၂၀၂၄ မတ်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ NUG ယာယီသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် များတက်ရောက်မည်
📌 ၂။ ဒေသန္တရအုပ်ချုပ်ရေးယန္တရားထူထောင်ခြင်းသည် တရားဝင်အစိုးရတရပ်ဖြစ်ကြောင်း ကမ္ဘာသိအောင် ပြသခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော
📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၄။ ပြင်သစ်သံအမတ်ကြီး Mr.Jerome Bonnafont နဲ့လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတွေ့ဆုံ
📌 ၅။ စကစနဲ့ ပေါင်းသူ ပြည်သူ့ရန်သူဆိုတဲ့ ကာလတရပ်ဖြစ်နေတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို
📌 ၆။ အကြမ်းဖက်စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှုကို ၂၀၂၄ မတ်လမှ စတင်၍ လုပ်ဆောင်သွားမယ်လို့အသိပေး
၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ပြုလုပ်သည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု အပတ်စဥ် (၈) သင်တန်းဆင်းပွဲကျင်းပ
🚩 ၂။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲတွင်သေဆုံး
🚩 ၃။ ကျားသစ်နက်တပ်ဖွဲ့ကို မြို့နယ်အဆင့် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်က ကားတစီးလှူဒါန်း၊ စရဖတဦးအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
🚩 ၄။ မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရွှေကျင်တိုးဂိတ်အပါအဝင် ထိန်းချုပ်ထားသော CCTV Main Server ကို ဖောက်ခွဲ တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ NUG ယာယီသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် များတက်ရောက်မည်
မတ်လ ၇ရက်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက် မနက် ၁၀ နာရီအချိန်မှာ ကျင်းပမှာဖြစ်ပြီး NUG ယာယီသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မယ့် အဆိုပါအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတို့အပါအဝင် တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်က "အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့" ဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊ PVTV ၊ Mizzima ၊ DVB နဲ့ ခေတ်သစ်သတင်းဌာန အစရှိတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ နွေဦးတော်လှန်ရေးနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး၊ စစ်အာဏာရှင်အဆုံးသတ်ရေး တိုက်ပွဲမှာ ရဲဝံ့စွာပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးများရဲ့ ပေးဆပ်မှု၊ ခံနိုင်ရည်စွမ်းရှိမှုနှင့် ခက်ခဲကြမ်းတမ်းပြီး စိန်ခေါ်မှုများတဲ့ အခုလိုအချိန်မှာ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့် ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ Profile Change Campaign ပြုလုပ်လျက်ရှိရာမှာ NUG အစိုးရအဖွဲ့ဝင်တွေ ပါဝင်ဆင်နွှဲနေတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ဒေသန္တရအုပ်ချုပ်ရေးယန္တရားထူထောင်ခြင်းသည် တရားဝင်အစိုးရတရပ်ဖြစ်ကြောင်း ကမ္ဘာသိအောင် ပြသခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော
မတ်လ ၇ရက်။
ဒေသန္တရအုပ်ချုပ်ရေးယန္တရား ထူထောင်တယ်ဆိုတာက တရားဝင်အစိုးရတရပ်ဖြစ်တယ်ဆိုတာကို ကမ္ဘာသိအောင် ပြသခြင်းဖြစ်တယ်လို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၉/၂၀၂၄ ကို မတ်လ ၇ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ရာမှာ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒါ့ကြောင့် စိုးမိုးထိန်းချုပ်နယ်မြေတွေ ရရှိဖို့နဲ့ စုစည်းပြီး ခိုင်မာ စနစ်ကျတဲ့ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ရေးကို အလေးအနက်ထား ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
နယ်မြေစိုးမိုးထိန်းချုပ်ရေးဆိုတာ တော်လှန်ရေးတစုံလုံးရဲ့ အဓိကအကျဆုံးအပိုင်းဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ပြည်သူလူထုကို ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့ဆိုတာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှ၊ ၁၀၀ ရာခိုင်နှုန်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကင်းစင်သွားမှ နောက်ထပ်တခါထပ်ပြီး ထိုးဖောက်တိုက်ခိုက်တာ မခံရအောင် စစ်ဇုန်၊ ကြားခံဇုန်၊ လုံခြုံရေး ဇုန် စသဖြင့် ဇုန်အလိုက် ခွဲခြားလုပ်ဆောင်ထားနိုင်မှသာ ဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ မူဝါဒတွေကို လိုအပ်သလို ပြန်လည်သုံးသပ်ဖို့၊ ကျင့်သုံးနေတဲ့မူဝါဒတွေကို မြို့နယ် အဆင့်အထိ တာဝန်ရှိသူတွေ ကျေလည်နေစေဖို့ ပေါင်းစပ်ညှိနှိုင်းဖို့ခက်ခဲနေတဲ့ မြို့နယ်တွေရဲ့ အခြေအနေတွေကို သေသေချာချာသိအောင်လုပ်ပြီး ပေါင်းစပ်ညှိနှိုင်းပေးနိုင်ဖို့စတဲ့ လုပ်ငန်းစဥ်တွေကို အားစိုက်လုပ်ဆောင်ကြဖို့လိုပါတယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာကြတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တွေက ၈/၂၀၂၄ အစည်းအဝေးမှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ဖို့ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အကျယ်တဝင့် ဆွေးနွေးခဲ့ပါကြတယ်။
အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနဲ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
မတ်လ ၇ ရက်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၈/၂၀၂၄)ကို မတ်လ၇ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပြင်သစ်သံအမတ်ကြီး Mr.Jerome Bonnafont နဲ့လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတွေ့ဆုံ
မတ်လ ၇ရက်။
ပြင်သစ်သံအမတ်ကြီး Mr.Jerome Bonnafont နဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံခဲ့ပါတယ်။
"ပြင်သစ်သံအမတ်ကြီး Mr.Jerome Bonnafont နဲ့တွေ့ဆုံပြီး မြန်မာစစ်တပ်အပေါ် ပိုမိုထိရောက်တဲ့အရေးယူချက်တွေ တောင်းဆိုတဲ့ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကနေ အမှန်တကယ်အရေးယူဆောင်ရွက်မှုတွေဖြစ်လာဖို့ ဆွေးနွေးခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းဟာ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk နဲ့လည်း မတ်လ (၄) ရက်နေ့က ဂျီနီဗာနိုင်ငံရှိ မဟာမင်းကြီး၏ ရုံးခန်းတွင် တွေ့ဆုံခဲ့ပါသေးတယ်။
========================
📌📌 ၅။ စကစနဲ့ ပေါင်းသူ ပြည်သူ့ရန်သူဆိုတဲ့ ကာလတရပ်ဖြစ်နေတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို
မတ်လ ၇ရက်။
စကစ နဲ့ ပေါင်းသူ ပြည်သူ့ရန်သူ ဆိုတဲ့ ကာလတရပ်ဖြစ်နေတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က မတ်လ ၇ရက်မှ ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောပါတယ်။
"ဦးရွှေမင်း လက်ရှိ ကချင်ပြည်နယ် တိုက်ပွဲမှာ ကျသွားတယ်ဆိုတာ ကြားမိတော့ ကိုယ်နဲ့ သိခဲ့တဲ့ ဆုံဖူးတဲ့သူ ဖြစ်လို့ သံဝေဂရမိတယ်။ ပြည်သူ့စစ်ဖွဲ့ ကို ၂၀၂၀ မတိုင်ခင်ကတည်းက ကြိုးပမ်းလာခဲ့ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ မြှောက်စားမှုနဲ့ ဝိုင်းမော် မြို့နယ်မှာ လူမျိုးရေး ဇောက်ချစည်းရုံးပြီး ကိုယ်ပိုင် တပ်ဖွင့်ခဲ့တယ်။ နွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေရဲ့ တိုးတက်တဲ့ နိုင်ငံရေးအမြင်ကြောင့် သူ့ရဲ့ လူမျိုးရေး ဇောင်းပေးပြီးစည်းရုံးမှုတွေက နောက်ပြန် အကျိုးသက်ရောက်မှုပဲ ဖြစ်စေပြီး ပြည်သူ့ချဉ်ဖတ်နေရာကို ခပ်မြန်မြန်ပဲ ရောက်သွားတယ်။ တကယ်က သူ့ထက် စီနီယာကျတဲ့ ကြံ့ဖွံ့တောင် ပါတီနဲ့ လက်နက်ကိုင် တပ်မပူးရဲပဲ ခပ်ရှောင်ရှောင်နေတဲ့ အချိန်မျိုးမှာ စစ်တပ်က မြှောက်ပေးမှု အပေါ် သာယာသွားလို့လည်း ဖြစ်တယ်။ အခုချိန်ကရှင်းပါတယ်။ စကစနဲ့ ပေါင်းသူ ပြည်သူ့ရန်သူဆိုတဲ့ ကာလတရပ်ဖြစ်တယ်"လို့ဆိုပါတယ်။
ဒူးလေးပါတီနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ မတ်လ၇ရက်မှာ ဝိုင်းမော်တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှုကို ၂၀၂၄ မတ်လမှ စတင်၍ လုပ်ဆောင်သွားမယ်လို့အသိပေး
မတ်လ ၇ရက်။
အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် လေယာဉ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုကို ၂၀၂၄ မတ်လမှ စတင်၍ လုပ်ဆောင်သွားမယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းအဖွဲ့က အသိပေးပါတယ်။
"အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှုကို ၂၀၂၄ မတ်လမှ စတင်၍ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု၏ တောင်းဆိုလှုပ်ရှားသံများကို လေယာဉ်ဆီ ပိတ်ဆို့ရေးတွင် အရေးပါသော နိုင်ငံတကာအစိုးရများကြား သိစေရန်အတွက် online photo campaign နှင့် Twitter တွင် Mass Trending ရရှိရန်အတွက် Twitter campaign တို့ကို မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၃ ရက်တိုင်တိုင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော စစ်တိုက်လေယာဉ်များ မပျံသန်းနိုင်စေရန် လေယာဉ်ဆီ ဖြတ်တောက်ရေးအတွက် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဆန္ဒထုတ်ဖော်ခြင်းသည်လည်း အလွန်ထိရောက်သော လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ပြုလုပ်သည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု အပတ်စဥ် (၈) သင်တန်းဆင်းပွဲကျင်းပ
မတ်လ ၇ရက်။
မကွေးတိုင်းကွပ်ကဲရေးရုံးမှ ပြုလုပ်သည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု အပတ်စဥ် (၈) သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၇ရက်မှာဖော်ပြပါတယ်။
"အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ပြုလုပ်သည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု အပတ်စဥ် (၈) သင်တန်းဆင်းပွဲ ပုံရိပ်များ"လို့ တရားဝင်ဖော်ပြပါတယ်။
သင်တန်းဆင်းပွဲမှာ ပြည်သူ့ရဲဘော်များကို မောင်းပြန်များတပ်ဆင်ပေးခဲ့ပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲတွင်သေဆုံး
မတ်လ ၇ရက်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ သေဆုံးသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် -KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က ဝိုင်းမော်၊ မိုးမောက်နဲ့ လိုင်ဇာ ဒေသက စစ်ကောင်စီတပ်စခန်း ၁၂ နေရာထက်မနည်းကို မတ်လ ၇ ရက် မနက် ၅နာရီခွဲကစပြီး ထိုးစစ်ဆင်ခဲ့ရာ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ဒေသတိုက်ပွဲမှာ ဦးရွှေမင်းသေဆုံးခဲ့တာလို့ ပြောပါတယ်။
ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို ကားတစီးနဲ့ထွက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ကားပေါ်ပါလာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံးသေဆုံးခဲ့ရာပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်း သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ ရုပ်အလောင်းကိုလည်း စစ်ရေးသတင်းရင်းမြစ်တွေက လူမှုကွန်ယက်မှာ ဖော်ပြနေကြပါတယ်။
ဦးရွှေမင်းဟာ လီဆူ(ဒူးလေး)ပါတီ ဥက္ကဋ္ဌလည်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အတွက် ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ လီဆူးတမျိုးသားလုံးကို ကိုယ်စားမပြုဘူးလို့ လီဆူလူမျိုးတွေရဲ့ ဆန္ဒထုတ်ဖော် ကန့်ကွက်ခြင်းခံထားရတဲ့အဖွဲ့လည်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကျားသစ်နက်တပ်ဖွဲ့ကို မြို့နယ်အဆင့် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်က ကားတစီးလှူဒါန်း၊ စရဖတဦးအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
မတ်လ ၇ရက်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်တဦးက ကျားသစ်နက်တပ်ဖွဲ့ကို ကားတစီး လှူဒါန်းပေးခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ် စရဖ တဦး၏ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ပုလဲမြို့နယ် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်တဦးက ကျားသစ်နက်တပ်ဖွဲ့ကို ကားတစီး လှူဒါန်းပေးခဲ့တာနဲ့ပတ်သက်လို့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စရဖ အဖွဲ့ဝင်တဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အလှူရှင်အကိုကြီး ကျန်းမာပါစေ။ စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာခရီးအမြန်ဆုံးရောက်ရှိပါစေ။ အလှူရှင် လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီအမြန်ဆုံးရရှိပါစေလို့ ရဲဘော်များကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ ဆိုပြီး ကျားသစ်နက်တပ်ဖွဲ့ ကလည်း လူမှုကွန်ယက်စာမျက်နှာကနေ ဆုတောင်းစကား ပြောထားပါတယ်။
အဆိုပါကားကို သွားရောက်ယူဆောင်ချိန်မှာ လမ်းတလျောက် ကင်းပုန်းတွေချထားပြီးမှ ယူဆောင်လာခဲ့တာလို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်လှူဒါန်းတဲ့ကားကို ကြံ့ခိုင်ရေးပါတီရုံးဝင်းထဲအထိ သွားရောက်ယူဆောင်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ လာရောက်ကြည့်ရှုတာတွေရှိပေမယ့် ကင်းပုန်းတွေကြောင့် ပြန်လှည့်သွားကြတယ်လို့ ကျားသစ်နက် တပ်ဖွဲ့က အသိပေးထားပါတယ်။
အဆိုပါ ပုလဲမြို့နယ် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်ဟာ ကျားသစ်နက်တပ်ဖွဲ့ကို ယခင်ကတည်းက ငွေကြေးထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့သူဖြစ်တာကြောင့် မိဘပြည်သူများအနေနဲ့ မစိုးရိမ်ကြဖို့ ကျားသစ်နက်တပ်ဖွဲ့က အသိပေးထားပါတယ်။
========================
🚩🚩 ၄။ မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရွှေကျင်တိုးဂိတ်အပါအဝင် ထိန်းချုပ်ထားသော CCTV Main Server ကို ဖောက်ခွဲ တိုက်ခိုက်
မတ်လ ၇ရက်။
အောင်မြေသာစံမြို့နယ် ၂၂လမ်း × ကန်ပတ်လမ်းပေါ်ရှိ မန္တလေး- မတ္တရာလမ်းပိုင်းက ရွှေကျင်တိုးဂိတ်အပါအဝင် ထိန်းချုပ်ထားသော CCTV Main Server အထိုင်ပုံးကို ပြန်လည်အသုံးပြုလို့ မရတဲ့အထိဖြစ်အောင် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ ရွှေတောင်ပံ စစ်ဆင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက်နေ့ မနက် ၈ နာရီခန့်အချိန်မှာ အောင်မြေသာစံမြို့နယ် မန္တလေး- မတ္တရာလမ်းပိုင်းမှာရှိတဲ့ ရွှေကျင်တိုးဂိတ် အပါအဝင် ထိန်းချုပ်ထားတဲ့ CCTV Main Server အထိုင်ပုံးကို ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
တချိန်ထဲမှာပဲ မန္တလေးမြို့အဝင်မှာရှိတဲ့ စစ်တပ်ကထိန်းချုပ်ထားတဲ့ CCTV Main Server အထိုင်နေရာကို ဖောက်ခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီနေရာပတ်လည်မှာ ပြည်သူလူထုရှိနေတာကြောင့် ဖောက်ခွဲမဲ့မစ်ရှင်ကို ဖျက်သိမ်းပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ယခုလုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီက မန္တလေးမြို့အဝင်နေရာတွေကို တင်းကြပ်စွာ ထိန်းချုပ်ထားတဲ့အတွက် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ပြည်သူလူထု ထိခိုက်စေနိုင်မယ့်နေရာတွေမှာ ဖောက်ခွဲတိုက်ခိုက်တာမျိုး မလုပ်ဘူးလို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးများ ကြီးစိုးချုပ်ကိုင်နေတဲ့ မန္တလေးမြို့ပေါ်က ပြည်သူလူထုအနေနဲ့ သွေးအေးမနေကြဖို့ အဓိကကျတဲ့စစ်ရေးပစ်မှတ်တွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ရွှေတောင်ပံ စစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။
ပြောက်ကျားစစ်ဆင်ရေးရဲဘော်များအနေနဲ့ မြို့ပေါ်မှာ အချိန်အခါသင့်တိုင်း ဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်ပြီး မည်သည့် အခါမှ သွေးအေးနေမှာမဟုတ်ဘူးလို့လည်း ပြည်သူလူထုကို အသိပေးထားပါတယ်။
အဆိုပါစစ်ဆင်ရေးကို အောင်စည်တော်၏ ရွှေတောင်ပံစစ်ဆင်ရေး - မန္တလေးက ရဲဘော်တွေ တပြိုင်နက် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး Mission ဆောင်ရွက်ပြီးချိန်မှာ တော်လှန်ရေးရဲဘော်တွေ ဘေးလွတ်ရာနေရာတွေကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။
ပြည်သူလူထုကိုဒုက္ခပေးနေတဲ့ စစ်ကောင်စီနှင့် အာဏာရှင်သက်ဆိုးရှည်ရေး ကူညီပံ့ပိုးနေတဲ့သူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အောင်စည်တော် စစ်ဆင်ရေးအဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment