၂၀၂၃ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ တိုးတက်လာတာနဲ့အမျှ လျှပ်စစ်လိုအပ်ချက်က တိုးမြင့်လာမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ CDMဟာ နွေဦးတော်လှန်ရေးမှာ အဓိကဒေါက်တိုင်၊ အဓိကမဏ္ဍိုင်မှာရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ စစ်အုပ်စုဟာ ခေတ်သစ်ကျွန်ပြုနည်းတွေနဲ့ အရပ်သားတွေအပေါ်ကျူးလွန်နေတယ်လို့ဆို
📌 ၄။ ပေါက်တောမြို့သူမြို့သားများအား ရက္ခိုင့်တပ်တော် ဆက်လက်ကယ်ထုတ်နေ
📌 ၅။ ကုန်းကြမ်းတိုက်ပွဲမှ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့များကို လိုက်လံရှာဖွေခဲ့ပြီး ရန်သူဦးရေ (၁၀၀)နီးပါးကို MNDAAက ချေမှုန်းနိုင်ခဲ့
📌 ၆။ နမ့်ခမ်းမြို့အတွင်း စစ်ကောင်စီတပ်မှ Cluster Bomb ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံးကျော် ထိခိုက်ပျက်စီးခဲ့
📌 ၇။ ထီးချိုင့်မြို့ထဲကို စကစတပ်က လေကြောင်းကနေဗုံးကြဲပြီး မြေပြင်တွင် ရပ်ကွက်အချို့ကိုမီးရှို့
📌 ၈။ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ သစ္စာရေသောက်ပွဲကျင်းပ
📌 ၉။ ကိုရီးယားနိုင်ငံမှာ တတိယအကြီမ်မြောက် သမ္မတကြီး ကင်းမ်ဒဲဂျုန်၏ ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကျင်းပရာ မြန်မာ့နွေဦးတော်လှန်ရေးကိုဆက်လက်အကူအညီပေးဖို့တောင်းဆိုခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ တိုးတက်လာတာနဲ့အမျှ လျှပ်စစ်လိုအပ်ချက်က တိုးမြင့်လာမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဒီဇင်ဘာလ၂ရက်။
ဒီဇင်ဘာ၂ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲမှာ "တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ တိုးတက်လာတာနဲ့အမျှ လျှပ်စစ်လိုအပ်ချက်က တိုးမြင့်လာမှာဖြစ်တယ်”လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
" အကြမ်းဖက်စစ်ကောင်စီဟာ အခုအချိန်မှာ အင်အားချိနဲ့လာပြီဖြစ်ပေမယ့် ပြည်သူတွေကို ရက်ရက်စက်စက် ဒုက္ခပေးနိုင်တဲ့ အရင်းအမြစ်တွေကတော့ ရှိနေဆဲ ဖြစ်ပါသေးတယ်။ ဒီအရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကြိုးစားဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်။ ဒါ့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကြားကာလ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အခွန်ဘဏ္ဍာတွေရရှိအောင်လည်း ကြိုးစား စွမ်းဆောင်နေကြတာကို သိရတဲ့အတွက် ပြည်သူတွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ တိုးတက် လာတာနဲ့အမျှ လျှပ်စစ်လိုအပ်ချက်က တိုးမြင့်လာမှာဖြစ်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဟာဆိုရင် နိုင်ငံရဲ့အခြေခံကျတဲ့ လိုအပ်ချက်တခု ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ နှင့် CDM ဝန်ထမ်းများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ CDMဟာ နွေဦးတော်လှန်ရေးမှာ အဓိကဒေါက်တိုင်၊ အဓိကမဏ္ဍိုင်မှာရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဒီဇင်ဘာလ၂ရက်။
ဒီဇင်ဘာလအတွင်း CDMများနဲ့ပတ်သက်လို့ မေးမြန်းခန်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
"အခုဆိုမြို့တွေသိမ်းလာနိုင်တာမှာ CDM တွေရဲ့ အခန်းကဏ္ဍ ပိုပြီးကြီးမားလာတာကိုတွေ့ရတယ်။ ဒါကြောင့်CDM တွေကို ဂုဏ်လည်းယူတယ်။ အလေးလည်းပြုတယ်။ CDMဟာ ဒီကနေ့ နွေဦးတော်လှန်ရေးမှာ အဓိကဒေါက်တိုင်၊ အဓိကမဏ္ဍိုင်မှာရှိတယ်လို့ပြောချင်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အစည်းအဝေးတွင် အတည်ပြုခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု မူဝါဒကို NUCCမှ အများပြည်သူသိရှိရန်ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ စစ်အုပ်စုဟာ ခေတ်သစ်ကျွန်ပြုနည်းတွေနဲ့ အရပ်သားတွေအပေါ်ကျူးလွန်နေတယ်လို့ဆို
ဒီဇင်ဘာလ၂ရက်။
ဒီဇင်ဘာ၂ရက်နေ့ အပြည်ပြည်ဆိုင်ရာ ကျွန်ပြုခြင်းတိုက်ဖျက်ရေးနေ့မှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကပြောကြားပါတယ်။
"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ နဝတ၊ နအဖစစ်အုပ်စုတွေက ကုလသမဂ္ဂ ပဋိဥာဏ်စာတမ်းတွေကို ချိုးဖောက်ပြီး အဓမ္မလုပ်အားခိုင်းစေမှု၊ ပေါ်တာဆွဲတာ၊ ကလေးစစ်သားတွေ စုဆောင်းတာ၊ စစ်တပ်ပိုင်ယန္တရားတွေလည်ပတ်ဖို့ အမိန့်အာဏာနဲ့ ဖိအားပေးမှု၊ လူသစ်စုဆောင်းတာတွေက ခေတ်သစ်ကျွန်ပြုနည်းတွေဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုဟာ အရပ်သားများကို ၄င်းတို့ရဲ့ဆန္ဒသဘောထားမပါဘဲ အဓမ္မ ပေါ်တာဆွဲကာ ခိုင်းစေခြင်းတို့ကို ကျူးလွန်နေပြီး ပြည်သူလူထုတစ်ရပ်လုံးက သတိကြီးစွာထားဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးကဆိုပါတယ်။
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကျွန်ပြုခြင်း တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။
========================
📌📌 ၄။ ပေါက်တောမြို့သူမြို့သားများအား ရက္ခိုင့်တပ်တော် ဆက်လက်ကယ်ထုတ်နေ
ဒီဇင်ဘာလ၂ရက်။
ရခိုင်ပြည်နယ် ပေါက်တောမြို့သူမြို့သားများအား ဆက်လက်ကယ်ထုတ်နေတယ်လို့ ဒီဇင်ဘာ၂ရက်မှာ ရက္ခိုင့်တပ်တော် AAကအသိပေးဆိုပါတယ်။
"စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ပိတ်ဆို့တိုက်ခိုက်နေသည့်ကြားမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းကို ခံထားရသည့် ကျန်ရှိနေသေးသော ပေါက်တောမြို့သူမြို့သားများအား ရက္ခိုင့်တပ်တော် ဆက်လက်ကယ်ထုတ်နေတယ်"လို့ဆိုပါတယ်။
ဒီဇင်ဘာလ (၁) ရက်နေ့ကလည်း နံနက် (၁၁:၀၀) အချိန်ခန့်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ် (၁) စီးသည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့ထဲသို့ (၂) ကြိမ်တိုင်လာရောက်ကာ ဗုံး (၄) လုံး ကြဲချခဲ့ပြီး တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒုတိယအကြိမ်လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေ့လယ် (၂:၀၅) အချိန်ခန့်တွင်လည်း MiG-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နှင့် ပေါက်တောမြစ်အနီး သွားလာနေသော စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ကုန်းကြမ်းတိုက်ပွဲမှ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့များကို လိုက်လံရှာဖွေခဲ့ပြီး ရန်သူဦးရေ (၁၀၀)နီးပါးကို MNDAAက ချေမှုန်းနိုင်ခဲ့
ဒီဇင်ဘာလ၂ရက်။
ကုန်းကြမ်းတိုက်ပွဲမှ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့များကို လိုက်လံရှာဖွေခဲ့ပြီး ရန်သူဦးရေ (၁၀၀)နီးပါး ကိုMNDAAက ချေမှုန်းနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့မှာ စစ်ဆင်ရေးသတင်းကို MNDAAကအတည်ပြုဆိုထားပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် MNDAAသည် ကုန်းကြမ်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကုန်းကြမ်းတွင် အမြဲတမ်းတပ်စွဲထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၁၂၅) ၊ စကခ(၁၂ ၊ ၁၆)မှ အဖွဲ့ဝင်အချို့မှာ လက်နက်ချအလင်းဝင်လာပြီး စကခ(၁၆)မှူးအပါအဝင် အကြွင်းအကျန်အဖွဲ့ဝင်အချို့ မှာထွက်ပြေးသွားခဲ့ကြပါတယ်။ ထွက်ပြေးသွားသော စကစတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ပြီး လူဦးရေ(၁၀၀)နီးပါးခန့်ကို ချေမှုန်းနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် MNDAA၏ လိုက်လံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်(၂၈၀)ကျော်မှာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာနှင့် စူကြာကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၁း၁၀)နာရီခန့်တွင် MNDAA မှ ၎င်းနေရာတွင် စုစည်းပုန်းအောင်းနေသော စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်အား ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်း MNDAA မှ စစ်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် စစ်ကောင်စီဘက်မှ ချေမှုန်းခံရသော အလောင်း(၂၀)လောင်းတွေ့ရှိခဲ့ကာ ထိုနေ့ညနေပိုင်းတွင် MNDAA မှ ၎င်းအကြွင်း အကျန်အဖွဲ့ဝင်များကို ထပ်မံလိုက်လံပစ်ခတ်ပြီး ရန်သူ့အလောင်း(၇၀)ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း(၄)ယောက် ဖမ်းဆီးရရှိခဲ့ပါတယ်။
ထို့ပြင် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိသောပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွဆေးပြားများလည်းပါရှိနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ နမ့်ခမ်းမြို့အတွင်း စစ်ကောင်စီတပ်မှ Cluster Bomb ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံးကျော် ထိခိုက်ပျက်စီးခဲ့
ဒီဇင်ဘာလ ၂ ရက်။
တအာင်းပြည်နယ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ ည(၉း၃၀)အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်အသုံးပြုပြီး နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက်အတွင်း Cluster Bomb ဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၂ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLAမှအတည်ပြုဖော်ပြပါတယ်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုန်းကုလားရပ်ကွက်တွင် နေထိုင်သူ အသက်(၃၀)အရွယ်ရှိ ဦးဘဦးသည် နောင်စန့်ရပ်ကွက်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေစဥ် ဘုန်းကြီးကျောင်းအတွင်း ဗုံးကျပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်တပိုင်းပြတ်ထွက် သေဆုံးသွားခဲ့ရပါတယ်။
ထို့အပြင် ဒေသခံ (၅) ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး (၃) ဦးမှာ ဒဏ်ရာပြင်ထန်မှုကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေရပြီးကျန် (၂) ဦးမှာ နမ့်ခမ်းမြို့နှင့် မူဆယ်မြို့တို့တွင် ဆေးဝါးကုသမှုခံယူနေကြရပါတယ်။
ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၂ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီးနေအိမ် အလုံး (၃၀)ကျော် ဗုံးစထိမှန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် တအာင်းပြည်နယ်အတွင်းရှိ အရပ်သား သေဆုံးမှု (၆၀)ကျော်၊ ဒဏ်ရာရရှိမှု (၁၀၀)ကျော်နှင့် နေအိမ်ထိခိုက်ပျက်စီးမှု (၃၀၀) နီးပါရှိခဲ့ပါတယ်။
========================
📌📌 ၇။ ထီးချိုင့်မြို့ထဲကို စကစတပ်က လေကြောင်းကနေဗုံးကြဲပြီး မြေပြင်တွင် ရပ်ကွက်အချို့ကိုမီးရှို့
ဒီဇင်ဘာလ၂ရက်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ထဲကို စကစတပ်က လေကြောင်းကနေ ဗုံးကြဲပြီး မြေပြင်တွင် ရပ်ကွက်အချို့ကိုမီးရှို့ခဲ့ပါတယ်။
ဒီဇင်ဘာ၂ရက်မှာ စကစတပ်ရဲ့လုပ်ရပ်များကို ထီးချိုင့်TR Teamကအတည်ပြုဆိုပါတယ်။
ဒီဇင်ဘာ၂ရက်၁၂နာရီ၂၇အချိန် တံတားဦးကနေတက်လာတဲ့ JetFighter တစ်စီးဖြင့် ထီးချိုင့်မြို့ထဲ (၂)ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ၁၂နာရီ၄၂အချိန် တံတားဦးတက် နောက်ထပ် JerFighter တစ်စီးဖြင့် ထီးချိုင့်မြို့ထဲ(၂)ကြိမ် ဗုံးကြဲခဲ့တယ်"လို့ဆိုပါတယ်။
ထို့အပြင်ထီးချိုင့်မြို့ပေါ် အမှတ်(၃) သရက်မှော်ရပ်ကွက်ကို စကစတပ်ဖွဲ့ဝင်များကမီးရှို့ခဲ့ပါတယ်။
========================
📌📌 ၈။ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ သစ္စာရေသောက်ပွဲကျင်းပ
ဒီဇင်ဘာလ၂ရက်။
မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ သစ္စာရေသောက်ပွဲကျင်းပခဲ့တယ်လို့ ဒီဇင်ဘာ၂ရက်မှာ မွန်ပြည်တော်လှန်ရေးတပ်ကအသိပေးဆိုပါတယ်။
"နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ သစ္စာရေသောက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ သစ္စာရေသောက်ပွဲအခမ်းအနားတွင် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း - ၁၊ ရေးပြောက်ကျားတပ် - YGF ၊ YAF ၊ YDF ၊ MSRO စသည့်တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ကတိသစ္စာပြုကာ သစ္စာရေသောက်ခဲ့ကြပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF အနေဖြင့် မဟာမိတ်တပ်ပေါင်းစုများနှင့် ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ကိုရီးယားနိုင်ငံမှာ တတိယအကြီမ်မြောက် သမ္မတကြီး ကင်းမ်ဒဲဂျုန်၏ ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကျင်းပရာ မြန်မာ့နွေဦးတော်လှန်ရေးကိုဆက်လက်အကူအညီပေးဖို့တောင်းဆိုခဲ့
ဒီဇင်ဘာလ၂ရက်။
ကိုရီးယားနိုင်ငံမှာ တတိယအကြီမ်မြောက် သမ္မတကြီး ကင်းမ်ဒဲဂျုန်၏ ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကျင်းပရာ မြန်မာ့နွေဦးတော်လှန်ရေးကိုဆက်လက်အကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်။
၂၀၂၃ ခု ဒီဇင်ဘာ ၂ ရက် နေ့လယ် ၂ နာရီအချိန် ကိုရီးယားနိုင်ငံ ဂျောလာပြည်နယ် ယောင်းဂွါန်ဂွန်ရှိ ယဉ်ကျေးမှု ပြဇာတ်ရုံကြီးမှာ တတိယအကြီမ်မြောက် သမ္မတကြီး ကင်းမ်ဒဲဂျုန်၏ ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကိုကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် MFDMC (မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်)ထောက်ပို့ဥက္ကဋ္ဌဦးဇော်မိုးအောင်၊ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူး ဘုန်းဘုန်းနှင့်တော်လှန်ရေးအင်အားစုများတက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုစာလွှာ ပေးပို့ခြင်းနှင့် ဂုဏ်ပြု စကားများ ပြောကြားခဲ့ပြီး မြန်မာအင်အားစုများက မြန်မာ့နွေဦးတော်လှန်ရေးကိုဆက်လက်အကူအညီပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment