၂၀၂၃ ဒီဇင်င်ဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီကိုသစ္စာခံမှုတွေ ရပ်တန်းကရပ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေး
📌 ၂။ အာဏာရူးစစ်မိစ္ဆာများအား အချိန်တိုတို အတွင်း အမြစ်ပြတ်မောင်းထုတ်နိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်
📌 ၃။ အခုလိုအချိန်ကာလအတွင်းမှာ ဆက်သွယ်ရေးကိစ္စတွေ၊ သတင်းစီးဆင်းမှုအပိုင်းကဏ္ဍတွေက အထူးအရေးကြီးလှတယ်"လို့ လူ့အခွင့်ရေးဝန်ကြီးဆို
📌 ၄။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အခြေစိုက် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတခုက မြန်မာ စစ်ကောင်စီ လက်အောက်ခံ သံအမတ်ကို ပေးအပ်ခဲ့သည့် ဆုတစ်ခုအား တပတ်အကြာတွင် ပြန်လည် ရုပ်သိမ်း
📌 ၅။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ ဘက်မှ (၄) ဦးသေဆုံး
📌 ၆။ မုန်းမြို့ စခန်းသိမ်းတိုက်ပွဲများအတွင်း KNU/KNLA တပ်မဟာ (၃) လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့ ပါဝင်စစ်ဆင်ခဲ့
📌 ၇။“အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများညီလာခံသို့ တက်ရောက်မည် မဟုတ်
📌 ၈။ ရွှေပြည်စိုးစစ်ဆင်းရေးကိုထောက်ခံကြိုဆိုကြောင်းစာတန်းပါကိုင်စွဲ၍ မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့အတွက်လှုပ်ရှားမှုပြုလုပ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကိုသစ္စာခံမှုတွေ ရပ်တန်းကရပ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေး
ဒီဇင်ဘာ၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃) တွင် ပြည်ထောင်စုဝန်ကြီးချုပ်မှ အကြမ်းဖက်စစ်ကောင်စီကိုသစ္စာခံမှုတွေ ရပ်တန်းကရပ်ဖို့ သတိပေးဆိုလိုက်ပါတယ်။
"အခုချိန်မှာတော့ ဒီတော်လှန်ရေး ဘယ်လို အဆုံးသတ်တော့မယ်ဆိုတာ သိသာ ထင်ရှားနေပြီမို့ မိမိတို့ရဲ့ သားစဥ်မြေးဆက်အထိ လူဖြစ်ရှုံးကာ သမိုင်းတရားခံဖြစ်စေမယ့် အကြမ်းဖက်စစ်ကောင်စီကို ဆက်ပြီး သစ္စာခံနေတာကို ရပ်တန်းကရပ်ပြီး ပြည်သူလူထု အပေါ်သစ္စာခံပြီး တော်လှန်ရေးအစိုးရ၊ တော်လှန်ရေးအင်အား စုတွေနဲ့ အတူတကွ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့ အချိန်ရောက်နေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း သေဆုံးတဲ့စကစတပ်ဖွဲ့ဝင်သုံးသောင်းကျော်ရှိပြီဖြစ်ကာ ပြည်သူ့ဘက်သို့ကူးပြောင်းလာသူ တစ်သောင်းငါးထောင်ခန့်ရှိနေပြီ ဖြစ်ပါတယ်။
"ခုချိန်မှာဆိုရင် တော်လှန် ရေးအင်အားစု အသီးသီးဟာလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး တိုက်တွန်းနှိုးဆော်နေ ကြတာမို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ခုထိရှိနေကြသေးတဲ့ တပ်မတော်သား တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေအနေနဲ့ ဆုံးဖြတ်ချက် မမှားကြဖို့လည်း ဒီနေရာကနေထပ်မံ တိုက်တွန်းလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုထားပါတယ်။
========================
📌📌 ၂။ အာဏာရူးစစ်မိစ္ဆာများအား အချိန်တိုတို အတွင်း အမြစ်ပြတ်မောင်းထုတ်နိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်
ဒီဇင်ဘာ၇ရက်
ဒီဇင်ဘာလ ၇ ရက်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် အာဏာရူးစစ်မိစ္ဆာများအား အချိန်တိုတို အတွင်း အမြစ်ပြတ်မောင်းထုတ်နိုင်ပြီး နွေဦးတော်လှန်ရေး၏ အောင်ပွဲကိုလည်း အချိန်တိုတို အတွင်း ရရှိနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ထည့်သွင်းဖေါ်ပြထားပါတယ်။
ယနေ့ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေကြသော ရဲဘော်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်းနှင့် အားလုံးရည်မှန်းကြိုးပမ်း နေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အား အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးအတွက် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်၊ ခွန်အားသစ်များနှင့်အတူ ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်လို့ဆိုထားပါတယ်။
ထို့အပြင်ယခုအချိန်ကာလသည် အာဏာလု အကြမ်းဖက်စစ်တပ်အား စစ်ရေး၊ နိုင်ငံရေးနည်းလမ်း အမျိုးမျိုးအား ကိုယ်စီထမ်းရွက်ကာ ညီညွတ်သော ဆန့်ကျင်တော်လှန်မှုများကြောင့် တော်လှန်ရေး ခရီးတစ်လျှောက် အားကောင်းသော အောင်မြင်မှုများကို ရယူပိုင်ဆိုင်ထားနိုင်သည့် အချိန်ဖြစ်ပြီး တည်ဆောက်ထားပြီးသော ညီညွတ်ခြင်း၊ အပြန်အလှန်နားလည်ခြင်း၊ လေးစား တန်ဖိုးထားခြင်းများကို အခြေပြုလျက် မိမိတို့နိုင်ငံတွင် အာဏာရူးစစ်မိစ္ဆာများအား အချိန်တိုတို အတွင်း အမြစ်ပြတ်မောင်းထုတ်နိုင်ပြီး နွေဦးတော်လှန်ရေးကြီး၏ အောင်ပွဲကိုလည်း အချိန်တိုတို အတွင်း ရရှိနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါတယ်လို့ဆိုပါတယ်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အချင်းချင်း အပြန် အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားပြီး ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် လွတ်လပ်၍ငြိမ်းချမ်းပြီး ဝါဒဖြူစင်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ အခုလိုအချိန်ကာလအတွင်းမှာ ဆက်သွယ်ရေးကိစ္စတွေ၊ သတင်းစီးဆင်းမှုအပိုင်းကဏ္ဍတွေက အထူးအရေးကြီးလှတယ်"လို့ လူ့အခွင့်ရေးဝန်ကြီးဆို
ဒီဇင်ဘာ၇ရက်
ဒီဇင်ဘာလအတွင်း ပြုလုပ်တဲ့ 𝗙𝗲𝗱𝗲𝗿𝗮𝗹 𝗡𝗲𝘁 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻မှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ အားလုံးပါဝင်ကူညီပေးကြရန်တိုက်တွန်းပြောကြားရာတွင် အခုလို ပြောကြားထားပါတယ်။
"အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့တော်လှန်နေတဲ့ အခုလိုအချိန်ကာလအတွင်းမှာ ဆက်သွယ်ရေးကိစ္စတွေ၊ သတင်းစီးဆင်းမှုအပိုင်းကဏ္ဍတွေက အထူးအရေးကြီးလှပါတယ်။လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်တွေကို သေချာခိုင်မာစွာစိစစ်ဖို့၊ ထိရောက်တဲ့အရေးယူမှုတွေကို နိုင်ငံတကာကလုပ်ဆောင်ဖို့ကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီ အသုံးပြုတင်ပြနိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှုနည်းပညာတွေဂာ အများကြီးပံ့ပိုးမှုရှိနေပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍ "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။
Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် (၅) မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (၂.၅) သိန်းလိုအပ်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အခြေစိုက် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတခုက မြန်မာ စစ်ကောင်စီ လက်အောက်ခံ သံအမတ်ကို ပေးအပ်ခဲ့သည့် ဆုတစ်ခုအား တပတ်အကြာတွင် ပြန်လည် ရုပ်သိမ်း
ဒီဇင်ဘာ၆ရက်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အခြေစိုက် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတခုက မြန်မာ စစ်ကောင်စီ လက်အောက်ခံ သံအမတ်ကို ပေးအပ်ခဲ့သည့် ဆုတစ်ခုအား တစ်ပတ်အကြာတွင် ပြန်လည် ရုတ်သိမ်းကြောင်းကြေညာလိုက်ပါတယ်လို့ ကိုရီးယားနိူင်ငံ NUGကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။
၂၀၂၃ နိုဝင်ဘာလ ၂၉ ရက်နေ့က Korea Consumer Brand Awards Committee က ဆိုးလ်မြို့ရှိ Korea Press Center ၌ ကျင်းပပြုလုပ်သည့် Korea Consumer Brand Grand Prize Awards ဆုပေးပွဲတွင် ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံအမတ်ဆိုသူ ဦးသန့်စင်အား 2023 Best Ambassador Award ကို ပေးအပ်ခဲ့ပြီး၊ ယနေ့တွင် အဆိုပါဆုကို ပြန်လည်ရုတ်သိမ်းကြောင်း ဆုပေးခဲ့သည့် ကော်မတီက ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။
Korea Consumer Global Council ၏ ဝက်ဘ်ဆိုက်တွင် 2023 Korea Consumer Brand Award ဆုရရှိသော သန့်စင်(မြန်မာသံအမတ်)ကို ရွေးချယ်ခြင်းအား ပယ်ဖျက်ခြင်းကိစ္စ ဟူသည့် ခေါင်းစဉ်ဖြင့် ယနေ့ နေ့လယ် ၁ နာရီ ၅၁ မိနစ်တွင် ဆုပေးခြင်းအား ဖျက်သိမ်းကြောင်း ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်တွင် မြန်မာသံအမတ်အား ဆုပေးလိုက်သည့်အတွက် ကိုရီးယား လူမှုအဖွဲ့အစည်းများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနှင့် လွန်စွာစိတ်ပျက်မိသည်ဟု သိရှိရကြောင်း၊ ဆုပေးရခြင်းမှာ ယခုနှစ် မေလက ဆိုးလ်ယဉ်ကျေးမှုပွဲတော်တခုတွင် စကစသံရုံးက မြန်မာအစားအစာ မုန့်ဟင်းခါးရောင်းချခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သာမန် ယဉ်ကျေးမှု ဆက်ဆံရေးသဘောအရ ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး နိုင်ငံရေးများနှင့် မသက်ဆိုင်ပါကြောင်း၊ မြန်မာပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို မိမိတို့ ကောင်းစွာ မသိခဲ့သဖြင့် ယခုကဲ့သို့ ဆုပေးမိခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ ဘက်မှ (၄) ဦးသေဆုံး
ဒီဇင်ဘာ၇ရက်
အရပ်သားပြည်သူများအား နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့သည် မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ ဘက်မှ (၄) ဦးသေဆုံးခဲ့ကာ (၅) ဦး ဒဏ်ရာရရှိခဲ့တယ်"လို့ဒီဇင်ဘာ၆ရက်စစ်ရေးသတင်းကို ညီနောင်သုံးဖွဲ့ကအတည်ပြုဆိုပါတယ်။
အထိနာသွားသော ရန်သူ့တပ်ဖွဲ့ဝင်များသည် ညနေ (၃) နာရီအချိန်ခန့်တွင် ၎င်းတံတားအနီးမှ မြောက်ဦးမြို့ထဲသို့ လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် မင်းပြားမြို့၊ တောင်မော်ဦးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ပေါက်တောဒေသခံ (၁) ဦး သေဆုံးခဲ့ရသည့်အပြင် မင်းပြားမြို့၊ မယ်တော်တောင်တွင် တပ်စွဲထားသည့် ခမရ (၅၄၁) တပ်ရင်းမှလည်း မယ်တော်တောင်အနီး ဖြတ်သန်း သွားလာနေသော ပြည်သူများကို လက်နက်ငယ်များဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ မုန်းမြို့ စခန်းသိမ်းတိုက်ပွဲများအတွင်း KNU/KNLA တပ်မဟာ (၃) လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့ ပါဝင်စစ်ဆင်ခဲ့
ဒီဇင်ဘာ၇ရက်
"KNU/KNLA တပ်မဟာ (၃) လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲနှင့် ပူးပေါင်းတပ်များ၏ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၅၉၉ နှင့် ခမရ - ၅၉၀ တို့အပါအဝင် မုန်းမြို့ရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ ဒီဇင်ဘာ၇ရက်မှာ FederalWingsဒရုန်းတပ်ဖွဲ့ကအသိပေးဆိုပါတယ်။ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများကို KNLA တပ်မဟာ (၃) မှတပ်ရင်းများ၊ တပ်မဟာ (၁) နှင့်(၅) မှ KNLA တပ်ဖွဲ့များ၊ ရိုးမစစ်ကြောင်း (၂)/(၄)/(၅)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များနှင့် KNLA တပ်မဟာ (၃) လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့များမှ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။“အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများညီလာခံသို့ တက်ရောက်မည် မဟုတ်
တရားမဝင်မြန်မာစစ်အုပ်စုသည် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစီအစဉ် ဝန်ကြီးများညီလာခံကို ဒီဇင်ဘာ လ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားကြောင်း JusticeForMyanmarက အသိပေးဆိုပါတယ်။
GMS အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက်သည့် အာရှဖွံ့ဖြိုးရေးဘဏ်က ၎င်းတို့အနေဖြင့် အဆိုပါဝန်ကြီးများညီလာ ခံသို့ တက်ရောက်မည် မဟုတ်ကြောင်းနှင့် မည်သည့်ပံ့ပိုးကူညီမှုမှလည်း ပေးအပ်မည်မဟုတ်ကြောင်း Justice For Myanmar သို့ ပြောကြားခဲ့ရာ ကြိုဆိုရမည့် အရွေ့တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ပြောရေးဆိုခွင့်ရှိသူက Justice For Myanmar သို့ အီးမေလ်းဖြင့် အကြောင်းပြန်ကြားရာတွင် “အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများညီလာခံသို့ တက်ရောက်မည် မဟုတ်ပါ။ ထို့အပြင် အဆိုပါအခမ်းအနား အတွက် ဘဏ္ဍာရေးအကူအညီသော်လည်းကောင်း၊ စီစဉ်ကျင်းပရေး သို့မဟုတ် အကြံပေးပံ့ပိုးမှုသော်လည်းကောင်း အေဒီဘီက ပေးအပ်မည်မဟုတ်ပါ။ အေဒီဘီဘဏ်အနေဖြင့် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်သူများအတွက် ကုန်ကျစရိတ်များကိုလည်း ပံ့ပိုးပေးမည်မဟုတ်ပါ” ဟု ပြောကြားခဲ့ပါတယ်။
GMS နိုင်ငံများအနေဖြင့် အဆိုပါညီလာခံအား ဖျက်သိမ်းရန်နှင့် စစ်အုပ်စုအား GMS အစီအစဉ်မှ ပိတ်ပင်ရန် Justice For Myanmar က တောင်းဆိုထားပါတယ်။
အဆိုပါညီလာခံကို စစ်အုပ်စုဆက်နွှယ်ခရိုနီစီးပွားရေးလုပ်ငန်းစု International Group of Entrepreneur (IGE) ၏ အစိတ်အပိုင်းဖြစ်သည့် Grand Amara Hotel တွင် ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၈။ ရွှေပြည်စိုးစစ်ဆင်းရေးကိုထောက်ခံကြိုဆိုကြောင်းစာတန်းပါကိုင်စွဲ၍ မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့အတွက်လှုပ်ရှားမှုပြုလုပ်ခဲ့
ဒီဇင်ဘာ၇ရက်
"ယနေ့သည် သမိုင်းပြောင်ခဲ့သည့် (၁၀၃)မြောက် ဂုဏ်ယူဖွယ်အမျိုးသားနေ့ဖြစ်ပါတယ်။ ဗြိတိသျှအစိုးရ၏ မြန်မာပြည်သူအပေါ် နှိပ်ကွပ်သော (ကိုလိုနီ) ကျွန်ပညာရေးစနစ်ကို အမျိုးသားပညာရေးစနစ်သို့ ဖော်ထုတ်ခဲ့ရာမှ ပေါ်ပေါက်လာသည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။ မတရားမှုကိုခေတ်အဆက်ဆက် တော်လှန်ပုန်ကန်ခဲ့ကြသလို(2021) ခုနှစ်စစ်တပ်မှမတရားအာဏာကိုသိမ်းချိန်မှာလည်း တရားမျှတမှုတွက် အသက်ပေးဘဝစတေးခဲ့ကြတဲ့သူရဲကောင်းများကို အမှတ်ရသောအားဖြင့် " PDF ရဲဘော်များကို RPG ဖြင့်ထု၍ရဲဘော်ကျဆုံးကာ မတရားဖမ်းဆီးခံခဲ့ရသော 111လမ်း 51လမ်းထောင့်နေအိမ်တွင်ဘန်နာချိတ်ဆွဲခဲ့၍ ရွှေပြည်စိုးစစ်ဆင်းရေးကိုထောက်ခံကြိုဆိုကြောင်းစာတန်းပါကိုင်စွဲ၍ မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့အတွက်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်"လို့ ဒီဇင်ဘာ၇ရက်မှာ မန္တလေးသပိတ်အင်အားစုမှအသိပေးဆိုပါတယ်။
"တော်လှန်ပုန်ကန်လူထုအသံရွှေပြည်စိုးမည့်မန္တလေး" ဘန်နာကို လုံခြုံရေးတင်းကြပ်သည့်ကြားမှ စွဲကိုင်ခဲ့ကြတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment