၂၀၂၄ မေလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုရေးရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (NUG)နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်
📌 ၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏Power BI သင်တန်းဆင်းပွဲသို့ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းနှင့် ဒုဝန်ကြီး လဖိုင်မော်ထွန်းအောင်တို့ တက်ရောက်
📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဒုဝန်ကြီးဒေါက်တာရွှေပုံက ရှင်းလင်းတင်ပြ
📌 ၄။ လူသားဆန်မှုနဲ့လူ့ဂုဏ်သိက္ခာစတဲ့ စံနှုန်းတွေအပေါ်ပဲ မားမားမတ်မတ်ရပ်တည်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို
📌 ၅။ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့က အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
📌 ၆။ စဉ့်ကူး လူထု ကို ပြင်ဦးလွင် ခရိုင်ပကဖ ကျန်းမာရေး စောင့်ရှောက်မှုများလုပ်ဆောင်ပေး
📌 ၇။ ခင်ဦးမြို့နယ် ၏ ကျေးရွာတစ်ရွာတွင်NUGမှ ထောက်ပံ့သော 33/0.4 200 kva ထရန်စဖော်မာ (အသစ်) အစားထိုးလဲလှယ် တပ်ဆင်
၂၀၂၄ ခုနှစ် မေလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီစခန်းတခုကို KNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ ထပ်မံသိမ်းပိုက်
🚩 ၂။ သံတောင်ကြီးမြို့မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ကလေးငယ်တဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ
🚩 ၃။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် မြိုင်မြို့နယ်ရှိ မြေပြင်ပြည်သူ့အခြေပြုကျောင်းများနှင့်ပညာရေးလုပ်ငန်းများအားလုံးယာယီ ရပ်ဆိုင်း
🚩 ၄။ မန္တလေး မဟာအောင်မြေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုရေးရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (NUG)နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်
မေလ(၁၂)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုရေးရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (NUG)နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုရေးရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၈/၂၀၂၄)ကို မေလ၁၁ရက်နေ့တွင်ကျင်းပခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်၍ ဝန်းကြီးဌာန၏လက်ရှိ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
၎င်းအစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီဝင်များ၊ဗဟိုကော်မတီဝင်များနှင့်ဗဟိုရေးရာကော်မတီဝင်စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏Power BI သင်တန်းဆင်းပွဲသို့ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းနှင့် ဒုဝန်ကြီး လဖိုင်မော်ထွန်းအောင်တို့ တက်ရောက်
မေလ၁၂ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Power BI သင်တန်းဆင်းပွဲ ပထမအကြိမ်ပွဲအား မေလ၁၀ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။
"အားရမိတဲ့ ဒေတာ နဲ့ ဆိုင်တဲ့ သုံးသပ်ချက်ဆိုင်ရာသင်တန်းပါ။ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးစူအားလုံးကျေးဇူးတင်ပါတယ်။ တော်လှန်ရေး အတွက် မူဝါဒရေးရာ များ အတွက် အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်"လို့ ဒုဝန်ကြီး ကဆိုပါတယ်။
သင်တန်းအား နိုဝင်ဘာ၄ရက် ၂၀၂၃ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၅)ဦးတက်ရောက်ခဲ့ကာမေလ၁၀ရက် ၂၀၂၄တွင် သင်တန်းပြီးဆုံးခဲ့ပါတယ်။
သင်တန်းဆင်းပွဲအား လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းနှင့် ဒုဝန်ကြီး လဖိုင်မော်ထွန်းအောင်တို့မှ တက်ရောက်အမှာစကားပြောကြာ၍ သင်တန်းတက်ရောက်ပြီးဆုံးသူများက ၎င်းတို့၏ projectလုပ်ဆောင်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဒုဝန်ကြီးဒေါက်တာရွှေပုံက ရှင်းလင်းတင်ပြ
မေလ၁၂ရက်
မေလ ၁၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဒုဝန်ကြီးဒေါက်တာရွှေပုံက ရှင်းလင်းတင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံ က ဝန်ကြီးဌာန၏ (၃) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဥ်း၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွင် ခွဲစိတ်ခြင်း၊ လွှဲပြောင်းကုသခြင်းတို့အပြင် ဆေးရုံ (၇၇) ရုံ၊ ဆေးခန်း (၃၇၇) ခန်းနှင့် ရွေ့လျား ဆေးခန်း (၂၅၀) ခန်းတို့ဖြင့် စီစဥ်ကုသဆောင်ရွက်နေမှုများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဥ်များတွင် မိခင်နှင့် ကလေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ အမျိုးသား ကာကွယ်ဆေးထိုးခြင်းအစီအစဥ်များ၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
CDM ကျန်းမာရေးဝန်ထမ်းများဖြင့် လုပ်ငန်းများ အဓိက လည်ပတ်ကာ ပြည်နယ်နှင့်တိုင်း ကျန်းမာရေးတာဝန်ခံ (၂၉) ဦးနှင့် မြို့နယ်ကျန်းမာရေး တာဝန်ခံ (၂၂၇) ဦးတို့အပါအဝင် ကျန်းမာရေး ဝန်ထမ်းပေါင်း (၄,၈၉၉) ဦး ပါဝင်ကြောင်းနှင့် မြေပြင်ကျန်းမာရေးဝန်ထမ်းများအား (၅၀,၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးလျက်ရှိသည်ကို ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်တုံံ့ပြန်ရေး အရေးပေါ်ဆောင်ရွက်ချက်များ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ၊ ပြန်လည် သန်စွမ်းရေးဆိုင်ရာလုပ်ငန်းစဥ်များ၊ သုတေသနလုပ်ငန်းစဥ်များ၊ ဆေးပညာ သင်ကြားရေးလုပ်ငန်းစဥ်များ၊ တယ်လီကျန်းမာကဏ္ဍနှင့် စိတ်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ အပါအဝင် နိုင်ငံတကာနှင့် ဖက်ဒရယ်ကျန်းမာရေး အင်အားစုများနှင့် ချိတ်ဆက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဥ်များကိုလည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။
၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ လူသားဆန်မှုနဲ့လူ့ဂုဏ်သိက္ခာစတဲ့ စံနှုန်းတွေအပေါ်ပဲ မားမားမတ်မတ်ရပ်တည်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို
မေလ၁၂
မေလ၁၂ရက်မှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုသုံးသပ်ပြောဆိုထားပါတယ်။
"တချို့က “ရခိုင်မှာ ဒီလောက်ဖြစ်နေတာ အသံအများကြီး မထုတ်ပေးဘူး” ဘာညာ ဆိုပြီး ဝေဖန်ကြတယ်။ ကျနော်ရှင်းရှင်းလင်းလင်းပြောပါမယ် .. တရားမျှတမှု၊ တန်းတူညီမျှမှု ၊ငြိမ်းချမ်းမှုတို့အတွက် ဘယ်အချိန်မှာ ဘယ်အရာမဆို စတေးဖို့ သန္နိဌာန်ချထားပြီးသားဖြစ်ပါတယ်။ သေချာတာက လူမျိုးစွဲ၊ ဘာသာစွဲနှင့်မစတေးဘူး။ လူသားဆန်မှု၊ လူ့ဂုဏ်သိက္ခါစတဲ့ စံနှုန်းတွေအပေါ်မှာပဲမားမားမတ်မတ်ရပ်တည်တယ်။ ကိုယ်က ရိုဟင်ဂျာမို့ မူဆလင်မို့ ရိုဟင်ဂျာတွေအတွက် ပိုမပြောဘူး။ ရိုဟင်ဂျာမဟုတ်သူတွေအတွက်လည်းလျှော့ပြီးမပြောဘူး။ အရှိကို အရှိအတိုင်းဘဲ။ ကိုယ့်လူတွေပိုခံရင် ပိုခံရတယ်ပြောမယ်။ သူများခံရလည်းခံရတဲ့အကြောင်းပြောမယ်။ လူမျိုးရေးခွဲခြားမှု (racism) ကို တိုက်ဖျက်နေတာမို့ racist လို့သတ်မှတ်ခံရသူတွေတန်းတူလို့ပြောလာရင် ကျနော်လက်မခံပါဘူး"လို့ဒုဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ၂၁ ရာစုမှာ Social Media ရဲ့ သက်ရောက်မှုက အသွင်သဏ္ဍန်မျိုးစုံနဲ့ လူတွေရဲ့ ဘဝမှာ သက်ရောက်မှုရှိသော်ငြားလည်း Real Politics က မြေပြင်ကို အခြေခံတယ်ဆိုတာ သတိချပ်ဖို့လိုအပ်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၅။ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့က အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်းက အမျိုးသမီးငယ် ၂ ဦး ဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်နေတယ်လို့ ဒီအဖွဲ့အစည်းက မေလ ၁၁ ရက်နေ့ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်းက အဖွဲ့ဝင်တွေဖြစ်တဲ့ စီမံရေးရာတာဝန်ခံနဲ့ မြေပြင်သပိတ်ရဲဘော် S4 တို့ မေလ ၉ ရက်နေ့ ညနေပိုင်းနဲ့ သန်းခေါင်းကျော်အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတာလို့ ဆိုပါတယ်။
မေလ ၉ ရက်နေ့ ညနေပိုင်းမှာ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်းက စီမံရေးရာတာဝန်ခံ နေအိမ်အပြန်လမ်းမှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး မြေပြင်သပိတ်ရဲဘော် S4 ကိုတော့ ညသန်းခေါင်အချိန်မှာ ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ရိုက်နှက်ဖမ်းဆီး သွားတာလို့ အသိပေးထားပါတယ်။
လက်ရှိအချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရတဲ့အတွက် စစ်တပ်ရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ် စက်မှုတွေအပေါ် အသက်အန္တရာယ်ထိခိုက်မှုရှိမှာကို မိသားစုနဲ့ထပ်တူ စိုးရိမ်တယ်လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ် အဖွဲ့စည်းက ပြောပါတယ်။
ဘယ်လိုပဲ အကြမ်းဖက်ရက်စက်ယုတ်မာမှုတွေနဲ့ ဖိနှိပ်နေပါစေ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်းအနေနဲ့ ရေဘဝဲ အလံတော်ကို လက်ဆင့်ကမ်း လွှင့်ထူပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်သူလူထုနဲ့အတူ ယခုထက်ပိုပြီး အားသွန်ခွန်စိုက် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါ တယ်။
ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်းဟာ စစ်အာဏာရှင်ကို အကြမ်းမဖက်တဲ့နည်းတွေသုံးပြီး ဆန္ဒထုတ်ဖော် တော်လှန်နေတဲ့ အဖွဲ့တခုဖြစ်ကာ အစစ်အဆေးများနေတဲ့ အခုလိုအချိန်မှာတောင် မြေပြင်သပိတ်တွေဖော်ဆောင်နေတဲ့ အဖွဲ့လို့ သိရပါတယ်။
========================
📌📌 ၆။ စဉ့်ကူး လူထု ကို ပြင်ဦးလွင် ခရိုင်ပကဖ ကျန်းမာရေး စောင့်ရှောက်မှုများလုပ်ဆောင်ပေး
မေလ၁၂
စဉ့်ကူး လူထု ကို ပြင်ဦးလွင် ခရိုင်ပကဖ ကျန်းမာရေး စောင့်ရှောက်မှုများလုပ်ဆောင်ပေးခဲ့တယ်လို့ မေလအတွင်းမှာ တရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင်းရှိ ကျေးလက်နေ လူထုတွေကို ပြင်ဦးလွင် ခရိုင် ပကဖ နဲ့ ခရိုင် ဆေးဖက်ဆိုင်ရာ တာဝန်ခံတွေ က ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိပါတယ်။ ပကဖ အဖွဲ့တွေ အနေနဲ့ တိုက်ခိုက်ရေး တာဝန်တွေ နဲ့ လူထုကူညီရေး တာဝန်တွေကို ထမ်းဆောင်ကာ ပြည်သူ့စစ် မဟာဗျူဟာ (Peoples War Strategy) ကို လက်တွေ့ ကျင့်သုံးလျက်ရှိပါတယ်"လို့ဆိုပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ ဆင်နွဲလျက်ရှိတဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ Irregular Warfare သမာရိုးကျ မဟုတ်တဲ့ စစ် အမျိုးအစား ဖြစ်ပြီး လူထု စည်းရုံးရေးဟာ တိုက်ခိုက်ရေးကဲ့သို့ အရေးပါတဲ့ နေရာမှာ ပါဝင်လျက်ရှိတယ်လို့လည်းခရိုင်ပကဖကဆိုပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့နယ် ၏ ကျေးရွာတစ်ရွာတွင်NUGမှ ထောက်ပံ့သော 33/0.4 200 kva ထရန်စဖော်မာ (အသစ်) အစားထိုးလဲလှယ် တပ်ဆင်
မေလ၁၂
မေလ၁၁ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ၏ ကျေးရွာတစ်ရွာတွင် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ထောက်ပံ့သော 33/0.4 200 kva ထရန်စဖော်မာ (အသစ်) အစားထိုး လဲလှယ် တပ်ဆင်ခြင်း ဖွင့်ပွဲ အခမ်းအနားကိုကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံ၊ လျှပ်စစ် တာဝန်ခံ၊ တွဲဘက်တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ပြည်သူ့ရင်ခွင်တာဝန်ခံ၊ တရားရေး ဥက္ကဌ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ ဘဏ္ဍာရေး တွဲဘက်တာဝန်ခံ၊ သယံဇာတ ဥက္ကဌ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ တိုက်နယ် ၂ ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့များ၊ ရပ်ကျေး ပအဖ/ပကဖ များ အသီးသီး တက်ရောက်၍ ဖွင့်ပွဲအခမ်းအနားကို မှတ်တမ်းတင်ခဲ့ကြပါတယ်။
ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီမှ မီးဖြတ်တောက်ထားသော ကျေးရွာပေါင်း (၃၈)ရွာနှင့် ထရန်စဖော်မာ ဖျက်ဆီးထားမှု (၁၅)လုံးအထိ ရှိနေပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှကြားကာလအတွင်း ကျေးရွာပေါင်း (၁၄)ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ကာ၊ ထရန်စဖော်မာ (၁၂)လုံး ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီစခန်းတခုကို KNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ ထပ်မံသိမ်းပိုက်
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေထဲကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတခုကို KNLA ဦး ဆောင်တဲ့ ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
KNU တပ်မဟာ ၄ နယ်မြေထဲမှာ ၂ဝ၂ဝ ပြည့်နှစ်ကတည်းက လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တပ်မဟာ ၄ တပ်ရင်း ၁၁ Black Cobra Column က မေလ ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ကောင်စီစခန်းဟာ တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်မှာရှိတဲ့ ၁၀၂၀ တောင်စခန်းလို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ၁၀၂၀ တောင်စခန်းကို Black Cobra စစ်ကြောင်းက ဧပြီလ ၃ဝ ရက်နေ့ကတည်းက ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုးစစ် ၁၂ ရက်မြောက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း အတည်ပြုပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးသွားကြတဲ့အတွက် စစ်တပ်ဘက်က သေဆုံးမှုကို မသိရသေးဘူးလို့ ဆိုပါတယ်။
၁၀၂၀ တောင်စခန်းဟာ ထားဝယ်-မြိတ်-ကော့သောင်းသွား ကားလမ်းပေါ်မှာရှိတဲ့အပြင် မိုက်ကရိုဝေဖ့် ဆက်သွယ်ရေး တာဝါတိုင်ရှိတဲ့နေရာဖြစ်တဲ့အတွက် စစ်ကောင်းစီအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်-မြိတ်ကားလမ်းပေါ်က ပဲဒက်စစ်စခန်းကိုလည်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မေလ ၈ ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ဧပြီလကစလို့ နေရာအနှံ့တိုက်ပွဲတွေဖြစ်နေရာ မြိတ်နဲ့ ကော့သောင်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ ခုမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်စခန်း ၇ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
တနင်္သာရီတိုင်းထဲစစ်ကောင်စီစခန်းတွေကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်နေရာမှာ အကြမ်းဖက်စစ်တပ် ဘက်ကလည်း စခန်းတွေမကျရေး ကြည်း၊ရေ၊လေ ပူးပေါင်းခုခံနေတာကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရသူ ၅သောင်းခန့် ရှိလာပြီလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
========================
🚩🚩 ၂။ သံတောင်ကြီးမြို့မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ကလေးငယ်တဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ သံတောင်ကြီးမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တဦးသေဆုံးကာ အရပ်သား ၃ ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက မေ ၁၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
တောင်ငူခရိုင်ထဲက ဒေါ့ဖားခိုလို့ ခေါ်တဲ့ သံတောင်ကြီးမြို့နယ် ကလေ့လိုအရှေ့ဘက်ခြမ်းဒေသက ဘဲခလေးခိုကျေးရွာနဲ့ သေ့ခူထဲကျေးရွာကို မေလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက် ခိုက်မှု လုပ်ခဲ့တာလို့ ဆိုပါတယ်။
ဘဲခလေးခိုကျေးရွာအတွင်းကို လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်တဲ့အတွက် ကလေးငယ်တဦးသေဆုံးကာ အရပ်သား ၃ ဦး ဒဏ်ရာရခဲ့သလို သေ့ခူထဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့ရာမှာ လူတွေထိခိုက်မှုမရှိပေမယ့် ဘုရားကျောင်းနဲ့အဆောက်အအုံအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ကရင်ပြည်နယ်ထဲက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်း တိုက်ခိုက် မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ KNU ဗဟိုက ဆိုပါတယ်။
ဒီလို တိုက်ခိုက်နေရာမှာ မေလ ၈ ရက်နေ့ ည ၁ဝ နာရီဝန်းကျင်ကလည်း သထုံမြို့နယ်မှာရှိတဲ့ ခမရ-၉ တပ်က ပြည်သူထု နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးကျည် ၄လုံး ပစ်ခတ်တဲ့အတွက် ကျွဲတကောင်သေဆုံးပြီး နွား ၃ ကောင် ဒဏ်ရာရ သွားတယ်လို့ အသိပေးပါတယ်။
ထို့အတူမေလ ၁ဝ ရက်နေ့ မနက်ကလည်း ဘားအံခရိုင်အုပ်ချုပ်မှုနယ်မြေ နဘူးမြို့နယ်ထဲက စောဟဲကျေးရွာကို ခမရ- ၉၇ နဲ့ ခလရ - ၂၃ဝ တပ်တွေက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကော်သူးလေအုပ်ချုပ်နယ်မြေထဲက အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေစဉ်ရက်ဆက် ကျူးလွန်နေတာကြောင့် ဒေသတွင်းပြည်သူတွေ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ခံစားနေရပြီး အရပ်သားပြည်သူများစွာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် မြိုင်မြို့နယ်ရှိ မြေပြင်ပြည်သူ့အခြေပြုကျောင်းများနှင့်ပညာရေးလုပ်ငန်းများအားလုံးယာယီ ရပ်ဆိုင်း
မေလ၁၂ရက်
မေလ၁၂ရက်မှာ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က အသိပေးကြေညာအရ စကစ၏ ရက်စက်ယုတ်မာသော လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ရှောင်ရှားရန်အတွက် ကျောင်းများ၊ပညာရေးလုပ်ငန်းများယာယီရပ်ဆိုင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်နေ့ ၊ မနက် (၁၁) နာရီခန့်တွင်မကွေးတိုင်းဆောမြို့နယ် အကြည်ပန်းပလွန်းရွာအား အကြမ်းဖက်စစ်အုပ်စု၏ တံတားဦးလေတပ်မှ ပျံသန်းလာသည့် ဂျက်ဖိုက်တာ (၁)စီးသည် ပေါင် (၂၅၀)ပြင်းအားရှိ ဗုံးသီး (၂) လုံး၊ မီးလောင်ဗုံးသီး (၂) လုံး၊ ပွိုင့် (၅)စက်သေနတ် များဖြင့် ပစ်မှတ်ထားပစ်ခတ်ခဲ့ရာဘုန်းကြီးကျောင်း မီးလောင် ပြိုကျခဲ့ပြီး အစည်းအဝေးပြုလုပ်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များနှင့် အရပ်သားများ (၁၅)ဦးသေဆုံးကာ (၂၇ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၄။ မန္တလေး မဟာအောင်မြေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်
မန္တလေး မဟာအောင်မြေမြို့နယ်ထဲမှာရှိတဲ့ မဟာမြိုင်-၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ မေလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force-NMD က ထုတ်ပြန်ပါတယ်။
ပြည်သူလူထုကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ယူတာ၊ ငွေညှစ်တာတွေပြုလုပ်နေတဲ့အပြင် သန်းခေါင်စာရင်း စစ်တာကို အကြောင်းပြပြီး ပြည်သူလူထုကို ဒုက္ခပေးနေတဲ့အတွက် မဟာအောင်မြေ မြို့နယ်ထဲက ၆၂-Aလမ်းနဲ့ ၃၉ လမ်းထောင့်မှာရှိတဲ့ မဟာမြိုင်- ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ရတာလို့ ဆိုပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ No More Dictatorship People Defence Force-NMD ကအသိပေးထားတာ မရှိသေးပါဘူး။
ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေ ပျူဒလန်တွေအနေနဲ့ ဒီအလုပ်တွေ ဆက်လုပ်နေမယ်ဆိုရင် အခုထက် ပိုပြီး ထိရောက်တဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment