၂၀၂၄ မေလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးအောင်ပွဲသုတေသနညီလာခံ (Spring Success Research Conference)ကို ၃ရက် ကျင်းပမည်
📌 ၂။ မြန်မာ့အရေးကို ဖြေရှင်းရန် ထိုင်းနိုင်ငံက မဆုတ်မနစ် လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
📌 ၃။ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးအင်အားစုတွေအပေါ်ပုံချ
📌 ၄။ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးခဲ့ရတဲ့ ဝမ္မသူး ဆေးရုံမှ ဆေးအဖွဲ့ ပြန်လည်ပတ်ရန် စတင်
📌 ၅။ စကစထုတ် တားမြစ်ကုန်စည်ဖြစ်သည့် ဒဂုံဘီယာနှင့် မြန်မာဘီယာဖာများကို အများပြည်သူမြင်ကွင်းရှေ့တွင် ဖျက်ဆီး
၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ဆင်ရေးများ ပိုမိုအားကောင်းလာစေရန် တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်း
🚩 ၂။ စစ်ရေးပြဿနာများ ဖြစ်ခဲ့ကြတဲ့ CDF - Maraနှင့် MDFတို့ ပေါင်းစည်းရေး သဘောတူညီချက်ရရှိ
🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းအမှတ်(၂)စစ်ဒေသ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
🚩 ၄။ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်စခန်းကို မေလပထမအပတ်အတွင်း ဗုံးသီးကြဲချ၊ စစ်သားနှစ်ဦးသေဆုံး
🚩 ၅။ သရက်ချောင်းမြို့၊ပန်းတောရပ်ကွက် သံတံတားထိပ် စစ်ကောင်စီနှင့် ပျူစောထီးများ ပူးပေါင်းဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးအောင်ပွဲသုတေသနညီလာခံ (Spring Success Research Conference)ကို ၃ရက် ကျင်းပမည်
မေလ ၂၅ရက်။
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ ကြီးမှူးကျင်းပသည့် နွေဦးအောင်ပွဲသုတေသနညီလာခံ (Spring Success Research Conference)ကို ၃ရက် ကျင်းပမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၂၅ ရက်နေ့မှ မေ ၂၇ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပမယ့် နွေဦးအောင်ပွဲ သုတေသန ညီလာခံဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းတို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မြန်မာ့အရေးကို ဖြေရှင်းရန် ထိုင်းနိုင်ငံက မဆုတ်မနစ် လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
မေလ ၂၅ရက်။
Radio NUG
မေလ (၂၄) ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် Nikkei Inc. မီဒီယာကုမ္ပဏီ၏ Future of Asia Forum ဆွေးနွေးပွဲအတွင်း အိမ်နီးချင်း မြန်မာနိုင်ငံမှာ အကျပ်အတည်း အဆုံးသတ်စေရန် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံနှင့် အခြားအဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် သာဗီစင်က ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲများ အရှိန်မြင့်နေတဲ့အတွက် မြန်မာပြည်သူများကို ထိုင်းအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးနေကြောင်းလည်း သာဗီစင်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွ မဆုတ်မနစ် လုပ်နေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာတာကို မြင်ချင်ပါတယ်ဟု ထိုင်းဝန်ကြီးချုပ် သာဗီစင်က ပြောကြားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးအင်အားစုတွေအပေါ်ပုံချ
မေလ ၂၅ရက်။
Radio NUG
ပြီးခဲ့တဲ့ သီတင်းအပတ်က စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ တော်လှန်ရေးဘက်တော်ရေး တပ်ဖွဲ့တွေကို အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့စည်းတွေအဖြစ် ပို့စ် (၁၆၀)ကျော်ဖော်ပြခဲ့ကြောင်း Burma Affairs Conflict Study က ဖော်ပြထားပါတယ်။
ဆုံရွာမှာ အရပ်သားအစုလိုက်အပြုံလိုက် သေခဲ့တဲ့ဖြစ်စဉ်၊ လက်ထုတ္တောရွာ စစ်ရာဇဝတ်မှုနဲ့ KNU/PDF ပူးပေါင်းတပ်တွေက ကျုံအိတ်တံတားအပါဝင် လျှပ်စစ်တာဝါတိုင်တွေချိုး၊ အများပြည်သူသုံးလမ်းတွေမှာ မိုင်းထောင်နေတယ်လို့ ဖော်ပြထားတဲ့ဖြစ်စဉ်တွေဟာ စစ်ကောင်စီရပ်ဝန်းက တယ်လီဂရမ်သုံးစွဲသူတွေအကြားမှာ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။
KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွန်းသေဆုံးပုံနှင့် ပတ်သက်ပြီးတော့လည်း မဟုတ်မမှန် ဝါဒဖြန့်ချိမှုတွေပြုလုပ်ခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းဟာ အသည်းရောဂါနဲ့ လိုင်ဇာမှာ ကွယ်လွန်သွားခဲ့တဲ့ဖြစ်စဉ်ကို စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်သလိုလို၊ လေယာဉ်ဗုံးမှန်သလိုလို၊ KIA ခေါင်းဆောင်အချင်းချင်း လုပ်ကြံသလိုလို ဇာတ်လမ်းဆင်ဝါဒဖြန့်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို မေလ(၁၁)ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၃၃ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ လွတ်လပ်တဲ့ သတင်းဌာနတွေက
မျက်မြင်ဒေသခံကို ကိုးကားပြီး ဒီဖြစ်စဉ်ကို စစ်တပ်က ကျူးလွန်ခဲ့ကြောင်း အတည်ပြုထားပေမယ့် ၊ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ကျူးလွန်တယ်လို့သာ အကြိမ်ကြိမ်ဝါဒဖြန့်ခဲ့ပါတယ်။
မေလ ဒုတိယပတ်အတွင်းမှာ အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ်(၃)ခုထဲမှာ အကြည်ပန်းပလွန်ရွာ လေကြောင်းတိုက်ခိုက်မှုကိုသာ PDF ဌာနချုပ်ကို တိုက်ခိုက်မှုအဖြစ် ပုံဖော်ခဲ့ပြီး၊ ကျန်ဖြစ်စဉ် နှစ်ခုဖြစ်တဲ့ ဆုံရွာနဲ့ လက်ထုတ္တော ဖြစ်စဉ်ကို တော်လှန်ရေးတပ်တွေက အရပ်သားတွေကို ကျူးလွန်မှုအဖြစ် ဝါဒဖြန့်ခဲ့ကြပါတယ်။
ဒါ့အပြင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေက ဗမာလူမျိုး PDF လူငယ်တွေကို အသုံးချအမြတ်ထုတ်ပြီး ထိန်းချုပ်နယ်မြေများရရှိရန် ကြိုးစားနေတယ်လို့ သွေးခွဲဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ကွတ်ခိုင်မှာ ရှမ်းအလံနဲ့ သာသနာ့အလံကို တအာင်းတပ် TNLAက ဖြုတ်ချပြီး၊ တအာင်းအလံ အစားထိုးလွှင့်တင်ခဲ့တဲ့ ဖြစ်စဉ်ကို လူမျိုးရေးနဲ့ဘာသာရေးကို စော်ကားမှုအဖြစ်ပုံဖော်ပြီး နှစ်ဖက်လူ့အဖွဲ့စည်းတွေအကြား ရန်တိုက်အရေးသားတွေနဲ့ လှုံ့ဆော်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလည်း ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေအကြား၊ ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော် AA အကြား အမုန်းတရားဖြန့်မှုတွေ ဆက်လက်ပြုလုပ်နေပြီး AA အနေဖြင့် လူမျိုးရေးခွဲခြားဖိနှိပ်မှုတွေ ပြုလုပ်နေကြောင်း၊ ရိုဟင်ဂျာ(မူရင်းအသုံးနှုန်း-ဘင်္ဂါလီ)တွေကို ဖမ်းဆီးတာ၊ ရိုဟင်ဂျာရွာများကို မီးရှို့နေကြောင်းနဲ့ AA ရဲ့ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး AAကို တွန်းလှန်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဝါဒဖြန့်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
အကြမ်းဖက်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို မြန်မာပြည်သူများသာမက တစ်ကမ္ဘာလုံးက အလိုမရှိတော့တဲ့အတွက် လူမှုကွန်ရက်ပလက်ဖောင်းများစွာရှိပေမဲ့ စစ်ကောင်စီအနေနဲ့ ဝါဒဖြန့်ချိရေးကို သူတို့လက်အောက်ခံ သတင်းစာတွေနဲ့ ရုပ်သံချန်နယ်တွေကို အဓိကထား အသုံးပြုနေတဲ့အပြင် ဆိုရှယ်လူမှုကွန်ရက်တခုဖြစ်တဲ့ တယ်လီဂရန်ချန်နယ်တွေကိုလည်း အသုံးပြုပြီး ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်နေတာတွေရှိပါတယ်။
စစ်ကောင်စီလော်ဘီ တယ်လီဂရန် လူပုဂ္ဂိုလ်အမည်နဲ့ ၆ ဦး၊ သတင်း ဌာနအမည်နဲ့ ၆ ခု၊ သတင်းစိစစ်ရေးပုံစံ ၁ ခုတို့ကို ပုံဖော်လေ့ရှိတဲ့ အကြောင်းအရာ အမျိုးအစား ၂၃ မျိုးခွဲပြီးတော့ BACS က နေ့စဉ်စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးခဲ့ရတဲ့ ဝမ္မသူး ဆေးရုံမှ ဆေးအဖွဲ့ ပြန်လည်ပတ်ရန် စတင်
မေလ ၂၅ ရက်။
Radio NUG
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲရတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် စတင်လုပ်ဆောင်နေပြီလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပျက်စီးသွားတဲ့ ဆေးရုံအတွက် ဧပြီလ ၂၇ ရက်နေ့မှ စတင်အလှူခံခဲ့ရာ မေလ ၈ ရက်နေ့အထိ ပြည်တွင်းပြည်ပ အလှူရှင်များထံမှ အလှူငွေကျပ် ၁၉၁ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၄၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အလှူငွေများဖြင့် အရေးပေါ် ဆေးဝါး၊ ယာဉ်၊ ဓာတ်ဆီ၊ စားနပ်ရိက္ခာတို့ကို စတင်ဝယ်ယူနေပြီး လုံခြုံရေးအရ ဆေးရုံကို ပြန်လည်တည်ဆောက်မှာ မဟုတ်တော့ဘဲ ကားများဖြင့်သာ လှည့်လည်ကုသပေးသည့် စနစ်ဖြင့် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရရှိထားတဲ့ အလှူငွေများဖြင့် ယခင်က ကျန်းမာရေး စောင့်ရှောက်မှုပေးနေခဲ့တဲ့ အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်အတွက်သာ ပြုလုပ်နိုင်ဦးမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဝမ္မသူး ဆေးရုံဟာ မင်းတပ်မြို့နယ်သာမက ချင်းပြည်နယ် တောင်ပိုင်းနဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းမှ တော်လှန်ရေး ရဲဘော်များ၊ ပြည်သူများ အားထားရာ ဆေးရုံတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆေးရုံတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီး လူနာများနဲ့ လူနာစောင့် ၅ ဦး သေဆုံးခဲ့ကာ ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ စကစထုတ် တားမြစ်ကုန်စည်ဖြစ်သည့် ဒဂုံဘီယာနှင့် မြန်မာဘီယာဖာများကို အများပြည်သူမြင်ကွင်းရှေ့တွင် ဖျက်ဆီး
မေလ ၂၅ရက်။
Radio NUG
မေလ ၁၆,၁၇,၁၈ ရက်နေ့များတွင် ကလေးမြို့နယ် စည်ပင်နှင့်သယံဇာတဂိတ်၌ ဖမ်းဆီးရရှိခဲ့သော စကစထုတ် တားမြစ်ကုန်စည်ဖြစ်သည့် ဒဂုံဘီယာနှင့် မြန်မာဘီယာဖာများကို အများပြည်သူမြင်ကွင်းရှေ့တွင် ဖျက်ဆီးခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအင်အားစုများက လုပ်ငန်းရှင်အား လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဒဏ်ကြေးများ ပေးဆောင်စေပြီး သိမ်းဆည်းခံ Boycott ပစ္စည်းများအား အများပြည်သူမြင်ကွင်းရှေ့တွင် ပူးပေါင်းဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ဆင်ရေးများ ပိုမိုအားကောင်းလာစေရန် တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်း
မေလ ၂၅ ရက်။
Radio NUG
တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများ အပါအဝင် စစ်ဆင်ရေးများ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး တိုင်းအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံးနီးပါး တစ်စုတစ်စည်းထဲ ပေါင်းစည်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ကရင့်အမျိုးသား တပ်မတော်(KNLA)က ဦးဆောင်ပါဝင်ပြီး မြိတ်ခရိုင်၊ ထားဝယ်ခရိုင်နဲ့ ကော့သောင်းခရိုင်အတွင်းက အမျိုးသားညီညွတ်ရေး အစိုးရ(NUG)လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အားလုံးပါဝင်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဖွဲ့ကြီး၊ အဖွဲ့ငယ်တွေ အားလုံး စုစည်းပြီး တပ်ပေါင်းစုပုံစံမျိုးနဲ့ ဟန်ချက်ညီ စစ်ရေးဖော်ဆောင်နိုင်ဖို့အတွက် ပေါင်းစည်းခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တပ်ပေါင်းစု စုဖွဲ့ရာမှာ တပ်ရင်း၊ တပ်ဖွဲ့ အရေအတွက် ၈၀ ဝန်းကျင် ပါဝင်ပြီး KNLA နှင့် NUG/MOD လက်အောက်က မဟုတ်တဲ့ အဖွဲ့အချို့ကိုလည်း ပေါင်းစည်းနိုင်ဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး ကြည်း၊ ရေ၊ လေ အသုံးပြုကာ အပြင်းအထန် ခုခံနေတဲ့ကြားက မေလ ၈ ရက် နေ့မှာ ပဲဒက်စခန်းနဲ့
ကျောက်ဆည်ပျူစောထီး စခန်းများကို ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ စစ်ရေးပြဿနာများ ဖြစ်ခဲ့ကြတဲ့ CDF - Maraနှင့် MDFတို့ ပေါင်းစည်းရေး သဘောတူညီချက်ရရှိ
မေလ ၂၅ ရက်။
Radio NUG
ချင်းပြည်နယ်အတွင်းက မရာလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြတဲ့ Chinland Defense Force - Maraနှင့် Mara Defense Force (MDF) တို့ကြား တစ်ဖွဲ့ထဲသော မရာလက်နက်ကိုင် အဖွဲ့အဖြစ် ပေါင်းစည်းနိုင်ရေး ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရရှိခဲ့တယ်လို့ ချင်းအခြေစိုက် Zalen သတင်းဌာနက ဖော်ပြထားပါတယ်။
CDF - Mara နှင့် MDFတို့ကြား ပြီးခဲ့တဲလတွေက စစ်ရေး ပဋိပက္ခတချို့ ရှိခဲ့ပေမယ့် ‘မရာ ဧဝံဂေလိ’ အသင်းတော်ရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် မေလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး
နှစ်ဖက်သဘောတူညီချက် ရရှိခဲ့တယ်လို့ သိရပါတယ်။
အဓိကအားဖြင့် အနာဂတ်မှာ မရာတစ်ဖွဲ့တည်း သွားကြဖို့ကို အဓိကသဘောတူခဲ့ကြပြီး ပေါင်းစည်းရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကနေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
၎င်းအဖွဲ့နှစ်ခုကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများအတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အပြန်အလှန် ဖမ်းဆီးမှုများလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖမ်းဆီးခံထားရတဲ့ နှစ်ဖက်သုံ့ပန်းများကို ၁၄ ရက်အတွင်း အလုံးစုံ ပြန်လွှတ်ပေးကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
CDF - Mara နှင့် MDF တို့ဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့မှ မရာ(ချင်း)မျိုးနွယ်စုဝင်တွေက ဖွဲ့စည်းထားတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။
CDF - Maraဟာ CNAနဲ့ ပူးပေါင်းပြီး လိုင်လင်းပီမြိုကို သိမ်းပိုက်ရရှိသလို MDF ဟာလည်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းပြီး ပလက်ဝမြိုနယ်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းအမှတ်(၂)စစ်ဒေသ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
မေလ ၂၅ရက်။
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း အမှတ်(၂)စစ်ဒေသ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
တော်လှန်တာဝန်များစွာကို ထမ်းဆောင်ခဲ့ကြသော(၃)နှစ်တာကာလဝန်းကျင်မှာ ဆက်လက်၍ စစ်ရေးအရှိန်မြှင့်တင်နိုင်ရေးအတွက် ရဲဘော်သစ်များစွာကိုမွေးထုတ်ပေးနိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းအမှတ်(၂)စစ်ဒေသ ၊ စစ်ဒေသခွဲ(၃)ကျားသစ်နက်စစ်ကြောင်း၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းကို စစ်အာဏာရှင်စနစ်ကို အမြစ်ပျက်ချေမှုန်းရေးအတွက် ရောက်ရှိလာတဲ့ ဒေသအသီးသီးမှလူငယ်များ၊ ရဲဘော်သစ်များ ၁/၂၀၂၄ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားကျင်းပခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်စခန်းကို မေလပထမအပတ်အတွင်း ဗုံးသီးကြဲချ၊ စစ်သားနှစ်ဦးသေဆုံး
မေလ ၂၅ရက်။
Radio NUG
မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်စခန်းကို မေလပထမအပတ်အတွင်း ဗုံးသီးကြဲချ၊ စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း - Drone & Technology Departmentမှ သတင်းထုတ်ပြန်ပါတယ်။
ဖယ်ခုံနဲ့ မိုးဗြဲတော်လှန်ရေးတပ်ရင်းတွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် အရာရှိအပါအဝင်၂ ယောက်သေဆုံးပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်ရေးဒရုန်းတွေ ထပ်မံဖြည့်တင်းပြီး တိုက်ခိုက်နိုင်ဖို့ တော်လှန်ပြည်သူများကို ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ သရက်ချောင်းမြို့၊ပန်းတောရပ်ကွက် သံတံတားထိပ် စစ်ကောင်စီနှင့် ပျူစောထီးများ ပူးပေါင်းဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်
မေလ ၂၅ရက်။
Radio NUG
မေလ ၂၅ရက်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ ပူးပေါင်း၍ မတရားငွေကြေးတောင်းခံနေသော ပန်းတောဂိတ်စခန်းအား ပူးပေါင်းတပ်ဖွဲ့များမှ ၃၀ မိနစ်ခန့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၇ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းဖွဲ့မှ ရဲဘော်များ ထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့် ဆောင်ရွက်တော့မည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်း၊ စစ်အုပ်စုနှင့်နီးစပ်သော နေရာများကို မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက စစ်ရေးသတိရှိစွာ ဖြတ်သန်းသွားလာကြပါရန် တိုက်တွန်းထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ၆ (တပ်ရင်း၂၇) ၊ ကော်သူးလေအာမီ(KTLA)နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment