၂၀၂၄ မေလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "တော်လှန်ရေးအင်အားစု အချင်းချင်းကြားနားလည်မှုတွေ မလွဲမှားဖို့ NUG ဝန်ကြီးများကိုယ်တိုင် ဦးဆောင်ပြီး တွေ့ဆုံမှုတွေလုပ်သွားရန်ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဂျပန်လွှတ်တော်အမတ်များရုံးတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်များအား ရှင်းလင်းပြောကြားခဲ့
📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)တို့သီးခြားတွေ့ဆုံ
📌 ၄။ စစ်တပ်၏ မတရားစစ်သားစုဆောင်းမှု အစီအစဉ်တို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ပိုမိုလှုံ့ဆော်လျက်ရှိတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
📌 ၅။ ၂၀၂၄ ခုနှစ်လေးလကျော်ကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက လူ (၂၉၀)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအသက် ၆ နှစ်အရွယ် ကလေးငယ် (၂) ဦး ပါဝင်
📌 ၆။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရ၊ ၁ ဦးသေ ၃ ဦးဒဏ်ရာရရှိ
၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရခိုင့်အရေး နွေဦးတော်လှန်ရေးအဖွဲ့ ၂ ခုက AA ဘက်က ရပ်တည်ဟုကြေညာ
🚩 ၂။ တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်အတွင်း သိမ်းထားတဲ့ ငွေကျပ် သိန်း ၃၀၀၀ ကျော် ဖော်ထုတ်ရရှိ
🚩 ၃။ မြပင်ကူး ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထိ သေဆုံးခဲ့
🚩 ၄။ ရွှေဘိုမြို့နယ်ရှိ စခတ-၈ (လေ့ကျင့်ရေး - ၈)တပ်အား 107MM (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၅။ သဲကုန်းနဲ့ အုတ်ဖို့မြို့နယ်က စစ်သားသစ်စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်း
🚩 ၆။ ဂိတ်ချ၍ ပြည်သူများအား စစ်ဆေးနေမှုများပြုလုပ်နေသည့် စကစတပ်အား ဗုံးသီးကျဲချ၊ ၃ဦးသေဆုံး
🚩 ၇။ Chinland Defense Force - Matupi (Brigade 1)၏ ကိုယ်ပိုင် ထုတ်လုပ်သော Matupi Rocket(MR1) စမ်းသပ်အောင်မြင်
🚩 ၈။ ထွန်းဇံမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နိုင်ငံရေး အကျဉ်းသား ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ "တော်လှန်ရေးအင်အားစု အချင်းချင်းကြားနားလည်မှုတွေ မလွဲမှားဖို့ NUG ဝန်ကြီးများကိုယ်တိုင် ဦးဆောင်ပြီး တွေ့ဆုံမှုတွေလုပ်သွားရန်ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
မေလ ၂၃ရက်။
တော်လှန်ရေးအင်အားစု အချင်းချင်းကြားနားလည်မှုတွေ မလွဲမှားဖို့ NUG ဝန်ကြီးများကိုယ်တိုင်ဦးဆောင်ပြီး တွေ့ဆုံမှုတွေလုပ်သွားရန်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတိုက်တွန်းဆိုပါတယ်။
မေလ၂၃ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၄)ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"တော်လှန်ရေး အင်အားစုအချင်းချင်းကြားမှာ နားလည်မှုတွေမလွဲမှားဖို့ အရေးကြီးပြီး လိုအပ်ရင်လိုအပ်သလို တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် ပြဿနာတွေက ပြေလည်သွားနိုင်တာဖြစ်တာကြောင့် ဝန်ကြီးများကိုယ်တိုင်ဦးဆောင်ပြီး တွေ့ဆုံမှုတွေလုပ်သွားဖို့ တိုက်တွန်းလိုပါကြောင်း။ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ပိုမိုကောင်းမွန်တဲ့ အနေအထား ရောက်အောင် တွန်းအားပေးနိုင်မယ့်ကဏ္ဍတစ်ခုအဖြစ် အုပ်ချုပ်ရေးတည်ဆောက်မှုကို ကောင်းစွာ စီမံကြဖို့တိုက်တွန်းလိုပါကြောင်း။ ဘာပဲလုပ်လုပ် ပြည်သူတွေကို မျက်နှာမူဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းအပ်တယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ(၁၆/၂၀၂၄)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဂျပန်လွှတ်တော်အမတ်များရုံးတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်များအား ရှင်းလင်းပြောကြားခဲ့
မေလ ၂၃ရက်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဂျပန်လွှတ်တော်အမတ်များရုံးတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်များအား ရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက မေလ၂၃ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များအဖွဲ့နှင့် ဂျပန်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းစီစဉ်သည့် မြန်မာ့အရေး ကြားနာပွဲသို့ တက်ရောက်ကာ လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များအား ရှင်းလင်းပြောကြားခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါ ကြားနာပွဲသို့ ဂျပန်လွှတ်တော်အမတ်များ၊ ဂျပန်နိုင်ငံခြားရေးဌာနမှ အရှေ့တောင်အာရှတာဝန်ခံဌာနမှ တာဝန်ရှိသူနှင့် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လူမျိုးများ၊ သတင်းမီဒီယာများနှင့် ဂျပန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးမှလည်း သတင်းမီဒီယာများနှင့် လွှတ်တော်အမတ်များ၊ ဧည့်ပရိသတ်များထံမှ မေးခွန်းများအား ပြန်လည်ဖြေကြားကာ ဂျပန်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် လက်တွဲကာ မြန်မာပြည်သူများရင်ဆိုင် ကြုံတွေ့နေရသောအခက်အခဲများအတွက် လက်တွေ့ကျသော ကူညီမှုများ အမြန်ဆုံးပေးနိုင်ရန် တိုက်တွန်းတောင်းဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)တို့သီးခြားတွေ့ဆုံ
မေလ၂၃ရက်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)တို့သီးခြားတွေ့ဆုံခဲ့တယ်လို့မေလ၂၃ရက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ကအသိပေးဆိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)နှင့် ယမန်နေ့ မေလ ၂၂ရက် ညနေပိုင်းက သီးခြားတွေ့ဆုံ၍ နွေဦးတော်လှန်ရေးတွင် အဓိက ထောက်ပို့လုပ်ငန်းစဉ် တခုဖြစ်သော၊ NUG အစိုးရသို့ ဘဏ္ဍာရန်ပုံငွေ တိုက်ရိုက်ပေးပို့သည့် One Day Challenge ၏ ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲတွင် ODC ၏ ငွေစာရှင်းများကို တင်ပြပြီးနောက် လက်ရှိအခြေအနေကို သုံးသပ်ခြင်း၊ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းခြင်းတို့ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ODCသည် ယခုအထိ NUG သို့ USD 2,400,000 ပေးပို့ပြီး၊ အခြားထောက်ပံ့မှု USD 250,000 ကျော် ထောက်ပံ့ပြီး ဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်တပ်၏ မတရားစစ်သားစုဆောင်းမှု အစီအစဉ်တို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ပိုမိုလှုံ့ဆော်လျက်ရှိတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
မေလ ၂၃ရက်။
စစ်တပ်၏ မတရားစစ်သားစုဆောင်းမှု အစီအစဉ်တို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ပိုမိုလှုံ့ဆော်လျက်ရှိတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။
မေလ၂၂ရက် ပထမအကြိမ် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အပြန်အလှန်ဆွေးနွေးမှု (First Session of the International Dialogue on Migration 2024) အစည်းအဝေးအား နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတက်ရောက်ပြောကြားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်မှု၏ အပေါင်းလက္ခဏာဆောင်သော ခေတ်ရေစီးကြောင်းကို ပြောင်းပြန်ဖြစ်စေခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းကျူးလွန်နေသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ ရှောင်ပြေးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာခြင်း၊ နေထိုင်မှုစရိတ် တဟုန်ထိုးမြင့်တက်လာခြင်း၊
အခြားသော စိန်ခေါ်မှုများအပြင် မကြာသေးမီက စစ်တပ်၏ မတရားစစ်သားစုဆောင်းမှု အစီအစဉ်တို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ပိုမိုလှုံ့ဆော်လျက်ရှိကြောင်း၊ မတရား စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများ စုပြုံလာခဲ့သည်ဟု IOM မှ မှတ်တမ်းထားရှိကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
ထို့အပြင်ရွှေ့ပြောင်း နေထိုင်မှုအား လက်ခံပေးသော အိမ်ရှင်နိုင်ငံများအား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့နည်းတူ နိုင်ငံရေးခိုလှုံမှုနှင့် ရွှေ့ပြောင်းနေထိုင်မှု လုပ်ငန်းစဉ်တို့အတွက် လစ်ဟာနေသည့် ကွက်လပ်များကို ဖြည့်တင်းပေးနိုင်မည့် လိုအပ်သော အစီအမံများနှင့် အရင်းအမြစ်များ ချမှတ်ပေးရန်တို့ကိုသံအမတ်ကြီးဦးကျော်မိုးထွန်းကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ ၂၀၂၄ ခုနှစ်လေးလကျော်ကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက လူ (၂၉၀)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအသက် ၆ နှစ်အရွယ် ကလေးငယ် (၂) ဦး ပါဝင်
မေလ ၂၃ရက်။
၂၀၂၄ ခုနှစ်လေးလကျော်ကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက လူ(၂၉၀)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအသက် ၆ နှစ်အရွယ် ကလေးငယ် (၂)ဦး ပါဝင်တယ်လို့သတင်းရရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၇၉) ဦးနှင့် အမျိုးသား (၂၁၁) ဦး စုစုပေါင်း (၂၉၀) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ် (၂) ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။
အဆိုပါ (၂၉၀)ဦးအနက် ရန်ကုန်တိုင်းမှာ (၆၀) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၃၄) ဦးနှင့် အမျိုးသား (၁၃၃) ဦး စုစုပေါင်း (၁၆၇) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၁၁၀) ဦးဖြင့် အများဆုံး ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အဆိုပါ (၁၆၇) ဦး အနက် အများစုမှာ ရာဇသတ်ကြီးဥပဒေပုဒ်မနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ (၁၉) ဦးနှင့် သေဒဏ် ချမှတ်ခံရသူ (၉) ဦးတို့ ပါဝင်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရ၊ ၁ ဦးသေ ၃ ဦးဒဏ်ရာရရှိ
မေလ ၂၃ရက်။
Radio NUG
မေလ (၂၃) ရက်နေ့ နံနက်အစောပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်- မော်လမြိုင်လမ်းပိုင်း တောင်ကလေးရွာအနီးရှိ မစောတံတား မိုင်းခွဲခံရကြောင်း သိရပါတယ်။
တံတားပြိုကျစဉ် ဆိုင်ကယ် ၃ စီး ဖြတ်သန်းနေချိန်ဖြစ်၍ ဆိုင်ကယ်စီးနင်းသူ ၄ ဦးပါ တံတားပြိုကျမှုတွင် ပါဝင်သွားရာ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိထားကြောင်း သိရှိရပါတယ်။
မိုင်းခွဲခံရ၍ ပျက်စီးသွားသည့် တံတားသည် ယခင်ရက်ပိုင်းအတွင်း မိုင်းခွဲခံရသည့် ကျုံအိတ်တံတားနှင့် မလှမ်းမကမ်းတွင် ရှိနေပြီး မည်သည့်ယာဉ်မှ ဖြတ်သန်းမရသဖြင့် ရန်ကုန် - မော်လမြိုင်လမ်းသစ်မှ မော်တော်ယာဉ်များကို ဘီးလင်းတိုးဂိတ်အဟောင်းမှ ယာယီလမ်းပိတ်ထားကြောင်း သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရခိုင့်အရေး နွေဦးတော်လှန်ရေးအဖွဲ့ ၂ ခုက AA ဘက်က ရပ်တည်ဟုကြေညာ
မေလ ၂၃ရက်။
ရခိုင်ပြည်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA ဘက်က ရပ်တည်တယ်လို့ နွေဦးတော်လှန်ရေးအဖွဲ ၂ ခုက မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
AA ဘက်က ရပ်တည်တယ်လို့ ထုတ်ပြန်လိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြည်သူ့စစ်မဟာအကြံပေးဗျူရို -PMSAB နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မြေပြင်ပကတိ အခြေအနေမှန်တွေကို တိကျသေချာစွာ လေ့လာစုံစမ်းသိရှိခြင်းမရှိဘဲ အခြေအမြစ် မရှိတဲ့ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲပါတဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံပြီး သုံးသပ်ချက်တွေ ထုတ်ပြန်ချက်တွေ ပြုလုပ်မယ်ဆိုရင် မှားယွင်းတဲ့ရလဒ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ နွေဦးတော်လှန်ရေးအဖွဲ့ ၂ ခုက ထောက်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ "ကျွန်ုပ်တို့အနေနဲ့ စစ်အာဏာရှင်ကျရှုံးရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော် (ULA/AA) နှင့်အတူ သစ္စာရှိစွာ အတူတကွရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်" ဖော်ပြထားပါတယ်။
ပြည်သူ့စစ်မဟာအကြံပေးဗျူရို (PMSAB) နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျရာအခန်း ကဏ္ဍကနေ ယနေ့ထက်တိုင် စစ်အာဏာရှင်ကျရှုံးရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားညီနောင်မဟာမိတ်များ၊ မြေပေါ်မြေအောက် တော်လှန်ရေးအဖွဲအစည်းများနဲ့အတူ လက်တွဲလျက် တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီလော်ဘီတွေ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် နိုင်ငံတကာအစိုးရအဖွဲများ၊ UN အဖွဲအစည်းများနဲ့ ပြည်တွင်းပြည်ပမီဒီယာတွေက ရခိုင်ပြည်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို သေချာလေ့လာခြင်းမရှိဘဲ သတင်းအမှားတွေကို ထုတ်လွှင့်ပြောဆိုတာကြောင့်လည်း နွေဦးတော်လှန်ရေး အဖွဲ့ ၂ ခုက ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်လို့ ကြောင်းကျိုးဆီလျှော်တဲ့ အမှန်တရားထက် အလှူရှင်တွေအကြိုက် မျက်နှာပြောင်တိုက်နေတဲ့ ကြောင်သူတော်မိတ်ဆွေများအနေနဲ့ ၎င်းတို့နဲ့ထိုက်တန်တဲ့ နိုင်ငံရေးအနာဂတ်မှာ နေပျော်စေဖို့ ဆုတောင်းလိုက်တယ်ဆိုပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း သူရဲ့လူမှုကွန်စာမျက်နှာကနေ ထုတ်ပြန်ပြောဆိုထားတာလည်းရှိပါတယ်။
========================
🚩🚩 ၂။ တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်အတွင်း သိမ်းထားတဲ့ ငွေကျပ် သိန်း ၃၀၀၀ ကျော် ဖော်ထုတ်ရရှိ
မေလ ၂၃ရက်။
ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီရဲ့ ခလရ-၂၉၆ တပ်အတွင်းကနေ ငွေကျပ် သိန်း ၃ထောင်ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ CNF/CNA သတင်းရင်းမြစ်ကပြောပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့ ခလရ -၂၆၉ အတွင်း ရွှေ့ပြောင်းသိမ်းဆည်းထားတဲ့ မြန်မာ့စီးပွားရေးဘဏ်က မြန်မာငွေကျပ်သိန်း ၃ ထောင်ကျော်ကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က မေလ ၂၂ ရက်နေ့က သိမ်းဆည်းရရှိခဲ့တာဖြစ်ပြီး ဒီငွေတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်မတော်-CNA နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ-CDFs က တွန်းဇံမြို့နယ်ထဲက ကျီခါးမြို့ကို မေလ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် ၂ ရက်အကြာ မေလ ၂၁ ရက်နေ့မှာ တွန်းဇံမြို့တွင်းက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ အခြားစစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ လက်နက်ငယ် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းမီဒီယာတွေကို ပြောထားတာလည်း ရှိပါတယ်။
ကျီခါးမြို့ကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ တွန်းဇံမြို့ မကျဖို့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေတဲ့အပြင် မေလ ၂၂ ရက်နေ့မှာ ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ဆက်တိုက်ပို့ခဲ့ရာမှာ လေကြောင်းနဲ့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တွန်းဇံမြို့အနီးက စစ်ရှောင်ပြည်သူတချို့ကို လမ်းပြအဖြစ်ဖမ်းခေါ်ဆောင်ခဲ့ပြီး မေလ ၂၃ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့တယ်လို့ တွန်းဇံပြည်သူ့အုပ်ချုပ်အဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
========================
🚩🚩 ၃။ မြပင်ကူး ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထိ သေဆုံးခဲ့
မေလ ၂၃ ရက်။
Radio NUG
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကညင်မြောင် ကျေးရွာအုပ်စု၊ မြပင်ကူး ကျေးရွာမှာ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်သား ၅ ဦးထိ သေဆုံးခဲ့တယ်လို့ PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၁) မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မေလ ၂၁ ရက်နေ့ မနက် ၆ နာရီ ၅၀ မိနစ်မှာ ဝက်ခေါက်စိန် ကျေးရွာမှ မြပင်ကူး ကျေးရွာဘက်ကို အင်အား ၆၀ ဝန်းကျင်ဖြင့် ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၁) မှ ရဲဘော်များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မနက် ၉ နာရီခွဲတွင် တစ်ကြိမ်၊ ၁၀ နာရီ မိနစ် ၄၀ တွင် တစ်ကြိမ် အဆိုပါ စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စနိုင်ဘာဖြင့် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထို့အပြင် မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်မှာလည်း မြပင်ကူးကျေးရွာ စာသင်ကျောင်းနှင့် ရွာထဲမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၈၀ ခန့်ကိုလည်း စနိုက်ဘာဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိခဲဘူးလို့ PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၁) က ဆိုပါတယ်။
အခုလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ရွှေဘိုမြို့နယ်ရှိ စခတ-၈ (လေ့ကျင့်ရေး - ၈)တပ်အား 107MM (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
မေလ ၂၃ရက်။
Radio NUG
မေလ (၂၃)ရက်နေ့ နေ့လယ် (၁၂)နာရီ (၃၀) မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စခတ-၈ (လေ့ကျင့်ရေး - ၈)တပ်အား 107MM (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF)က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် 107MM ရှော့တိုက်ဒုံးများသည် ဗဟိုကင်း၊ လက်နက်တိုက်၊ လက်နက်ကြီးကွင်း၊ ဘားတိုက်များအား ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဗဟိုကင်းတာဝန်ကျ စစ်သားနှစ်ဦး သေဆုံးကြောင်းသိရပြီး ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင် အမှတ်(၂၅)တပ်ရင်း (TPC) နှင့် ရွှေဘိုခရိုင် အမှတ် (၂၄)တပ်ရင်းတို့ ပူးပေါင်းပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ သဲကုန်းနဲ့ အုတ်ဖို့မြို့နယ်က စစ်သားသစ်စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်း
မေလ ၂၃ရက်။
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ စစ်သားသစ် စုဆောင်းပေးနေတဲ့ အင်ပင်လှရွာ အုပ်ချုပ်ရေးမှူးနဲ့ အုတ်ဖိုမြို့နယ်က ပျူစောထီးတဦးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မေလ ၂၃ ရက်နေ့ မနက် ၆ နာရီခွဲခန့်မှာ အင်ပင်လှရွာက အုပ်ချုပ်ရေးမှူး မျိုးထွန်းကို ၎င်းရဲ့နေအိမ်အနီးမှာပဲ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdom-2 အဖွဲ့က ပစ်ခတ်ခဲ့ရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး မျိုးထွန်းဟာ အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်မှုထမ်စုဆောင်းရာမှာ ကျေးရွာအုပ်စုအတွင်းက ပြည်သူတွေကို အတင်းအဓမ္မ ခေါ်ယူစုဆောင်းပေးတာနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ နေထိုင်လို့မရအောင် စစ်တပ်ကိုသတင်းပေးတာ၊ ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းတွေထောင်ပြီး အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံ့နေသူဖြစ်တာကြောင့်
ရှင်းလင်းခဲ့တာလို့လည်း အသိပေးထားပါတယ်။
ထို့အတူ အုတ်ဖိုမြို့နယ် ချောင်းဂေါင်းအုပ်စု မီးချောင်းတင်ကျေးရွာက စကစ သတင်းပေး ပျူစောထီး သန်းဇော်ကိုလည်း ထန်းပင်ကုန်းရွာအရှေ့ အုန်းတောကျွန်းစိုက်ခင်းအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
ပျူစောထီး သန်းဇော်ဟာ စစ်ကောင်စီကို မမှန်သတင်းပေးပြီး ပြည်သူလူထုကို ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို ထောက်လှမ်းပြီး စစ်ကောင်စီထံပေးပို့ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုးမပေါ်မှာသွားလာနိုင်ဖို့ ကားနဲ့ အကြိုအပို့ လုပ်ဆောင်ပေးနေသလို စစ်တပ်နဲ့ပေါင်းပြီး ရိုးမအတွင်းကနေ သစ်တွေခိုးထုတ်နေတာကြောင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ကာ အရေးယူတာလို့ သိရပါတယ်။
ပျူစောထီး သန်းဇော်ကို ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်းမောင်းနှင်လာတဲ့ ဖောကားကို မီးရှို့ရှင်းလင်းလိုက်ပြီး ဖုန်းတလုံးနဲ့ မှတ်ပုံတင်တခု သိမ်းဆည်းခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ဂိတ်ချ၍ ပြည်သူများအား စစ်ဆေးနေမှုများပြုလုပ်နေသည့် စကစတပ်အား ဗုံးသီးကျဲချ၊ ၃ဦးသေဆုံး
မေလ ၂၃ရက်။
Radio NUG
မေလ ၂၃ မနက် 9နာရီ၀န်းကျင်တွင် ခက်လန်း-တတ်စည်ကျေးရွာအနီးတွင် ဂိတ်ချ၍ ပြည်သူများအားစစ်ဆေးနေမှုများ ပြုလုပ်နေသည့် စကစတပ်အား ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
နွားထိုးကြီး-ပြင်စည်လမ်းပိုင်း ပြင်စည်ကျေးရွာအတွင်းမှ စကစအင်အား 30ခန့်သည် ခက်လန်း-တတ်စည်ကျေးရွာအနီးတွင် ဂိတ်ချ၍ ပြည်သူများအား စစ်ဆေးနေမူများပြုလုပ်နေသည့်အတွက် Droneဖြင့် ဗုံးသီး (3)လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စကစဘက်မှ (3)ယောက် ပွဲချင်းပီးသေဆုံးခဲ့ပြီး 6 ယောက်နှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ Chinland Defense Force - Matupi (Brigade 1)၏ ကိုယ်ပိုင် ထုတ်လုပ်သော Matupi Rocket(MR1) စမ်းသပ်အောင်မြင်
မေလ ၂၃ရက်။
Radio NUG
Chinland Defense Force - Matupi (Brigade 1)၏ ကိုယ်ပိုင် ထုတ်လုပ်သော Matupi Rocket (MR1) စမ်းသပ် အောင်မြင်ကြောင်း မေလ ၂၃ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
၎င်း MR1 သည် လေမိုင် ၁၀ မိုင်ခန့် အကွာအဝေးသို့ လှမ်းပစ်နိုင်ပြီး အရေအတွက် ရာနဲ့ချီ ထုတ်လုပ်နိုင်ရန် တပ်မဟာ ၁ အနေဖြင့် ပြင်ဆင်လျှက်ရှိကြောင်း သိရပါတယ်။
========================
🚩🚩 ၈။ ထွန်းဇံမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နိုင်ငံရေး အကျဉ်းသား ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့
မေလ ၂၃ ရက်။
Radio NUG
ချင်းပြည်နယ်၊ ထွန်းဇံမြို့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၃ဦးကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြပါတယ်။
တိုက်ပွဲတွေကြောင့် ရဲစခန်းကနေ ဆိုင်ကလုန်းစင်တာမှာ ပြောင်းရွှေ့ချုပ်ထားတဲ့ ၎င်းတို့ ၃ ဦးကို မေလ ၂၂ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တာလို့ တွန်းဇံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထွန်းဇံမြို့ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ CDM မူလတန်းပြ ဆရာမ မဝုန်ဟွဲကိမ် နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ သူမရဲ့ ဖခင်ဖြစ်သူ အပြင် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ ဖိုင်တူရွာသား အမျိုးသား တစ်ဦးတို့ကို အခုလို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တွန်းဇံ မြို့မရဲစခန်း၊ စစ်တပ် အထိုင်စခန်း၊ ဆိုင်ကလုန်း စင်တာ အပါအဝင် ဌာနဆိုင်ရာ ရုံးနေရာတွေ အားလုံးကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ထဲမှာ ရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပြပါတယ်။
တွန်းဇံ မြို့သိမ်းတိုက်ပွဲမှာ လက်နက် အလက် ၅၀ အပြင် စစ်တပ် စခန်းကုန်း နေရာကနေ ငွေကျပ် သိန်း ၃,၀၀၀ ဝန်းကျင်ကို သိမ်းဆည်းရမိတယ်လို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ပြောထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment