၂၀၂၃ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူများကို အာဏာပြမှုမရှိစေရေး ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်ဆင်နွှဲ
📌 ၃။ အလုပ်သမားရေးရာနဲ့ပတ်သက်လို့ အရေးယူမှုများပေါ်ထွက်လာရေး အမျိုးသားညီညွတ်ရေးအစိုးရက နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား
📌 ၄။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး တိုကျိုတက္ကသိုလ်တွင် ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်ဟောပြောဆွေးနွေး
📌 ၅။ စစ်ကောင်စီစကခ(၁၂)မှ စကခမှူးဗိုလ်မှူးချုပ်အောင်ဇော်လင်း ကိုးကန့်စစ်နယ်မြေတွင်းတိုက်ပွဲဖြစ်ပွားစဉ်တွင်ပစ်ခံရ၍ သေဆုံး
📌 ၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မြောက်ဘက် အင်အား (၂၀)ခန့် ဖြင့် တပ်စွဲထားသော နမခ ကာကင်းစခန်းဆီဆိုင်ကုန်းစခန်းအား ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့
📌 ၇။ မိုင်းလုံမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းနှင့် မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
📌 ၈။ နမ့်ခမ်းမြို့နယ် ပန်လော်နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင် (၅၀၀)ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက်၅နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် (၅)ဦးလုံး သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူများကို အာဏာပြမှုမရှိစေရေး ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ဒီဇင်ဘာလ၇ရက်။
ပြည်သူများကို အာဏာပြမှုမရှိစေရေး ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကြပ်မတ်ဆောင်ရွက်သွားရန် ဒီဇင်ဘာ ၇ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ်။
" အမျိုးသားအောင်ပွဲနေ့ကစတင် သန္ဓေတည်ခဲ့သည့် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး အနေမှန် နေရာမှန်ပေါ်မှာ အကောင်းဆုံးအသုံးချနိုင်ခဲ့ခြင်းကြောင့် ကိုလိုနီလက်အောက်မှ လွတ်မြောက်လာခဲ့သကဲ့သို့ ယခုနွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်အာဏာရှင်၏ ဗိုလ်ကျစိုးမိုးမှုကို လက်မခံဘဲ ရရာလက်နက်စွဲကိုင် တော်လှန်ရာတွင် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ကမ္ဘာမှာလည်း အံ့အားသင့်ရပါကြောင်း၊ မြို့နယ်များ၏ တင်ပြချက်များအပေါ် စီမံခန့်ခွဲပြီး ထိရောက်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ မှန်ကန်သော သတင်းစကားဖြန့်ဝေမှုတွင် ချိတ်ဆက်ပြီး ဟန်ချက်ညီညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာတွင် ကာကွယ်ရေးတပ်ဖွဲ့က အဓိက ကျ၍ ပြည်သူများကို အာဏာပြမှုမရှိစေရေး ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်ဆင်နွှဲ
ဒီဇင်ဘာလ ၇ရက်။
၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဒီဇင်ဘာ၇ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ ကမ်ပိန်းကို "လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်မျှတခြင်းဆီ လှိုင်းများနှင့်အတူချီ” ခေါင်းစဉ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်ဆင်နွှဲခဲ့တယ်လို့ဆိုပါတယ်။
ကမ်ပိန်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး၊ ဒုဝန်ကြီး ဦးကျော်နီ၊ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ ဒုဝန်ကြီးဒေါက်တာရွှေပုံ၊ ဒုဝန်ကြီး ဦးမင်းဇေယျာဦးတို့ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၀) ရက်နေ့ဟာ (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး (၇၅) နှစ်မြောက်အထိမ်းအမှတ်ကို ထူးထူးခြားခြား ကျင်းပဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြင်ဆင်နေလျက် ရှိပါတယ်။
========================
📌📌 ၃။ အလုပ်သမားရေးရာနဲ့ပတ်သက်လို့ အရေးယူမှုများပေါ်ထွက်လာရေး အမျိုးသားညီညွတ်ရေးအစိုးရက နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား
ဒီဇင်ဘာလ၇ရက်။
အလုပ်သမားရေးရာနဲ့ပတ်သက်လို့ အရေးယူမှုများပေါ်ထွက်လာရေး အမျိုးသားညီညွတ်ရေးအစိုးရက နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားပါတယ်။
ဒီဇင်ဘာ၇ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ်။
"အလုပ်သမားရေးရာနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေကို အလုပ်သမားရေးရာဝန်ကြီးဌာနက ILOကတဆင့်တိုင်ကြားပါတယ်။ အဲဒီကနေ အရေးယူမှုပေါ်ထွက်လာဖို့လုပ်ပါတယ်။ လူ့အခွင့်အရေးလမ်းကြောင်းအရ လူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ နောက်ပြီး ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး၊ နောက်လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအထိ အရေးယူနိုင်ဖို့ ကျွန်တော်တို့တင်ပြတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ကြိုးစားပါတယ်။ ရှိပြီးသားတရားရုံးတွေကတဆင့် နိုင်ငံအလိုက်တရားရုံးတွေအထိအပြင် တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းမှုတွေရှိပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒငါးရပ်တွင် အလုပ်သမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးဆောင်ရွက်ရန် တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအားILOမှတဆင့် တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရေးဆောင်ရွက်ရန်တို့ပါဝင်ပါတယ်။
"စစ်အုပ်စုဟာ ILOစုံစမ်းစစ်ဆေးရေးပါ တိုက်တွန်းချက်များကို လစ်လျူရှုရုံသာမကဘဲ လွတ်လပ်စွာ စုရုံးခွင့် ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်လုပ်ဆောင်နေတယ်"လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏကဆိုပါတယ်။
စစ်အုပ်စုဟာ လက်ရှိမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို မတရားဖမ်းဆီးထားကာ ပြစ်ဒဏ်များထပ်မံတိုးမြင့်ထောင်သွင်းအကျဥ်းချခြင်းတို့ ကျူးလွန်လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး တိုကျိုတက္ကသိုလ်တွင် ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်ဟောပြောဆွေးနွေး
ဒီဇင်ဘာလ၇ရက်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး တိုကျိုတက္ကသိုလ်တွင် ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်ဟောပြောဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ်လေ့လာရေးဌာန၊ အမေရိကန် ကာကွယ်ရေးတပ်ဖွဲ့၊ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်သည် ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဒီဇင်ဘာ ၆ ရက် (ဗုဒ္ဓဟူးနေ့)၊ ညနေ ၁၈း၃၀ နာရီက The University of Tokyo, Komaba campus တွင် မြန်မာ့အရေးနှင့် စပ်လျဉ်း၍ Myanmar Turmoil in the Context of Strategic Competition ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ရာ၊ အဆိုပါဟောပြောပွဲသို့ ဂျပန်နိုင်ငံ၊ မီဒီယာများနှင့် မြန်မာ့ အရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ပါမောက္ခ၊ ဒေါက်တာဒေါ်မီမီဝင်းဘတ်က လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနှင့် စပ်လျဉ်း၍ ၊ မြန်မာ့နိုင်ငံရေး ပထဝီဝင်အနေအထားနှင့် အခြေခံသမိုင်းကြောင်း၊ တော်လှန်ရေး အင်အားစုများ၏ အရည်အသွေး၊ ၁၀၂၇ စစ်ဆင်ရေး၏ အားသာချက်များနှင့် အောင်မြင်မှုများ၊ နိုင်ငံတကာ၏ မြန်မာ့အရေးအပေါ် အာရုံစိုက်မှုနှင့် နွေဦးတော်လှန်ရေးအပေါ် ပြည်သူများ၏ အားပေးထောက်ခံမှု စသည့် ကဏ္ဍရပ်များအပေါ် သုံးသပ်ဆွေးနွေးပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီစကခ(၁၂)မှ စကခမှူးဗိုလ်မှူးချုပ်အောင်ဇော်လင်း ကိုးကန့်စစ်နယ်မြေတွင်းတိုက်ပွဲဖြစ်ပွားစဉ်တွင်ပစ်ခံရ၍ သေဆုံး
ဒီဇင်ဘာလ ၇ရက်။
စစ်ကောင်စီ စကခ(၁၂)မှ စကခမှူးဗိုလ်မှူးချုပ်အောင်ဇော်လင်း ကိုးကန့်စစ်နယ်မြေတွင်းတိုက်ပွဲဖြစ်ပွားစဉ်တွင် ပစ်ခံရ၍ သေဆုံးခဲ့တယ်လို့ MNDAAမှ ဒီဇင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်မှုအရသိရပါတယ်။
"MNDAAမှ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ၊ ကုန်းကြမ်းစသည့်နေရာရှိ စစ်ကောင်စီနှစ်ပေါင်း(၃၀) နီးပါး တပ်စွဲတည်ဆောက်ခဲ့သော တပ်စခန်းကိုသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ အကြွင်းအကျန် အဖွဲ့ဝင်များသည် နေရာအနှံ့သို့ ထွက်ပြေးပုန်းအောင်းခဲ့ပါတယ်။ သို့သော် ရှောက်ကိုင်အုပ်စုနေရာတကြော ပုန်းအောင်းနေသော အကြွင်းအကျန်အဖွဲ့ဝင်တစ်ရာကျော်သည် MNDAA၏ ဝန်းရံပစ်ခတ်မှုကြောင့် ချေမှုန်းခံရပြီး ၎င်းတို့ချေမှုန်းခံရထဲတွင် စကခ(၁၂)မှ စကခမှူးလည်းပါဝင်ပါတယ်"လို့ဆိုပါတယ်။
စကခ(၁၆)မှူးသည် MNDAAမှ ကုန်းကြမ်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မလာခင်တစ်ရက်တွင် ထွက်ပြေးသွားခဲ့ပါတယ်။
သိမ်းဆည်းရရှိသောလက်နက်များကိုစိစစ်ပါက ရှောက်ကိုင်အုပ်စုနေရာတလျှောက်တွင် ပစ်သတ်ချေမှုန်းခံရသော စစ်ကောင်စီအဖွဲ့ဝင်မှာ စကခ(၁၂)လက်အောက်ခံ တပ်ရင်း(၃၅၅) နှင့် စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉) ၊ တပ်ရင်း(၃၂၃)တို့ဖြစ်ပါ တယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်များ ဆက်လက်ရှင်းလင်းသုတ်သင်ရန် လုပ်ဆောင်နေချိန်တွင် ပစ်သတ်သေဆုံးခဲ့ရသော စစ်ကောင်စီရုပ်အလောင်းတစ်လောင်းတွေ့ရှိပြီး ၎င်းရုပ် အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ(၁၂)မှ စကခမှူး အောင်ဇော်လင်းဖြစ်သည်ဟု ပဏာမကောက်ချက်ချအတည်ပြုပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မြောက်ဘက် အင်အား (၂၀)ခန့် ဖြင့် တပ်စွဲထားသော နမခ ကာကင်းစခန်းဆီဆိုင်ကုန်းစခန်းအား ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့
ဒီဇင်ဘာလ ၇ရက်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မြောက်ဘက် အင်အား (၂၀)ခန့် ဖြင့် တပ်စွဲထားသော နမခ ကာကင်းစခန်းဆီဆိုင်ကုန်းစခန်းအား ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ၇ရက်မှာ စစ်ရေးသတင်းကို Depeyin Local Mobile Teamက အတည်ပြုဆိုထားပါတယ်။
"ဒီဇင်ဘာ၅ရက်နေ့ နံနက် (၁၂:၁၁)AMနာရီအချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မြောက်ဘက် အင်အား (၂၀)ခန့် ဖြင့် တပ်စွဲထားသော နမခ ကာကင်းစခန်းဖြစ်သည့် ဆီဆိုင်ကုန်းစခန်းအား မိမိတို့တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် ပထမဦးစွာRPG ဖြင့် စကစများနေထိုင်ရာ တိုက်ခန်းတန်းလျားအား ပစ်ခတ်ရာ RPG အဖူးမကွဲခြင်းကြောင့် စကစများကစဉ့်ကလျားထွက်ပြေးသွားပါတယ်"လို့ဆိုပါတယ်။
ထို့နောက် ဒုတိယ အကြိမ် RPG ထပ်မံပစ်သွင်း၍ စကစစခန်းအား တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်တစ်ဦးမှ ပြန်လည်ခုခံသောကြောင့် လက်နက်ချအညံ့ခံရန် အော်ဟစ်သတိပေးသော်လည်း မလိုက်နာသဖြင့် ဝင်ရောက်လုံးထွေးကာ ပစ်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း MA 11 (၁)လက်၊ 5.56 ကျဉ်ဘောက် (၆)ဘောက်၊ 5.56 ကျည်(၅၆၅)တောင့်၊ ၄၀ မမ ဗုံးသီး (၁၅)လုံးနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၇။ မိုင်းလုံမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းနှင့် မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ဒီဇင်ဘာလ၇ရက်။
ဒီဇင်ဘာ၇ရက်မှာ စစ်ရေးသတင်းကို TNLAကအသိပေးဆိုပါတယ်။
"မိုင်းလုံမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နေ့လယ် (၁၁း၃၅)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။
၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ 60/80 MM လက်နက်ကြီးအပါအဝင်၊ လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ပါတယ်။
အလားတူ တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ (၄း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
မိုင်းလုံမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းဘက်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၂)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Y12/Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၈။ နမ့်ခမ်းမြို့နယ် ပန်လော်နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင် (၅၀၀)ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက်၅နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် (၅)ဦးလုံး သေဆုံးခဲ့
ဒီဇင်ဘာလ ၇ ရက်။
ဒီဇင်ဘာ၇ရက်နံနက် (၀၀း၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ပေါင် (၅၀၀)ဗုံးအသုံးပြုကာ အရပ်သားများအား ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLAကအတည်ပြုဆိုပါတယ်။
"တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် ပန်လော်ကျေးရွာနှင့် ဟိုနား(ကောင်းကပ်)ကျေးရွာကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် (၀၀း၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ပေါင် (၅၀၀)ဗုံးအသုံးပြုကာ အရပ်သားများအား ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဟိုနားကျေးရွာက နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် (၁)ဦးအပါအဝင် မိသားစုဝင် (၅)ဦးလုံး သေဆုံးခဲ့ကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသွားသူများမှာ လွေးအို အသက် (၅)နှစ်၊ မိုင်းယိုင်လေး အသက် (၃၅)နှစ်၊ တာဆွေ အသက် (၄၆)နှစ်၊ မာခမ်းလီး အသက် (၅၀)နှစ်နှင့် ယားဘာ အသက် (၅၆)နှစ်တို့ ဖြစ်ကြပြီး အသက် (၆)နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ထို့အပြင် ည(၁၂း၀၀)အချိန်တွင် စစ်ကောင်စီသည် နမ်ခမ်းမြို့နယ် ပန်လော်ကျေးရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပန်လော်ကျေးရွာရှိ ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် (၆း၀၀)အချိန်တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီ၏ ၅၀၁၊ ၅၀၂ တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ အောင်မြေသာယာရပ်ကွက်(ငြိမ်းချမ်းရေးကုန်း)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
========================
📌📌 ၉။ မုန်းမြို့ပေါ်တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦများစွာပျက်စီးရပြီး သောင်းနှင့်ချီသော ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ
ဒီဇင်ဘာလ (၇) ရက်။
ဒီဇင်ဘာ၇ရက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့ပေါ် တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လေတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းနှင့် မသက်ဆိုင်သော အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာများ အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သောကြောင့် ရေလဲကျေးရွာအတွင်းရှိ ဘုရား ကျောင်း (၁) ကျောင်းနှင့် ပြည်သူလူထုပိုင်နေအိမ် (၄) လုံးခန့်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ထိုကဲ့သို့ အရပ်သားပြည်သူလူထုအားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မုန်း မြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိကျေးရွာ ပေါင်း (၉၅)ရွာရှိ သောင်းနှင့်ချီသော ပြည်သူလူထုများ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ကောက်ခံရရှိသော စာရင်းများအရ ကျေးရွာ ပေါင်း (၈၅) ရွာမှ ပြည်သူလူထုပေါင်း (၆၈,၄၀၃) ဦးခန့်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။
မုန်းမြို့ပေါ်အတွင်း နယ်မြေတည်ငြိမ်မှုမရှိသေးသည့်အတွက် ပြည်သူလူထုပိုင် ပစ္စည်း ဥစ္စာများထိခိုက်ပျက်စီးမှု၊ ပြည်သူလူထိခိုက်သေဆုံးရမှုနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထု၏ အချက်အလက်များကို အတိအကျကောက်ယူရရှိရန် ကြန့်ကြာလျက် ရှိတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment