25th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ဝိုင်းဝန်းကြိုးစားကြတာဟာ အင်မတန်မှအောင်မြင်မှုတွေရနေပြီလို့ ယာယီသမ္မတသတင်းစကားပါး

📌 ၂။ NUG ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ခြမ်းသို့ သွားရောက်ကာ စစ်မြေပြင်မှ ရဲဘော်များနှင့် တွေ့ဆုံ 

📌 ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို ဖျက်သိမ်းကြောင်း NUG ကြေညာ

📌 ၄။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၅။ မန်တုံမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းများမှ ဟောင်ဝစ်ဇာ လက်အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ 

📌 ၆။ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ပြီး လက်နက် လက်နဲ့ ကျည်များ သိမ်းပိုက်ရရှိ

📌 ၇။ တနင်္သာရီမြို့နယ်၊ ဘန်လမွတ်အုပ်စု ကမ်းတိုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်ကားလမ်းကြောင်းနှင့်အတူစစ်ကြောင်းထိုးလာသော အဖွဲ့နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွား

📌 ၈။ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(တောင်)ရွာအား စစ်ကောင်စီအင်အား ၁၀၀ ခန့်မှ ဝင်ရောက်မီးရှို့

📌 ၉။ MFDMC မှ ဦးဆောင်တာဝန်ယူ ပြသပေးခဲ့သော The Way Musical Film ကို ကိုရီးယားနိုင်ငံ ဂင်ဟဲ(Gimhae)တွင် ပရိတ်သတ် အင်အား(၄၀၀)ကျော်ဖြင့် ပြသနိုင်ခဲ့ပြီး The Way မောင်နှံလက်မှတ်ပါ ဂစ်တာလေလံဈေး စံချိန်တင် အမြင့်ဆုံး (ဝမ်သိန်း ၂၅၀ )ဖြင့်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ဝိုင်းဝန်းကြိုးစားကြတာဟာ အင်မတန်မှအောင်မြင်မှုတွေရနေပြီလို့ ယာယီသမ္မတသတင်းစကားပါး


ဒီဇင်ဘာလ၂၄ရက်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖယ်ရှားဖို့ ဝိုင်းဝန်းကြိုးစားကြတာဟာ အင်မတန်မှအောင်မြင်မှုတွေရနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလကသတင်းစကားပါးဆိုပါတယ်။


ဒီဇင်ဘာ၂၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူလူထုထံ ပြောကြားသော ခရစ္စမတ်ဆုတောင်းစကားမှာ ထည့်သွင်းပြောပါတယ်။


"စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမာန်ရေးနဲ့ လူထုနဲ့ပူးပေါင်းတိုက်ပွဲဝင်တဲ့ ကိစ္စတွေမှာ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ဝိုင်းဝန်းကြိုးစားကြတာဟာ အင်မတန်မှအောင်မြင်မှုတွေရနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ မျှော်လင့်နေတဲ့ ပျော်ရွှင်သာယာတဲ့နေ့ကို ကမ္ဘာသူ၊ ကမ္ဘာသားများနဲ့အတူ ကျွန်တော်တို့လည်းတန်းတူရချင်ပါတယ်။ဒါပေမယ့် ပြည်သူလူထုကို မတရားသဖြင့် အာဏာချုပ်ကိုင်ထားတဲ့ မင်းအောင်လှိုင်နဲ့ အာဏာရှင်တွေကြောင့် ကျွန်တော်တို့တတွေဟာ ငြိမ်းချမ်းမှုမရသေးပါဘူး"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီးတော့ စကစကို ဘဏ္ဍာရေးပိတ်ဆို့၍ တိုက်စစ်ဆင်မှုများလည်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ NUG ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ခြမ်းသို့ သွားရောက်ကာ စစ်မြေပြင်မှ ရဲဘော်များနှင့် တွေ့ဆုံ 


ဒီဇင်ဘာလ ၂၄ရက်။

အမျိုးသားညီညွတ်ရေးအစိုးရအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်သည် စစ်တောင်းမြစ်အနောက်ခြမ်းသို့ သွားရောက်ပြီး စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ 


အခုလိုတွေ့ဆုံရာမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ အမှာစကားနဲ့ လမ်းညွှန်မှုတွေကိုလည်း စစ်ကြောင်းမှူးတွေနဲ့ ရဲဘော်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဲဒီနောက် စစ်ဒေသတာဝန်ရှိသူတွေနဲ့ ၂၀၂၃ ခုနှစ် စစ်ဆင်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်မှုကို ဆွေးနွေးခဲ့ကြပါတယ်။ 


အခုလို စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဥိးဆောင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်ကြောင်းများ၏ အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ကြောင့် ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။


ထို့အပြင် မဟာမိတ်ဆက်ဆံရေးဟာ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ သော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးတယ်လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ 


ထို့ကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက် အချိုးကျနေတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်များကြားမှာသာမက ကွပ်ကဲရေးမှူးများနဲ့ ရဲဘော်များကြားမှာပါ ယုံကြည်မှုများ တိုးတက်အောင် ဆောက်ရွက်ကြဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအဖွဲ့လည်း ဖြစ်တဲ့ ဦးလွင်ကိုလတ်က ပြောကြားခဲ့ပါတယ်။


ရှေ့တန်းစစ်မျက်နှာမှာရှိတဲ့ စစ်ကြောင်းတွေဆီကို ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လာရောက်ခဲ့တာဟာ ယခုအကြိမ်နဲ့ဆိုရင် ကြိမ်ရှိပြီလို့ ရှေ့တန်းစစ်မျက်နှာမှာရှိတဲ့ ရဲဘော်တွေက ပြောပါတယ်။ 


အခုလို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လာရောက်တွေဆုံတဲ့အတွက် စစ်မြေပြင်မှာရှိတဲ့ ရဲဘော်တွေ စိတ်အားတက်ကြွစေပြီး စည်းလုံးညီညွတ်မှုအား ပိုကောင်းစေတယ်လို့လည်း စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို ဖျက်သိမ်းကြောင်း NUG ကြေညာ


ဒီဇင်ဘာလ ၂၄ရက်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို  ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်းလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 


UMFCCI အနေနဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် အများပြည်သူအကျိုးကို ဦးစားပေးဖို့ တာဝန်ရှိပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတွေမှာ ငွေကြေးထောက်ပံ့တာ၊ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေ စိစစ်တွေ့ရှိရတယ်လို့ NUG က အသိပေးထားပါတယ်။ 


ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဟာ စစ်ကောင်စီကို ငွေကြေးကူညီ ထောက်ပံ့ပေးနေပေမယ့် တဘက်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


UMFCCI ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီဖြစ်တာကြောင့် အသင်းချုပ်၏ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေ ကို ထုတ်ယူသုံးစွဲခြင်းမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။


ထို့အပြင် UMFCCI မှာ ဆက်လက်ပါဝင်လုပ်ကိုင်တာ၊ ပူးပေါင်းပါဝင်တာ၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊  ဒီအဖွဲ့အစည်းအမည်သုံးပြီး ဆက်လက်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေကို တည်ဆဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဒီဇင်ဘာလ ၂၄ ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး  (၃၈/၂၀၂၃) ကို ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏက အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိလိုတဲ့ အချက်များကို ဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက် အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၁ နာရီ အချိန်မှာ အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မန်တုံမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းများမှ ဟောင်ဝစ်ဇာ လက်အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ 


ဒီဇင်ဘာလ ၂၄ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်းတွေကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက် ခဲယမ်းများကို ရှေ့တန်းစစ်မျက်နှာမှာ သတင်းရယူခဲ့တဲ့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဒီဇင်ဘာ ၂၄ ရက်နေ့မွန်းလွဲပိုင်းမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလိုက်ပါတယ်။


တအာင်းတပ်မတော် TNLA က မန်တုံမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဒီဇင်ဘာ ၂၄ ရက်နေ့မနက်ပိုင်းမှာ တရားဝင်အသိပေးထုတ်ပြန်ပြီးချိန်မှာ အခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။


ရွှေဖီမြေသတင်းဌာနက ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေအရ လက်နက်ငယ်အများအပြားနဲ့ လက်နက်ကြီးများ၊ စက်သေနတ်များ၊ ဟောင်ဝစ်ဇာအမြောက်များကို TNLA က သိမ်းယူနိုင်ခဲ့ပြီး TNLA ရဲဘော်တွေ အောင်ပွဲခံနေတဲ့ မြင်ကွင်းတွေကိုလည်း တွေ့ရပါတယ်။ 

 

မန်တုံမြို့ကို တအာင်းတပ်မတော် TNLA က ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက် ညပိုင်းမှာ ခလရ ၁၃ဝ တပ်ရင်းနေရာအပါအဝင် မြို့နယ်အတွင်းမှာရှိတဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


ရက်တာ ကြာမြင့်ခဲ့တဲ့ မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်ဘက်က ထိခိုက်သေဆုံးမှု၊ အရှင်ဖမ်းဆီးရရှိမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေအသေးစိတ်ကို TNLA ဘက်က ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းအထိ ထုတ်ပြန်ထားတာမရှိသေးဘဲ မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်းနဲ့ မိုင်းလုံ စတဲ့ မြို့ မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့သာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ပြီး လက်နက် လက်နဲ့ ကျည်များ သိမ်းပိုက်ရရှိ


ဒီဇင်ဘာလ ၂၄ရက်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ရွှေကျင်နှင့် ကွင်းဆိပ်ကြားရှိ စစ်ကောင်စီရဲ့ ယာလာပွာ (လှည်းယပ်) တပ်စခန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တပ်စခန်းတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၃၅၁) က စခန်းထိုင်ထားတာ ဖြစ်ပြီး တိုက်ပွဲအတွင်း MA-1 တစ်လက်၊ MA-2 တစ်လက်၊ ကျည် ,၂၀၀ ကျော်နဲ့ ဗုံးသီးတစ်ချို့ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ယာလာပွာတပ်စခန်းဟာ KNLA တပ်မဟာ () နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်း စခန်းတစ်ခု ဖြစ်ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုကိုတော့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။


========================


📌📌 ၇။ တနင်္သာရီမြို့နယ်၊ ဘန်လမွတ်အုပ်စု ကမ်းတိုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်ကားလမ်းကြောင်းနှင့်အတူစစ်ကြောင်းထိုးလာသော အဖွဲ့နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွား


ဒီဇင်ဘာလ ၂၄ရက်။

တနင်္သာရီမြို့နယ်၊ ဘန်လမွတ်အုပ်စု ကမ်းတိုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်ကားလမ်းကြောင်းနှင့်အတူ စစ်ကြောင်းထိုးလာသောအဖွဲ့နဲ့ ကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီဇင်ဘာ၂၄ရက်မှာ အသိပေးဆိုပါတယ်။


"မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တနင်္သာရီမြို့နယ်၊ဘန်လမွတ်အုပ်စု ကမ်းတိုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်ကားလမ်းကြောင်းနှင့်အတူ စစ်ကြောင်းထိုးလာသောအဖွဲ့နဲ့ တိုက်ပွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်မှုများရှိပြီး ပူးပေါင်းအဖွဲ့မှ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှအထိခိုက်သေဆုံးမှုအား ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(တောင်)ရွာအား စစ်ကောင်စီအင်အား ၁၀၀ ခန့်မှ ဝင်ရောက်မီးရှို့


ဒီဇင်ဘာလ၂၄ရက်။

ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(တောင်)ရွာအား စစ်ကောင်စီအင်အား ၁၀၀ ခန့်မှ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒီဇင်ဘာ၂၄ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဆိုပါတယ်။


"ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်း ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(တောင်)ရွာအား စစ်ကောင်စီအင်အား ၁၀၀ ခန့်မှ ဝင်ရောက်မီးရှို့၍ အပြစ်မဲ့ပြည်သူပိုင်နေအိမ် လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်"လို့ဆိုပါတယ်။


၎င်းစစ်ကောင်စီစစ်ကြောင်းသည်  ဒီဇင်ဘာလ ၂၄ရက် မနက် နာရီခန့်တွင် ကာဘိုးမှတဆင့် ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ငါးရာနဲ(တောင်)ရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးကာ ညနေ နာရီဝန်းကျင်တွင် ချင်မြစ်ကျင်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်သွားကြောင်းသိရပါတယ်။


ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပေါင်ရင်းရွာအား ကန့်ဘလူ ၆၀၀၆ မှ ထွက်လာသော စစ်ကောင်စီအင်အား ၁၀၀ ကျော်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့၍ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၁၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၉။ MFDMC မှ ဦးဆောင်တာဝန်ယူ ပြသပေးခဲ့သော The Way Musical Film ကို ကိုရီးယားနိုင်ငံ ဂင်ဟဲ(Gimhae)တွင် ပရိတ်သတ် အင်အား(၄၀၀)ကျော်ဖြင့် ပြသနိုင်ခဲ့ပြီး The Way မောင်နှံလက်မှတ်ပါ ဂစ်တာလေလံဈေး စံချိန်တင် အမြင့်ဆုံး (ဝမ်သိန်း ၂၅၀ )ဖြင့်ရရှိ


ဒီဇင်ဘာလ၂၄ရက်။

MFDMC မှ ဦးဆောင်တာဝန်ယူ ပြသပေးခဲ့သော The Way Musical Filmကို ကိုရီးယားနိုင်ငံ ဂင်ဟဲ(Gimhae)တွင် ပရိတ်သတ်အင်အား(၄၀၀)ကျော်ဖြင့်ပြသနိုင်ခဲ့ပြီး The Way မောင်နှံလက်မှတ်ပါ ဂစ်တာလေလံဈေး စံချိန်တင် အမြင့်ဆုံး (ဝမ်သိန်း ၂၅၀ )ဖြင့်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ၂၄ရက်မှာ MFDMCက အသိပေးဆိုပါတယ်။


"ဒီဇင်ဘာ၂၄ရက် ဂင်ဟဲ(Gimhae)မြို့ပွဲကို ပရိတ်သတ်အင်အား(၄၀၀)ကျော်ဖြင့် ပြသနိုင်ခဲ့ပြီး The Way မောင်နှံလက်မှတ်ပါ ဂစ်တာလေလံဈေး စံချိန်တင် အမြင့်ဆုံး (ဝမ်သိန်း ၂၅၀ )ဖြင့် အောင်မြင်စွာဦးဆောင်စီစဉ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


The Way ရုပ်ရှင်ပွဲလက်မှတ်များနှင့် အမှတ်တရပစ္စည်းများကို ဝယ်ယူပေးခဲ့ကြသူများနှင့် ကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းကူညီပေးခဲ့ကြသော MFDMC ပူးပေါင်းအဖွဲ့ဝင်အားလုံးကို ကျေးဇူးအထူးတင်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment