို ပြောကြားခဲ့တာပါ။


နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဟန်ချက်ညီ အရှိန်မြှင့်လျက် ဘုံရန်သူ အကြမ်းဖက် စစ်တပ်ကို ဖယ်ရှားပြီး တအာင်းလူမျိုးများနှင့် ပြည်သူလူထုတရပ်လုံး မျှော်ရည်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် အတူတကွ ကြိုးစားဆောင်ရွက် အောင်မြင်နိုင်ပါစေလို့လည်း NUG ကဆုတောင်းပေးထားပါတယ်။ 

ထို့အပြင် တအာင်းလူမျိုးများရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်နိုင်ပြီး ပို၍ မြှင့်တင်နိုင်ပါစေလို့လည်း ဆိုထားပါတယ်။


မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့အဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အချို့နဲ့ လက်တွဲပြီး ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ကရင်အမျိုးသားထု အတွက်သာမကဘဲ တနိုင်ငံလုံးအတွက်ပါ တိုက်ပွဲဝင်နေကြောင်း KNU ဥက္ကဋ္ဌ ပြည်သူလူထုထံ ပြောကြား


ဒီဇင်ဘာလ ၁၇ရက်။

ကရင့်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ ကရင်အမျိုးသားထု အတွက်သာ မကဘဲ တစ်နိုင်ငံလုံး အတွက်ပါ တိုက်ပွဲဝင်နေတဲ့အကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ပြည်သူလူထုဆီကို သတင်းစကားပြောကြားတဲ့ ထုတ်ပြန်ချက်တခု ထုတ်လိုက်ပါတယ်။


ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ထုတ်ပြန်ချက်မှာ ပဒိုစောကွယ်ထူးဝင်းက ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ မဟာလူမျိုးကြီးဝါဒ နဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ခိုင်ခိုင်မာမာရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။


ထို့ပြင် ရည်မှန်းချက်တူညီတဲ့ ဖြတ်သန်းမှုတူညီတဲ့ တိုင်းရင်းသားလူမျိုးများ အခြားအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် သွားကြမှာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေးပိုင်းဆိုင်ရာတွေကို ပူးပေါင်းဆောင်ရွက် နေကြောင်းကိုလည်း သတင်းစကားပါးခဲ့ပါတယ်။


လက်ရှိ စစ်ရေးမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) အနေနဲ့  ပြည်သူ့ကာကွယ်ရေး တပ်မတော် (P.D.F) အပါအဝင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်စစ်ဆင် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး စစ်ရေးအောင်ပွဲတွေ ရရှိနေတာ အားလုံးအသိ ဖြစ်ပါတယ်လို့ ပဒိုစောကွယ်ထူးဝင်း က ဆိုပါတယ်။


ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတကာ အစိုးရ တွေနဲ့ပါ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ မတရားဖိနှိပ် အုပ်ချုပ်နေတဲ့ အာဏာရှင်စနစ် အကြောင်းကို သိရှိ နားလည်ကြပြီး ကူညီနိုင်စေဖို့ လုပ်ဆောင်နေကြောင်းကိုလည်း အသိပေး ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ၁၀၂၇ စစ်ဆင်ရေးမှာ ဒဏ်ရာရသွားတဲ့ ကိုးကန့်ရဲဘော်များကို MNDAA တာဝန်ရှိသူများ သွားရောက် အားပေး


ဒီဇင်ဘာလ ၁၇ရက်။

မြောက်ပိုင်းညီနောင် မဟာမိတ် ဖွဲ့ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ပွဲအတွင်း ဒဏ်ရာရသွားတဲ့ ကိုးကန့်တပ်က ရဲဘော်တွေကို MNDAA တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


နောက်တန်းဆေးရုံတခုမှာ  ဆေးကုသခံယူနေတဲ့ ဒဏ်ရာရရဲဘော်များနှင့် ကျန်းမားရေးအဖွဲဝင်များကို MNDAA တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ ရှမ်းပြည်အထူးဒေသ- အုပ်ချုပ်ရေးကော်မတီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စစ်ရေးကော်မတီတို့က ပြောကြားတဲ့အမှာစကားတွေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 


ဒဏ်ရာရလူနာများရဲ့ ကျန်းမားရေးအခြေအနေကို ဂရုတစိုက်မေးမြန်းခဲ့ပြီး လူနာတွေကို ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက်၊ ရည်းမှန်းချက်နှင့် အောင်မြင်မှုများကိုပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထို့အပြင် MNDAA က ရဲဘော်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့အသက်ပေးဆပ်မှုများကြောင့် အခုလို အောင်မြင်မှုတွေ ရရှိနေတာလို့လည်း အသိပေးထားပါတယ်။


ထို့အတူ ဒဏ်ရာရရဲဘော်တွေ စိတ်အေးချမ်းသာစွာနဲ့ ဆေးကုသခံယူပြီး အမြန်သက်သာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ဟာ လူနာဆောင်၏ လုပ်ငန်းအခြေအနေများကို အသေးစိတ်လေ့လာပြီး နောက်တန်းနေ ကျန်းမားရေးအဖွဲ့ဝင်နှင့် ထောက်ပို့အဖွဲ့ဝင်များ၏ လုပ်ငန်းများကိုလည်းအသိအမှတ်ပြုကာ လုပ်ငန်းလိုအပ်ချက်တွေကိုလည်း ထောက်ပြခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီဟု TNLA ကြေညာ


ဒီဇင်ဘာလ ၁၇ရက်။

တအာင်းပြည်နယ် တပ်မဟာ- စစ်ဒေသ နမ့်ဆန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ တအာင်းတပ် TNLA က ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ အသိပေး ကြေညာလိုက်ပါတယ်။ 


နမ့်ဆန်မှာရှိတဲ့ တပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ  နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးများ အားလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ အသိပေးထားပါတယ်။ 


နမ့်ဆန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ ပခုက္ကူအခြေစိုက် တပ်မ-၁၀၁ နဲ့ ၎င်းလက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၅၈ လာရောက်ထိုးစစ်ဆင်စခန်းချတဲ့ တပ်စခန်းဖြစ်ပြီး တပ်မတော်  ထောက်ပို့တပ်ဖြစ်တဲ့ အမှတ် ၆၂၆ နဲ့ ၉၂၉ အခြေချတဲ့ မြို့ဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ နမ့်ဆန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တာကြောင့် နမ့်ဆန်ဒေသခံ ၃ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံဖြစ်တဲ့ နမ့်ဆန်မြိုမဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ ..က ကျောင်းဆောင်နဲ့၊ လူနေအိမ် ၄၀ ကျော် လေယာဥ်ဗုံးထိမှန်ပျက်စီးခဲ့ပြီး အိမ် ၁၄ လုံး မီးလောင်ပျက်စီးတယ်လို့ အသိပေးထားပါတယ်။


တိုက်ပွဲကာလအတွင်း  စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ အမြောက် စင်းနဲ့ လက်နက်မျိုးစုံ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်သုံးဆောင်ပစ္စည်းမျာစွာ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 


ထိုအပြင် ရန်သူအလောင်း ၆၀ ကျော်နှင့်စစ်သုံပန့်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး၊ မိသားစုဝင် ဦး၊ ရဲ ဦး၊ ရဲမိသားစုဝင် ၂၅ ဦး စုစုပေါင်း ၆၄ ဦး ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


နှစ်ပေါင်း ၆၄ နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင်ကျရောက်ခဲ့သော နမ့်ဆန်မြို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်မှာ အာဏာရှင်စစ်ကောင်စီထံမှ အလုံးစုံ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ TNLA  သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာဒေသခံများ ထွက်ပြေးနေရ


ဒီဇင်ဘာလ ၁၇ရက်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 


ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ် အောင်ချမ်းသာရွာကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ နာရီဝန်ကျင်အချိန်မှာ ပင်စည်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ 


ဒီပဲယင်းမြို့ပေါ်က ပျူဒလန်များနှင့် Non CDM ဝန်ထမ်းများ ရေဦးမြို့သို့ ပြောင်းရွှေ့နိုင်ရေးအတွက် အင်အား ၇၀ ကျော်ဖြင့် ရေဦးကနေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


အောင်ချမ်းသာကျေးရွာကို မနက်ပိုင်းက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပင်စည်ကျေးရွာသို့ ရှေ့ပြေး ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်တပ်က ညနေပိုင်းမှာ ပင်စည်ရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။ 


ဒီပဲယင်းနဲ့ရေဦးနယ်အစပ်မှာရှိတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတိုင်း ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းကလည်း အခုလို ထွက်ပြေးတိမ်းရှောင်ခဲ့ရဘူးတယ်လို့ သိရပါတယ်။ 


နိုဝင်ဘာလအတွင်းကဆိုရင် ညောင်လှ မူးဆုံက ဒေသခံပြည်သူတွေ တလနဲ့ ရက်ခန့် စစ်ဘေးရှောင်ခဲ့ ရတာရှိတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။


လက်ရှိ စစ်ဘေးရှောင်နေရတဲ့ အောင်ချမ်းသာရွာနဲ့ ပင်စည်ရွာကဒေသခံတွေအပါအဝင် ဒီပဲယင်း- ရေဦး အစပ်မှာရှိတဲ့ကျေးရွာတွေက ဒေသခံတွေကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်သွားမယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မောရဝတီရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟု ဒေါန စစ်ကြောင်းပြော


ဒီဇင်ဘာလ ၁၇ရက်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ အုန်းပင်ကွင်းရွာမှာ အခြေစိုက်တဲ့ မောရဝတီရေတပ်ဌာနချုပ် ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေါနစစ်ကြောင်းက ဒီဇင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 


ဒီဇင်ဘာလ ၁၅ ရက် မနက် နာရီခန့်အချိန်က မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဒရုန်း (Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ ဌာနချုပ်မှူး အိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုများ ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကနေ သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


" ရေတပ်ထဲက ဌာနချုပ် မှူး အိမ်အနီး ကို ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲတယ်။ဌာနချုပ်မှူးကလည်း ဒီကိုပြောင်းလာတာမကြာသေးဘူး။ကျန်တဲ့ ဗုံးသီးတွေက ရေတပ်ထဲက နေရာတော်တော်များများကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ဌာနချုပ်အထဲကိုလာကျတာအလုံးရေတော့များတယ်။ဌာနချုပ်တစ်ခုလုံးလည်း ဗြောင်းဆန်သွားတာပဲ" လို့လည်း ရေတပ်ဌာနတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ 


ထိုသို့ မောရဝတီ ရေတပ်ဌာနချုပ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် နံနက် နာရီကျော်အချိန်မှာ  စစ်ကောင်စီဘက်မှကနေပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုများရှိခဲ့တယ်လို့ သိရပါ တယ်။ 

 

အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ - KBDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အတိအကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ Dawna Column- တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ရန်ကုန်မြို့တွင် Alpha Operation ​အဖွဲ့ရဲ့ ပထမဆုံး စမ်းသပ်စစ်ဆင်ရေးစတင် 


ဒီဇင်ဘာ ၁၇ရက်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းအတွင်းက မြို့နယ် အနည်းဆုံး ၁၀ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုများမှာ Alpha Operation အဖွဲ့က ပထမဆုံး စမ်းသပ်စစ်ဆင်ရေး စတင်ခဲ့တာ ဖြစ်တယ်လို့ စစ်ဆင်ရေး တာဝန်ခံ ထံမှ သိရပါတယ်။


Alpha Operation အဖွဲ့ကို လွတ်မြောက်နယ်မြေများမှ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိတာဝန်ထမ်းဆောင် နေကြတဲ့ အထူးတပ်ဖွဲ့ဝင်များနဲ့ ရန်ကုန် မြေအောက်တော်လှန်ရေး တပ်ဖွဲ့များ စုပေါင်းထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က  ၎င်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


စစ်ဆင်ရေးကို ကမ်ပိန်းပုံစံဖြင့် အဆင့်နှစ်ဆင့် လုပ်ဆောင်ခဲ့ပြီး ပထမအဆင့်တွင် Bluetooth Speaker များမှ ကမ်ပိန်းနှင့် ပတ်သက်လို့ ရှင်းပြခဲ့ပြီး စပီကာကို မထိ၊ မကိုင်၊ မပိတ်ရန် သတိပေးစကား ပြောကြားခဲ့ကာ တော်လှန်ရေး အောင်မြင်မှု အခြေအနေကို ရှင်းပြခြင်းနဲ့ ပြည်သူများ ဘေးအန္တရာယ်ကင်းအောင် နေထိုင်သွားလာရန် သတိပေးစကားများကို ဖွင့်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။


ဒုတိယအဆင့် အနေနဲ့ ၎င်းစပီကာများကို ပိတ်သူ၊ ဖယ်ရှားသူ၊ ဖျက်ဆီးသူများ ရှိပါက Speaker များဟာ သတ်မှတ်အချိန်အတွင်း မိုင်းအဖြစ် ပေါက်ကွဲမှာ ဖြစ်တယ်လို့ Alpha Operation က ထုတ်ပြန်ထားပါတယ်။


ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံများ အထိအခိုက်ရှိတယ်လို့ စုံစမ်းသိရှိရပေမယ့် စစ်ကောင်စီရဲ့ ဝါဒဖြန့် လော်ဘီများက ပြည်သူများသာ ထိခိုက်တယ်လို့ ဖော်ပြ နေကြကြောင်း Alpha Operation တာဝန်ခံက ဆိုပါတယ်။


သို့သော် ထိခိုက်သူများတွင် စပီကာကို ကောက်ယူခဲ့တဲ့ ပြည်သူနှစ်ဦး ပါရှိကြောင်း ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး ပြည်သူများအနေနဲ့ မိမိနှင့်မသက်ဆိုင်တဲ့ ပစ္စည်းများကို ရှောင်ရှားကြဖို့ ယင်းအဖွဲ့က တိုက်တွန်းထားပါတယ်။


Alpha Operation အဖွဲ့အနေဖြင့် ရဲဘော်အားလုံး ဘေးကင်းစွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့ပြီး ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးများကို ရန်ကုန်အပါအဝင် အခြားမြို့များတွင်လည်း တိုးမြှင့်လုပ်ဆောင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၈။ စစ်ကောင်စီရဲ့ အခွန်ကောက်ခံမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ထိုင်းရောက် မြန်မာ အလုပ်သမား များ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒထုတ်ဖော်


ဒီဇင်ဘာလ ၁၇ရက်။

အကြမ်းဖက် စစ်ကောင်စီက အခွန်ကောက်ခံမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများက UN ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြန်မာအလုပ်သမား ရာနဲ့ချီ တက်ရောက်လှုပ်ရှား ခဲ့ကြပါတယ်။


မနက် ၁၁ အချိန်က စတင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်ကောင်စီအား အခွန်ငွေ မပေးဆောင်ကြဖို့ အဓိက ဟောပြောခဲ့ကြကာ စစ်ကောင်စီဟာ အကြမ်းဖက် အုပ်စုဖြစ်ကြောင်း ဗီနိုင်းပိုစတာများလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။


၎င်းဆန္ဒပြပွဲကို တောက်ပသော အနာဂတ် ထောက်ပို့အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး တွဲလက်ညီအကိုများ ထောက်ပို့အဖွဲ့ နဲ့ ထိုင်နိုင်ငံရှိ တော်လှန်ရေး အသင်းအဖွဲ့တွေ၊ ပရဟိတ အသင်း အဖွဲ့တွေ ပူးပေါင်းပါ၀င် ခဲ့ကြတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment