25th JAN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ခုခံစစ်အရှိန် မြှင့်လာသည်နဲ့အမျှ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ကျေပွန်ဖို့ အရေးကြီးပြီး  တော်လှန်ရေး အောင်ပွဲ၊ စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲရရှိအောင် ကြိုးပမ်းနေရဟု ယာယီသမ္မတ သတိပေး

📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရတယ်လို့ဆို

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ Professor Masao Imamura နှင့်  Professor Maiko Ichihara တို့အား တွေ့ဆုံခဲ့

📌 ၄။ အကြမ်းဖက်စစ်ကောင်စီဟာ အသက်မပြည့်သေးတဲ့ကလေးတွေကိုစစ်သားအဖြစ်ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးပြုတယ်ဆိုတဲ့သတင်းတွေရရှိတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏတက်ရောက်

📌 ၆။ တပ်ရင်းအလိုက်ဘက်ပြောင်းမှုများ ကရင်နီပြည် မြို့နယ်အချို့တွင် အကောင်အထည်ဖော်မည်

📌 ၇။ စစ်ကောင်စီရဲ့ စွပ်စွဲပြောဆို မှုများကို ငြင်းဆိုလိုက်ပြီး ထိန်းချုပ်နယ်မြေများနှင့် နယ်စပ်ဒေသများတွင် မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်ရန် အသင့်ရှိတယ်လို့ AA ပြော

📌 ၈။ လက်နက်နှင့် CDM ဝင်ရောက်လာသော ပြည်သူ့သားကောင်းများကို NUGကာကွယ်ရေးဝန်ကြီးဌာနမှ သိန်းတရာနှစ်ဆယ့်ခြောက်သိန်းဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ တမူးPDFတပ်ရင်းမှ အသိပေး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၁၂၃) ကို KIA သိမ်းပိုက်

🚩 ၂။ အင်းလေးဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အခြေချနေပြီဟု အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်

🚩 ၃။ လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသ၌ လူဆိုး သူခိုး ဓားပြရန်ကာကွယ်နိုင်ရေး လုံခြုံရေးလှုပ်ရှားမှု လုပ်ဆောင်နေခြင်းသာဖြစ်ဟု PNLA ဆို

🚩 ၄။ BGFခေါင်းဆောင်များအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စကစနဲ့ပူးပေါင်းရန်မရှိတော့ဘူးလို့ BGFခေါင်းဆောင်စော ချစ်သူထုတ်ဖော်ပြောကြား

🚩 ၅။ ဘုတလင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား PDF တိုက်ခိုက်

🚩 ၆။ အရာတော်နယ် စက်မှုလယ်ယာဂိတ်မှ အမြောက်တပ်သို့ အားဖြည့်ရန်လာသည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၇။ ဝက်လက်နယ် ရေလည်မော်ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခုခံစစ်အရှိန် မြှင့်လာသည်နဲ့အမျှ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ကျေပွန်ဖို့ အရေးကြီးပြီး  တော်လှန်ရေး အောင်ပွဲ၊ စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲရရှိအောင် ကြိုးပမ်းနေရဟု ယာယီသမ္မတ သတိပေး


ဇန်နဝါရီလ ၂၄ရက်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက စစ်ရေး ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစေရေး အရေးပါမှုကို အခုလို အလေးထား ပြောကြားခဲ့တာ ဖြစ်ပါတယ်။


"အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတိုရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတာကို သတိချပ်စေချင်ပါတယ်။ တော်လှန်ရေး ခရီးတာ ရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေး သတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီးလိုအပ်လာလေလေ ဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေအထိ ပျံ့နှံဖို့လိုအပ်ပါတယ်" လို့ ယာယီသမ္မတက ပြောပါတယ်။


အခုလို စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ လိုက်နာရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနဲ့သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ LDF/ LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများနဲ့လည်း သက်ဆိုင်တယ်လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။


တော်လှန်ရေး အောင်ပွဲ၊ စစ်ရေး အောင်ပွဲနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစား နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ၎င်းက အသိပေးပါတယ်။


"စစ်ရေးအရ အောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ် သာဓကတွေဟာ အတိတ်က နိုင်ငံတကာ နိုင်ငံတွေရဲ့ တော်လှန်ရေး သာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရ သည့်တိုင်အောင်၊ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်" လို့ ယာယီသမ္မတက ဆိုပါတယ်။


ထို့အပြင် စစ်ပွဲမှာ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ် နဲ့ မလျော်ညီတာများကို ခွင့်ပြု၍ မရနိုင်ကြောင်း အလေးနက်ထား ပြောကြားခဲ့ပြီး စစ်ရေးစည်းကမ်း ချိုးဖောက်မှုတွေ ရှိခဲ့ရင်လဲ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို ပေးဖို့နဲ့ စည်းမျဉ်းအတိုင်း လိုက်နာနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြဖို့ကိုလည် တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရတယ်လို့ဆို


ဇန်နဝါရီလ ၂၄ရက်။

ဇန်နဝါရီလ ၂၃ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကအခုလိုပြောဆိုပါတယ်။


"အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ ပြုန်းတီးလာတဲ့ သူတို့ရဲ့ အင်အားတွေအတွက် ပြည်သူလူထုကို အတင်းအဓမ္မနည်းလမ်းတွေနဲ့ အကြမ်းဖက်စစ်တပ်ထဲ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် နိမ့်ကျပြီး စစ်ကျွန်ပြုတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ ဒေသအသီးသီးမှာ စစ်ကောင်စီထိန်းချုပ်ပြီး စစ်ကျွန်ပြုခြင်း မခံရလေအောင် တော်လှန်ရေးကို အလျင်အမြန် အောင်နိုင်စေဖို့ ကျွန်တော်တို့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အကြမ်းဖက်စကစဟာ လက်ရှိမှာ ပြည်သူ့စစ်များဖွဲ့စည်းရန် နယ်မြို့များမှာ အရပ်သားများကို သိမ်းသွင်းစည်းရုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ Professor Masao Imamura နှင့်  Professor Maiko Ichihara တို့အား တွေ့ဆုံခဲ့


ဇန်နဝါရီလ ၂၄ရက်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဇန်နဝါရီလ ၂၃ရက် (အင်္ဂါနေ့) နံနက် ၁၀း၀၀ နာရီတွင် ဂျပန်နိုင်ငံ၊ Yamagata တက္ကသိုလ်၊ လူသားနှင့်လူမှုရေးသိပ္ပံဌာနမှ ပါမောက္ခဖြစ်သူ Professor Masao Imamura  နှင့် Hitotsubashi University မှ Assistant Vice President for International Affairs ဖြစ်သူ Professor Maiko Ichihara တို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၌ တွေ့ဆုံခဲ့ပါတယ်။


ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ စစ်အာဏာရှင်များ၏ နိုင်ငံရေးအတ္တနှင့် ကိုယ်ကျိုးရှာဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသားများ ဒုက္ခရောက်ကြရသည့် အခြေအနေများ၊ အပြစ်မဲ့ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအစရှိသည်တို့ကြောင့် တိုးပွားလာနေသော စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များ၏ အခြေအနေများ၊ အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးလုပ်ငန်း များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။


ထို့နောက် မြန်မာနိုင်ငံရှိ၊ စစ်ဘေးရှောင်ပြည်သူများ၊ နယ်စပ်တွင်ရောက်ရှိနေသည့် ဒုက္ခသည်များအား ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီဟာ အသက်မပြည့်သေးတဲ့ကလေးတွေကိုစစ်သားအဖြစ်ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးပြုတယ်ဆိုတဲ့သတင်းတွေရရှိတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


ဇန်နဝါရီလ၂၄ရက်။

အကြမ်းဖက်စစ်ကောင်စီဟာ အသက်မပြည့်သေးတဲ့ကလေးတွေကို စစ်သားအဖြစ်ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးပြုတယ်ဆိုတဲ့သတင်းတွေရရှိတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီ တပ်မတော်လို့ခေါ်တဲ့တပ်ဖွဲ့တွေဟာ ကလေးစစ်သားကို ဟိုးရှေးအစဥ်အဆက်က ခေါ်ယူအသုံးပြုတာရှိပါတယ်။ ကလေးတွေဟာ စာသင်ကျောင်းထဲရောက်ရမယ့်အစား စစ်မြေပြင်မှာသေနတ်ကိုင်ပြီး တိုက်ပွဲဝင်နေရတာ တော်တော်များပါတယ်။ အခုလည်းဒီကာလအတွင်းမှာ အသက်မပြည့်သေးတဲ့ကလေးတွေကို စစ်သားအဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးပြုတယ်ဆိုတဲ့သတင်းတွေရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ကလေးစစ်သားအသုံးပြုခြင်းဟာ ကလေးသူငယ်အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်မှုဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးလက်ခံတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ကလေးစစ်သားအသုံးပြုခြင်းကိုသတိပြုရှောင်ရှားဖို့ ဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏတက်ရောက်


ဇန်နဝါရီလ ၂၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ၂၄ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်သုဝဏ္ဏမှတက်ရောက် အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသောမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ တပ်ရင်းအလိုက်ဘက်ပြောင်းမှုများ ကရင်နီပြည် မြို့နယ်အချို့တွင် အကောင်အထည်ဖော်မည်


ဇန်နဝါရီလ ၂၄ရက်

တပ်ရင်းအလိုက်ဘက်ပြောင်းမှုများ ကရင်နီပြည် မြို့နယ်အချို့မှာ မကြာမီ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 


ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းများ ပြည်သူဘက်သို့ ဘက်ပြောင်းရေး တိုက်တွန်းချက်တစောင် ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။ 


ကရင်နီပြည်နယ်အတွင်းမှာ တပြိုင်တည်း စုပေါင်းဘက်ပြောင်းမှုအစီအစဥ်တစ်ရပ် အကောင်အထည် ဖော်ဆောင်နေရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့က တာဝန်ရှိသူတွေနဲ့ ကနဦး ညှိနှိုင်း သဘောတူမှုများ ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 


ကရင်နီပြည်အတွင်းမှာရှိတဲ့ ခြေမြန်၊ ခြေလျင်နဲ့ အမြောက်တပ်တွေဟာ နယ်မြေခံတပ်ရင်းများဖြစ်ပြီး  နှစ်ရှည်လများ မိသားစုတွေနဲ့အတူ အခြေချနေထိုင်သူတွေဖြစ်တဲ့အတွက်  ကရင်နီပြည်သူများနဲ့အတူ ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့နဲ့ တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းကြဖို့လည်း KNDF ကတိုက်တွန်းထားပါတယ်။ 


မိသားစုများအလိုက်ဖြစ်စေ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူတွေကို တော်လှန်ရေးတပ်ဖွဲ့များနဲ့ အုပ်ချုပ်ရေးအဖွဲ့များက လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုးခံစားခွင့်များလည်း စီမံဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီရဲ့ စွပ်စွဲပြောဆို မှုများကို ငြင်းဆိုလိုက်ပြီး ထိန်းချုပ်နယ်မြေများနှင့် နယ်စပ်ဒေသများတွင် မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်ရန် အသင့်ရှိတယ်လို့ AA ပြော


ဇန်နဝါရီလ ၂၄ရက်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာများတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့အစည်းအား မူးယစ်ဆေးဝါး အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဂုဏ်သိက္ခာကျဆင်းအောင် စွပ်စွဲမှုများ၊ လုပ်ကြံပြောဆို ရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်း အပေါ် ပြတ်သားစွာ ငြင်းပယ်တယ်လို့ AA က ပြောပါတယ်။


၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း ရှမ်းမြောက်၊ ရက္ခိုင်နှင့် ပလက်၀ အပါအဝင် AA စစ်ရေးလှုပ်ရှားရာ ဒေသများမှာ ဘယ်လိုမှ မယှဉ်နိုင်တော့တဲ့အခါ စစ်ကောင်စီက AA ကို ဂုဏ်သိက္ခာ ကျဆင်းစေရန်နဲ့ နိုင်ငံတကာက အထင်အမြင် လွဲမှားစေရန် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်နေတယ်လို့ဆိုပြီး နိုင်ငံရေး ထိုးနှက်တိုက်ခိုက်ချက်များကို ခပ်စိပ်စိပ် ပြုလုပ်လာခဲ့တာကြောင့် AA အနေနဲ့ ပြန်လည်ငြင်းချက် ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။


ခေတ်အဆက်ဆက်မှာ စစ်ဗိုလ်ချုပ်ကြီးများကသာ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းများတွင် နောက်ကွယ်မှ အဓိက ပါဝင်နေကြပြီး ယခု ကျားဖျင့်လုပ်ငန်း တွင်လည်း စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ ပါဝင်နေကာ ကျားဖျင့်လုပ်ကိုင်သူများကို ယခုတိုင် အပ်နှံခြင်း မရှိသေးဘဲ အကာအကွယ် ပေးထားသည်မှာ ၎င်းတို့ ပါဝင်ပတ်သတ်နေကြောင်း ဖုံးကွယ် နှုတ်ပိတ်ထားခြင်းပင် ဖြစ်တယ်လို့ AA က ဆိုပါတယ်။


မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ သဘောထားမှာ လူသားမျိုးနွယ်စုကို ကောင်းကျိုးမပေးတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်း များကို AA အဖွဲ့ အနေနဲ့ မည်သည့်အခါမှ ပြုလုပ်မှာ မဟုတ်တဲ့အပြင် အားပေးနေမှာလည်း မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


ထို့အပြင် AA ထိန်းချုပ်နယ်မြေများနဲ့ နယ်စပ်ဒေသများမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အချိန်တစ်ခုမှာ ဆောင်ရွက်သွားရန် လျာထားပြီး မည်သည့်အဖွဲ့အစည်း နှင့်မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့လည်း အသိပေး ဖော်ပြထားပါတယ်။


========================


📌📌 ၈။ လက်နက်နှင့် CDM ဝင်ရောက်လာသော ပြည်သူ့သားကောင်းများကို NUGကာကွယ်ရေးဝန်ကြီးဌာနမှ သိန်းတရာနှစ်ဆယ့်ခြောက်သိန်းဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ တမူးPDFတပ်ရင်းမှ အသိပေး


ဇန်နဝါရီလ ၂၄ရက်။

လက်နက်နှင့် CDM ဝင်ရောက်လာသောပြည်သူ့သားကောင်းများကို NUGကာကွယ်ရေးဝန်ကြီးဌာနမှ သိန်းတရာနှစ်ဆယ့်ခြောက်သိန်းဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၄ရက်မှာ တမူးPDFတပ်ရင်း၄က အသိပေးဆိုပါတယ်။


"ညွှန်ကြားရေးမှူးချုပ်၊ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဦးစီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနမှ  လက်နက်နှင့် CDM ဝင်ရောက်လာသော ပြည်သူ့သားကောင်းများဖြစ်သည့် ကိုကျော်လင်းထိုက် ကိုကောင်းထက်အောင်တို့အား MMK 12,600,000 (တစ်ရာ နှစ်ဆယ့်ခြောက်သိန်းကျပ်တိတိ) အား ဂုဏ်ပြုချီးမြှင့်ပေးသောကြောင့် အထူးကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြပါတယ်။


လက်ရှိမှာ ပြည်သူ့ရင်ခွင်ခိုလှုံသည့် တပ်နှင့်ရဲအင်အားတစ်သောင်းလေးထောင်ကျော်ရှိပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၁၂၃) ကို KIA သိမ်းပိုက်


ဇန်နဝါရီလ ၂၄ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၁၂၃ တပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။


ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ နာရီ ဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ကနဦးသတင်း ရရှိထားပြီး မြေပြင်သတင်း ပြည့်ပြည့်စုံစုံကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူ က ဆိုပါတယ်။


နမ့်ဖက်ကာရှိ စစ်ကောင်စီရဲ့ ခလရ (၁၂၃) တပ်ရင်းဌာနချုပ် စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် KIA က ၂၀၂၃ နှစ်ကုန်ပိုင်းထဲက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ခဲ့ရပြီး  ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းပြီးနောက် စစ်ကောင်စီ တပ်က လေကြောင်းကနေ ဆက်တိုက်လာရောက် ပစ်ခတ် နေကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။


ဇန်နဝါရီလ ၂၄ရက်နေ့ ညနေပိုင်းမှာ ပြင်ဦးလွင်နဲ့ နမ့်ဆန် လေတပ်စခန်းမှ တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စင်းက နမ့်ဖက်ကာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


စစ်ကောင်စီ အနေနဲ့ နမ့်ဖက်ကာ ခမရ ၁၂၃ တပ်စခန်း မကျစေရေးအတွက် လေကြောင်းပစ်ကူ အကြိမ်ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့ရပြီး ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်ပွဲအတွင်း တရုတ်ထုတ် FTC 2000G အမျိုးအစား တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ ပါသေးတယ်။


KIA အနေနဲ့ နမ့်ဖက်ကာနဲ့ အနီးတဝိုက်ရှိ စစ်ကောင်စီ တပ်စခန်း တချို့ကို သိမ်းပိုက်ထားနိုင်ပြီး ရှမ်းမြောက်ရှိ စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်းကို ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ဇန်နဝါရီလ အတွင်း တိုက်ခိုက်သိမ်းပိုက် ထားနိုင်ခဲ့ပါတယ်။


ကချင်ဒေသနှင့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIA က ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကိုင်းတိုင်းဒေသရှိ တချို့တိုက်ပွဲများတွင်လည်း PDF များ အပါအဝင် တခြားမဟာမိတ် တပ်များနဲ့ ပူးပေါင်းဆောင်ရွက် နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ အင်းလေးဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အခြေချနေပြီဟု အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်


ဇန်နဝါရီလ ၂၄ရက်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF အခြေချနေပြီလို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 


ရှမ်း-ကရင်နီ (ကယား) နယ်စပ်က ဖယ်ခုံမြို့မှာရှိတဲ့ အင်းအရှေ့ဘက်ခြမ်းက ဆောင်နန်းခဲစခန်းကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှာ သိမ်းယူလိုက်ပြီဖြစ်သလို ညောင်ရွှေမြို့နယ် ထဲက ကျေးရွာတွေနဲ့ ပင်လောင်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း IPDF တပ်ဖွဲ့တွေ အခြေချနေပြီလို့ ဖော်ပြထားပါတယ်။ 


ထို့အပြင် အင်းလေးဒေသအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကိုစုစည်းပြီး အနာဂတ် အင်းလေးဒေသအရေးနှင့် ပြည်ထောင်စုအရးအရာကိစ္စများကို ဦးဆောင်ဦးရွက်ပြုနိုင်မယ့် အင်းလေး အတိုင်ပင်ခံကောင်စီ ပေါ်ပေါက်လာရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့က ကြေညာထားပါတယ်။ 


အင်းလေးဒေသမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် -IPDF အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု -IFDM အင်းလေးအမျိုးသမီးသမဂ္ဂ -IWU တို့ဟာ အင်းလေးဒေသမှာမရှိခဲ့ဘူးတဲ့ တော်လှန်ရေးအဖွဲ့အစည်း တွေအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။ လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသ၌ လူဆိုး သူခိုး ဓားပြရန်ကာကွယ်နိုင်ရေး လုံခြုံရေးလှုပ်ရှားမှု လုပ်ဆောင်နေခြင်းသာဖြစ်ဟု PNLA ဆို


ဇန်နဝါရီလ ၂၄ရက်။

ပအိုဝ်းဒေသဟာ လက်ရှိကာလမှာ လုံခြုံမှုအားနည်းနေတဲ့အတွက် လူဆိုး သူခိုး ဓားပြရန်ကနေ ကာကွယ်ဖို့ လုံခြုံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 


ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဒေသအချို့မှာ စစ်တပ်၊ ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့နဲ့ PNLO/PNLA တို့ကြား ဇန်နဝါရီလ ၂ဝ ရက်နေ့ကစပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာကြောင့် PNLA က အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA ဟာ ပအိုဝ်းဒေသတွင်းမှာရှိတဲ့ ပအိုဝ်းလူမျိုးတွေနဲ့ အခြား ညီနောင်တိုင်းရင်းသားပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ဖို့ ကာကွယ်ပေးရမယ့် တပ်မတော်ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ဒါ့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA အနေနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထု အားလုံး အေးချမ်းသာယာစွာ သွားလာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးလှုပ်ရှားမှုသာဖြစ်တဲ့အကြောင့် မိဘ ပြည်သူများကို အသိပေးအပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။  


========================


🚩🚩 ၄။ BGFခေါင်းဆောင်များအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စကစနဲ့ပူးပေါင်းရန်မရှိတော့ဘူးလို့ BGFခေါင်းဆောင်စော ချစ်သူထုတ်ဖော်ပြောကြား


ဇန်နဝါရီလ ၂၄ရက်။

BGFခေါင်းဆောင်များ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စကစနဲ့ပူးပေါင်းရန်မရှိတော့ဘူးလို့ BGFခေါင်းဆောင်စောချစ်သူ က ဇန်နဝါရီလ၂၄ရက်မှာ CNIကို အတိအလင်းပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ကတော့၁၃ရက်နေ့ BGFခေါင်းဆောင်များအစည်းအဝေးဆုံးဖြတ်ချက်အတိုင်းပဲ။ ကျွန်တော်တို့မပူးပေါင်းတော့ပါဘူး"လို့ဆိုပါတယ်။


စကစနဲ့မပူးပေါင်းရန်ဆုံးဖြတ်ချက်ကို လက်အောက်ငယ်တပ်သားများတင်ပြချက်အရဆုံးဖြတ်ခဲ့ကြောင်း၊ စကစရဲ့ လစာနဲ့ရိက္ခာကိုရယူပါက ခိုင်းတာလုပ်ရမည်ဖြစ်၍ ကရင်အချင်းချင်းပြန်တိုက်ရမည်ဖြစ်ကြောင်း၊ ထို့အတွက်စကစနှင့်ပူးပေါင်းရန်မရှိတော့ဘူးလို့ဆိုပါတယ်။


၄င်းBGFခေါင်းဆောင်များကို စကစဒုခေါင်းဆောင်ကိုယ်တိုင် ကရင်ပြည်နယ်ဘားအံ့သို့ လာရောက် တွေ့ဆုံစည်းရုံးခဲ့သော်လည်း ညှိနှိုင်းတွေ့ဆုံမှု အဆင်မပြေခဲ့ဘူးလို့သိရပါတယ်။


========================


🚩🚩 ၅။ ဘုတလင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား PDF တိုက်ခိုက်


ဇန်နဝါရီလ ၂၄ရက်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် နာရီကျော်ခန့်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ကုက္ကိုစုကျေးရွာအား စစ်ကြောင်းထိုးပြီး ပြန်ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို မြို့အဝင်အနီး ကြိုတင်ကင်းပုန်းဝတ်ထားတဲ့ နေရာကို ရောက်လာချိန်မှာ စောင့်ဆိုင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ဘုတလင်တပ်ခွဲမှ တပ်ခွဲမှူး က ပြောပါတယ်။


အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိတယ်လို့ FRF အဖွဲ့က ဆိုပါတယ်။


အဆိုပါ စစ်ကြောင်းတွင် ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ပြည်သူအချို့လည်း ပါဝင်ပြီး ဘုတလင် မြို့ပေါ်ရှိ ပြည်သူ့ဝန်ဆောင်မှု OSS ရုံးကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


ဘုတလင် မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့မှာ ဗျူဟာမှူး အပြောင်းအလဲ လုပ်ပြီးနောက် ယခင်ကဲ့သို့ စစ်ကြောင်းရှည် မထွက်တော့ဘဲ မြို့အနီး ဝန်းကျင်ကိုသာ နေ့ချင်းပြန် စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပြောပါတယ်။


ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဘုတလင်မြိုနယ်၊ ကြက်ရိုးကုန်းကျေးရွာကို  ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို FRF အဖွဲနှင့် ဒေသတွင်း တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ အရာတော်နယ် စက်မှုလယ်ယာဂိတ်မှ အမြောက်တပ်သို့ အားဖြည့်ရန်လာသည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဇန်နဝါရီလ ၂၄ရက်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတွေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


စစ်ကိုင်းတိုင်း အရာတော်မြို့အနောက်ဘက် စက်မှုလယ်ယာ ဂိတ်စခန်းကနေ အမတ ၃၆၉ တပ်ကို အင်အားဖြည့်တင်းဖို့ လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ နားနေတဲ့အဆောင်ကို ၁၂၀ မမ ဗုံးသီးတလုံးနဲ့ တပ်စခန်းအတွင်းက ဗဟိုကင်းစခန်းပေါ်ကို ၁၂၀ မမ ဗုံးသီး တလုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


တိုက်ခိုက်မှုအတွင်း အဆောက်အအုံ လုံး ထိခိုက်ပျက်စီးခဲ့ပြီး  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အသိပေးထားပါတယ်။


အခုလိုတိုက်ခိုက်ခံလိုက်ရတာကြောင့် အရာတော်မြိုပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းနဲ့ ကင်းစခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို BGS Ayadaw Drone Force နဲ့ Ayadaw Rocket force က ဦးဆောင်ပြီး အရာတော်မြိုနယ် တိုက်နယ်အမှတ်‌ - က ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၉ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၇။ ဝက်လက်နယ် ရေလည်မော်ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး


ဇန်နဝါရီလ ၂၄ရက်။

စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင် ဝက်လက်နယ်က ရေလည်မော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


စဉ့်ကူးမြို့နယ် ရွာသာယာပျူရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် နာရီခန့်က စစ်လှေနဲ့ထွက်လာပြီး ဝက်လက်နယ်က ရေလည်မော်ကျေးရွာကို စက်သေနတ် အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ အိမ် ၁၂ လုံးခန့်ကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ Wetlet Informational Network ကလည်း အသိပေးထားပါတယ်။ 


အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ပဲမှော်စင်တလုံး၊ ဆိုင်ကယ် စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသာယာရွာကို ပြန်သွားတယ်လို့ပြောပါတယ်။


ထို့အပြင် ရွာသာယာကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာဧရာဝတီမြစ်အနောက်ဘက် ခြမ်းမှာရှိတဲ့ ဝက်လက်နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ တိုက်ခိုက်လေ့ ရှိတယ်လို့ ဒေသတွင်းသတင်းရင်မြစ်တွေက ပြောပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment