၂၀၂၃ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၂။ မွန်ပြည်နယ်တွင် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ဖွဲ့စည်း
📌 ၃။ ကရင်နီပြည် ကြားကာလလွှတ်တော်က ရဲဌာနဥပဒေပြဌာန်း
📌 ၄။ အရာတော်မြို့နယ်တွင် ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် ဆေးခန်းဖွင့်လှစ်
📌 ၅။ ကျောက်မဲနှင့် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA ထပ်မံသိမ်းပိုက်
📌 ၆။ တရွန်အိုင်ဗျူဟာကုန်းစခန်းမှ သိမ်းပိုက်ရရှိခဲ့သော ဟောင်ဝစ်ဇာအမြောက်ကို AA ထုတ်ဖော်ပြသ
📌 ၇။ အရာတော်မြို့နယ်၊ ငွေတွင်း စစ်ကောင်စီ စခန်းကို ရှားထူးဝေါ နည်းပညာနဲ့ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့
📌 ၈။ ရွှေဘိုမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများသို့ ဒုတိယအကြိမ် ထောက်ပံ့မှုများပေးအပ်
📌 ၉။ ရေစကြိုမြို့နယ်တွင် လေကြောင်းရန်နဲ့ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး သင်ကြားပြသမှုများ ပြုလုပ် ဆောင်ရွက်
📌 ၁၀။ လူ့အခွင့်အရေး စာတမ်းဆု ဖြစ်တဲ့ Premio Maria Rita Saulle ဆုပေးပွဲတွင် Parliamentary Association of Friends of Burma ဥက္ကဋ္ဌ Albertina Soliani အား မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အထူးကြိုးပမ်း ဆောင်ရွက်ခဲ့မှုအတွက် ဆုချီးမြှင့်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ဒီဇင်ဘာလ ၆ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၃/၂၀၂၃) ကို ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၁ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ ဌာနနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများကို မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနဲ့ ပတ်သက်လို့ သိရှိလိုတဲ့ အချက်များကို မေးမြန်းခဲ့ပြီး ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။
တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက် အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ရပ်နားခဲ့ တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မွန်ပြည်နယ်တွင် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ဖွဲ့စည်း
ဒီဇင်ဘာလ ၆ရက်။
စစ်အာဏာသိမ်းမှုအပေါ် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ မွန်ပြည်နယ်က ဝန်ထမ်းတွေစုပေါင်းပြီး မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ CCSC-MON ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီဇင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
မွန်ပြည်နယ် အတွင်းက CDM တွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ခု ပေါ်ပေါက်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဌာနအသီးသီး ချိတ်ဆက်ဆောင်ရွက်ခဲ့ကာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ CCSC-MON ကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကောင်စီကို ပညာရေး CDM နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့နဲ့ အခြားဌာနများမှ CDM နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့ဆိုပြီး အစုအဖွဲ့ ၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒီကောင်စီဟာ မွန်ပြည်နယ်အတွင်းက CDM နိုင်ငံ့ဝန်ထမ်းတွေ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းပါဝင် လာနိုင်စေဖို့ ၊ CDM နိုင်ငံ့ဝန်ထမ်းတွေ၊ Non-CDM တွေနဲ့ အလင်းဝင်လာတဲ့ Non-CDM တွေ၊ ကြားကာလ ဝန်ထမ်းယန္တရားနဲ့ အခြားလိုအပ်တဲ့ မူဝါဒတွေ ပေါ်ထွက်လာစေဖို့နဲ့ စွမ်းဆောင်ရည် ပြည်ဝတဲ့ ဝန်ထမ်းယန္တရားတစ်ရပ် ပေါ်ထွန်းလာစေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ Non တွေနဲ့ပတ်သက်ပြီး ဘယ်လို အရေးယူ ဆောင်ရွက်မှာလည်း ဆိုတာကို သေသေချာချာ လုပ်စေချင်တယ်၊ ကိုယ်တွေ CDM လုပ်တုန်းက စစ်ကောင်စီ အလိုကျ ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တဲ့ တချို့တွေရဲ့ အောက်မှာတော့ အလုပ်ပြန်ဝင်ရမှာမျိုးကိုတော့ မဖြစ်စေချင်ဘူး” လို့ သထုံမြို့နယ်က CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အခြားပြည်နယ်၊ တိုင်းများနည်းတူ မွန်ပြည်နယ်မှာလည်း CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံသုံးပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးတာ၊ ဖမ်းဆီးစစ်ဆေးတာ၊ ပြည်ပထွက်ခွာခွင့် ကန့်သတ်တာ၊ နေအိမ်လိုင်းခန်းတွေကနေ နှင်ချခံရတာ၊ မတရားဖမ်းဆီးတာတွေကို ခံခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေနဲ့ မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် CDM တစ်ချို့ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြတာ ရှိပေမယ့် CDM ပြုလုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သုံးသိန်းကျော် ရှိနေသေးတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြီးခဲ့တဲ့ သြဂုတ်လမှာ ထုတ်ပြန်ထား ပါတယ်။
========================
📌📌 ၃။ ကရင်နီပြည် ကြားကာလလွှတ်တော်က ရဲဌာနဥပဒေပြဌာန်း
ဒီဇင်ဘာလ ၆ရက်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖွဲဝင် ကရင်နီပြည်အစိုးရ လက်အောက်မှာ ရဲလုပ်ငန်းတွေ အဆင်ပြေ ချောမွေ့စေဖို့ ရည်ရွယ်ပြီး ကရင်နီပြည်ရဲဌာနဥပဒေကို ပြန်ဋ္ဌာန်းလိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီက ဒီဇင်ဘာလ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ကို CDM ရဲများနဲ့ ရဲလုပ်ငန်းကို စိတ်ဝင်စားတဲ့ပြည်သူတွေနဲ့ ဖွဲစည်းထားတာဖြစ်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ -KSCC ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ဖွဲစည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ် ကြားကာလလွှတ်တော်အနေနဲ့ ကရင်နီပြည်နယ် ကြားကာလအစီအမံနဲ့အညီ ကရင်နီပြည် ရဲဌာန ဥပဒေကို ပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ KSP အနေနဲ့ ကရင်နီပြည်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှု အားကောင်းပြီး စွမ်းဆောင်ရည်မြင့်မားပြည့်ဝတဲ့ ကရင်နီပြည်ရဲဌာနအဖြစ် ရည်တည်လုပ်ဆောင်ရန်၊ နယ်မြေဒေသခံများနှင့် ပူးပေါင်းပြီး ပြည်သူလူထု ဗဟိုပြုဝန်ဆောင်မှုများကို ဆောင်ရွက်ရန်၊ ရာဇဝတ်မှုများ ကြိုတင်ကာကွယ်ရေး အလေးပေးဆောင်ရွက်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး ရဲသားရာထူးအဆင့်မှ ရဲချုပ်ရာထူးအဆင့် အထိ ပါဝင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီပြည်နယ် ကြားကာလလွှတ်တော်က ရေးစွဲပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများအပြင် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကိုလည်း လေးစာလိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ကရင်နီပြည် ရဲဌာနဥပဒေမှာ ရဲဌာနဖွဲ့စည်းပုံနှင့် ရာထူးသတ်မှတ်ချက်များ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကျင့်ဝတ်များ၊ စည်းကမ်းသတ်မှတ်ချက်နှင့် ပြစ်ဒဏ်၊ ရဲဝတ်တန်ဆာ၊ လစာ၊ ရိက္ခာနှင့်ခံစားခွင့် စတဲ့အခန်းတွေအပါအဝင် အခန်း ၉ ခန်းပါဝင်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ အရာတော်မြို့နယ်တွင် ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် ဆေးခန်းဖွင့်လှစ်
ဒီဇင်ဘာလ ၆ရက်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဒေသခံ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်စေရန် အတွက် ဆေးခန်း ၁ ခန်းကို ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆေးခန်းကို ဒီဇင်ဘာ ၅ ရက်နေ့က အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်၊ မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ကျန်းမာရေးတာဝန်ခံ-ရွေ့လျားကျန်းမာရေးဆရာတို့မှ ဦးဆောင်ဖွင့်လှစ် ပေးခဲ့တာဖြစ်ပါတယ်။
ထို့အပြင် မြို့နယ် ကျန်းမာရေးတာဝန်ခံနဲ့ မြို့နယ် လူသားစာနာတာဝန်ခံတို့မှ ထောက်ပံ့မှုများ ပေးအပ်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံက သိရပါတယ်။
========================
📌📌 ၅။ ကျောက်မဲနှင့် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA ထပ်မံသိမ်းပိုက်
ဒီဇင်ဘာလ ၆ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နဲ့ နမ့်ခမ်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီလို့ တအာင်းတပ် TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တအာင်းပြည်နယ် တပ်မဟာ-၂ စစ်ဒေသ ကျောက်မဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မိုင်းလုံးတပ်စခန်းကို ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ မိုင်းလုံးတပ်စခန်းကနေ ၈ဝ/၆ဝ မမ လက်နက်ကြီးအပါအဝင် သေနတ် ၁၃ လက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ တပ်မဟာ ၃ စစ်ဒေသဖြစ်တဲ့ နမ့်ခမ်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းဝီးတပ်စခန်းကိုလည်း ဒီဇင်ဘာ ၅ ရက်နေ့ ညသန်းခေါင်းယံအချိန်မှာ PSLF/TNLA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
မိုင်းဝီးတပ်စခန်းကိုသိမ်းပိုက်ရရှိနိုင်ဖို့ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက် မနက် ၁ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။
မိုင်းဝီးတပ်စခန်းကနေ ၆ဝ မမ လက်နက်ကြီးအပါအဝင် သေနတ် ၁ဝ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
တအာင်းတပ် PSLF/TNLA တပ်ဖွဲ့ဟာ ၁ဝ၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း ၅၃ ခုကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ တရွန်အိုင်ဗျူဟာကုန်းစခန်းမှ သိမ်းပိုက်ရရှိခဲ့သော ဟောင်ဝစ်ဇာအမြောက်ကို AA ထုတ်ဖော်ပြသ
ဒီဇင်ဘာလ ၆ရက်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းစခန်းကနေ သိမ်းပိုက်ရရှိခဲ့တဲ့ ဟောင်ဝစ်ဇာအမြောက်ကို ရခိုင့်တပ်တော် AA က ထုတ်ဖော်ပြသလိုက်ပါတယ်။
စစ်ကောင်စီအခြေစိုက် တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးအား ဒီဇင်ဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းမှာ ရခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီး အာရက္ခစစ်သည်တော်များ အောင်ပွဲခံအမှတ်တရဓာတ်ပုံဟုဆိုကာ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြသလိုက်တာဖြစ်ပါတယ်။
ပလက်ဝမြို့နယ်မှာရှိပြီး စစ်ရေးအရအရေးပါတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရွှန်အိုင်ဗျူဟာကုန်းနဲ့ နှုးဗူးဗျူဟာကုန်းကို သိမ်းပိုက်ရရှိနိုင်ဖို့ နိုဝင်ဘာလ ၁၄ ရက်နေ့မနက် ၆ နာရီကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုးစစ်ရက် ပေါင်း ၂၁ ရက်မြောက်ဖြစ်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲတနာရီကျော်အချိန်မှာ တရွှန်အိုင်ဗျူဟာ စခန်းကုန်း တခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ရခိုင့်တပ်တော် AA က အသိပေးထားပါတယ်။
၂၁ ရက်တာတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တရွှန်အိုင်ဗျူဟာကုန်းဟာ ရဟတ်ယာဉ်ကွင်း ၂ ခုရှိပြီး စခန်းကုန်းမကျစေရေးအတွက် အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူများစွာသုံးပြီး တုံ့ပြန်တိုက်ခိုက်နေတဲ့ကြားကနေ ရခိုင့်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာလည်း နှုးဗူးဗျူဟာကုန်းကို ထပ်မံသိမ်းပိုက်ရရှိနိုင်ဖို့ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို အကြမ်းဖက်စစ်ကောင်စီဘက်လည်း တိုက်လေယာဉ်တွေ လက်နက်ကြီးပစ်ကူ အမြောက်အများနဲ့ ခုခံစစ် ဆင်နွှဲနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ အရာတော်မြို့နယ်၊ ငွေတွင်း စစ်ကောင်စီ စခန်းကို ရှားထူးဝေါ နည်းပညာနဲ့ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့
ဒီဇင်ဘာလ ၆ရက်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ငွေတွင်း စစ်ကောင်စီစခန်းကို ရှားထူးဝေါ နည်းပညာဖြင့် ဗုံးသီး ၉လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ngwe Dwin Revolution Force (NDRF) က အသိပေး ထားပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ ၎င်းငွေတွင်း စစ်ကောင်စီ စခန်းကို ရှားထူးဝေါ နည်းပညာနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ NDRF တာဝန်ရှိသူက ဆိုပါတယ်။
ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက် နေချိန်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး ၃၀ လောက် ရောက်လာတာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆက်ပြောပါတယ်။
ထို့အပြင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထောင်ထားတဲ့ မိုင်းများကိုလည်း စစ်ကောင်စီဘက်က ထိမှန်ခဲ့ပြီး ငွေတွင်းရွာက ပျူစောထီးတစ်ဦး ခြေထောက်ထိမှန် ပြင်းထန်စွာ ထိခိုက်ဒါဏ်ရာရခဲ့ကာ စုစုပေါင်း ငါးဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို Ngwe Dwin Revolution Force (NDRF) , People Defence MyinMu (MMU) PDF , စစ်ကိုင်းခရိုင်အမှတ် ၇ တပ်ရင်း (MMU) , စစ်ကိုင်းခရိုင်အမှတ် ၆ တပ်ခွဲ ၁ (MMU) , စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း (MS) , မြင်းခြံ အမှတ် ၃ (မြေလတ် PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၈။ ရွှေဘိုမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများသို့ ဒုတိယအကြိမ် ထောက်ပံ့မှုများပေးအပ်
ဒီဇင်ဘာလ ၆ရက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများမှ မီးဘေးသင့် ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့မှုများ သွားရောက်ပေးအပ် ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ထံက သိရပါတယ်။
အဆိုပါ ထောက်ပံ့မှုကို ကျေးရွာတစ်ရွာရဲ့ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မတည်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ စုပေါင်းပြီး ဒီဇင်ဘာ ၅ ရက် နေ့က အနွေးစောင်ထည်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၉။ ရေစကြိုမြို့နယ်တွင် လေကြောင်းရန်နဲ့ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး သင်ကြားပြသမှုများ ပြုလုပ် ဆောင်ရွက်
ဒီဇင်ဘာလ ၆ရက်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျေးရွာတစ်ရွာတွင် ကျောင်းသား/သူများနဲ့ ကျေးရွာပြည်သူ များအား လေကြောင်းရန်နှင့် မိုင်းအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနဲ့ လက်တွေ့သင်ကြား ပြသပေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အသိပညာပေး အစီအစဉ်ကို ဒီဇင်ဘာလ ၅ ရက်နေ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြိုနယ် ပညာရေးတာဝန်ခံ၊ မြို့နယ် ကျန်းမာရေး တာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်တွင် ကျောင်းသား/ သူများနဲ့ ကျေးရွာပြည်သူများအား လေကြောင်းရန် အန္တရာယ် ကာကွယ်ရေး၊ ဗုံးခိုကျင်း အကြောင်း၊ လက်နက်ကြီး လက်နက်ငယ်နဲ့ မိုင်းအန္တရာယ် အကြောင်း အသိပညာပေး ဟောပြောခြင်းနဲ့ လက်တွေ့သင်ကြား ပြသမှုများ၊ အစမ်းလေ့ကျင့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၁၀။ လူ့အခွင့်အရေး စာတမ်းဆု ဖြစ်တဲ့ Premio Maria Rita Saulle ဆုပေးပွဲတွင် Parliamentary Association of Friends of Burma ဥက္ကဋ္ဌ Albertina Soliani အား မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အထူးကြိုးပမ်း ဆောင်ရွက်ခဲ့မှုအတွက် ဆုချီးမြှင့်ခံရ
ဒီဇင်ဘာလ ၆ရက်။
လူ့အခွင့်အရေး စာတမ်းဆုဖြစ်တဲ့ Premio Maria Rita Saulle ဆုပေးပွဲတွင် Parliamentary Association of Friends of Burma ဥက္ကဋ္ဌ ဖြစ်သူ Albertina Soliani အား မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး အထူးကြိုးပမ်း ဆောင်ရွက်ခဲ့မှုများအတွက် ဆုချီးမြှင့် ပေးအပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အီတလီနိုင်ငံ၊ ရောမမြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့က Institute of Political Studies “San Pio V” မှ ပေးအပ်ချီးမြှင့်တဲ့ လူ့အခွင့်အရေး စာတမ်းဆုဖြစ်တဲ့ Premio Maria Rita Saulle ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အဆိုပါဆုဟာ အီတလီနိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှ အသိအမှတ်ပြုထားပြီး နိုင်ငံရေး၊ လူမှုရေး၊ သတင်းပညာ အစရှိတဲ့ နယ်ပယ်အသီးသီးအပြင် လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ပြုဆုများကိုပါ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဆုပေးပွဲတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကြောင့် ဆိုးဝါးလှတဲ့ အခြေအနေများနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားများအတွက် သူမရဲ့ တစိုက်မတ်မတ် ကြိုးစားမှုများတွက် Albertina Soliani အား ဂုဏ်ပြုပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment