17th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မွန်ပြည်သစ်ပါတီ၁။ တော်လှန်ရေးမှာပါဝင်လာသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ကို NUG ကြိုဆို

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၃။ အကြမ်းဖက်ရဲ့ သွေးရူးသွေးတန်း ပြည်သူ့စစ်နဲ့စစ်မှုထမ်းအမိန့် ပြည်သူမရှိဘဲ ပြည်သူ့စစ်ဖြစ်မလာဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ ကရင်နီပြည် စစ်မြေပြင်ထိ ရဲဘော်များကို ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင် လာရောက်အားပေး

📌 ၅။ "တော်လှန်ရေးမှာ ပါဝင်နေတယ် ဆိုရင်ပူးပေါင်း လုပ်ဆောင်ကြပါက ရေလိုက် မလွဲတော့ဘူး"လို့ ဒုဝန်ကြီး ဦးမော်ထွန်း

📌 ၆။ သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ   ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ  ပြန်ကြားရေး CDM များနှင့် တွေ့ဆုံ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရှားတောမြို့သိမ်းတိုက်ပွဲ၌ ဒရုန်းမစ်ရှင် ရာချီလုပ်ဆောင်ခဲ့ဟု လွိုင်ကော် PDF ဆို

🚩 ၂။ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများမှသိမ်းဆည်းရရှိသည့် အတွဲလိုက်ဒုံးတင်ယာဉ် ၂စီးအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံးယာဉ်များကို ရခိုင့်တပ်တော် ထုတ်ဖော်ပြသ

🚩 ၃။ ပခုက္ကူမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ဆောက်ရန်ကြိုးစားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

🚩 ၄။ ဟိုပုံးမြို့နယ်အတွင်း ဒေသခံပြည်သူများ အသုံးပြုနေသောလမ်းပိုင်းကို စစ်တပ်နှင့်ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီး

🚩 ၅။ မြိုင်နယ် ကန်နီပျူရွာသို့ ရိက္ခာလာပို့သော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူများကို စွန့်ပစ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးမှာပါဝင်လာသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ကို NUG ကြိုဆို


ဖေဖော်ဝါရီလ ၁၆ရက်။

စစ်ကောင်စီကို တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုမှာ ပါဝင်လာတဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ရဲ့ ကြေညာချက်ကို ကြိုဆိုပြီး ကျန်တဲ့ တိုင်းရင်းသားအင်အားစုတွေလည်း ပူးပေါင်းပါဝင်လာကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တနေတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲအစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ ပူပေါင်း လက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာရှိပါတယ်။

အဆိုပါထုတ်ပြန်ချက်ကို NUG က ကြိုဆိုလိုက်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ မွန်တော်လှန်ရေးသမိုင်းမှာ မော်ကွန်းသစ် ရေးထိုးနိုင်ခဲ့တဲ့နေ့တနေ့အဖြစ် မှတ်တမ်းတင်တဲ့အကြောင်း NUG က အသိပေးပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ ကင်းစင်ပပျောက်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အခိုင်အမာ လက်တွဲကာ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ကတိပြုထားပါတယ်။

ထို့အပြင် တော်လှန်ရေးမှာ ပါဝင်လာခြင်းမရှိသေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်


ဖေဖော်ဝါရီလ ၁၆ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၄)ကို ဖေဖော်ဝါရီ၁၆ရက်က ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ကျန်းမာရေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ တက်ရောက်ကာ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာန တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ 


========================


📌📌 ၃။ အကြမ်းဖက်ရဲ့ သွေးရူးသွေးတန်း ပြည်သူ့စစ်နဲ့စစ်မှုထမ်းအမိန့် ပြည်သူမရှိဘဲ ပြည်သူ့စစ်ဖြစ်မလာဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


ဖေဖော်ဝါရီလ ၁၆ရက်။

အကြမ်းဖက်ရဲ့ သွေးရူးသွေးတန်း ပြည်သူ့စစ်နဲ့ စစ်မှုထမ်းအမိန့်ပြည်သူမရှိဘဲ ပြည်သူ့စစ်ဖြစ်မလာဘူးလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီလ ၁၆ရက်မှာ ဆိုရှယ်မီဒီယာမှာ ရေးသားဆိုပါတယ်။


"အကြမ်းဖက်ရဲ့ သွေးရူးသွေးတန်း ပြည်သူ့စစ်နဲ့စစ်မှုထမ်း အရူးအမိန့် ပြည်သူမရှိဘဲ ပြည်သူ့စစ်ဖြစ်မလာပါဘူး။ ပြည်သူမပါဘဲ တိုင်းပြည်ကို အုပ်ချုပ်စိုးမိုးလို့မရပါဘူး။ ဒါဟာ နိယာမအမှန်တရားပါ"လို့ဆိုပါတယ်။


ယခင် နအဖက ဥပဒေအမှတ် ၂၇၊ ၂၀၂၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး  အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ကရင်နီပြည် စစ်မြေပြင်ထိ ရဲဘော်များကို ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင် လာရောက်အားပေး


ဖေဖော်ဝါရီ၁၆ရက်

အဆိုပါသတင်းကို ဖေဖော်ဝါရီလ ၁၆ရက်မှာ WE ARE KNDFကအသိပေးဖော်ပြပါတယ်။


"ကရင်နီပြည် စစ်မြေပြင်ထိ ရဲဘော်များကို လာရောက်အားပေးနေတဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒု ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်အား အထူးပင် ကျေးဇူးတင်လျှက်"လို့ဆိုထားပါတယ်။


KNDFရဲဘော်များတွေ့ဆုံအားပေးရာတွင် ဒုဝန်ကြီးခွန်မျိုးအောင်ပါ တက်ရောက်ခဲ့ပါတယ်။


ဒုဝန်ကြီးနှစ်ဦးသည် နေပြည်သိမ်းပိုက် အောင်လံစိုက်ကမ်ပိန်းကိုလည်း ကျပ်ခြောက်သိန်းထောက်ပို့လှူဒါန်းခဲ့ပါသေးတယ်။


========================


📌📌 ၅။ "တော်လှန်ရေးမှာ ပါဝင်နေတယ် ဆိုရင်ပူးပေါင်း လုပ်ဆောင်ကြပါက ရေလိုက် မလွဲတော့ဘူး"လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို


ဖေဖော်ဝါရီလ ၁၆ရက်။

"တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုရင်ပူးပေါင်း လုပ်ဆောင်ကြပါက ရေလိုက် မလွဲတော့ဘူး"လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဖေဖော်ဝါရီလ ၁၆ရက်မှာ ဆိုရှယ်မီဒီယာမှတဆင့် ပြောဆိုလိုက်ပါတယ်။


"တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုရင် ကျွန်တော်တို့ တဖွဲ့ချင်း၊ တဦးချင်းဖြစ်စေ၊ အားလုံးရဲ့ ကံကြမ္မာဟာ ဆက်စပ်နေပါတယ်။

ဒါလေးကို သတိကပ်ပြီး၊ သွားလာ၊ နေထိုင်၊ ပူးပေါင်း လုပ်ဆောင်ကြရင် ရေလိုက်မလွဲတော့ဘူးပေါ့"လို့ဆိုပါတယ်။


လက်ရှိမှာ ဖက်ဒရယ်ချာတာအတိုင်း အမျိုးသားညီညွတ်ရေးအစိုးရဟာ လျှောက်လှမ်းလျက်ရှိပြီးတော့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ   ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ  ပြန်ကြားရေး CDM များနှင့် တွေ့ဆုံ


ဖေဖော်ဝါရီလ၊ ၁၆ ရက်။

သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေးအတွက် MOCIT ဝန်ကြီးဌာနအောက်ရှိ   ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ  ပြန်ကြားရေး CDM များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တွဲဘက်အတွင်းဝန်များ၊ မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications-BOSC )မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်နှင့် ပြန်ကြားရေး CDM များတက်ရောက်ခဲ့ကြပါတယ်။


စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမှန်များစီးဆင်းနိုင်မှုအပေါ်  နိုင်ငံတကာနှင့် အများပြည်သူသိရှိနိုင်ရေး အရေးကြီးသည့် ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော လစ်လပ်နေရာများအတွက် ပြန်ကြားရေး CDM များနှင့် ပူးပေါင်းဆောင်ရွက်ကာ ပိုမွန်ကောင်းမွန်သည့် လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။


သတင်းမှန်များ စီးဆင်းနိုင်ရေးလုပ်ဆောင်ရာတွင် ဗျူဟာမြောက်ပြည်သူ့ဆက်ဆံရေးကို အကျိုးရှိထိရောက်နိုင်အောင်  ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications-BOSC ) မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်မှ ဆွေးနွေးပြောကြားခဲ့ပါတယ်။


ဆက်လက်၍ BOSC အနေဖြင့် NUG အစိုးရနှင့် ပြည်သူကြား၊ NUG နှင့် ကမ္ဘာ့မီဒီယာများကြား၊ NUG နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကြားတွင် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနည်းလမ်းများဖန်တီးကာ ပိုမိုကောင်းမွန်သည့် ယုံကြည်မှုတည်ဆောက်နေသည့် အခြေအနေများနှင့် ကတိကဝတ် ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ပန်းတိုင်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


မီဒီယာ၊ ရုပ်သံလိုင်း၊ သတင်းထုတ်ဝေခြင်းကဏ္ဍ၌ လက်ရှိလုပ်ဆောင်နေမှုများနှင့် လိုအပ်လျက်ရှိသည့် တိုင်းရင်းသားဘာသာနှင့် English ဘာသာဖြင့် သတင်းတင်ဆက်မှုလုပ်ငန်းများတွင် ပြန်ကြားရေး CDM များအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးနိုင်ရေး  ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ရှားတောမြို့သိမ်းတိုက်ပွဲ၌ ဒရုန်းမစ်ရှင် ရာချီလုပ်ဆောင်ခဲ့ဟု လွိုင်ကော် PDF ဆို


ဖေဖော်ဝါရီလ ၁၆ရက်။

ကရင်နီပြည် ရှားတောမြို့သိမ်းတိုက်ပွဲမှာ ဒရုန်းမစ်ရှင် ရာချီလုပ်ဆောင်ခဲ့တယ်လို့ လွိုင်ကော် PDF က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။ 

လွိုင်ကော် PDF အနေနဲ့ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်တွေ အလုံးစုံကင်းစင်ရေးပါဝင်ခဲ့သလို ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားတဲ့ ရှားတောမြို့သိမ်းတိုက်ပွဲမှာလည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲမှာ လွိုင်ကော် PDF က drone တိုက်ခိုက်ရေးမစ်ရှင် ရာချီဆောင်ရွက်ခဲ့ပြီး အင်တိုက်အားတိုက် ပူးပေါင်းခဲ့တယ်လို့ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဘက်က ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူပိုင်နေအိမ် ၅ဝ ဝန်းကျင် ဖျက်ဆီးခဲ့ပြီး အရပ်သား ဦးထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့လည်း လွိုင်ကော် PDF က အသိပေးထားပါတယ်။ 

ကရင်နီပြည် ရှားတောမြို့မှာ နှစ်ပေါင်းများစွာ အခိုင်အမာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးကို လွိုင်ကော် PDF အပါအဝင် KA KNDF တို့က တလတာနီးပါးတိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးမျိုးစုံ ၁၈ လက်၊ Smoke Gun လက်၊ Jammer Gun တလက်၊ ဆက်သွယ်ရေးစက်များ၊ စစ်ကောင်စီယာဉ်များ၊ ခဲယမ်းကျည်ဆန်စတဲ့ အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 

တိုက်ပွဲကာလတလျောက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော်အချို့လည်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။ 

လွိုင်ကော် PDF အနေနဲ့ ကရင်နီဒေသမှာ အကြမ်းဖက်စစ်ကောင်စီ အပြီးတိုင်ချုပ်ငြိမ်းသွားတဲ့အထိ အရေးတော်ပုံ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများမှသိမ်းဆည်းရရှိသည့် အတွဲလိုက်ဒုံးတင်ယာဉ် ၂စီးအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံးယာဉ်များကို ရခိုင့်တပ်တော် ထုတ်ဖော်ပြသ


ဖေဖော်ဝါရီလ ၁၆ရက်။

ရခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်းတွေကနေ သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဖေဖော်ဝါရီလ ၁၆ရက် ညနေပိုင်းမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

မင်းပြားမြို့မှာရှိတဲ့ အမှတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- လက်အောက်ခံ နည်းဗျူဟာ ၂၊ ခမရ - ၃၇၉ ခမရ - ၃၈၀ နဲ့ ခမရ ၅၄၁ တပ်ရင်းတို့ကို ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီပထမပတ်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါတပ်ရင်းတွေက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ထုတ်ဖော်ပြခဲ့ရာမှာ ပျက်စီးနေပြီ ဖြစ်တဲ့ အတွဲလိုက် ပစ် ဒုံးတင်ယာဉ် စီး၊ အရာရှိကိုင် လက်နက်ငယ် ၆၀ ကျော်၊ လက်နက်ငယ်နဲ့လက်နက်ကြီးတွေအပါအဝင် စစ်သုံး မော်တော်ယာဉ်တွေ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

ရခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျောက်တော်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

ရခိုင့်တပ်တော် AA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်ကစပြီး ရခိုင်ဒေသနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ထိုးစစ်ဆင်ခဲ့ရာ သုံးလအတွင်း ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ မြေပုံမြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ရသေ့တောင်၊ မောင်တောနဲ့ ရမ်းဗြဲအပါအဝင် ရခိုင်ဒေသမှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ရင်းများ၊ စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ဆောက်ရန်ကြိုးစားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်


ဖေဖော်ဝါရီလ ၁၆ရက်။ 

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းက ပခုက္ကူ-ပေါက်လမ်းပိုင်းမှာရှိတဲ့ မင်းနန်တောလမ်းဆုံမှာ စစ်ရေး ဂိတ်ဆောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကန်နီပျူရွာကထွက်လာတဲ့ စစ်ယာဉ်တန်းကို မောင်းသူမဲ့လေယာဉ်တွေသုံးပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Pakokku People Defense Force -PPDF က ထုတ်ပြန်ပါတယ်။ 

ပခုက္ကူ-ပေါက်လမ်းပိုင်း မင်းနန်တောလမ်းဆုံမှာ စစ်ဆေးရေးဂိတ်ဆောက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်မှာ Fix Wings လေယာဉ်ငယ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိမရှိ ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Pakokku People Defense Force -PPDF က ကမ္မတပ်ပေါင်းစု၊ မြိုင်ပကဖတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အလားတူ မွန်းလွဲ နာရီခန့်မှာလည်း မြိုင်မြို့နယ်အရှေ့ဘက် ပုသိမ်-မုံရွာလမ်းပေါ်မှာ ကန်နီပျူရွာကနေထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို Fix Wings လေယာဉ်ငယ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ PPDF က အသိပေးထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကိုလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့တာလို့ Pakokku People Defense Force -PPDF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ဟိုပုံးမြို့နယ်အတွင်း ဒေသခံပြည်သူများ အသုံးပြုနေသောလမ်းပိုင်းကို စစ်တပ်နှင့်ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီး


ဖေဖော်ဝါရီလ ၁၆ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်မှာရှိတဲ့ ဒေသခံပြည်သူတွေ အသုံးပြုသွားလာနေတဲ့လမ်းပိုင်းကို အကြမ်းဖက်စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံပြည်သူ့စစ်တွေက မြေတူးစက်တွေသုံးပြီး ဖျက်ဆီးခဲ့တယ်လို့ PNLA က ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။  

ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိဒေသကပြည်သူတွေ အသုံးပြုနေတဲ့ ပြည်သူပိုင်လမ်းပိုင်းကို  အကြမ်းဖက် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက  ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ မြေတူးစက်တွေနဲ့ ဖျက်ဆီးခဲ့တာကြောင့် ဒေသနေပြည်သူတွေ သွားလာရေးအတွက် အခက်အခဲဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံပြည်သူစစ်တွေဟာ တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတာကြောင့် ၎င်းတို့ကျင့်သုံးနေကျထုံးစံအတိုင်း အလုံးစုံပျက်စီးရေးမူကို ကျင့်သုံးနေတာဖြစ်နိုင်တယ်လို့ နိုင်ငံရေး၊စစ်ရေးလေ့လာနေသူတွေက ပြောပါတယ်။ 

အခုလို အကြမ်းဖက်စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တွေ မြေတူးစက်တွေနဲ့ ဖျက်ဆီးသွားခဲ့တဲ့လမ်းပိုင်းကို ဒေသနေပြည်သူများ ယာယီအသုံးပြုသွားလာနိုင်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA က ပြန်လည် ပြင်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြိုင်နယ် ကန်နီပျူရွာသို့ ရိက္ခာလာပို့သော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူများကို စွန့်ပစ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့


ဖေဖော်ဝါရီလ ၁၆ရက်။

မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကန်နီပျူရွာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရရာမှာ သေဆုံးသွားသူတွေကို စွန့်ပစ်ထားတဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ မြိုင် ပကဖက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

မြိုင်ပကဖဟာ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကန်နီပျူစောထီးရွာသို့ ရိက္ခာပို့လာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကြိမ်ဖန်များစွာ ထိတွေ့မှုဖြစ်ရာမှာ ထိတွေ့မှုများအတွင်း စစ်ကောင်စီဘက်က အထိနာသွားတဲ့အတွက် နောက်ပြန်ဆုတ်သွားကြတယ်လို့ဆိုပါတယ်။ 

ဖေဖော်ဝါရီလ ၁၁ရက်နေ့ကလည်း ကန်နီပျူစောထီးရွာကို ရိက္ခာပို့လာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါထိတွေ့တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စတပ်ဖွဲ့ဝင်အလောင်းတွေကို စစ်ကြောင်းက စွန့်ပစ်ထားခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း လောင်းကို လူကျင့်ဝတ်၊ စစ်ကျင့်ဝတ်မှုများနဲ့အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီး အမျှအတန်းပေးဝေခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။ 

ဖေဖော်ဝါရီလ ၁၁ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေအပြင် ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ကားတစီး မိုင်းထိ ပျက်စီးခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment