27th DEC 2023 - Morning Daily News by Radio NUG

 


၂၀၂၃ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နှစ်သစ်တွင် အောင်မြင်မှုအသစ်များရရှိနိုင်ရေး ဇွဲလုံ့လမြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း

📌 ၂။ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးခွဲဖို့ ကြံစည်လာမယ့် အခြေအနေတွေကို သတိကြီးကြီးနဲ့ ကျော်လွှားကြဖို့ ဝန်ကြီးချုပ်ဆို

📌 ၃။ စစ်ကောင်စီ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာတဲ့ကိစ္စကို ပြည်ထဲရေးဝန်ကြီးက အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေး

📌 ၄။ မြောက်ဦး ရှေးဟောင်းပြတိုက်အား တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု မှတ်ယူကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၅။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၆။ ကောလင်းမြို့တွင် နွေဦးဖွံဖြိုးရေးဘဏ် SDB ဘဏ်ခွဲ စဖွင့်မည်

📌 ၇။ KNLA တပ်မဟာ ကွပ်ကဲမှုအောက် ကူးပြောင်းပြီလို့ ဗိုလ်အယ်စေးဝါး ကြေညာ

📌 ၈။ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

📌 ၉။ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ခဲ့သော CDF မင်းတပ်မှရဲဘော်များကို ဂုဏ်ပြု


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နှစ်သစ်တွင် အောင်မြင်မှုအသစ်များရရှိနိုင်ရေး ဇွဲလုံ့လမြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း


ဒီဇင်ဘာလ ၂၆ရက်။

မကြာမီရောက်ရှိလာမည့် နှစ်သစ်မှာ အသစ်အသစ်သော အောင်မြင်မှုအချိုးအကွေ့များဖြင့် တက်လှမ်းနိုင်ရေး အစိုးရအဖွဲ့ဝင်အားလုံး ဇွဲလုံ့လဝီရိယမြှင့်တင်ထားဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ 


တော်လှန်ရေးကာလ အရှိန်မြင့်နေတဲ့အချိန်နဲ့  ခရစ်ယာန်ဘာသာဝင်များရဲ့ ခရစ္စမတ်ကာလ ကြုံဆုံနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း စစ်ဘေးရှောင်မှုနေရတဲ့ ပြည်သူလူထု ပိုများလာတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ယာယီသမ္မတက ပြောပါတယ်။


ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ပြတ် ချုပ်ငြိမ်းအောင် မလုပ်နိုင်သရွေ့ အခုလို မင်္ဂလာမရှိတဲ့ နေ့ရက်တွေဟာ လူထုရဲ့ ဘေးဒုက္ခနဲ့အတူ ဖြတ်သန်းနေကြရဦးမှာဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။


ဒါ့ကြောင့် လာမယ့် ၂ဝ၂၄ ခုနှစ်မှာ နောက်ထပ် အသစ်အသစ်သော အောင်မြင်မှုအချိုးအကွေ့တွေနဲ့ တက်လှမ်းနိုင်ဖို့ အစိုးရအဖွဲဝင်အားလုံးက မိမိတို့ ဇွဲလုံ့လဝီရိယကို မြှင့်တင်ထားရမှာဖြစ်ပါတယ်။ နောင်လာမယ့် နှစ်သစ်မှာ ကျွန်တော်တို့ဟာ ခရစ္စ်မတ်ရဲ့ အနှစ်သာရကိုယူဆောင်ပြီး ပြည်သူလူထုထံ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေကို ပိုမိုအပ်နှင်းနိုင်ဖို လုံ့လထား ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ် လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။ 


မကြာမီ နှစ်သစ်အခါသမယကို ဖြတ်သန်းကြရတော့မှာဖြစ်တဲ့အတွက် ၂ဝ၂၃ ခုနှစ် တနှစ်တာပတ်လုံး လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး နှစ်သစ်အတွက် အစီအစဉ်သစ်တွေ ချမှတ်လုပ်ဆောင်ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းထားပါတယ်။ 


နိုင်ငံအတွင်းမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ တော်လှန်ရေးအခြေအနေတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်ပြောင်းလဲ နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာစဉ်းစားချက်တွေကို လှေနံဓားထစ် တွေးခေါ် လုပ်ဆောင်တာမျိုးမဟုတ်ဘဲ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် သတိချပ်ဖို့လိုပါတယ်။ လုပ်ဆောင်တဲ့အခါမှာလည်း မူအပေါ်မှာအခြေခံတဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဖြစ်ဖို့လိုတယ်လို့ ယာယီသမ္မတက ပြောကြားခဲ့တယ်။ 


လာမယ့် ၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုအသစ် အများအပြားနဲ့ ထပ်မံကြုံတွေ့နိုင်တာတွေရှိနိုင်သလို၊ စစ်ရေး နိုင်ငံရေး အလှည့်အပြောင်းတွေလည်း ထပ်မံဖြစ်ထွန်းမယ့် နှစ် တနှစ် ဖြစ်လာလိမ့်မယ်ဆိုတာ  သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် နှစ်သစ်ကို စတင်ဖြတ်သန်းကြတဲ့အခါမှာ ကျွန်တော်တို့ဟာ အမြော်အမြင်ရှိရှိ ကြိုတင်ပြင်ဆင်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ မြေပြင်နဲ့အပ်စပ်တဲ့ နိုင်ငံရေးသတင်းစကားတွေကို ပြည်သူလူထုထံ သဘောထား ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြန့်ဝေဖို့ လိုပါတယ်လို့လည်း ပြောခဲ့ပါတယ်။ 


ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ နှစ်ဟောင်းမှာ လုပ်ဆောင်ခဲ့သမျှသော လုပ်ငန်းဆောင်တာများကို ပြန်သုံးသပ်ပြီး နှစ်သစ်အတွက် အစီအစဉ်သစ်များ ချမှတ်လုပ်ဆောင်ဖို့ အသိပေးပြောကြားခဲ့ပါ တယ်။


ထိုသို့ လုပ်ဆောင်ရာမှာ လူထုကြားထဲ အာရုံစိုက်ခံရရင်ပြီးရောဆိုတဲ့စိတ်နဲ့ နိုင်ငံရေးစတန့်ထွင်တာမျိုးတွေ မဖြစ်စေဖို့လိုပါတယ်။ ဒါကို သတိချပ်ပြီး အခြေအနေနဲ့ဆက်စပ်တဲ့ အစီအစဉ်သစ်တွေကို သာမန် လုပ်ရိုး လုပ်စဉ်ဘောင်ထဲက ဖောက်ထွက်ပြီး ဝန်ကြီးဌာနအသီးသီးက ချမှတ်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးခွဲဖို့ ကြံစည်လာမယ့် အခြေအနေတွေကို သတိကြီးကြီးနဲ့ ကျော်လွှားကြဖို့ ဝန်ကြီးချုပ်ဆို


ဒီဇင်ဘာလ ၂၆ရက်။

အကြမ်းဖက် စစ်ကောင်စီရဲ့ နိုင်ငံရေး လှည့်ကွက်မျိုးစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲ ဖြစ်နိုင်သမျှ ခွဲထုတ်ဖို့၊ သွေးခွဲဖို့ ကြံစည်လာမယ့် အခြေအနေတွေကို သတိကြီးကြီးနဲ့ ကျော်လွှားကြဖို့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေး (၄၀/၂၀၂၃)မှာ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ပြောဆိုခဲ့တာပါ။


"အခုဆိုရင် တော်လှန်ရေးဟာ ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတာကို အားလုံးပဲ ခန့်မှန်းတွက်ချက်နိုင်တဲ့ အခြေအနေ ဖြစ်နေပြီမို့ ပိုမို သတိထားလုပ်ဆောင်ရမယ့် အရာတွေလည်း များလာပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ တော်လှန်ရေး အင်အားစုတွေ ကြားထဲ ဖြစ်နိုင်သမျှ ခွဲထုတ်ဖို့၊ သွေးခွဲဖို့ ကြံစည်လာမယ့် အခြေအနေတွေကို သတိကြီးကြီးနဲ့ ကျော်လွှားကြဖို့ အရေးကြီးသလို တဘက်ကလည်း မတူညီတဲ့ နောက်ခံအခြေအနေ၊ မတူညီတဲ့ အစုအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး တော်လှန်ရေးကို စိတ်အားထက်သန်စွာ ဆင်နွှဲနေကြတဲ့ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း ခိုင်မာတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ တက်ညီလက်ညီ ဆက်လက် သွားနိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။


ထို့အပြင် တော်လှန်ရေး အင်အားစုတွေအားလုံး အင်အားဖြစ်စေမယ့်၊ အကျိုးရှိစေမယ့် ဆွေးနွေးမှုတွေကို လုပ်ဆောင်ကြဖို့ကိုလည်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာတဲ့ကိစ္စကို ပြည်ထဲရေးဝန်ကြီးက အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေး


ဒီဇင်ဘာလ ၂၆ရက်။

အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာတဲ့ ကိစ္စကို အမျိုးသားညီညွတ်ရေး အစိုးရ၊ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အစိုးရအဖွဲ့ အစည်းအဝေး (၄၀/၂၀၂၃) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် အင်္ဂါနေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။


အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆောင်ရွက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် ကြေညာတဲ့ ကိစ္စကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အကြိမ် ၄၀ မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ မြောက်ဦး ရှေးဟောင်းပြတိုက်အား တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု မှတ်ယူကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်


ဒီဇင်ဘာလ ၂၆ရက်။

ရက္ခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်း သုတေသနပြတိုက်အား တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းလို့ မှတ်ယူကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။


ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) ခမရ (၃၇၇) ခမရ (၃၇၈)နဲ့ အမှတ် (၃၁) ရဲတပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် မြောက်ဦး အမွေအနှစ်ဇုန် အတွင်းက မြောက်ဦး ရှေးဟောင်းသုတေသန ပြတိုက်အတွင်းရှိ ရှေးခေတ် ရခိုင်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခဲ့ရပါတယ်။


ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ် ပြုနိုင်ရန် တင်သွင်းထားတဲ့ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအရ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်တယ်လို့ မှတ်ယူကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အသိပေး ထားပါတယ်။


ယခုလို ဖျက်ဆီးကျူးလွန်မှုများ ထပ်မဖြစ်စေရန်နှင့် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်ကို အရေးယူ ဆောင်ရွက်နိုင်စေရန် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။


စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ကလည်း သမိုင်းဝင် အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှု လက်ရာများကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုအပေါ် လုပ်သင့်လုပ်ထိုက်သည်များကို ထိရောက်စွာ တုံ့ပြန်လုပ်ဆောင် သွားမယ်လို့ ဒီဇင်ဘာ ၂၅ ရက် နေ့က အသိပေးထားပါတယ်။


========================


📌📌 ၅။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဒီဇင်ဘာလ ၂၆ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနဲ့ ရန်ကုန်တိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၅/၂၀၂၃) ကို ဒီဇင်ဘာလ ၂၆ ရက် နေ့လည် နာရီ အချိန်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့- အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုတဲ့အချက်များကို ဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် နာရီ ခွဲ အချိန်မှာ အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ကောလင်းမြို့တွင် နွေဦးဖွံဖြိုးရေးဘဏ် SDB ဘဏ်ခွဲ စဖွင့်မည်


ဒီဇင်ဘာလ ၂၆ရက်။

တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် နွေဦးဖွံဖြိုးရေးဘဏ် SDB ရဲ့ ပထမဆုံး မြေပြင်ဘဏ်ခွဲ စတင်ဖွင့်လှစ်တော့မယ်လို့ SDB က အသိပေး ကြေညာထားပါတယ်။


မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒစ်ဂျစ်တယ်ဘဏ်ဖြစ်တဲ့ နွေဦးဖွံဖြိုးရေး ဘဏ်အနေဖြင့် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို ပထမဆုံး ဘဏ်ဝန်ဆောင်မှုတွေ စတင်ပေးပါတော့မယ်လို့ SDB က အသိပေး ထားပါတယ်။


လေလှိုင်းက ဘဏ်ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။ ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။လို့ နွေဦးဖွံဖြိုးရေး ဘဏ်က ဆိုပါတယ်။


နွေဦးဖွံဖြိုးရေးဘဏ်ကို ကောလင်းမြို့တွင်သာမက အခြားနေရာများတွင် ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


နွေဦးဖွံဖြိုးရေးဘဏ် SDB ကို ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၂၂ ရက်နေ့တွင် သုံးစွဲသူ ,၀၀၀ ဖြင့် စတင် စမ်းသပ် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ KNLA တပ်မဟာ ကွပ်ကဲမှုအောက် ကူးပြောင်းပြီလို့ ဗိုလ်အယ်စေးဝါး ကြေညာ


ဒီဇင်ဘာလ ၂၆ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ကွပ်ကဲမှုအောက် တရားဝင် ကူးပြောင်းလိုက်ပြီလို့ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando က ဒီဇင်ဘာလ ၂၆ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ စစ်ကြောင်းဟာ ယခင်က ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA လက်အောက်က စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာ ရက်ကစပြီး တပ်မဟာ ကွပ်ကဲမှုအောက် ဝင်ရောက်ကာ တာဝန်ထမ်းဆောင်နေတဲ့အကြောင်း ဒီဇင်ဘာ ၂၆ရက်မှာ ပြည်သူလူထုကို အသိပေးခဲ့တာဖြစ်ပါတယ်။  


ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးတာဝန်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အာဏာရှင်စနစ်ကျဆုံးရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 


ထို့ကြောင့် Lion စစ်ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် တပ်မဟာ လက်အောက်ခံ စစ်ကြောင်းဖြစ်သွားပြီလို့ ထပ်မံအသိပေးထားပါတယ်။


ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ စစ်ကြောင်းဟာ KTLA လက်အောက်မှာရှိစဉ်ကတည်းက KNU တပ်မဟာ နယ်မြေမှာ KTLA တပ်တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ


ဒီဇင်ဘာလ ၂၆ရက်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ဒေသတွင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၅ ရက်နေ့ နေ့လည် နာရီခွဲခန့်မှ ညနေ နာရီအတွင်း သပိတ်ကျင်းမြို့နယ်သို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်း (၅၀၉၊ ၅၁၀) သပိတ်ကျင်း (ပကဖ) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကို စိစစ်နေဆဲဖြစ်ပြီး နယ်မြေလုံခြုံရေး ကိစ္စများ ဆောင်ရွက်ပြီးစီးပါတ ဆက်လက်ထုတ်ပြန်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် က ဆိုပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများကို ပုံနှင့်တကွ ထုတ်ပြန်ထားရာ  RPG 7 လက်နက်ကြီးတစ်လက်နဲ့ လက်နက်ငယ် လက်ထက်မနည်း ပါဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆန်များစွာနဲ့ ကျည်ဘောက်များ ခဲယမ်းများလည်း ပါဝင်တာကို တွေ့ရပါတယ်။


========================


📌📌 ၉။ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ခဲ့သော CDF မင်းတပ်မှရဲဘော်များကို ဂုဏ်ပြု


ဒီဇင်ဘာလ ၂၆ရက်။

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာရှိ စစ်ကောင်စိစခန်းနဲ့ မတူပီမြို့နယ်မှာရှိတဲ့ ထယ်ဘွေး စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ CDF မင်းတပ်မှရဲဘော်များကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ CDF မင်းတပ်က ဒီဇင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ 


စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ ရဲဘော်တွေအားလုံး မစုံနိုင်ပေမယ့် အောင်ပွဲရ ရှေ့တန်းပြန်ရဲဘော်များကို ဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနားကို CDF မင်းတပ် စစ်ဦးစီးချုပ် ဦးဆောင်ပြီး ဒီဇင်ဘာ ၂၅ ရက်မှာ ကျင်းပ ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


စခန်းကို ပြန်မရောက်နိုင်တဲ့ ရဲဘော်တွေ၊ လူနာအဖြစ် ဆေးကုသနေရတဲ့ ရဲဘော်တွေအတွက် စိတ်မကောင်း ဖြစ်ရပါတယ်လို့ CDF မင်းတပ်က အသိပေးထားပါတယ်။ 


CDF မင်းတပ်ဟာ ဒီဇင်ဘာ ၂၂ရက်က ချင်း-မကွေးနယ်စပ် ဂန့်ဂေါမြိုနယ်မှာရှိတဲ့ မြစ်သာဆည် စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်သည့် တိုက်ပွဲမှာပါဝင်ခဲ့ပြီး CDF မင်းတပ်က ရဲဘော်တဦး ကျဆုံးကာ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာ ၁၉ ရက်ကလည်း မတူပီ - ပလက်၀နယ်စပ် မတူပီမြိုနယ်မှာရှိတဲ့ ထယ်ဘွေး စစ်ကောင်စီစခန်းကို သိမ်းပိုက်တဲ့တိုက်ပွဲမှာလည်း CDF မင်းတပ် ပါဝင်ခဲ့ပြီး CDF မင်းတပ်က ရဲဘော်တဦးကျဆုံးကာ တဦး ဒဏ်ရာရခဲ့ပါတယ်။ 


ထို့အပြင် မင်းတပ် CDF ဟာ ဒီဇင်ဘာ ရက်ကနေ ၁၂ နေ့အထိ မကွေးတိုင်း ထီးလင်းမြိုနယ် ရေမျက်နီ တိုက်ပွဲမှာလည်း မဟာမိတ်တပ်မတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရာမှာ CDF မင်းတပ်က ရဲဘော် ၂ဦးကျဆုံးခဲ့ပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 


CDF မင်းတပ်အနေနဲ့ စခန်သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ဖို့ Project Mindat 2024 ကမ်ပိန်းကို ပြုလုပ်လျက်ရှိရာ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ကူညီပေးကြဖို့ အကူအညီတောင်းခံထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment