၂၀၂၄ မေလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူ့အခွင့်အရေးဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊လွှတ်တော် အတွင်းဝန် နှင့်တွေ့ဆုံ
📌 ၂။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေငြာချက်တစ်စောင် နိုင်ငံ (၉) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းထုတ်ပြန်
📌 ၃။ တော်လှန်ရေးအင်အားစုတွေနဲ့အရပ်ဘက်အဖွဲ့တွေ ထုတ်ပြန်ချက်ဟာ ပကတိအခြေအနေနဲ့ကွဲလွဲနေတယ်လို့ AA ပြော
📌 ၄။ စစ်အသုံးဆောင်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့ KNDF တပ်ရင်း (၂၈) မေတ္တာရပ်ခံ
📌 ၅။ ဆားလင်းကြီးနယ်ထဲက G-12 ကျောင်းသား/ကျောင်းသူတွေအတွက်လိုအပ်နေတဲ့ စာသင်ဆောင်တခုကို အညာပစ်တိုင်ထောင်လေးများ လှူဒါန်း
📌 ၆။ ရှမ်းပြည်နယ်ရှိ ဒေါ်လာမီလီယံနှင့်ချီ တန်ဖိုးရှိဟိုတယ်တစ်လုံးအား The Key ပရော့ဂျက်အမည်ဖြင့် Raffle Ticket များ မေလမကုန်မီရောင်းချမည်
၂၀၂၄ ခုနှစ် မေလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကျေးရွာလူကြီးတွေကို ဖမ်းဆီးတာ၊ အရပ်သားတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်တာတွေ လုပ်နေတယ်လို့ PNLA ပြော
🚩 ၂။ မုံရွာမှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ ဒုတပ်ကြပ်စန်းချစ်နိုင်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖမ်းဆီး
🚩 ၃။ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းဖို့ ကြိုးစား၊ (၂) ရက်ဆက်တိုက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား
🚩 ၄။ မုံရွာမြို့နယ်ထဲက သာစည်ထောင်နဲ့ ရဲကင်းကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က (၇) ဦးသေဆုံး
🚩 ၅။ စဥ့်ကူးမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု အသက် (၇ဝ) ကျော် အမျိုးသမီးတဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူ့အခွင့်အရေးဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊လွှတ်တော် အတွင်းဝန် နှင့်တွေ့ဆုံ
မေလ (၂၃) ရက်နေ့က ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ လွှတ်တော် အတွင်းဝန် Mr. Hon. Rob Oliphant နှင့် တွေ့ဆုံခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး နှင့် တရားမျှတမှု ဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး၊ အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့အပြင် ဒေသတွင်းလုံခြုံရေးအခြေအနေများကိုလည်း ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေငြာချက်တစ်စောင် နိုင်ငံ (၉) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းထုတ်ပြန်
မေလ (၂၄) ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေငြာချက်တစ်စောင်အား ကနေဒါ ၊ ဩစတျေးလျ ၊ ဥရောပ သမဂ္ဂ ၊ တောင်ကိုရီးယား ၊ မယ်လ်တာ ၊ နယူးဇီးလန် ၊ နော်ဝေး၊ ဆွစ်ဇာလန် ၊ ဗြိတန် နှင့် အမေရိကန် နိုင်ငံတို့ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်းပဋိပက္ခများပိုမိုဆိုးဝါးလာပြီး အရပ်သားပြည်သူများ ပိုမိုထိခိုက်ခံစားနေရသည့် အပေါ် ပြင်းထန်စွာစိုးရိမ်ကြောင်း ၊ ဆေးရုံ ၊ ကျောင်းများအပါအဝင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ၊အရပ်သားများအပေါ် နှိပ်စက်၊သတ်ဖြတ်မှုများ၊ အမျိုးသမီးနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကိုဖော်ပြထားပြီး လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသည့်အကြောင်း ၊ စစ်မှုထမ်းဥပဒေပြဌာန်းကျင့်သုံးမှု နှင့် ဘူးသီးတောင်မြို့နယ်အတွင်း လူအမြောက်အများ နေရပ်မှ ပြောင်းရွှေ့နေရခြင်းအပေါ် အထူးစိုးရိမ်ပူပန်မိကြောင်း တို့ဖော်ပြပါရှိပါတယ်။
ထိုသို့ ဖြစ်ပျက်နေသည့် အကြောင်းအရာများအားလုံးအတွက် တာဝန်ခံမှုရှိစေရန် လိုအပ်နေပြီး အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီအပါအဝင် လက်နက် တင်ပို့ရောင်းချမှုများ ရပ်တန့်ရန် တောင်းဆိုထားမှုလည်းပါဝင်ပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးအင်အားစုတွေနဲ့အရပ်ဘက်အဖွဲ့တွေ ထုတ်ပြန်ချက်ဟာ ပကတိအခြေအနေနဲ့ကွဲလွဲနေတယ်လို့ AA ပြော
ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေအပါအဝင် အရပ်ဘက်အဖွဲ့ (၁၉၅) ခုရဲ့ ထုတ်ပြန်ချက်တွေဟာ ကတိအခြေအနေနဲ့ ကွဲလွဲနေတာကြောင့် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့ စုစုပေါင်း (၁၉၅) ခုက မေလ (၂၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ရခိုင့်တပ်တော် AA က ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
ဒီအဖွဲ့တွေရဲ့ ကြေညာချက်ထဲမှာ ရခိုင်တပ်တော်-AA က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့သတ်ဖြတ်တာ ဖမ်းဆီးတာတွေ မလုပ်ဘူးလို့ ပြောဆိုနေပေမယ့် မြေပြင်မှာ AA စစ်သားအချို့က ဒီလုပ်တွေကျူးလွန်နေတယ်လို့ စွပ်စွဲမှုတွေရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထဲက အချို့သော အချက်အလက်တွေဟာ မှားယွင်းနေပြီး မြေပြင်ပကတိအချက်အလက်တွေနဲ့ ကွဲလွဲမှုနေတာ၊ မဟုတ်မမှန်သတင်းတွေ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ AA ကို နိုင်ငံတကာက အထင်အမြင်လွဲအောင်ပြုလုပ်နေတဲ့ အသုံးအနှုန်းတွေ ပါဝင်နေတယ်လို့ AA ဘက်က ကန့်ကွက်လိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ ကြေညာချက်မှာပါဝင်နေတဲ့ အချို့သောအဖွဲ့တွေရဲ့ သဘောထား ဆန္ဒမပါဘဲ ပါဝင်ခဲ့ရတာတွေရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မိမိတို့သဘောထားဆန္ဒမပါဘဲ ပါဝင်ခဲ့ရတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရှင်းလင်းချက်တွေ ထုတ်ပြန်ပေးဖို့ AA ဘက်က တောင်းဆိုထားပါတယ်။
အခုလို တောင်းဆိုရတာဟာ အပြန်အလှန်နားလည်မှုလွဲမှားနေတာတွေနဲ့ ယုံကြည်မှုပျက်ပြားစေတာ၊ စိတ်ဝမ်းကွဲတာတွေ မဖြစ်စေဖို့ တောင်းဆိုရတာဖြစ်ကြောင်းလည်း ရခိုင့်တပ်တော် AA က အသိပေးထားပါတယ်။
========================
📌📌 ၄။ စစ်အသုံးဆောင်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့ KNDF တပ်ရင်း (၂၈) မေတ္တာရပ်ခံ
ကရင်နီပြည်ထဲမှာ တိုးချဲ့ဖွဲ့စည်းထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ - KNDF တပ်ရင်း (၂၈) အနေနဲ့ စစ်ဆင်ရေးတွေဆင်နွှဲဖို့ အသင့်ဖြစ်နေပေမယ့် စစ်အသုံးဆောင်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံလိုက်ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ - KNDF တပ်ရင်း (၂၈) ဟာ စစ်ဗျူဟာ (၇) အောက်က တပ်ရင်းတခုအဖြစ် မေလ (၂) ရက်နေ့ကမှ တိုးချဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်းဖြစ်ပါတယ်။
အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းထားတဲ့ တပ်ရင်းတခုဖြစ်ပေမယ့် တပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ လုပ်ကိုင် ဆောင်ရွက်ရမယ့် စစ်ဆင်ရေးလုပ်ငန်းတွေအတွက် အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
သို့သော်လည်း ရဲဘော်တပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးမှာအသုံးပြုရမယ့် စစ်အသုံးဆောင်တွေနဲ့ စားနပ်ရိက္ခာများ အပါအဝင် တပ်ရင်းရုံးမှာသုံးရမယ့် ကွန်ပျူတာ၊ စာကူးစက်နဲ့ ရုံးသုံးကိရိယာများ ဖြည့်တင်းဖို့ အရေးပေါ်လိုအပ်နေတယ်လို့ အသိပေး ပါတယ်။
ဒါကြောင့် တော်လှန်မိဘပြည်သူများအနေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် (၂၈) အတွက် အရေးပေါ် လိုအပ်နေတာတွေကို တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ထောက်ပို့လှူဒါန်းလိုတဲ့ မိဘပြည်သူများအနေ တပ်ရင်းအမှတ် (၂၈) လူမှုကွန်ယက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်သလို တပ်ရင်းက ခွင့်ပြု တာဝန်ပေးထားတဲ့ ထောက်ပို့တာဝန်ခံဆီမှာလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ ဆားလင်းကြီးနယ်ထဲက G-12 ကျောင်းသား/ကျောင်းသူတွေအတွက်လိုအပ်နေတဲ့ စာသင်ဆောင်တခုကို အညာပစ်တိုင်ထောင်လေးများ လှူဒါန်း
စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ထဲက ကျေးရွာတရွာမှာ အထက်တန်းကျောင်းသားတွေဖြစ်တဲ့ G-12 ကျောင်းသား/ကျောင်းသူတွေ အတွက်လိုအပ်နေတဲ့ စာသင်ဆောင်တဆောင် လှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်ထောင်လေးများအဖွဲ့က ပြောပါတယ်။
NUG ရဲ့ ကြားကာလပညာရေး ပြည်သူ့အခြေပြုအထက်တန်းကျောင်း-ပထကမှ G-12 ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်နေတဲ့ စာသင်ဆောင်ကို လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသား/ကျောင်းသူ (၇၀) ကျော်အတွက် ပညာရေးအထောက်အကူဖြစ်စေဖို့ ရည်ရွယ် လှူဒါန်းခဲ့တာဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် (၂၇) သိန်းခွဲခန့် ကုန်ကျခဲ့ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲမှာလည်း ကျောင်သား/ကျောင်းသူတွေကို မုန့်ဟင်းခါး ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ ဆားလင်းကြီးမြို့နယ်မှာ စာသင်ဆောင် (၃) ဆောင်၊ ကနီမြို့နယ်မှာ (၂) ဆောင်၊ ပုလဲမြို့နယ်နဲ့ ဘုတလင်မြို့နယ်မှာ တဆောင်စီ လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့အပြင် စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
========================
📌📌 ၆။ ရှမ်းပြည်နယ်ရှိ ဒေါ်လာမီလီယံနှင့်ချီ တန်ဖိုးရှိဟိုတယ်တစ်လုံးအား The Key ပရော့ဂျက်အမည်ဖြင့် Raffle Ticket များ မေလမကုန်မီရောင်းချမည်
ရှမ်းပြည်နယ်ရှိ ဒေါ်လာမီလီယံနှင့်ချီ တန်ဖိုးရှိဟိုတယ်တစ်လုံးအား The Key ပရော့ဂျက်အမည်ဖြင့် Raffle Ticket များကို မေလမကုန်မီရောင်းချမည်ဖြစ်ကြောင်း မေလ (၂၅) ရက်မှာ The Key ပရော့ဂျက်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။
"ဒီဟိုတယ်မဲလက်မှတ်က ရောင်းချရငွေအားလုံး တရာ ရာခိုင်နှုန်း တော်လှန်ရေးအဖွဲ့တွေဆီ ရောက်မှာပါ။ တချို့ပြောသလို ဟိုတယ်တန်ဖိုးကိုပြန်ယူမယ်။ ဘယ်ရွေ့ဘယ်မျှဆိုတာ မဟုတ်ပါဘူး။ အားလုံးတော်လှန်ရေးအတွက်ပါ" လို့ ဟိုတယ်ပိုင်ရှင် ကိုအော်ပီကျယ်က ဆိုပါတယ်။
ပရော့ဂျက်အား စတင်သူများက ငွေကိုင်မည်မဟုတ်ဘဲ Ticket ရောင်းချသူ အရောင်းကိုယ်စားလှယ်များက ငွေကိုင်ကာ NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ ငွေစာရင်းနှင့် ငွေကြေးဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
"လှူဒါန်းတဲ့ ဟိုတယ်က တန်ကြေးမြင့်မားပါတယ်။ ဒါက တန်ဖိုးတခုအောက်မှာ ဒီလိုမျိုးတားကတ်အောင်အောင်မြင်မြင်ဖြစ်ဖို့က စိန်ခေါ်မှုကြီးမားပါတယ်" လို့ Project Ambassador မပန်ဆယ်လိုက ပြောပါတယ်။
ဟိုတယ်မဲလက်မှတ်ဝယ်ယူ၍ မဲပေါက်ခဲ့သူအားတော်လှန်ရေးပြီးမြောက်ပါက ပိုင်ဆိုင်မှုလွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကျေးရွာလူကြီးတွေကို ဖမ်းဆီးတာ၊ အရပ်သားတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်တာတွေ လုပ်နေတယ်လို့ PNLA ပြော
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ကျေးရွာလူကြီးတွေကို ဖမ်းဆီးတာတွေနဲ့ အရပ်သားပြည်သူတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် - PNLA ဘက်က ပြောဆိုလိုက်ပါတယ်။
ဆီဆိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ PNO ပြည်သူ့စစ်အဖွဲ့က မေလ (၂၂) ရက်နေ့မှာ နမ့်စေမဲးကျေးရွာက အသက် (၅ဝ) အရွယ်ရှိတဲ့ ခွန်ဝင်းနိုင် ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဝက်ခြံထဲမှာ ဝက်စာကျွေးနေချိန် ဖမ်းဆီးခံလိုက်ရတဲ့ ခွန်ဝင်းနိုင်ကို ၎င်းရဲ့မိသားစုက ငွေကျပ်သိန်းတရာနဲ့ ကားတစီးပေးပြီး ပြန်ရွေးယူခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို ပြန်ရွေးယူနိုင်ဖို့ PNO ပြည်သူ့စစ်တွေနဲ့ ညှိနှိုင်းနေချိန်မှာပဲ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ပစ်တာကြောင့် ခွန်ဝင်းနိုင်ရဲ့ ဇနီးဖြစ်သူ သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ထို့အတူ မေလ (၂၂) ရက်နေ့မှာပဲ ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာက ရပ်မိရပ်ဖဖြစ်တဲ့ အသက် (၅ဝ) အရွယ် ရွာလူကြီး ဦးထက်နိုင်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့အပြင် ဦးထက်နိုင်တို့မိသားစု ပိုင်ဆိုင်တဲ့ ရွှေ၊ငွေ၊ ဒင်္ဂါးပြားများတွေအပါအဝင် ကားနဲ့ ဆိုင်ကယ်တွေကိုပါ ယူသွားတယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
PNO ပြည်သူ့စစ်က ဦးထက်နိုင် ကို ကျေးရွာသင်္ချိုင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် ရွာသူရွာသားတွေ လိုက်သွားရာ မှာ PNO ပြည်သူ့စစ်အဖွဲ့က ရွာသူရွာသားတွေကို သေနတ်နဲ့ပစ်တဲ့အတွက် သင်္ချိုင်းထဲထိ လိုက်မသွားနိုင်ခဲ့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
"ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။ သူ့ကို သင်္ချိုင်းကုန်းထဲဖမ်းသွားတော့ ရွာသူရွာသားတွေလိုက်သွားတာ။ PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကိုပစ်လို့ ဆက်လိုက်လို့မရတော့ဘူး ။ အခုထိ ဦးထက်နိုင် ရှင်လားသေလားလည်း မသိရသေးဘူး"လို့ ဒေသခံတဦးက ရှင်းပြပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ ဖမ်းဆီးသွားသည့် နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန် မေလ (၂၅) ရက်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသလို မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ဒီမေလအတွင်းမှာပဲ ဆိုင်မြိုနယ် နောင်ရင်းကျေးရွာက ရွာသူကြီးနဲ့ ညီဖြစ်သူကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ၊ နောင်ဗိုကန်တော်လေးကျေးရွာက ရွာသူကြီးကို ဖမ်းဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
========================
🚩🚩 ၂။ မုံရွာမှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ ဒုတပ်ကြပ်စန်းချစ်နိုင်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖမ်းဆီး
စစ်ကိုင်းတိုင်းထဲက မုံရွာမြို့မှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်စန်းချစ်နိုင် ကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မုံရွာ-အရာတော်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မေလ (၂၂) ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ရပ်ကျေး ပလဖ အဖွဲ့တွေ မုံရွာ-အရာတော်လမ်းပိုင်းမှာသွားလာနေတဲ့ ခရီသည်တင် ကားတွေကို လုံခြုံရေးအရ စစ်ဆေးနေချိန်မှာ ဒုတပ်ကြပ် စန်းချစ်နိုင် ကို ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ဒုတပ်ကြပ် စန်းချစ်နိုင်ဟာ စစ်မှုထမ်းသက် (၁၅) နှစ်ရှိပြီး ခွင့်မဲ့အဖြစ်နဲ့နေရာကနေ စစ်တပ်ထဲကို ပြန်ရောက်လာပြီး မုံရွာမြို့ ခမရ (၉၂၅) တပ်မှာ ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေသူဖြစ်တယ်လို့လည်း သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထားတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင် ကို သက်ဆိုင်ရာတာ၀န်ရှိတဲ့ အထက်အဆင့်ဆင့်ကို ပေးအပ်သွားမှာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ မေလ ၁၉ ရက်နေ့တုန်းကလည်း သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ PDF ထောက်ပို့ တွေကို ဖမ်းဆီးရာမှာပါဝင်ခဲ့ပြီး ငွေကြေးချမ်းသာသူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရဲအရာခံ ဝင်းနိုင် ကို မြို့လယ်ကနေအိမ် မှာပဲ လက်ရဖမ်းဆီးခဲ့ပါသေးတယ်။
========================
🚩🚩 ၃။ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းဖို့ ကြိုးစား၊ (၂) ရက်ဆက်တိုက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းဖို့ ကြိုးစားရာ (၂) ရက်ဆက်တိုက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်) က ပြောကြားကြောင်း မောင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
CDSOM စခန်းကို တိုက်ခိုက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြင်းမူမြို့၊ လက်ထုတ္တောကျေးရွာက လက်နက်မဲ့ပြည်သူတွေကို ရှင်းလင်းခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး မေလ (၂၃) ရက် နေ့လည်ပိုင်းအချိန်မှာ အင်အား (၈၀) ဝန်းကျင်နဲ့ စစ်သားတွေက CDSOM စခန်းကို ဝိုင်းရံလာတာကြောင့် စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ (၇) နာရီ ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
လာတိုက်မှာကို သတင်းကြိုရထားတော့ စကစဘက်က အကျအဆုံးများပါတယ်။ တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်လို့ လက်နက်ခဲယမ်းကုန်သွားပြီး မဟာမိတ်တွေကို အကူညီလှမ်းတောင်းခဲ့ရတယ်လို့ သိရပါတယ်။
အထိနာတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကူပေးဖို့ ညနေ (၅း၀၀) နာရီလောက်မှာ န.မ.ခ (မုံရွာ) ကနေ လေယာဉ်ပစ်ကူရောက်ရှိလာချိန်မှာ စစ်ကောင်စီတပ်သားတွေက အထိုင်စခန်းရှိရာဖြစ်တဲ့ နတ်ရေကန်ရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
မေလ (၂၄) ရက် နောက်ရက် မနက်ပိုင်းမှာတော့ စစ်ကြောင်းပြန်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေနောက်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်ခဲ့ရပါတယ်။
မေလ (၂၃) ရက်နဲ့ (၂၄) ရက်က (၂) ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၅) ယောက်နီးပါး မျက်မြင်ကျဆုံးခဲ့ပြီး (၃၄) ယောက်ဟာ သူတို့ရဲ့ အထိုင်စခန်းရှိရာ နတ်ရေကန်ရွာမှာ ဆေးကုသမှုခံယူနေရသလို သေဆုံးအလောင်းတွေနဲ့ အပြင်းအထန်ဒဏ်ရာရသူတွေကိုတော့ (၂၄) ရက်နေ့မှာပဲ ချောင်းဦးမြို့ဘက်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ နတ်ရေကန်စခန်းမှာ စစ်ကောင်စီတပ်ဟာ အင်အားအပြည့် ပြန်လည်ဖြည့်တင်းထားပြီး တိုက်ပွဲအတွင်း CDSOM က ရဲဘော် (၂) ဦး၊ မြောင်ပလဖ က ရဲဘော် (၁) ဦး နဲ့ PDF TALOKE က ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မုံရွာမြို့နယ်ထဲက သာစည်ထောင်နဲ့ ရဲကင်းကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က (၇) ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက သာစည်အကျဉ်းထောင်နဲ့ ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ရဲ စုစုပေါင်း (၇) ဦးသေဆုံးသွားတယ်လို့ Snipe Rangers Force (Local - PDF) တပ်ဖွဲ့က ဒီနေ့ မေလ (၂၅) မှာ ထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ်ထဲက သာစည်ကျေးရွာမှာရှိတဲ့ ရဲကင်းနဲ့ သာစည်အကျဉ်းထောင်အပေါက်မှာရှိတဲ့ စစ်အုပ်စုကို တော်လှန်ရေး အင်အားစုတွေက မနေ့ မေလ (၂၄) ရက်နေ့ နံနက် (၈း၃၀) ဝန်းကျင်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခိုက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ (၄၅) မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား (၅) ဦးနဲ့ ရဲ (၂) ဦးသေဆုံးကာ (၁၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်ခဲ့မူကို Snipe Rangers Force (Local - PDF) ၊ ဒေါင်းပြောက်ကျားတပ် ၊ ဒေါင်းညီနောင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Snipe Rangers Force အနေနဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေတဲ့အတွက် ပြည်သူလူထုဘက်က ထောက်ပံ့ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ စဥ့်ကူးမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု အသက် (၇ဝ) ကျော် အမျိုးသမီးတဦးသေဆုံး
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် မြေနုကျေးရွာကျေးရွာက အသက် (၇ဝ) ကျော်အရွယ် ဇနီးမောင်နှံ ကျည်ထိမှန်ပြီး အမျိုးသမီးတဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
မေလ (၂၃) ရက် ညနေ (၄း၀၀) ဝန်းကျင်မှာ စဥ့်ကူးမြို့နယ် တောင်အင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာမှာ ဟင်္သာဖိုအုပ်စု မြေနုကျေးရွာထဲကို လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး) ကလည်း အသိပေးထားပါတယ်။
စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြေနုကျေးရွာက အသက် ၇၈ နှစ်အရွယ် အဘိုးအို နဲ့ ၎င်းရဲ့ ဇနီးဖြစ်သူ အသက် (၇၂) နှစ်အရွယ် အဘွားအို ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး အဘွားအိုက ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မေလ (၁၇) ရက်ကလည်း စဉ့်ကူးမြို့နယ်ထဲက ဖရဲကျွန်းကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် နဲ့ အဆောက်အအုံ (၅၀) နီးပါး ပြာကျခဲ့ရပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ တဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment