27th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြင်သစ်မှာ ကျောင်းတက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖိုနဲ့ နေထိုင်ခွင့် ရုတ်သိမ်းပေးဖို့ JFM တောင်းဆို

📌 ၂။ မဲဆောက် - မြဝတီအမှတ် တံတား တပတ်အကြာမှာ မြန်မာဘက်က ပြန်ဖွင့်


၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် မန္တလေး PDF များ တိုက်ပွဲဝင်ရာ ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိ

🚩 ၂။ ဖာပွန်က စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

🚩 ၃။ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း NUG ထုတ်ဖော်

🚩 ၄။ ကရင်နီပြည်တပ်မတော်-KA ရဲ့ အပတ်စဥ် ၇၅ စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ သင်တန်းသား ၂၂၆ ဦး နဲ့ကျင်းပ

🚩 ၅။ ရှမ်းပြည်တပ်မတော် SSPP အရာရှိ သင်တန်းကျောင်းသို့ AA ဒုစစ်ဦးစီးချုပ် အတွေ့အကြုံဝေမျှ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြင်သစ်မှာ ကျောင်းတက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖိုနဲ့ နေထိုင်ခွင့် ရုတ်သိမ်းပေးဖို့ JFM တောင်းဆို


ပြင်သစ်အထက်တန်းလွှာများစီးပွားရေးကျောင်း-HEC မှာ တက်ရောက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့သမီးဖြစ်သူ  ပိုင်ဆိုင်တာတွေကို သိမ်းဆည်းဖိုနဲ့ နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုတ်သိမ်းပေးဖို့ Info Birmanie နဲ့ Justice For Myanmar-JFM တို့က တောင်းဆိုက်လိုက်ပါတယ်။ 

Justice For Myanmar ရဲ့ ဥပဒေအကျိုးဆောင်တွေဖြစ်တဲ့ ပြင်သစ်ရှေ့နေ ဝီလီယံဘော်ဒန်နဲ့ လစ်လီရာဗွန် တို့က ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ သိမ့်ဝင်းထက်နဲ့ပတ်သက်ပြီး ပြင်သစ်နယ်မြေအတွင်းမှာရှိတဲ့ ၎င်းရဲ့ ပိုင်ဆိုင်မှု မှန်သမျှကို သိမ်းဆည်းဖို့နဲ့ ပြင်သစ်နိုင်ငံအတွင်းကနေ နှင်ထုတ်ပေးဖို့ ပြင်သစ်အာဏာပိုင်တွေထံ ဧပြီလ ရက်နေ့မှာ တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ရှေ့နေတွေက သိမ့်ဝင်းထက် တက်ရောက်နေတဲ့ HEC Paris ကျောင်းသို့လည်း စာရေးသားပေးပို့ခဲ့ပြီး ကျောင်းအနေနဲ့ သိမ့်ဝင်းထက်ရဲ့ ငွေကြေးရင်းမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေထံ အသိပေးတင်ပြဖို့နဲ့ ၎င်းရဲ့ ကျောင်းဝင်ခွင့်ကို ပြန်လည် ရုတ်သိမ်းရေး စဉ်းစားပေးဖို့ တိုက်တွန်းထားပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီဟာ မြန်မာ့စစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်နေပြီး အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် -MEHL နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းတာ၊ သတ္တုနဲ့ သစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်း များ ထူထောင်ထားတယ်လို့ Justice For Myanmar က ဆိုပါတယ်။ 

ဒါ့အပြင် အမေရိကန်အစိုးရကလည်း ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်မိသားစုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတယ်လို့ အသိပေးထားပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်ကသိမ့်ဝင်းထက် ပြင်သစ်နိုင်ငံမှာ ပညာသင်ယူနိုင်နေတဲ့ အချက်က စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပြဌာန်းလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ညှိနှိုင်း ဆောင်ရွက်မှု ဆိုးဆိုးရွားရွားကင်းမဲ့နေတာကို ပြသလိုက်တဲ့ နောက်ထပ် လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်လို့ ပြောပါတယ်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့သမီး သိမ့်ဝင်းထက် ပြင်သစ်နိုင်ငံမှာ ကျောင်းတက်ခွင့်ရနေတာဟာ အီးယူနဲ့အမေရိကန်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေတယ်လို့လည်း JFM က ဆိုပါတယ်။

ဒါကြောင့် ပြင်သစ်နိုင်ငံအနေနဲ့ သိမ့်ဝင်းထက်အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပြီး ပြင်သစ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းကာ နေထိုင်ခွင့်ကိုလည်း ပိတ်ပင်သင့်တယ်လို့ ဆိုထားပါတယ်။ 

HEC ကျောင်းဟာ Consular Higher Education Institution (Etablissement d'Enseignement Supérieur Consulaire-EESC) အဖြစ်ရပ်တည်နေပြီး CCI Paris Ile-de-France ဟာ ကျောင်းရဲ့ အဓိကရှယ်ယာရှင်ဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။

သိမ့်ဝင်းထက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာကိုဝယ်ယူချိန်မှာ တည်ထောင်ခဲ့တဲ့ One Telecom Company ရဲ့ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတဦးလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ATOM Myanmar မှာ ဘဏ္ဍာရေးဆန်းစစ်သူအဖြစ် အလုပ်သင်ဆင်းခဲ့တယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။ 

ထို့အပြင် သိမ့်ထက်ဝင်းဟာ မြန်မာ-ရုရှား မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်း ကိုယ်စားလှယ်များအားရှာဖွေရန် ၂၀၂၂ ခုနှစ်မှာ စုဖွဲတည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတခုရဲ့ အဖွဲဝင်ဖြစ်တဲ့ မြန်မာရေနံ ကုမ္ပဏီ Min Shwe Myine Enterprise Limited မှာလည်း ရှယ်ယာများစာ ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါ တယ်။  

ဒါ့ကြောင့် အီးယူအနေနဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ သိမ့်ဝင်းထက်အပါအဝင် ကုမ္ပဏီပိုင်ရှင်များ၊ ဒါရိုက်တာများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံမြှင့်ရန် Info Birmanie နဲ့ Justice For Myanmar တို့က တောင်းဆိုထားပါတယ်။


========================


📌📌 ၂။ မဲဆောက် - မြဝတီအမှတ် တံတား တပတ်အကြာမှာ မြန်မာဘက်က ပြန်ဖွင့်


မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မဲဆောက် - မြဝတီချစ်ကြည်ရေး အမှတ် တံတားကို မြန်မာဘက်ခြမ်းကနေ ဧပြီ ၂၁ ရက် မနက်ကတည်းက ပိတ်ထားရာကနေ တပတ်အကြာ ဒီနေ့ ဧပြီ ၂၇ရက်မှာ ပြန်ဖွင့်ပေးလိုက်တယ်လို့ မြဝတီဒေသခံတွေနဲ့ မဲဆောက်မြို့ရောက် မြန်မာတွေက ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၇ ရက် မနက် ၁၀ နာရီခန့်အချိန်ကစပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတားအမှတ် ကို မြန်မာ ဘက်က ပြန်ဖွင့်ပေးလိုက်တာကြောင့် မဲဆောက်ဘက်ကို မြ၀တီဘက်က မြန်မာတွေ သွားလာနေကြပြီလို့ ဆိုပါတယ်။

အမှတ်  ချစ်ကြည်ရေးတံတားကို မြ၀တီမြို့ပေါ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဧပြီ ၂၁ ရက်ကစပြီး မြန်မာစစ်ကောင်စီ ဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အမှတ် ချစ်ကြည်ရေးတံတားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် မြန်မာဘက်ခြမ်းက ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဝင်ရောက်ခွင့် ပိတ်ထားပေမယ့် မဲဆောက်ကနေ မြဝတီမြို့ကို ဝင်ရောက်တာမှာတော့ ထိုင်းဘက်ခြမ်းက ဖြတ်သန်းခွင့်ပေးထားပေမယ့် ပတ်စပို့စာအုပ်၊ ဗီဇာရှိသူတွေသာ ဖြတ်သန်းခွင့်ရရှိခဲ့တာလို့ သိရပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ယာယီဖြတ်သန်းသွားလာမှုအနေနဲ့  ရက်၊ ၁၄ ရက် စတဲ့ယာယီသွားလာနေထိုင်ခွင့်ပြုထားပြီး သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံတွေကနေ ပြန်လည်ထွက်ခွာရတာ ဖြစ်ပါတယ်။

ကုန်ကားတွေ အဓိကဖြတ်သန်းသွားလာနေတဲ့ ထိုင်း-မြန်မာ အမှတ် ချစ်ကြည်ရေးတံတားကတော့ တိုက်ပွဲတွေကြောင့် ပျက်စီးသွာတဲ့ အဆောင်တွေကို ပြင်ဆင်နေဆဲဖြစ်တာကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် မန္တလေး PDF များ တိုက်ပွဲဝင်ရာ ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိ


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး (MDY-PDF) ရဲဘော်တွေ တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းစစ်မြေပြင်ကို သွားရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဧပြီ ၂၇ မှာ ထုတ်ပြန်ပါတယ်။

စစ်မြေပြင်ကို ရောက်ရှိလာတဲ့ နေ့ရက်နဲ့ဒေသကို ဖော်ပြမထားပေမယ့် ဧပြီလလယ်ပိုင်းကစပြီး MDY-PDF က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးနဲ့ စခန်းသိမ်းတိုက်ပွဲများအကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်များသေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအခြေအနေတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ယခု ဧပြီလအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့  ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ သရက်ကုန်းကျေးရွာစစ်စခန်းကို MDY-PDF က တိုက်ခိုက်သိမ်းပိုက်နိုင်မှုကိုလည်း အသိပေးထားပါတယ်။

MDY-PDF တပ်ဖွဲ့ဟာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ ပြင်ဦးလွင်မြို့က DSA စစ်တက္ကသိုလ်ကျောင်းဝင်းအတွင်း ရှော့တိုက်ဒုန်းအလုံး ၂၀ ပတ်ခတ်တိုက်ခဲ့ပြီးနောက် ဧပြီ ၁၅ရက် မနက်အစောပိုင်းမှာ နောင်ချိုမြို့နယ် သရက်ကုန်းရွာက စစ်တပ် တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သရက်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဧပြီ ၁၅ ရက် ညနေ ပိုင်းမှာ စစ်စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူပိုင် နေအိမ်များ ထိမှန်ပျက်စီးမှုများရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်သာကွာဝေးတဲ့ သရက်ကုန်းစစ်တပ်စခန်းကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ် တပ် စစ်ကြောင်းကို MDY-PDFက ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၅၉ ဦး သေဆုံးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဖာပွန်က စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ


 ကရင်ပြည်နယ်ထဲက ဖာပွန်မြို့နယ်မှာရှိတဲ့  ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများနဲ့ ခလရ ၁၉ တို့ကို တိုက်ခိုက်သိမ်း ပိုက်ပြီး ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၄ တပ်ရင်းကို ဧပြီလ ၂၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဖာပွန်စစ်ဆင်ရေးကို ဒီနှစ် မတ်လ ၁၉ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မှာ ဖာပွန်မြို့က အကြမ်း ဖက် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကာ မတ်လ ၂၆ ရက်နေ့မှာ ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မတ်လ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖာပွန်မြို့အခြေစိုက် ခလရ ၁၉ တပ်ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ 

လက်ရှိစစ်ဆင်ရေးများကို တောင်ပိုင်းစစ်ဒေသ-JOC ကွပ်ကဲမှုနဲ့ ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ လည်း အသိပေးထားပါတယ်။

ဖာပွန်စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ -JOC အမှတ်    စစ်ဒေသခွဲ ကွပ်ကဲမှုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF Force For Federal Democracy -FFD ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် -BPLA စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဝင်နေတာလို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း NUG ထုတ်ဖော်


မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF စစ်ရုံးချုပ်က ထုတ်ဖော်ပြသလိုက်ပါတယ်။


ဧပြီလ ၁၆ ရက်နေ့ မနက် နာရီမှာ ဗဟိုကွပ်ကဲရေးနဲ့ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ-C3C က ဆုံးဖြတ်သတ်မှတ်ပေးထား တဲ့ စစ်မဟာဗျုဟာ ပစ်မှတ်များအနက် တခုဖြစ်တဲ့ အမှတ် -၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ စစ်ဆင်ရေးပစ်မှတ်နေရာ ၂၀ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် - စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံးအောက်မှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် - စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ မကွေးတိုင်း ဒရုန်း လက်ရုံးတပ်၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ်- တပ်ရင်းနဲ့ သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေးပစ်မှတ်နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆင်ရေးရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ ထိခိုက်ပျက်စီးမှုများကို အသေးစိတ်စုံစမ်းနေဆဲလို့ သိရပါတယ်။


========================


🚩🚩 ၄။ ကရင်နီပြည်တပ်မတော်-KA ရဲ့ အပတ်စဥ် ၇၅ စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ သင်တန်းသား ၂၂၆ ဦး နဲ့ကျင်းပ


ကရင်နီပြည်တပ်မတော် KA ရဲ့ အပတ်စဥ် ၇၅ စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ သင်တန်းသား ၂၂၆ ဦးနဲ့ ဒီနေ့ကျင်းပ  ခဲ့တယ်လို့ Karenni Information Center (KnIC) က ထုတ်ပြန်ပါတယ်။

အဆိုပါ အပတ်စဉ် ၇၅ အခြေခံစစ်သင်တန်းကို သင်တန်းသား ၂၀၄ ဦး၊ သင်တန်းသူ ၂၂ ဦး စုစုပေါင်း ၂၂၆ ဦး တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။

စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ကရင်နီပြည်တပ်မတော်-KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်၊ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်၊ ကရင်နီပြည်တပ်မတော် တပ်ရင်းတပ်ဖွဲ့တပ်ဗိုလ်တပ်မှူးများ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KNPLF က ဒုဥက္ကဌ ဗိုလ်မှူးထွန်းရွှေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ တက်ရောက်ခဲ့ တယ်လို့လည်း အသိပေးထားပါတယ်။

အခမ်းအနားမှာ စစ်ရေးပြခြင်း၊နိုင်ငံတော်သီချင်းသီဆိုအလေးပြုခြင်း၊ထူးချွန်သင်တန်းသားသင်တန်းသူများကို ဆုချီးမြင့် ခြင်းနဲ့ စစ်ဦးစီးချုပ်က မိန့်ခွန်းစကားပြောခဲ့ပြီး သင်တန်းကျောင်းအုပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းနားကို အောင်မြင်စွာရုတ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ရက်မှာ စစ်တပ်က နိုင်ငံ့အာဏာလုယူပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း ဖွဲ့စည်းခဲ့တဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များကို KA က စစ်ရေးဦးဆောင်ပံ့ပိုးမှုများ ပြုလုပ်ခဲ့တယ်လို့ ကရင်နီဒေသက စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ကရင်နီတပ်မတော် KA ရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုအလေးထားဖို့နဲ့ KNDF အပါအဝင် ကရင်နီနယ်မြေမှာရှိတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား စည်းလုံးညီညွတ်မှုကို ယခုထက်ပိုမိုအားကောင်းစေဖို့၊ စစ်ကောင်စီရဲ့ သွေးခွဲမှုကိုသတိပြုဖို့  KNDF ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း တိုက်တွန်းခဲ့ဖူးပါတယ်။


========================


🚩🚩 ၅။ ရှမ်းပြည်တပ်မတော် SSPP အရာရှိ သင်တန်းကျောင်းသို့ AA ဒုစစ်ဦးစီးချုပ် အတွေ့အကြုံဝေမျှ


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အရာရှိ သင်တန်းကျောင်းက အလုပ်အမှုဆောင်တွေနဲ့ သင်တန်းသူ၊ သင်တန်းသား တွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော် ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် သွားရောက်တွေ့ဆုံခဲ့ ပြီး အတွေ့အကြုံတွေ မျှဝေခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်

ဧပြီ ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ အဆိုပါတွေ့ဆုံပွဲမှာ ဒေါက်တာညိုထွန်းအောင်က အရာရှိသင်တန်းကျောင်း ကိစ္စနဲ့ပတ်သက်ပြီး အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်ကောင်းဖြစ်လာရေး တက်ရောက်ခဲ့ဖူးတဲ့ အရာရှိသင်တန်းကျောင်းများအကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အရာရှိသင်တန်းကျောင်းကို ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ယခင်တုန်းက ကချင်ပြည်နယ်မှာ လူလွှတ်ပြီး အများနဲ့ပူးတွဲ တက်ရောက်သင်ကြားခဲ့တာရှိသလို ကိုယ့်ဟာကို ဦးဆောင်ဖွင့်လှစ်ခဲတာလည်းရှိပါတယ်။ အရာရှိသင်တန်းကျောင်းက ဘယ်လောက်ထိအရေးကြီးသလဲဆိုတာ အခုချိန်မှာ စစ်ဦးဆောင်သူကို လိုမယ့်ချိန်မှ ပိုပြီးသိလိမ့်မယ်။ ဒီသင်တန်းကျောင်း ဟာ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်ကောင်းဖြစ်လာဖို့ အခြေခံသင်တန်းတစ်ခုဖြစ်ပါတယ်လို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

အရာရှိသင်တန်းကျောင်းဟာ ခေါင်းဆောင်ကောင်း မွေးထုတ်လာနိုင်ရေးအတွက် လူငယ်များအတွက် အလွန်အရေးပါပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တိုင်းလိုလို ဖွင့်လှစ်ထားတယ်လို့လည်း AA ဒုစစ်ဦးစီးချုပ် က ဆက်လက် ပြောဆိုခဲ့ပါတယ်။

SSPP အရာရှိ သင်တန်းကျောင်းက တာဝန်ရှိသူတွေကလည်း လက်ရှိဖွင့်လှစ်ထားတဲ့ OTS အရာရှိသင်တန်းကျောင်း ဖြစ်ပေါ်လာပုံ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ အဆင့်ဆင့်နဲ့ သင်ကြားရေး ဘာသာရပ်များအကြောင်း ပြန်လည်ရှင်း လင်း တင်ပြခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ ဧပြီ ၂၄ ရက်မှာကျရောက်တဲ့ ရှမ်းပြည်တပ်မတော်-SSA ဖွဲ့စည်းတည် ထောင်ခြင်း နှစ် ၆၀ပြည့် အခမ်းအနားကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

AA နဲ့ SSPP တို့ဟာ ၀တပ်ဖွဲ့-UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment