29th MAY 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မေလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုလူထုကြားမှာ အမှန်ရှာဖို့ ယာယီသမ္မတပြောကြား

📌 ၂။ ကနေဒါနိူင်ငံရှိ ရိုဟင်ဂျာအဖွဲ့အစည်းများနဲ့လူ့အခွင့်ရေးဒုဝန်ကြီးတွေ့ဆုံ

📌 ၃။ စစ်ကောင်စီလက်ထဲရွှေစျေးအဆမတန်မြင့်တက်၍ အရောင်းမရှိချိန် NUGရဲ့SDBဘဏ်က ကမ္ဘာ့ရွှေစျေးအတိုင်း GOLD  token တွေဝယ်ရောင်းစုဆောင်း နိုင်တယ်လို့ကြေညာ

📌 ၄။ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထိန်းသိမ်း

📌 ၅။ စည်းလုံးအောင်နိုင် ကလေးခရိုင်-ကျည်တစ်တောင့် ၅၀၀၀ ကျပ်"ပရော့ဂျက်စတင်

📌 ၆။ နမ္မတူမြို့မှာ တရားမဝင်သယ်ဆောင်လာတဲ့ကျောက်များ ဖမ်းဆီးရမိ 


၂၀၂၄ ခုနှစ် မေလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗိုလ်ချုပ်အောင်ဆိုင်းလာ KIA စစ်ဦးစီးချုပ် ဖြစ်လာပြီး ဒုဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် မရန်ဇော်တောင်ကို ခန့်အပ်

🚩 ၂။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ကျောင်းသားတဦး တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံး

🚩 ၃။ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတဦး လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်  

🚩 ၄။ စစ်ကောင်စီ လက်ချက်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ဘူးသီးတောင်က မွတ်ဆလင်တွေကို ရခိုင့်တပ်တော် ဆေးကုသပေး

🚩 ၅။ မင်းလှမြို့နယ်ထွေအုပ်ရုံးကို ဗုံးခွဲမယ့်အချိန်မှာ အရပ်သားပြည်သူတွေ ရောက်လာတာကြောင့် မစ်ရှင်ဖျက်သိမ်းခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုလူထုကြားမှာ အမှန်ရှာဖို့ ယာယီသမ္မတပြောကြား


မေလ၂၉ရက်


စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုလူထုကြားမှာ အမှန်ရှာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းပြောကြားလိုက်ပါတယ်။


"အညာဒေသဖြစ်တဲ့ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကို အနည်းငယ် ပြောချင်ပါတယ်။ အခုတလော လူမှုကွန်ယက်စာမျက်နှာ အတော်များများမှာ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခပ်များများ တွေ့မြင်နေရပါတယ်။ ဒီလို ဝေဖန်မှုတွေထဲမှာ လက်တွေ့ အရှိတရားကို ထင်ဟပ်တဲ့ ထောက်ပြဝေဖန်မှုတွေကို တွေ့ရသလို၊ နိုင်ငံရေးအပုတ်ချတဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တဲ့ ဝေဖန်ရေးအရေခြုံတွေကိုလည်း တွေ့မြင်နေရပါတယ်။  ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူထုကြားမှာ အမှန်ရှာဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကို ရုပ်ဆိုးအကျည်းတန်အောင် ထိုးနှက်လာတဲ့ ပယောဂတွေနဲ့ ကြောင်သူတော်တွေရဲ့ လုပ်ဇာတ်ကိုလည်း သတိထား တုံ့ပြန်ပြီး၊ လူထုအတွင်းက အရှိတရားနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ အထူးလိုအပ်ပါတယ်"လို့ဆိုပါတယ်။


လူထုထဲမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရှိပကတိတွေကိုသာ အမှန်တရားလို့ ယူဆပြီး ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်အောင် လုပ်ရမယ်လို့ ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ ကနေဒါနိူင်ငံရှိ ရိုဟင်ဂျာအဖွဲ့အစည်းများနဲ့လူ့အခွင့်ရေးဒုဝန်ကြီးတွေ့ဆုံ


မေလ၂၉


ကနေဒါနိူင်ငံရှိ ရိုဟင်ဂျာအဖွဲ့အစည်းများနဲ့ လူ့အခွင့်ရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတွေ့ဆုံခဲ့တယ်လို့ မေလနောက်ဆုံးပတ်မှာ ဆိုရှယ်မီဒီယာမှာအသိပေးဆိုပါတယ်။


Arakan Rohingya Society for Peace and Human Rights-ARSPH အဖွဲ့ကို ကနေဒါမှာ တွေ့ရတာ အရမ်းကောင်းပါတယ်လို့ဖော်ပြထားပါတယ်။


လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ဟာ ကနေဒါနိူင်ငံကိုအလုပ်သဘောခရီးစဥ်ရောက်ရှိနေပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီလက်ထဲရွှေစျေးအဆမတန်မြင့်တက်၍ အရောင်းမရှိချိန် NUGရဲ့SDBဘဏ်က ကမ္ဘာ့ရွှေစျေးအတိုင်း GOLD  token တွေဝယ်ရောင်းစုဆောင်း နိုင်တယ်လို့ကြေညာ


မေလ၂၉ရက်


စစ်ကောင်စီလက်ထဲရွှေစျေးအဆမတန်မြင့်တက်၍ အရောင်းမရှိချိန် NUGရဲ့SDBဘဏ်က ကမ္ဘာ့ရွှေစျေးအတိုင်း GOLD  token တွေဝယ်ရောင်းစုဆောင်း နိုင်တယ်လို့ မေလ၂၉ရက်မှာ SpringDevelopmentBankကကြေညာလိုက်ပါတယ်။


"မင်း အခု ဘာကိုင်ထားသလဲ" ဒီမေးခွန်းက အေးချမ်းသာယာ တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံမှ ပြည်သူတွေ လုံးဝ နားမလည်နိုင်တဲ့ ပဟေဠိရွှေ ကိုင်ရမလား၊ အစိမ်း ကိုင်ရမလား၊ အိမ်ခြံမြေပဲ ကိုင်ရတော့ မလားဆိုပြီး မရေရာမှု များစွာနဲ့ ကြုံဆုံခံစားနေရတဲ့ မြန်မာပြည်သူများရဲ့ နေ့စဥ်ဘဝ အတွေးများထဲမှ အရေးအကြီးဆုံး မေးခွန်းရဲ့ တခုတည်းသော အဖြေက - နွေဦးဘဏ် ပဲ ဖြစ်ပါတယ်။နိုင်ငံတကာ ငွေကြေး (၁၀) မျိုး ကို လဲလှယ်လွှဲပြောင်း နိုင်သလို ကမ္ဘာ့ရွှေစျေးအတိုင်း GOLD  token တွေလည်း ဝယ်ရောင်းစုဆောင်း နိုင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာမေ - ၂၉ ရက်၊ နံနက် ၁၀ နာရီပေါက်စျေးအရကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၁ ဒေါ်လာရှိပြီးပြည်တွင်းအခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၅၀၀၀၀၀ ကျပ်ဖြစ်ပြီးဝယ်ဈေး ၅၄၆၀၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထိန်းသိမ်း


အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်းမှာ သစ်တောပြုန်းတီးလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်း‌ ပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်နေတယ်လို့ KLG PDF အဖွဲ့ထံက အသိပေး ပြောဆိုလိုက်ပါတယ်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ တော်လှန်ရေး နှစ်တာကာလအတွင်း သစ်တောပြုန်းတီးမှုနဲ့ ရင်ဆိုင် နေရတာကြောင့် တမလန်းနဲ့ ပိတောက်တို့လို သစ်မာတွေ ဘုရားဝင်းတဝိုက်အထိ ပြုန်းတီးသွားပြီး ကျွန်းနဲ့အခြားသစ်မာ တွေကို တောနက်ပိုင်းမှာသာ တွေ့ရတော့တယ်လို့ မေလ ၂၄ ရက်မှာ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။  

အကြောင်းအမျိုးမျိုးနဲ့ သစ်တွေခိုးထုတ်နေတာကြောင့် သဘာဝသယံဇာတ သစ်တောသစ်ပင်ပြုန်းတီးနေပြီး ရရှိလာတဲ့ ငွေကြေးတွေကို ဆင်စခန်းက CDM မိသားစုတွေနဲ့ဆင်များ၊ ကာကွယ်ရေးအသုံးစရိတ်များ၊ စစ်ဘေးနဲ့ မီးဘေးသင့် ပြည်သူ များ အစရှိတဲ့နေရာတွေမှာ အသုံးပြုတာမရှိဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ 

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထဲကသစ်တွေကို မသိမသာခိုးထုတ်တာ၊ စစ်ဘေးရှောင်နဲ့ ကာကွယ်ရေး အစရှိ တဲ့ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ယူတာတွေရှိခဲ့တယ်လို့ KLG PDF အဖွဲ့က ပြောပါတယ်။ 

အခုလို သစ်တွေထုတ်ယူတာက ရရှိလာတဲ့ငွေကြေးတွေဟာ ပွဲစားတွေနဲ့အဂတိလိုက်စားကြတဲ့ ဝန်ထမ်းတွေဆီ ရောက်သွား ပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် လောင်းကစားဝိုင်းတွေပေါများလာတာ၊ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲလာတာနဲ့ အဂတိလိုက်စားမှုတွေ ထွန်းကားလာတာတွေ ဖြစ်လာတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထောက်ပြပါတယ်။။ 

ဒါကြောင့် ဧပြီလလယ်ကစပြီး ကနီနယ်က ကျောက်လုံးကြီးဆရာတော်ဦးဆောင်ကာ ကနီနဲ့ ယင်းမာပင်မြို့နယ်တို့က တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ၊ ခေါင်းဆောင်နဲ့တာဝန်ရှိသူများ၊ CDM ဆင်ခေါင်းဆောင်တို့ပါဝင်တဲ့ ကော်မတီတရပ်ဖွဲ့ကာ စနစ်တကျထိန်းသိမ်းစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

သစ်တောကြိုးဝိုင်းထဲက သစ်ဆွဲလမ်းတိုင်းမှာ မိုင်းတွေနဲ့တားဆီးထားမှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေဘာအကြောင်း နဲ့မှ အလောင်းတော်ကဿပနယ်မြေထဲက ကြိုးဝိုင်းအတွင်းကို မလာကြဖို့ အသိပေးထားပြီး ကန့်သတ်နယ်ကြိုးဝိုင်းအတွင်း တစုံတရာထိခိုက်မှုရှိခဲ့ရင် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေ သတိပေးထုတ်ပြန်ထား ပါတယ်။


========================


📌📌 ၅။ စည်းလုံးအောင်နိုင် ကလေးခရိုင်-ကျည်တစ်တောင့် ၅၀၀၀ ကျပ်"ပရော့ဂျက်စတင်


မေလ၂၉


စည်းလုံးအောင်နိုင် ကလေးခရိုင်-ကျည်တစ်တောင့် ၅၀၀၀ ကျပ်"ပရော့ဂျက်စတင်နေပြီ ဖြစ်ကြောင်းမေလအတွင်း သရုပ်ဆောင်မင်းမော်ကွန်းက ဆိုရှယ်မီဒီယာမှာဖော်ပြထားပါတယ်။


"Project နာမည်က စည်းလုံးအောင်နိုင် ကလေးခရိုင်-ကျည်တစ်တောင့် Project ပဲဖြစ်ပါတယ်။ဒီProject ဟာဆိုရင် ကလေးခရိုင်ထဲမှာ ရှိကြတဲ့ ကလေးမြို့နယ် , မင်းကင်းမြို့နယ် , ကလေးဝမြို့နယ် စတဲ့မြို့နယ်သုံးခု မှာ ရှိတဲ့ အမှတ်() စစ်ဒေသ ရဲ့ကွပ်ကဲမူခံယူထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေပေါင်းပြီး  ပြုလုပ်တဲ့ Project ဖြစ်ပါတယ်။ ဒီပရော့ဂျက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကလေးခရိုင်ရဲ့  စစ်ရေးအရှိန်ပိုမိုမြှင့်တင်နိုင်ဖို့ဖြစ်ပြီး ရရှိလာတဲ့ရန်ပုံငွေကို အမှတ်()စစ်ဒေသရဲ့စစ်ဆင်ရေးဖော်ဆောင်တဲ့ တိုက်ပွဲတွေမှာ အပြည့်အဝသုံးစွဲသွားမှာဘဲဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။

 

Project ရဲ့ သတ်မှတ် ပမာဏ က သိန်း သောင်း ဖြစ်ပြီးတော့ Project မှာ မပါဝင်လိုက်ရသည် မရှိအောင် Project ကာလ ကို ၄၅ ရက် သတ်မှတ်ထားပါတယ်။


========================


📌📌 ၆။ နမ္မတူမြို့မှာ တရားမဝင်သယ်ဆောင်လာတဲ့ကျောက်များ ဖမ်းဆီးရမိ 


ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က လုံခြုံရေးအရ စစ်ဆေးမှုတွေပြုလုပ်ရာက နေ တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်တွေ အများအပြားဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ပါတယ်။

တအာင်းပြည် တပ်မဟာ- စစ်ဒေသဖြစ်တဲ့ နမ္မတူမြို့မှာ မေလ ၂၆ ရက် မွန်းလွဲပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

PSLF/ TNLA က တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တွေ မိုင်းရင်နဲ့လားရှိုးလမ်းခွဲမှာ မော်တော်ယာဥ်တွေကို စစ်ဆေးနေချိန် မန္တလေးကနေမူဆယ်သွားမယ့် ပါဂျဲရိုးကားနဲ့ Crown အမျိုးအစားကားတို့ကို စစ်ဆေးရာက ကားအတွင်းပိုင်းမှာ သိုဝှက် သယ်ဆောင်လာတဲ့ ကျောက်စိမ်းတွေ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကျောက်တွေဟာ ကျောက်ကြမ်း ၄၇၅ ထုပ်နဲ့ ကျောက်ချော ၈၇ လုံးဖြစ်ပြီး ကျောက်တန်ဖိုးပမာဏကို အတိအကျမသိရသေးဘူးလို့ နမ္မတူစခန်းမှူးက ပြောပါတယ်။  

လက်ရှိမှာ ကျောက်တွေသယ်ဆောင်လာတဲ့ အသက် ၃၅ နှစ်အရွယ်ရှိကြတဲ့ မင်းဆက်ပိုင်၊ ချမ်းမြေ့ကိုကိုနဲ့ သီဟတင်စိုး တို့ ကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဗိုလ်ချုပ်အောင်ဆိုင်းလာ KIA စစ်ဦးစီးချုပ် ဖြစ်လာပြီး ဒုဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် မရန်ဇော်တောင်ကို ခန့်အပ်


ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာ ဖြစ်လာပြီး ဒုဦးစီးချုပ်အဖြစ် မရန်ဇော်တောင်ကို ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဗိုလ်ချုပ်အောင်ဆိုင်းလာ နဲ့ ဗိုလ်ချုပ် မရန်ဇော်တောင်တို့ကို မေလ ၁၈ ရက်နေ့မှာ KIA စစ်ဦးစီးချုပ်နဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာလို့ ပြောပါတယ်။ဗိုလ်ချုပ်အောင်ဆိုင်းလာ ဟာ ယခင်က ဒုစစ်ဦးစီးချုပ်တာဝန်ကို နှစ်နီးပါးထမ်းဆောင်ခဲ့ပြီး စာရေးဆရာ၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေးညွှန်မှူးစတဲ့ အခန်းကဏ္ဍတွေမှာ ကျင်လည်ခဲ့သူလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

မေလ ၁၃ ရက်နေ့က အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် -KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း နေရာမှာ စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်အောင်ဆိုင်းလာကို တာဝန်ပေးခဲ့လို့ စစ်ရေးသတင်းရင်းမြစ်တွေက လည်း အသိပေးပါတယ်။

စစ်ဦးစီးချုပ်သစ်ဖြစ်လာတဲ့ ဗိုလ်ချုပ် အောင်ဆိုင်းလာဟာ ၂၀၁၆ ခုနှစ်ခန့်ကတည်းက ဒုစစ်ဦးစီးချုပ်- အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။  

ထိုစဉ်က လက်ရှိ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က စစ်ဦးစီးချုပ်၊ လက်ရှိ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒုစစ်ဦးစီးချုပ်-၁၊  ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဒုစစ်ဦးစီးချုပ်- အဖြစ် တာဝန်ယူခဲ့တာလို့လည်း အသိပေးပါတယ်။

ထို့အတူ ယခင် ဒုစစ်ဦးစီးချုပ်- ဖြစ်တဲ့ ဗိုလ်ချုပ်မရန်ဇော်တောင်ကို ဒုစစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးလိုက်တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ KIA စစ်ဦးစီးချုပ် အဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်အောင်ဆိုင်းလာဟာ ဟူးကောင်းလွင်ပြင် ဌာနေခံ တဦးဖြစ်ပြီး မန္တလေးတက္ကသိုလ်ကနေ့ ဘွဲ့ရခဲ့သူဖြစ်ကာ"plasatik" ကလောင်အမည်နဲ့ ကချင်စာနယ်ဇင်းတွေမှာရေးသားခဲ့ သလို ကချင်ရိုးရာသမိုင်အကြောင်းကိုလည်း "ဝမ်းခန့်အောင်" ကလောင်အမည်နဲ့ ဗမာလို စာအုပ်ထုတ်ခဲ့တဲ့ စာရေးဆရာ တဦးဖြစ်တယ်လို့ သတင်းရင်းမြစ်တဦးက အသိပေးပါတယ်။ စစ်ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာ ဟာ ခေတ်ပညာတတ် စာရေးဆရာတဦးဖြစ်ပြီး  စစ်ရေးအတွေ့အကြုံ များသူဖြစ်ကာ ဒုစစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ် မရန်ဇော်တောင်ကလည်း KIA ထောက်လှမ်းရေးဘက်ကလာတာကြောင့် စစ်ရေးမဟာဗျူဟာ ကျွမ်းကျင်သူလို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၂။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ကျောင်းသားတဦး တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံး


မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကျောင်းသားတဦး တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

 

ဒီကျောင်းသားဟာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ စတုတ္ထနှစ် -Nautical Science မေဂျာနဲ့ ပညာသင်ယူနေဆဲ ဖြစ်ပြီး တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေစဉ် ကျဆုံးသွားတာလို့ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF စစ်ဒေသအမှတ် မှာ တာဝန်ထမ်းဆောင်နေစဉ် မေလ၂၆ ရက်နေ့မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရတာလို့ သိရပါတယ်။


တော်လှန်ရေးအတွက် အသက်ပေးလှူသွားတဲ့ ရဲဘော်ကို အလေးပြုပါကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။


ပဲခူးတိုင်း ပြည်မြို့နယ်မှာ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့ကပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲမှာ ရှေ့တန်းခံစစ်ကနေပါခဲ့တဲ့ ပြည်မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကျောင်းသားတဦးလည်း  စစ်တပ်ကပစ်ခတ်တဲ့ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ဖူးပါတယ်။


========================


🚩🚩 ၃။ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတဦး လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်  


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို Salingyi Revolution Eagles အဖွဲ့က မေ ၂၉ မှာ ထုတ်ပြန်ပါတယ်။ 

ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား ထူးကောင်းဆက်ဆိုသူဟာ အလင်းဝင်မယ်လို့ ဆက်သွယ်လာတဲ့အတွက် PDF ရဲဘော်တွေ မေလ ၂၆ ရက်မှာ သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ Salingyi Revolution Eagles အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။ 

ရဲလုပ်သက်တနှစ်ခွဲသာရှိသေးတဲ့ အဆိုပါ ရဲတပ်သားဟာ G-3 တလက်၊ 7ပွိုင့် 62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် တခု  ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။ 

ပြည်သူ့ဘက်ရပ်တည်လာတဲ့ CDM ရဲတပ်ဖွဲ့ဝင်ကို ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီပေးကြကြဖို့ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ - Salingyi Revolution Eagles တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ ယင်းမာပင်ခရိုင် တပ်ရင်း-၁၆ ကို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးရှိပြီး သေနတ် လက် လက်ခံရရှိထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ လက်ချက်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ဘူးသီးတောင်က မွတ်ဆလင်တွေကို ရခိုင့်တပ်တော် ဆေးကုသပေး


အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်တွေကို ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တခုကို ရခိုင့်တပ်တော် AA က မေ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြိုနယ် ငကျိုင်တောက်ကျေးရွာအနီးမှာ မေလ ၁၄ ရက်နေ့က စစ်ရှုံးကောင်စီနဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲ ဖြစ်ခဲ့စဉ်က အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ တွေ ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ရခိုင့်တပ်တော်က လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုတွေနဲ့အတူ အရေးပေါ်လူနာ တွေကို ဦးစားပေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

AA က ထုတ်ပြန်လိုက်တဲ့ ဒီရုပ်သံမှတ်တမ်းမှာပါရှိတဲ့ လူနာဟာ စစ်ရှုံးကောင်စီရဲ့ လက်နက်ကြီးကျည်စထိမှန်ခဲ့တာကြောင့် ညာဘက်ခြေထောက် အရိုးကျိုးသွားခဲ့တဲ့ မွတ်ဆလင် အမျိုးသမီးတဦးဖြစ်ပြီး ရခိုင့်တပ်တော်ရဲ့ ဆေးဝန်ထမ်းတွေက သူတို့ မှာရှိတဲ့ ဆေးဝါး၊ ခွဲစိတ်ကုသမှုဆိုင်ရာ ကိရိယာတန်ဆာပလာတွေနဲ့ အကောင်းဆုံး ခွဲစိတ်ကုသပေးခဲ့တဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည် ဘူးသီးတောင်အခြေစိုက် စစ်ရှုံးကောင်စီရဲ့ ခမရ-၃၅၃နဲ့ ၅၃၅ တပ်ရင်းတွေမှာ သင်တန်းတက်ခဲ့တဲ့ အကြမ်းဖက် စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြိုနယ် ခရုချောင်းရွာက မွတ်ဆလင် ၃၅ ဦးကို ရခိုင့်တပ်‌တော်က မေလ ၁၁ ရက်နေ့မှာ ကယ်ထုတ်ခဲ့တယ်။ 

၎င်းတို့ထဲက လက်နက်ကြီးစ ထိမှန်ခဲ့တဲ့ မွတ်ဆလင် အမျိုးသားတဦးကို ရခိုင့်တပ်တော် ဆေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှု ပေးခဲ့တဲ့ ရုပ်သံမှတ်တမ်းနဲ့အတူ လူနာတွေရဲ့ ကျေးဇူးတင်စကားအချို့ကို ရခိုင့်တပ်တော်က မှတ်တမ်းအဖြစ် ထုတ်ပြန်ပေးခဲ့ တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ မင်းလှမြို့နယ်ထွေအုပ်ရုံးကို ဗုံးခွဲမယ့်အချိန်မှာ အရပ်သားပြည်သူတွေ ရောက်လာတာကြောင့် မစ်ရှင်ဖျက်သိမ်းခဲ့ရ


ပဲခူးတိုင်း သာယာဝတီခရိုင်ထဲက မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်မယ့်အချိန်မှာ အရပ်သားပြည်သူတွေ ရောက်ရှိလာတာကြောင့် မစ်ရှင်ဖျက်သိမ်းလိုက်ရတယ်လို့ အုတ်ဖိုမြို့နယ် မြေအောက်ပြောက်ကျားတပ်ဖွဲ့က မေလ ၂၉ မှာ ထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ် ဗိုလ်ရုံတန်းရပ်ကွက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး -ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရဲဘော်တွေ မေလ ၂၈ ရက် မနက် နာရီမှာ ဗုံးခွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို တာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။ 

ဗုံးခွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ထားတဲ့နေရာကို စစ်ကောင်စီတပ်သားတွေရောက်ရှိလာတာကြောင့် ဖောက်ခွဲတိုက်ခိုက်ဖို့ လုပ်နေချိန်မှာ အရပ်သားပြည်သူအချို့ ရုတ်တရက် ရောက်ရှိလာတာကြောင့် ပြည်သူလူထု ထိခိုက်မှုမရှိစေဖို့ မစ်ရှင်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးမစ်ရှင်တွေကို အသက်နဲ့ရင်းပြီး ခက်ခဲ့တဲ့ကြားကနေ အချိန်ယူ ပြင်ဆင်ခဲ့ရတာ လို့ အသိပေးထားပါတယ်။

ဒါကြောင့် စစ်ဆင်ရေးတွေအောင်မြင်စေဖို့ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ ရုံးများအနီး နေထိုင်သွားလာ တာတွေ မလုပ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုက မေတ္တာရပ်ခံ ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment