15th JUN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လက်ရှိအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံး အချိန်လို့ ပြောလို့ရတယ်လို့ ယာယီသမ္မတသတင်းစကားပါး

📌 ၂။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပြည်သူ့ဆန္ဒကို အကြမ်းဖက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စကစ နဲ့ စစ်တပ်ကို အမေရိကန်အစိုးရက ပြောကြားနိုင်ဖို့လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ ပသုံးလုံးကို သိမ်းကျုံးပြောတာထက် သက်သေ ခိုင်ခိုင်မာမာနဲ့  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားနိုင်

📌 ၄။ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ပြော 

📌 ၅။ သံတွဲမြို့နယ်က စစ်ရှောင်ပြည်သူတွေ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ

📌 ၆။ ကျိုက်‌မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်ကို ထောင်ပြောင်းရွှေ့ 

📌 ၇။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်ချီတက်ပွဲ အမေရိကန် LA က ပင်လယ်ကမ်းခြေမှာ ကျင်းပမယ်


၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဦးဇခုန်တိန့်ယိန်းက KIA နဲ့ PDF တွေကို တားဆီးချေမှုန်းဖို့ စစ်မိန့်ထုတ်ခဲ့ပေမယ့် ပြည်သူ့စစ်နဲ့ BGF တွေ စခန်းစွန့်ခွာ ထွက်ပြေး

🚩 ၂။ တနင်္သာရီမြို့နယ်မှာ (၂၇) နှစ်ကြာ တပ်စွဲထားတဲ့ အောင်သာဝရစခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် 

🚩 ၃။ နတ်မောက်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်

🚩 ၄။ ဘုတလင်မြို့နယ်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်လင်မယားသေဆုံးကာ တဦး ဒဏ်ရာရ 

🚩 ၅။ ပေါက်ခေါင်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ကို တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လက်ရှိအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံး အချိန်လို့ ပြောလို့ရတယ်လို့ ယာယီသမ္မတသတင်းစကားပါး


အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇွန်လ (၁၅) ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူများထံသို့ အခုလို သတင်းစကားပါးလိုက်ပါတယ်။

တကယ်တော့ ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံ ဆန့်ကျင်ခဲ့ကြတာကြောင့်ပါပဲလို့ ယာယီသမ္မတက ဆိုပါတယ်။

အကြမ်းဖက်စကစတပ်များဟာ ရခိုင်ပြည်နယ်တွင်လည်း အကြီးအကျယ် စစ်ရှုံး အထိနာလျက်ရှိပြီးတော့ ကရင်နီဒေသ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း အခိုင်အမာတပ်စခန်းနေရာများ တော်လှန်ရေးအင်အားစုလက်ထဲသို့ ကျရောက်လျက်ရှိပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပြည်သူ့ဆန္ဒကို အကြမ်းဖက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စကစ နဲ့ စစ်တပ်ကို အမေရိကန်အစိုးရက ပြောကြားနိုင်ဖို့လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို


အမေရိကန်ကာကွယ်ရေးဝန်ကြီးက ရုရှားအား ပြောကြားချက်အပေါ်  NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇွန်လ ၁၅ ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အခုလိုမှတ်ချက်ပြု ပြောဆိုထားပါတယ်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူ့ဆန္ဒကို အကြမ်းဖက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စကစ၊ ကိုယ့်နေရာ ကိုယ်မနေတဲ့ စစ်တပ်ကို ပြောနိုင်ပါစေ" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိအချိန်တွင် နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီမှလွဲ၍ စစ်လက်နက် အကူအညီ ထောက်ပံ့ပေးအပ်မှု တစ်စုံတစ်ရာ မရှိသေးတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၃။ ပသုံးလုံးကို သိမ်းကျုံးပြောတာထက် သက်သေ ခိုင်ခိုင်မာမာနဲ့  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားနိုင်


ပသုံးလုံးကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇွန်လ ၁၅ ရက်နေ့မှာ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အခုလို တရားဝင် အသိပေးလိုက်ပါတယ်။

"တော်လှန်ရေးစိတ်ဓာတ် မြင့်မားနေချိန်မှာ အခြားတာဝန်ခံတွေက မူတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီပဲ ဖိနှိပ်တာကို ဘာလို့ ငြိမ်ခံနေကြတာလဲ။ကျတော်လည်း ဒါပဲပြောနေတာပါ။ သိပ်မကြာဘူး။ ကျတော်တို့ထိမ်းကြောင်းမှာပါ အခုလည်း လွတ်ပေးထားတာမဟုတ်သလို ပအဖ တာဝန်ခံတိုင်း အဲလို ဖိနှိပ်နေတာမဟုတ်ပါဘူး။ ကျတော်တို့ အရေးယူဆောင်ရွက်တဲ့အခါ case by case ကို အထောက်အထားတွေ လုပ်ထုံးလုပ်နည်းတွေအရပဲ ဆောင်ရွက်ရပါတယ်။ အစွပ်အစွဲခံရသူတွေကို right to deference ပေးရပါတယ်။ အဲဒီတော့ သိမ်းကျုံးပြောတာထက် လူသက်သေ၊ ပစ္စည်သက်သေ၊ ခိုင်ခိုင်မာမာနဲ့  ကျတော်ဆီ တိုက်ရိုက် case by case တိုင်ကြားပေးခြင်းဖြင့် ကူညီပါ" လို့ ဝန်ကြီးက ဆိုပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခန့်အပ်မှုတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ခန့်အပ်မှုမှာ ရုံးအဖွဲ့မှူးသာရှိပြီး ကျန်ရာထူး များကို တော်လှန်ရေးအင်အားစုများက ရွေးချယ်ခန့်အပ်ပြီး  ကြားကာလအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီကိုယ်စား ကြားကာလဗဟိုကော်မတီ ဒုဥက္ကဌ () က လက်မှတ်ရေးထိုးအတည်ပြုပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ပြော 


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ (၁၃) ရက်နေ့က ကျင်းပတဲ့ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများရဲ့ (၁၇) ကြိမ်မြောက် ကွန်းဖရင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောလိုက်ပါတယ်။ 

အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းက ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက်လာခဲ့ရာမှာ ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေ ပါဝင်နေပြီး အထူးသဖြင့် ပဋိပက္ခအတွင်း ကျရောက်နေသူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးကာ မသန်စွမ်းသူတွေ ဖြစ်လာခဲ့ရတယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံဟာ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် အဆင့်မြင့်နည်းပညာထောက်ပံ့မှုနဲ့ အခြားသော တီထွင်ဖန်တီးမှုများ၊ လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ ပါဝင်ရေး၊ ပညာရေး၊ အလုပ်အကိုင်ဖန်တီးမှု၊ ရေရှည်တည်တံ့ခိုင်မြဲသော လူနေမှုဘဝအတွက် မူဘောင်များ ချမှတ်ခြင်း စတာတွေမှာ နောက်ကျကျန်ရစ်နေတယ်လို့ သံအမတ်ကြီးက ဆက်လက် ပြောဆိုခဲ့ပါတယ်။  

ဒါကြောင့် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မသန်စွမ်းဖြစ်လာခဲ့ရသူတွေအပါအဝင် မသန်စွမ်းသူအားလုံးကို ထောက်ပံ့ကူညီမှုတွေပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုကနေကာကွယ်နိုင်ဖို့ စစ်တပ်ကအသုံးပြုထားတဲ့ ပေါက်ကွဲမှုပြင်းထန်သော မြေမြှုပ်မိုင်းတွေကို ဖယ်ရှားနိုင်ရန် ဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။ 

ဒါကြောင့် မသန်စွမ်းသူများအပါအဝင် ပြည်သူတရပ်လုံးရဲ့အနာဂတ်ကို ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရေးနဲ့ မသန်စွမ်းသူ တွေရဲ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ရေးအတွက် ထိရောက်တဲ့အကူအညီတွေပေးဖို့ သံအမတ်ကြီးက နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုထားပါတယ်။


========================


📌📌 ၅။ သံတွဲမြို့နယ်က စစ်ရှောင်ပြည်သူတွေ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ


ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ရှောင် အရပ်သားတွေ နေ့စဉ်တိုးလာနေပြီး အရေးပေါ် စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။  

နိုင်ငံတကာအကူအညီနဲ့ အရပ်ဘက်အသင်းအဖွဲ့အစည်းတွေရဲ့ ဝင်ရောက်ကူညီမှုနည်းပါးနေပြီး မိုးရာသီဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိက လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကလည်း ပြောပါတယ်။ 

သံတွဲမြို့ပေါ်မှ အရပ်သားပြည်သူအားလုံးနီးပါး ကျေးလက်ဒေသတွေနဲ့ AA ထိန်းချုပ်ရာနေရာဒေသတွေမှာ သွားရောက်ခိုလှုံနေရပြီး သံတွဲမြို့နယ်မှာ စစ်ရှောင်အရေအတွက် သောင်းချီရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Western News က အသိပေးထားပါတယ်။ 

ထို့အတူ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာလည်း စစ်တပ်က နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် ကျေးရွာအချို့ကဒေသခံတွေ ယခုရက်ပိုင်းကစပြီး တိမ်းရှောင်နေရပြီလို့ ဆိုပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနဲ့ ပေါက်တောမြို့နယ်က ကြိမ်ခွေမော်နဲ့ သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့ကဒေသခံတွေ ပြောင်းရွှေ့နေကြရပြီလို့ သိရပါတယ်။။

ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံတွေဟာ ၎င်းတို့ဒေသမှာ စစ်တပ်နဲ့ AA တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ချိန်ကလည်း နီးစပ်ရာဒေသတွေကို စစ်ဘေးရှောင်ခဲ့ကြရပြီး လက်ရှိအချိန်ထိ မိမိတို့ဒေသမှာ ပြန်လည်နေထိုင်နိုင်မှုမရှိတဲ့သူတွေလည်း အများအပြားရှိနေသေးတယ်လို့ သိရပါတယ်။

ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုနဲ့ လူနေအိမ်များ ပျက်စီးဆုံးရှုံးရမှုတို့ မကြာခဏဖြစ်လေ့ရှိနေတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။


========================


📌📌 ၆။ ကျိုက်‌မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်ကို ထောင်ပြောင်းရွှေ့ 


မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်ကို ဒီနေ့ ဇွန်လ (၁၅) ရက်မနက်အစောပိုင်းမှာ ထောင်ပြောင်းရွှေ့မှုတွေ လုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းများကွန်ယက် - PPNM က ပြောပါတယ်။

ကျိုက်မရောအကျဉ်းထောင်မှာ အလုပ်အခိုင်းခံရတဲ့ အကျဉ်းသားတဦး ဓာတ်လိုက်မေ့မြောသွားတာကို ထောင်အာဏာပိုင်တွေက ပစ်ထားတဲ့အတွက် ဆေးရုံကို အမြန်ပို့ပေးဖို့ အကျဉ်းသားတွေက ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်ကို ထောင်ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ 

ဒီနေ့ ဇွန်လ (၁၅) ရက်နေ့ မနက် နာရီခန့်အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်နဲ့ထောင်အာဏာပိုင်တွေက အတင်း အကြပ်ဆွဲထုတ်ကာ ထောင်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ထောင်ပြောင်းရွှေ့ခံရသူတွေဟာ ဆန္ဒပြသပိတ်ကို ဦးဆောင်တဲ့သူတွေနဲ့ ပါဝင်သူတွေ၊ ထောင်အာဏာပိုင်တွေကို ဝေဖန် ထောက်ပြသူတွေနဲ့အမျိုးသမီးအဆောင်က အကျဉ်းသူတွေ ပါဝင်သွားတယ်လို့သိရပြီး ဘယ်ထောင်ကို ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ဆက်လက်စုံစမ်းနေတယ်လို့ PPNM က ပြောထားပါတယ်။ 

ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ မနုနုအောင်၊ မခက်ခက်လွင်တို့အပါအဝင် နာမည်ကျော် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားအချို့ ဖမ်းဆီးအကျဉ်းချခံထားရတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသူ မခက်ခက်လွင် အပါအဝင် နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသား (၁၅၀) ခန့် ကျိုက်မရောအကျဉ်းထောင်မှ ပြောင်းရွှေခံရတယ်လို့ ဇွန်လ (၁၅) ရက် မနက်ပိုင်းမှာ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ မနီလာသိန်းကလည်း ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အသိပေးဆိုထားပါသေးတယ်။

"ဒီမနက် (:၃၀) မှာ မနုနုအောင်၊ မခက်ခက်လွင်အပါအဝင် နိုင်ငံရေး အကျဉ်းသူ/ အကျဉ်းသား (၁၅၀) ခန့် ကျိုက်မရော အကျဉ်းထောင်မှပြောင်းရွှေ့ခံရတယ်" လို့ ဆိုထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်စကစဟာ နိုင်ငံရေးအကျဥ်းသားများကို ရုတ်တရက်အကျဥ်းထောင်ပြောင်းခြင်း၊ အခြားအကျဥ်းသားများနှင့်ရောနှောထားခြင်းနဲ့ဖိနှိပ်ဆက်ဆံခြင်းတို့ကို ဆက်တိုက်ကျူးလွန်လျက်ရှိနေပါတယ်။


========================


📌📌 ၇။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်ချီတက်ပွဲ အမေရိကန် LA က ပင်လယ်ကမ်းခြေမှာ ကျင်းပမယ်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်ချီတက်ပွဲကို အမေရိကန်ပြည်ထောင်စု အယ်လ်အေမြို့၊ ပင်လယ်ကမ်းခြေမှာ ကျင်းပမယ်လို့ ဇွန်လအတွင်း ပွဲအစီအစဥ်နဲ့ ပတ်သက်လို့ ပြည်သူ့ဂုဏ်ရည်အသင်း တာဝန်ခံတဦး ဖြစ်တဲ့ ကိုကျော်ဝဏ္ဏ (LA) က အသိပေးထားပါတယ်။

"ဇွန်လ (၁၆) ရက် တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည် (၇၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ပွဲမှာ ဝတ်ဆင်ကြမယ့် တီရှပ်များကို စာရင်းသွင်းထားသူများထံ စတင်ပေးပို့နေပါပြီ" လို့လည်း ဆိုထားပါတယ်။ စာရင်းသွင်းထားသူ ဦးရေ (၄၀၀) လောက် ရှိနေပြီလို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတကာနှင့် ပြည်တွင်းတွင်လည်း ပုံစံအသီးသီးဖြင့် လှုပ်ရှားကျင်းပလျက်ရှိပြီးတော့ ဇွန်လ (၁၉) ရက်နေ့တွင်မြန်မာတနိုင်ငံလုံး ပန်းသပိတ်ဆင်နွှဲဖို့ကိုလည်း တိုက်တွန်းထားကြပါသေးတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဦးဇခုန်တိန့်ယိန်းက KIA နဲ့ PDF တွေကို တားဆီးချေမှုန်းဖို့ စစ်မိန့်ထုတ်ခဲ့ပေမယ့် ပြည်သူ့စစ်နဲ့ BGF တွေ စခန်းစွန့်ခွာ ထွက်ပြေး


အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ - ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက KIA နဲ့ PDF တွေကို တားဆီးချေမှုန်းဖို့ စစ်မိန့်ထုတ်ခဲ့ပေမယ့် ပြည်သူ့စစ်နဲ့ BGF တွေ စခန်းစွန့်ခွာထွက်ပြေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဦးဇခုန်တိန့်ယိန်းက ဇွန်လ () ရက်နေ့မှာ ပြည်သူ့စစ်နဲ့ BGF တွေကို စစ်မိန့်ပေးလိုက်ပေမယ့် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပြည်သူ့စစ်နဲ့ BGF စခန်းတွေက ဆက်တိုက်သိမ်းပိုက်နေတာကြောင့် စစ်ရေးရင်းမြစ်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက ကချင်အထူးဒေသ - နယ်မြေထဲကို ဝင်ရောက်လာတဲ့ KIA နဲ့ PDF များကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြဖို့ အမိန့်ပေးထားပါတယ်။ 

ကချင်ပြည်နယ်ထဲက ဆော့လော်၊ ချီဖွေနဲ့ ကံပိုင်တည်ဒေသမှာရှိတဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်များအနေနဲ့ မြေ တလက်မတိုင်းကို ကာကွယ်ဖို့နဲ့ ခုခံစစ်ဆင်တိုက်ခိုက်ကြဖို့ ဦးဇခုန်တိန့်ယိန်းက အမိန့်ပေးထားတာပါ။

ဒါ့အပြင် KIA နဲ့ PDFတွေ ပြန်ထွက်မသွားနိုင်အောင် တိုက်ခိုက်ချေမှုန်းဖို့ ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းဖို့နဲ့ ပြန်လည် ထွက်ခွာခွင့်မပေးဖို့လည်း ဦးဇခုန်တိန့်ယိန်းရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်ထုတ်ပြန်ပြီးနောက် KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေက ဇွန်လ (၁၂) ရက်မှာ ဝိုင်းမော် - ကန်ပိုင်တည် ဆက်သွယ်ရေးလမ်းကြောပေါ်က စစ်စခန်း (၁၁) ခုကို သိမ်းပိုက်နိုင်ခဲ့ရာ စခန်း () ခုမှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် နဲ့ BGFတွေ ထွက်ပြေးသွားတာကြောင့် အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇွန်လ (၁၃) ရက်နေ့မှာလည်း ဝိုင်းမော် - ချီဖွေသွားလမ်းပေါ်မှာရှိတဲ့ ဆနီခူးတပ်စခန်း () ခုကို သိမ်းပိုက်ခဲ့တဲ့အပြင် ဇွန်လ (၁၄) ရက်နေ့မှာလည်း ဝိုင်းမော်-ချီဖွေလမ်းပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းနဲ့ နယ်ခြားစောင့် BGF စခန်းတွေဖြစ်တဲ့ ရှငေါ်  ပြည်သူ့စစ်စခန်း နဲ့ မန်ဒေါင် နယ်ခြားစောင့်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

KIA အနေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ BGF တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ 

ကချင်အထူးဒေသ - ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းဆိုတာ အရင်က ကချင်ဒီမိုကရေစီသစ်တပ်မတော်-NDA-K ခေါင်းဆောင် ဖြစ်ပြီး (၁၉၈၉) ခုနှစ်မှာ စစ်အစိုးရနဲ့ငြိမ်းချမ်းရေးယူခဲ့ကာ (၂၀၀၉) ခုနှစ်မှာတော့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ တနင်္သာရီမြို့နယ်မှာ (၂၇) နှစ်ကြာ တပ်စွဲထားတဲ့ အောင်သာဝရစခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် 


တနင်္သာရီမြို့နယ်မှာ (၂၇) နှစ်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အောင်သာဝရ စစ်စခန်းကို KNU တပ်မဟာ - တပ်ရင်း - နဲ့ PDF ပူးပေါင်းတပ်များက ဇွန်လ (၁၄) ရက် မွန်းလွဲပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့ KNU တပ်မဟာ - ၄က အတည်ပြုပါတယ်။

အဲဒီစစ်စခန်းဟာ တနင်္သာရီမြစ်ဘေးမှာရှိပြီး ကရင်တိုင်းရင်းသားအများစု နေထိုင်တဲ့ရွာဖြစ်ကာ စစ်တပ်က (၁၉၉၇) ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားတာကြောင့် စစ်ကောင်စီအတွက် မဟာဗျူဟာကျတဲ့ စစ်အခြေစိုက်စခန်းတခုဖြစ်တယ်လို့ KNU တပ်မဟာ - ၄၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက Dawei Watch ကို ပြောထားပါတယ်။

ဒီစခန်းမှာ ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ -၂၈၅ အထိုင်ချနေပြီး စစ်ကောင်စီတပ်ဖွဲ့ ခန့်မှန်းအင်အား (၅၀) ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

စခန်းမသိမ်းခင်မှာ လက်နက်ချဖို့နဲ့ ပြည်သူ့ဘက်ကို ပူးပေါင်းဖို့ KNU နဲ့ PDF ပူးပေါင်းတပ်တွေက ညှိနှိုင်းပြောဆိုခဲ့ပေမယ့် စစ်စခန်းဘက်က လက်နက်မချဘဲ အသေခံတိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် မလွှဲမရှာင်သာတော့ပဲ တိုက်ခိုက်ခဲ့ရတယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။

 ဇွန်လ (၁၄) ရက်နေ့ မနက် (၅း၀၀) နာရီမှာ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ မွန်းတည့်  (၁၂း၀၀) နာရီခန့်မှာ စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ () ကြိမ် ဗုံးကြဲခဲ့တဲ့အပြင်  KNU တပ်မဟာ - တပ်ရင်း - ဆေးရုံကိုလည်း ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။ 

စခန်းသိမ်းယူခံရပြီးတဲ့နောက် အောင်သာဝရရွာကနေ ရေလမ်းနဲ့  () နာရီခန့်သွားရတဲ့ KNU တပ်မဟာ - ၄၊ KNLA တပ်ရင်း - ကို စစ်ကောင်စီတပ် တိုက်လေယာဉ်က ဇွန်လ (၁၄) ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သူနာပြုဆရာမတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်း လုပ်နေဆဲဖြစ်တာကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

KNLA PDF နဲ့ KTLA မဟာမိတ်ပူးပေါင်းတပ်တွေဟာ (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီ (၂၄) ကနေ ဇွန်လ (၁၄) ရက်နေ့အထိ တနင်္သာရီတိုင်းထဲက စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးစခန်း (၁၀) ကျော်ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နတ်မောက်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်


မကွေးတိုင်း နတ်မောက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိတယ်လို့ အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု OPRF - PLA တာဝန်ခံက ပြောပါတယ်။

အင်အား (၅ဝ) ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေကို ဇွန်လ (၁၄) ရက်နေ့ ညနေ (၄း၃၀) ခန့်အချိန်မှာ ကျွန်းဘုတ်ရွာ နဲ့ ကျောက်ဆည်ကျေးရွာကြား OPRF - PLA ရဲဘော်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ကျွန်းဘုတ်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချောင်းရိုးနားအရောက်မှာ ပေ (၁၅ဝ) ခန့်အကွာကနေ အနီးကပ် တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ပြီး သေဆုံးဒဏ်ရာရသူအရေအတွက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့ OPRF – PLA တာဝန်ခံက ရှင်းပြပါတယ်။

အချိန်အတန်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးတဲ့နောက် OPRF – PLAက ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စစ် ကောင်စီစစ်ကြောင်းက ကျွန်းဘုတ်ရွာမှာ ဆက်လက်တပ်စွဲထားဆဲလို့ သိရပါတယ်။

နတ်မောက်နဲ့ မြို့သစ်မြို့နယ်က စစ်သားနဲ့ရဲတွေပါတဲ့ အဲဒီစစ်ကြောင်းဟာ မြို့သစ်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာဖြစ်ပြီး စစ်ကြောင်း စထိုးစဥ်အချိန်က မြို့သစ်မြို့နယ် ကွင်းကြီးကျေးရွာအနီးမှာ အရပ်သားပြည်သူ၂ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့အပြင် စစ်ကြောင်းထိုးရာလမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေက နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA က အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ဘုတလင်မြို့နယ်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်လင်မယားသေဆုံးကာ တဦး ဒဏ်ရာရ  


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်လင်မယား () ဦးသေဆုံးသွားပြီး တဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဇွန်လ (၁၃) ရက်နေ့ (၇း၀၀) နာရီ၀န်းကျင်အချိန်မှာ ဘုတလင်မြို့နယ်၊ ညောင်ကုန်းကျေးရွာမြောက်ဘက်၊ ထောက်ရှာ၀ိုင်း တောတိုက်အနီးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံး () လုံးကြဲချခဲ့တာကြောင့် ညောင်းကုန်းကျေးရွာက ဦးမင်းငြိမ်းနဲ့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဌေးတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတဦး ပေါင်မှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

လေယာဉ်ဝဲနေနေချိန်မှာ ညောင်ကုန်း၊ ထန်းတောနဲ့ အနီးအနားမှာရှိတဲ့ရွာတွေက ဒေသခံပြည်သူတွေက ထွက်ပြေးနေချိန်မှာ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။ 

သေဆုံးသွားသူတွေဟာ ညောင်ကုန်းကျေးရွာကဖြစ်ပြီး အသက် (၅၀) အရွယ် ဦးမင်းငြိမ်းက ဦးခေါင်းပြတ်သွားကာ ဇနီးဖြစ်တဲ့ အသက် (၅၂) နှစ်အရွယ် ဒေါ်စန်းစန်းဌေးမှာလည်း ဦးခေါင်းညာဘက်ခြမ်းပွင့်ကာ သေဆုံးတဲ့အပြင် ထန်းတောကျေးရွာက အမျိုးသမီးတဦးလည်း ဗုံးစထိမှန်တာကြောင့် ပေါင်ကျိုးသွားတယ်လို့ ဘုတလင်နယ်အခြေစိုက် ရွာဇော်ကြီးရဲ့ တော်လှန် အသံစာမျက်နှာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြေပြင်တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် လုပ်လာတဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ လေကြောင်းရန်ကိုအထူးဂရုပြုနေထိုင်ကြဖို့  ဒေသတွင်းတော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၅။ ပေါက်ခေါင်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ကို တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်း


ပဲခူးတိုင်း အနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်၊ ကြိုပင်၀ိုင်းကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်အဖြစ် တာဝန်ယူထားတဲ့ ပွားသီး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်းထံကနေ သိရပါတယ်။ 

ပေါက်ခေါင်းမြိုနယ်၊ သဖန်းကိုင်းကျေးရွာနဲ့ အင်းငါးခွသကြားစက်လမ်းခွမှာ ကြိုပင်၀ိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပွားသီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဇွန်လ (၁၃) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်မှာ ပစ်ခတ်ရှင်းလင်းရာက သေဆုံးသွားတာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ပွားသီးဟာ PDF တွေ ပစ်ခတ်ရှင်းလင်းခြင်းခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ညွန့်စိုးနေရာမှာ အစားထိုး နေရာယူသူဖြစ်ကာ စစ်ကောင်စီအလိုကျ စစ်သားသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ပွားသီးဟာ လွှစင်ကုန်းရွာမှာ နေထိုင်သူဖြစ်ကာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း တပ်ခွဲ - ၁၊ ရွှေလေးညီနောင်အဖွဲနဲ့ ပေါက်ခေါင်း - ပကဖ ဆောင်းခိုငှက်အဖွဲ့တို့ ပူးပေါင်း ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှူးသစ် ပွားသီးဟာ ပျူစောထီးအပတ်စဉ် - သင်တန်းဆင်း တဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှာ စစ်မှုထမ်းစေဖို့ စစ်သားစုဆောင်းရာမှာလည်း  ဦးဆောင်လုပ်ကိုင်နေသူလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment