၂၀၂၄ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
📌 ၂။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင်ချောက်ချား ထင်ရာစိုင်းနေတာတွေကို တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော
📌 ၃။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအတွက် ဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့်ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းတို့တက်ရောက်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တော်လှန်ရေးဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေး
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် ကျပ်သိန်း ၂၀၀ ခန့်လှူဒါန်း
📌 ၆။ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနား KNDO စစ်ဌာနချုပ်တွင် ကျင်းပ
📌 ၇။ "ကိုဂျင်မီတို့ လေးဦးအတွက်နှစ်ပတ်လည် ဘာသာပေါင်းစုံဆုတောင်းပွဲ” UKနိူင်ငံ လန်ဒန်မြို့တွင်ကျင်းပမယ်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သံတွဲမြို့တွင်း ပိတ်မိနေသူများကို AA ကယ်ထုတ်ပေး
🚩 ၂။ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူများမှ သံချပ်ကာ တင့်ကားများ၊ လေယာဉ်များကို ယူလာသူ/ဖျက်ဆီးခဲ့သူများကို ကျပ်သိန်း ၁၀၀၀ မှ ၁၀၀၀၀ အထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်
🚩 ၃။ စစ်ကောင်စီ တပ်သားများ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ပြည်သူပိုင် နေအိမ်များကို ခိုးယူဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင် PDF ထုတ်ပြန်
🚩 ၄။ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိ
🚩 ၅။ နေပြည်တော် အေလာလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ် တိုက်ခိုက်၊ လေတပ်အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၁၂ ဦး သေဆုံး
🚩 ၆။ ဒီပဲယင်း ဘဏ်အနီးတွင် ကင်းထွက်လာသော စစ်ကောင်စီနှင့် ပျူစောထီးများအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့
🚩 ၇။ ပဲခူးရိုးမပေါ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ တက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး
🚩 ၈။ TNLA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွား
🚩 ၉။ စဉ့်ကူးမြို့အား နေ့ရော ညပါ လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
ဇူလိုင်လ ၁၆ရက်။
ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့ ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြောကြားပါတယ်။
ဇူလိုင်၁၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
"တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာအပြန်အလှန် သက်ရောက်မှုရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင်လေလေဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရှိရပြီး အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင်ချောက်ချား ထင်ရာစိုင်းနေတာတွေကို တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော
ဇူလိုင်လ ၁၆ရက်။
စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင်ချောက်ချား ထင်ရာစိုင်းနေတာတွေကို တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဇူလိုင်လ(၁၆)ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊(၂၀/၂၀၂၄)တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။
"ဒီလပိုင်းအတွင်းမှာ နိုင်ငံရေးအခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင်ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြားသိမြင်တွေ့နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသလို တစ်ဘက်ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ်ဖြစ်အောင် ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေတာတွေလည်း လုပ်ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
NUGအစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက်ကူညီပေးကြဖို့ဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားပါတယ်။
========================
📌📌 ၃။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအတွက် ဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့်ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းတို့တက်ရောက်
ဇူလိုင်လ ၁၆ရက်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအတွက် ဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတို့တက်ရောက်ခဲ့ကြပါတယ်။
ဇူလိုင်၁၆ရက်မှာ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ကကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကလည်း အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။
ထို့နောက် IBHA ဖွဲ့စည်းခြင်း ၂နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါး/စာစီစာကုံးပြိုင်ပွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲမှဆုရ ကျောင်းသား၊ ကျောင်းသူများအမည်စာရင်းကို ကြေညာခဲ့ပါတယ်။
"ဆုရတဲ့သူတွေကတကယ်ပဲအရည်အသွေးမြင့်ကြပါတယ်။ဒီအခမ်းအနားကိုဖြစ်အောင်အားပေးကြတဲ့ဆရာ၊ ဆရာမတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဒီလိုကာလကြီးမှာဒီလိုမျိုးလုပ်ဆောင်နိူင်တာကိုလည်း အများကြီးချီးကျူးပါတယ်။ ဒီတခါဆုမရလို့လည်းစိတ်မလျှော့စေချင်ပါဘူး။ မျိုးဆက်သစ်တွေအားမာန်ကို အများကြီးဂုဏ်ယူပါတယ်"လို့ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။
ဆောင်းပါး/စာစီစာကုံးပြိုင်ပွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်သူများကို ဂုဏ်ပြုလက်မှတ်နဲ့အတူ နွေဦးထီတစောင်ဆီပေးအပ်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တော်လှန်ရေးဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေး
ဇူလိုင်လ ၁၆ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တော်လှန်ရေးဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ဇူလိုင်လ ၁၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် ကျပ်သိန်း ၂၀၀ ခန့်လှူဒါန်း
ဇူလိုင်လ ၁၆ရက်။
အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် ကျပ်သိန်း ၂၀၀ ခန့်လှူဒါန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင်၁၆ရက် အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကဖော်ပြပါတယ်။
၂၀၂၄ ဇူလှိုင် ၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရာတွင် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရေးအတွက် ဝန်ကြီးဌာနလက်အောက်ရှိဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ လက်မှုပညာပစ္စည်းများဖြစ်သော လွယ်အိတ်များရောင်းရငွေ ဘတ် ၁၅၆,၇၆၂(မြန်မာကျပ်ငွေသိန်း ၂၀၀ ခန့်) ပါဝင်လှူဒါန်းအားဖြည့်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်စစ်ဘေးရှောင်များကိုကူညီစောင့်ရှောက်မှုအပြင် သက်မွေးပညာများကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
========================
📌📌 ၆။ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနား KNDO စစ်ဌာနချုပ်တွင် ကျင်းပ
ဇူလိုင်လ ၁၆ရက်။
RadioNUG
ဇူလိုင်လ ၁၆ရက်နေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနား KNDO စစ်ဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNDO ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မဟာမိတ်တော်လှန်ရေး အင်အားစုများ ဖြစ်ကြသည် မွန်ပြည်သစ်ပါတီ ( NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ( PSLF)တအောင်းတပ်မတော်(TNLA)မှ ဗိုလ်မှူးကြီး တာဆငည်းလေး၊ ကျားဖြူစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်စစ်ရေးတာ၀န်ခံများ KNDO တပ်ရင်း ၆ တပ်ရင်းမှူး မန်းညွန့်မောင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည့်သူကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း (၉၉၀၈) ၏ ဒုစစ်ကြောင်းမှူး ဦးစိုး၀င်းတို့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
ကရင်အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန်အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကာ ကရင်အမျိုးသားများအား ကရင်ပြည်မပေးနိုင်ဟု ဖဆပလအစိုးရက သဘောထားရှိသည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကြိုးပမ်းမှုမှာ တနေ့မှာ လက်နက်ကိုင်လမ်းစဉ်သို့ ရောက်လာနိုင်သည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအား ရန်ကုန်မြို့ရှိ ဆရာဝိတူကျောင်းဝန်းအတွင်းမှာ ပြုလုပ်ခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)အား ၁၉၄၇ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပါတယ်။
========================
📌📌 ၇။ "ကိုဂျင်မီတို့ လေးဦးအတွက်နှစ်ပတ်လည် ဘာသာပေါင်းစုံဆုတောင်းပွဲ” UKနိူင်ငံ လန်ဒန်မြို့တွင်ကျင်းပမယ်
ဇူလိုင်လ ၁၆ရက်။
"ကိုဂျင်မီတို့ လေးဦးအတွက်နှစ်ပတ်လည် ဘာသာပေါင်းစုံဆုတောင်းပွဲ” UKနိူင်ငံ လန်ဒန်မြို့တွင်ကျင်းပမယ်လို့သိရပါတယ်။
ဇူလိုင်၂၃ရက်နေ့ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်ကောင်စီက မတရားကြိုးပေးသတ်ခဲ့တာ နှစ်နှစ်ပြည့်တဲ့နေ့ဖြစ်တယ်လို့သိရပါတယ်။
နွေဦးတော်လှန်ရေးအတွက် ကိုဂျင်မီတို့လေးဦး အသက်ပေးခဲ့ရမှုကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲကိုUKနိူင်ငံလန်ဒန်မြို့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဥ်ထားတယ်လို့သိရပါတယ်။
အထက်ပါဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်သင်းအုပ်ဆရာ၊ မွတ်စလင်ဘာသာရေးခေါင်းဆောင်တို့က ကိုဂျင်မီတို့လေးဦးနှင့်တကွ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့သူအားလုံးအတွက် ဆုတောင်းမေတ္တာပို့သပေးကြမှာ ဖြစ်ပါတယ်။
အလားတူ ကိုဂျင်မီနဲ့ လူပုဂ္ဂိုလ်ချင်းရင်းနှီးတဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုဂျင်မီနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ဝေငှပြောကြားပေးကြဖို့ရှိတယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သံတွဲမြို့တွင်း ပိတ်မိနေသူများကို AA ကယ်ထုတ်ပေး
ဇူလိုင်လ ၁၆ရက်။
RadioNUG
ဇူလိုင်လ ၁၆ရက် နံနက်ပိုင်းတွင် ရက္ခိုင်ပြည် သံတွဲမြို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး မြို့တွင်းနေရာအနှံ့ကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အန္တရာယ်များကြား ပိတ်မိလျက်ရှိသည့် ပြည်သူအချို့အား အာရက္ခတပ်တော်က ကယ်ထုတ်ပေးကာ လုံခြုံသည့် နေရာများသို့ ပို့ပေးခဲ့တယ် AB Newsမှာ ဖော်ပြထားပါတယ်။
သံတွဲမြို့အား ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဟု အာရက္ခတပ်တော်က ဇူလိုင်လ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ပြီးခဲ့ပြီးနောက် စစ်ကောင်စီက သံတွဲမြို့နေရာအနှံ့ကို နေ့စဥ်ရက်ဆက် ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမှတ် ၂ အခြေခံပညာအထက်ကျောင်း၊ သမိုင်းဝင်စေတီအချို့ ထိခိုက်ပျက်စီးခဲ့ကာ လူနေအိမ်များလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူများမှ သံချပ်ကာ တင့်ကားများ၊ လေယာဉ်များကို ယူလာသူ/ဖျက်ဆီးခဲ့သူများကို ကျပ်သိန်း ၁၀၀၀ မှ ၁၀၀၀၀ အထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်
ဇူလိုင်လ ၁၆ရက်။
RadioNUG
အကြမ်းဖက်စစ်ကောင်စီတပ်မှ ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသူတွေအတွက် လူသားချင်းစာနာတဲ့ ဆက်ဆံရေးတွေပေးပြီး အသက်ကိုအာမခံချက် အပြည့်ဝပေးမည်ဖြစ်ကြောင်း MNDAAက သတင်းထုတ်ပြန်ထားပါတယ်။
တပ်သားအဆင့် အလင်းဝင်လာသူအတွက် ငွေကျပ် ၁၀သိန်းနှင့် လက်နက် ပါလျှင် ငွေကျပ် ၁၅သိန်း၊ ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၂ဝ သိန်းနှင့် လက်နက်ပါလျှင် ငွေကျပ် ၂၅သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၃ဝ သိန်း နှင့် လက်နက်ပါလျှင် ငွေကျပ် ၃၅သိန်း ချီးမြှင့်ပေးမယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်ပြီးသူက အကြမ်းဖက်စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကိုဝါဒဖြန့်၊ စည်းရုံးပေးပြီး အလင်းဝင်သူ ရှိလာပါက ဆောင်ရွက်ပေးသူကို ထပ်မံ၍ ဆုငွေချီးမြှင့်ပေးမယ်လို့ သိရပါတယ်။
လက်နက်ကြီးများ သယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ တပ်စခန်းရှိ လက်နက်ကြီးများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အလင်းဝင်လာသူများ၊ လက်နက်ကြီးများကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ အသုံးမပြုနိုင်အောင် ဖျက်ဆီးပြီး အလင်းဝင်လာသူများအတွက် (၁၂.၇) မမနှင့် အထက်ရှိ စက်သေနတ်များကို ဆုငွေ ကျပ် ၅ဝ သိန်း၊ (၁၀၀)မမနှင့် အထက်ရှိ အမြောက်များကို ဆုငွေ ကျပ် ၁၀၀ သိန်း၊ သံချပ်ကာ၊ တင့်ကားနှင့် အခြားကုန်းလမ်းသုံး အကြီးစားစစ်ရေးကိရိယာများကို ဆုငွေ ကျပ် ၁ဝဝဝ သိန်း၊ ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နှင့် အခြားလေယာဉ်အမျိုးအစားများကို ဆုငွေ ကျပ် ၁ဝဝဝဝ သိန်း ချီးမြှင့်မယ်လို့ ဖော်ပြထားပါတယ်။
အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကိုလည်း ဆုငွေ ကျပ် ၁၀၀ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီ တပ်သားများ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ပြည်သူပိုင် နေအိမ်များကို ခိုးယူဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင် PDF ထုတ်ပြန်
ဇူလိုင်လ ၁၆ ရက်။
Radio NUG
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို ခိုးယူဖျက်ဆီးနေတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ရုပ်သံမှတ်တမ်းကို Southern YSO PDF က ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်က ရေစကြိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီ တပ်သား ၁ဦးရဲ့ လက်ကိုင်ဖုန်းထဲက ရရှိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဗီဒီယိုဖိုင်အတွင်း ပြည်သူ့နေအိမ်များကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီ တပ်သားများမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ၂၅၇ နဲ့ ၂၅၈ တပ်များမှ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းကာလ (၃)နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများရဲ့ နေအိမ်(၈၈,၃၇၃)လုံးထိ ဆုံးရှုံးခဲ့ရကြောင်း Data For Myanmar အဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
========================
🚩🚩 ၄။ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိ
ဇူလိုင်လ ၁၆ရက်။
RadioNUG
မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရန်သူ့တပ်စခန်းအရေအတွက်(၂၈)ခုထိ သိမ်းပိုက်ရရှိခဲ့ပြီလို့ သိရပါတယ်။
ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး အပြီးသတ်သိမ်းပိုက်ရရှိရန် လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မတ္တရာစစ်ဆင်ရေးများတွင် ရန်သူ့လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများလည်း ထပ်မံသိမ်းဆည်းရရှိထားပြီး စကစတပ်ဖွဲ့ဝင်များသည် Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှ ဆုတ်ခွာပြေးရာတွင် စက်ရုံအဆောက်အဦးများကို မီးရှို့သွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ နေပြည်တော် အေလာလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ် တိုက်ခိုက်၊ လေတပ်အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၁၂ ဦး သေဆုံး
ဇူလိုင်လ ၁၆ရက်။
RadioNUG
ဇူလိုင်လ ၁၆ ရက်၊ မနက် ၉ နာရီ ၁ မိနစ်အချိန်တွင် နေပြည်တော် အေလာလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၅ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Mountain Knights Civilian Defense Force (MKCDF) က သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် အေလာလေတပ်စခန်းအတွင်း ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး အဆောက်အဦး ၄ လုံး၊ လက်နက်ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံ တို့ မီးလောက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြားအဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
A-5 Bomber Jet Fighter တစ်စင်း သုံးမရအောင် ပျက်စီးပြီး Jet Fighter တစ်စင်း ခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ကာ Y-12 Military Transport Aircraft တစ်စင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၇ ဦးလည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။
အေလာ လေတပ်စခန်းသည် လုံခြုံရေးအထူးတင်းကြပ်သော အဆင့်မြင့်လေဆိပ်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ကရင်နီဒေသနှင့် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို အနိုင်ကျင့်ရာတွင် အထူး အားထားရသော လေဆိပ်ဖြစ်သလို အာဏာသိမ်းစစ်ဗိုလ်ချုပ်များ အခြေအနေမကောင်းလျင် ပြည်ပသို့ထွက်ပြေးရန် အားထားရသည့် လေတပ်ဖြစ်သောကြောင့် စစ်ဗိုလ်ချုပ်များပြေးပေါက် မရှိရန် ရည်ရွယ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
BWM အဖွဲ့ နှင့် MKCDF အဖွဲ့တို့၏ တစိုက်မတ်မတ် ပူးပေါင်းဖော်ဆောင်နေသော လေတပ်ချေမှုန်းရေးစီမံချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး နေပြည်တော် အေလာလေတပ်ကို ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်း ဖြစ်ကာ မစ်ရှင်ကို အောင်မြင်စွာ ဖော်ဆောင်ရန် စနစ်တကျ စီမံပေးသော BWM အဖွဲ့နှင့် အတူပူးပေါင်းကူညီသော MRF အဖွဲ့နှင့် အခန်းကဏ္ဍအသီးသီးမှ ကူညီကြသော မြေပြင်တော်လှန်ရေး မိတ်ဖက်အဖွဲ့အားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ ဒီပဲယင်း ဘဏ်အနီးတွင် ကင်းထွက်လာသော စစ်ကောင်စီနှင့် ပျူစောထီးများအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့
ဇူလိုင်လ ၁၆ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့ရှိ စီးပွားရေးဘဏ်အနီးတွင် ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပျူစောထီးများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် (ADPRA)က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့, မနက် ၇ နာရီ ၄၅ မိနစ်က အဆိုပါ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း အဖွဲ့အား ယင်းမာပင်ခရိုင် တပ်ရင်း (၃၀)(ADPRA) ၊ ဒီပဲယင်း ပ.က.ဖ တိုက်နယ် ၁,၂,၃ ၊ ရေဦး မြို့နယ် ပ.က.ဖ (Galaxy Force)၊ ရေဦးမြို့ နယ် ပ.က.ဖ (ဖီးနစ် တပ်ခွဲ) ၊ ရန်ကြီးအောင် LDF တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာပါ။
မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း ထွေအုပ် ဝန်ထမ်း ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကာ ၁ ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ကာဘိုင်သေနတ် ၂ လက်ကိုပါ သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ပဲခူးရိုးမပေါ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ တက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး
ဇူလိုင်လ ၁၆ ရက်။
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်၊ စမ်းဘုတ် အုပ်စု၊ ဆားချောင်း ရွာထိပ်ရှိ လယ်ကွင်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ပဲခူးရိုးမပေါ် တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်က ၎င်း စစ်ကောင်စီ တပ်ဖွဲ့ကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)တပ်ခွဲ (၃)၊ တပ်ခွဲ(၂)နှင့် တပ်ရင်း (၃၈၀၃) (Myanmar Defense Force)တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တဲ့ ၄၀မမ၊ ၆၀မမ ကျည်များနှင့် စနိုက်ဘာကျည်များ ထိမှန်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၅ ဦး နေရာမှာတင် သေဆုံးခဲ့ကာ ၂ ဦးမှာ လမ်းတွင် သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်က ဆားချောင်းကျေးရွာအတွင်း ပြည်သူများရဲ့ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ် အလုံး ၃၀ အား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဒရုန်း၊ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီ တပ်သားများ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ ခမရ ၅၃၄ အလံတခု၊ ၇၉ ကျည်ခွံများ၊ စစ်သုံး ဖိနပ်တရံကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ TNLA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွား
ဇူလိုင်လ ၁၆ ရက်။
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA တပ်မဟာ(၃)၊ တပ်မဟာ(၂)နယ်မြေ မိုးမိတ် မြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ စစ်ကောင်စီက စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရတယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ ရက်၊ ‘၁၀၂၇’ ဒုတိယလှိုင်း ၂၂ ရက်မြောက်နေ့မှာ မိုးမိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆ တို့က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တောင်ကိုင်းရွာအနီးမှာ TNLA, PLA, PDF ပူးပေါင်းအဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် ၁၁ လက်၊ ၆၀ မမ ၁ လက်၊ ခဲယမ်းများနဲ့ စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နောင်ချိုမြို့နယ်၊ ကန်ကြီးရွာနဲ့ သရက်ကုန်းရွာ အနီးတဝိုက်မှာ နေ့လည် ၉ နာရီ ၂၅ မိနစ်တွင် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ဇူလိုင်လ(၁၅)ရက်နေ့ ည (၉း၀၀)အချိန်တွင်တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ မိုးကုတ်မြို့တွင် မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှ အတွဲလိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၁)ဦးအပါအဝင်(၂)သေဆုံးပြီး(၅)ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ပါတယ်
========================
🚩🚩 ၉။ စဉ့်ကူးမြို့အား နေ့ရော ညပါ လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
ဇူလိုင်လ ၁၆ရက်။
RadioNUG
ဇူလိုင်လ ၁၆ ရက်နေ့တွင် စဉ့်ကူးမြို့အားဘနေ့ရော ညပါ အဆက်မပျက် ကျောက်မြောင်း စစ်တပ်မှ လက်နက်ကြီးများ ပစ်ခတ်နေပြီး၊ လေကြောင်းဖြင့်လည်း အကြိမ်ပေါင်းများစွာ MK-82 500 lb bomb များ၊ Cluster bomb များဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကာ စဉ့်ကူးမြို့ရဲ့ နေရာအနှံ့ ပေါက်ကွဲ မီးလောင်နေတယ်လို့ မြေပြင်သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး)က သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးသီးချ နေ့ရောညပါ ပစ်ခက်ခြင်းကြောင့် ကံကြီးကျောင်းအနီး စာသင်ကျောင်း နောက်တကြောမှာ မီးလောင်ပျက်စီးမှုများ များပြားနေပြီး စစ်ဘေးရှောင်ပြည်သူများလည်း အများအပြား ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment