၂၀၂၄ မေလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
📌 ၂။ ရခိုင်ပြည်နယ်အတွင်း အခြေအနေများအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်စာအတု ထွက်ပေါ်နေကြောင်း အသိပေး
📌 ၃။ မိုင်းငေါ့မြို့မှာ TLEC ရဲ့ ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပ
📌 ၄။ စစ်အာဏာရှင်ကို အနုပညာဖြင့်တော်လှန်နေသော ဟားငါးကောင်အဖွဲ့မှ လူရွှင်တော် ဝိုင်းကျော်(ခ)ကိုဝေလင်းထွန်း၏နောက်ဆုံး ဈပနပြုလုပ်
၂၀၂၄ ခုနှစ် မေလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံး
🚩 ၂။ မုံရွာမြို့နယ် ကြီးဗဒုံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၁၇ ဦးသေဆုံး
🚩 ၃။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်ရဲဘော်များကို ဂါရဝပြုဆုတောင်းပွဲ KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကျင်းပ
🚩 ၄။ ရေစကြိုနယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု သေနတ် ၅ လက်နဲ့ခဲယမ်းများ ရရှိ
🚩 ၅။ ရခိုင်ပြည်မှာ ပထမဆုံးအကြိမ်ဖွင့်တဲ့ AA အရာရှိ လေ့ကျင့်ရေးသင်တန်းမှာ သင်တန်းသားအရာရှိ ၃၂၆ ဦး မွေးထုတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
မေ ၂၄ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂတွေ ဖြစ်တဲ့ ဂျပန်တစ်နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo) နဲ့ အသေးစား၊အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) တို့က ဦးဆောင်သူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
NUG ဝန်ကြီးက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အစဉ်တစိုက် အားပေးကူညီပေးနေတဲ့ ဂျပန်အလုပ်သမားသမဂ္ဂတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီး NUG အစိုးရနဲ့ အလုပ်သမားရေးရာကဏ္ဍရပ်တွေမှာ ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို ကူညီကာကွယ်ပေးနိုင်ဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ရခိုင်ပြည်နယ်အတွင်း အခြေအနေများအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်စာအတု ထွက်ပေါ်နေကြောင်း အသိပေး
Radio NUG မေ ၂၄၊ ၂၀၂၄
NUG အစိုးရ၏ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်စာအတု တခု ပြန့်နှံနေကြောင်း သက်ဆိုင်ရဝန်ကြီးဌာနက ထုတ်ပြန်အသိပေးလိုက်ပါသည်။
အဆိုပါစာအတုတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခများကို ပိုမို ဆိုးဝါးစေအောင် သွေးထိုးလှုံဆော်သည့် စာသားများကို ထည့်သွင်းထားသည်ကို တွေ့ရသည်။
သို့ဖြစ်ပါ၍ NUG အစိုးရ၏ မေလ ၂၁ ရက် တရားဝင်ထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားကြောင်း ထပ်မံ ဖော်ပြလိုက်ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်ဒေသခံ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူပြည်သူ တို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ ဘူးသီးတောင်ဒေသခံ ပြည်သူများ၏ နေအိမ်များလောင်ကျွမ်းစေရန် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ဒေသခံပြည်သူအများအပြား နေရပ်မှဖိအားပေးပြောင်းရွှေ့ခံရမှု၊ အများပြည်သူပိုင် အဆောက်အဦးများ ဖျက်ဆီးခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ စိုးရိမ်မိပါသည်။ထို့အပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သော ပြည်သူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်မှာ စိတ်ပူစရာ အခြေအနေဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုးရွား နေသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေမည်ကိုလည်း အထူးစိုးရိမ်ပူပန်မိပါသည်။
========================
📌📌 ၃။ မိုင်းငေါ့မြို့မှာ TLEC ရဲ့ ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပ
တအာင်းပြည် ပညာရေးကောင်စီ-TLEC ရဲ့ ဆရာ၊ဆရာမများ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို မေလ ၂၂ ရက်က ရှမ်းပြည် မြောက်ပိုင်း မိုင်းငေါ့မြို့က အထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။
တအာင်းပြည် တပ်မဟာ-၂ စစ်ဒေသဖြစ်တဲ့ မိုင်းငေါ့မြို့ အထက်တန်းကျောင်းမှာ တလကြာသင်ကြားပေးခဲ့တဲ့ အဆိုပါ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဆရာ၊ ဆရာမ ၁၃၂ ဦး တက်ရောက်ခဲ့ပြီး မိုင်းငေါ့မြို့နယ်အတွင်းဖွင့်လှစ်မယ့် အခြေခံ ပညာ စာသင်ကျောင်းတွေမှာ သင်ကြားရေးတာဝန်တွေ ထမ်းဆောင်သွားကြမှာဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။
မိုင်းငေါ့မြို့နယ်အတွင်းမှာ အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းဟာ ဒေသတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်ရော ဆရာ၊ ဆရာမများအတွက်ပါ ဂုဏ်ယူဝမ်းမြောက်ဖွယ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲမှာ သင်တန်းတက်ရောက်ခဲ့တဲ့ ဆရာ၊ဆရာမတွေကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သလို ဘာသာရပ် အလိုက် ထူးချွန်ဆုရရှိတဲ့ ဆရာ၊ဆရာမများကိုလည်း ဆုချီးမြှင့်ခဲ့တဲ့အပြင် သင်တန်းပြီးမြောက်စေရေး ကူညီထောက်ပံ့ ခဲ့ကြတဲ့ အလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို တအာင်းပြည်ပညာရေးကောင်စီ - TLEC အဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် သင်ကြားရေး ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင်ကို အနုပညာဖြင့်တော်လှန်နေသော ဟားငါးကောင်အဖွဲ့မှ လူရွှင်တော် ဝိုင်းကျော်(ခ)ကိုဝေလင်းထွန်း၏နောက်ဆုံး ဈပနပြုလုပ်
မေလ ၂၄။
နိုင်ငံကျော် လူရွှင်တော်အဖွဲ့တခုဖြစ်သည့် ဟားငါးကောင်အဖွဲ့မှ ဟာသလူရွှင်တော် ကိုဝိုင်းကျော်သည် (မေလ ၂၂ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မဲဆောက်ဆေးရုံကြီး၌ ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူနေစဉ် ဆုံးပါးသွား၍ ၎င်းရဲ့ ဈာပနကို မေ ၂၄ ရက် ယနေ့နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ကျောင်းကြီးကျောင်းမှာ ပြုလုပ်ခဲ့ပြီး နေ့လည်(၁၂း၃၀)နာရီတွင် ဝပ်မုတ်ကထန်သုဿန်(မယ်တော်ဆေးခန်းအနီး)သို့ မိတ်ဆွေသူငယ်ချင်းရဲဘော်ရဲဘက်များက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
လူရွှင်တော် ဝိုင်းကျော်ကွယ်လွန်ချိန်တွင် အသက် ၃၈ နှစ်ရှိပြီဟု သိရပြီး ကိုဝိုင်းကျော်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေ တစ်နေရာသို့ရောက်ရှိကာ ပြည်သူနှင့်အတူပူးပေါင်းပြီး ဟားငါးကောင်အဖွဲ့နှင့်အတူ တော်လှန်ရေးရန်ပုံငွေအတွက် အငြိမ့်ပွဲများ၊ ရုပ်သံဇာတ်လမ်းတိုများ ရိုက်ကူး တင်ဆက်၍ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် အနုပညာရှင်တစ်ဦး ဖြစ်သည်။
ကိုဝိုင်းကျော် ကွယ်လွန်းသွားခြင်းကြောင့် တော်လှန်ပရိတ်သတ်များနှင့်ထပ်တူ Radio NUG အဖွဲ့သားများမှ ဝမ်းနည်းကြေကွဲခြင်းနှင့်တာဝန် ကျေတဲ့အနုပညာရှင်ကြီး ကောင်းရာသုဂတိလားပါစေ၊ တော်လှန်ပြည်သူများမှလည်း ဝမ်းနည်းကြောင်း ရေးသားခြင်း၊ ဟားငါးကောင်အဖွဲ့အရင်လို လူမစုံတော့ပါ စသည့်စာသားများဖြင့် မိမိတို့၏ ဝမ်းနည်းကြောင်းကို ထုတ်ဖေါ် ရေးသားပြောဆိုနေကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းနွေတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံး
ရခိုင်ပြည် မြောက်ဦးမြို့မှာ ရခိုင့်တပ်တော် AA က သိမ်းပိုက်ထားတဲ့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် AA တပ်ဖွဲ့ဝင် ၆ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ဒီနေ့ မေ ၂၄ ရက် မနက် ၉ နာရီ ၄၀ မိနစ်ခန့်မှာ စစ်တပ် တိုက်လေယာဉ်တစင်းက မြောက်ဦးမြို့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုထိမှန်ပြီး အဆိုပါရုံးမှာရှိနေတဲ့ AA တပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးပြီး များစွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Western News က ဖော်ပြပါတယ်။
မြောက်ဦးခရိုင်ရုံးမှာ AA တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ သတင်းရတာကြောင့် စစ်ကောင်စီဘက်က ဗုံးကြဲ တိုက်ခိုက်တာဆိုတဲ့ မြေပြင်သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
မြောက်ဦးခရိုင်ရုံးဟာ လေးမြို့စားရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းအနီးတွင်ရှိပြီး ဗုံးကြဲတိုက်ခိုက်ခံရမှု လုံးဝပျက်စီးသွား တယ်လို့ မျက်မြင်ဒေသခံတွေကလည်း ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့၊ ရွာတွေကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ မြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိလန့်နေကြပါတယ်။
========================
🚩🚩 ၂။ မုံရွာမြို့နယ် ကြီးဗဒုံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၁၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြီးဗဒုံရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် ခဲ့ရာမှာ စစ်တပ်ဘက်က ၁၇ ဦး သေဆုံးသွားတယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ကြီးဗဒုံရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်အချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေအပါအဝင် RPG တွေနဲ့ ပြန်ပစ်တဲ့အပြင် ကျောက်စစ်ပုံ အမြောက်တပ်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဝလုံးကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂ အဖွဲ့၊ စာကလေးကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၈ အဖွဲ့နဲ့ ရွာခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်ရဲဘော်များကို ဂါရဝပြုဆုတောင်းပွဲ KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကျင်းပ
ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေမှာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဂါရဝပြုဆုတောင်းပွဲ အခမ်းအနားကို KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်ရင်း ပြည်သူလူထု တရပ် လုံးအတွက် အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဂါရဝပြုဆုတောင်းပွဲအခမ်းအနားကို KIA တောင်ပိုင်းတိုင်းဌာနချုပ် ပန်ဒန်ခန်းမမှာ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှာရှိတဲ့ KIA တပ်မဟာ-၄၊ တပ်မဟာ-၆ နဲ့ တပ်မဟာ-၁၀ ရှိတဲ့ တပ်တွေက ကျဆုံးသွားခဲ့ကြတဲ့ KIA နဲ့ KPDF တို့က အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်းနဲ့ ဝတ်ပြုဆုတောင်းခဲ့တာလို့ သိရပါတယ်။
ကျဆုံးသွားတဲ့သူရဲကောင်း ရဲဘော်ရဲဘက်တွေကို မြေမြုပ်သင်္ဂြိုဟ်ထားတဲ့ ဒီမား (Dima) သူရဲကောင်းကုန်းမှာ စစ်ဘက် ထုံးတမ်းအရ အလေးပြုခြင်းအခမ်းအနားကို မနက် ၇ မှာပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းအစီအစဉ်အဖြစ် အောက်မေ့သတိရ ဆုတောင်းခြင်းအခမ်းအနားကို ပန်ဒန်ခန်းမမှာ မနက် ၁၁ နာရီမှာကျင်းခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
ဒီအခမ်းအနားသို့ KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူများ၊ KIA အရာရှိစစ်သည်များနဲ့ အသက်ပေးလှူသွား ကြပြီဖြစ်တဲ့ KIA နဲ့ KPDF က အာဇာနည်သူရဲကောင်းများရဲ့ မိသားစုဝင်များနဲ့ ဖိတ်ကြားထားသူများ၊ရပ်မိရပ်ဖများ၊ ဒေသကာကွယ်ရေး KPDF တပ်ဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူများ စုစုပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ရေစကြိုနယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု သေနတ် ၅ လက်နဲ့ခဲယမ်းများ ရရှိ
မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ဇီးတောကျေးရွာဘက်ကိုဝင်ရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန် ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး သေနတ် ၅ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO က ထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ်ထဲက ကျောက်ထပ်၊ သဲတော၊ ဇီးတော စတဲ့ကျေးရွာတွေကို စစ်တပ်က မေလ ၁၇ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်ခန့်အချိန်မှာ စစ်ကြောင်း ၂ ကြောင်းနဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ရွာအပြင်ဘက်မှာရှိတဲ့ တောင်ကုန်းတွေပေါ်ကနေ တိုက်မိုင်း၊ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် မိုင်းဆွဲတိုက်ခိုက် မှုတွေကြောင့် စစ်သားတွေ ကစဉ့်ကလျားထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အဲဒီစစ်ကြောင်းဟာ ဇီးတောရွာနဲ့ကျောက်ထပ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူ ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်က မီးရှို့ မှုကြောင့် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ တယ်လို့လည်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO က အသိပေးထားပါတယ်။
မေလ ၂၀ ရက်နေ့မှာ စစ်တပ်စစ်ကြောင်းဟာ ဇီးတောကျေးရွာကနေ ဆုတ်ခွာသွားတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာ ကို မေလ ၂၁ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားတွေကိုင်တဲ့ MA-1 သေနတ် ၃ လက်၊ MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၆၈ တောင့်နဲ့ ကျည်ကာခံပြားပါ အီကွေးမန့် ၂ စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်နက်တွေ သိမ်းဆည်းရရှိခဲ့ပေမယ့် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့- YSO အဖွဲ့မှာ ကျည်တွေ ထပ်မံဝယ်ယူဖို့ အခက် အခဲရှိနေတာကြောင့် ပြည်တွင်း၊ ပြည်ပက ထောက်ပို့ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ ရခိုင်ပြည်မှာ ပထမဆုံးအကြိမ်ဖွင့်တဲ့ AA အရာရှိ လေ့ကျင့်ရေးသင်တန်းမှာ သင်တန်းသားအရာရှိ ၃၂၆ ဦး မွေးထုတ်
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်မှာ ပထမဆုံးအကြိမ်ဖွင့်တဲ့ ရခိုင့်တပ်တော် AA ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကနေ အရာရှိ ၃၂၆ ဦးကို လေ့ကျင့်သင်ကြားပေးလိုက်တယ်လို့ AA က ထုတ်ပြန်ပါတယ်။
အဆိုပါအရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၃ သင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်အတွင်း မေလ ၂၀ ရက်နေ့မှာ ကျင်းပ ခဲ့တာဖြစ်ပါတယ်။
ရခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၃ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား ၃၂၆ ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းသားအရာရှိတွေကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်မှာ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုပေးခဲ့ပြီး နောက် ၁၁ လ ခန့်အကြာ မေလ ၂၀ ရက်နေ့မှ သင်တန်းဆင်းနိုင်ခဲ့တာလို့ သိရပါတယ်။
ရခိုင့်တပ်တော်ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို ကချင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ် ၁ မှာ သင်တန်းသား သင်တန်းသူ ၁၃၈ ဦးကို သင်ကြားပေးခဲ့ကာ သင်တန်းအမှတ်စဉ် ၂ ကိုလည်း ကချင်ပြည်နယ်မှာပဲ ဖွင့်လှစ်တယ်လို့ ရခိုင့်တပ်တော် AA က အသိပေးပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ အရာရှိသင်တန်း အမှတ်စဉ် ၄ နဲ့ အခြေခံစစ်ပညာသင်တန်းတွေကိုလည်း ထပ်မံဖွင့်လှစ်သွားဖို့ရှိပြီး ဖွင့်လှစ်မယ့်အချိန်ကို အသိပေးမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်မှာနေထိုင်ကြတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့နဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် ရခိုင့်တပ်တော်မှာစစ်မှုထမ်းပြီး ရခိုင်ဒေသအတွက် တာဝန်ယူလို ကြတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ နီးစပ်ရာစစ်ဒေသတွေမှာစုံစမ်းပြီး ရခိုင်ဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနဲ့ တည်တံ့ ရေး လုပ်ငန်းတွေမှာပါဝင်နိုင်တယ်လို့ AA က အသိပေးကြေညာထားပါတယ်။
အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment