၂၀၂၄ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလမှ “ဓမ္မစကြာအခါတော်နေ့” ဆုတောင်းစကား ပြောကြား
📌 ၂။ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် MNDAA ဇူလိုင်လကုန်အထိ အပစ်ရပ်
📌 ၃။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုမှုကိစ္စနှင့် မြန်မာစစ်အုပ်စုကို အစည်းအဝေးများအားလုံးမှ ဖယ်ထုတ်ရေး အိတ်ဖွင့်ပေးစာ ပေးပို့
📌 ၄။ ချင်းညီနောင်မဟာမိတ်အဖွဲ့မှ စကစမိသားစုဝင် ၁၀၀ ကျော်နှင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ဦး ကယ်ဆယ်ထိန်းသိမ်းထား
📌 ၅။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA)မှ နောင်ချိုဒေသနေ ပြည်သူများအား ဆန်များ ပေးဝေ
📌 ၆။ ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေစဉ် ဗုံးကြဲခံရ၍ ၃၀ ဦးခန့်သေဆုံး
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လွိုင်ကော် ဒေသကာကွယ်ရေးတပ် Loikaw LPDF အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်
🚩 ၂။ ခင်ဦးမြို့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်
🚩 ၃။ ကျောက်တိုင်ရွာက နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲ နေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ
🚩 ၄။ မြိုင်မြို့ပေါ်ရှိ စကစဒေါက်တင် ပျူခေါင်းဆောင်အား ပစ်ခတ်
🚩 ၅။ ပျူရွာမှ ပြန်လာတဲ့ စစ်သား ၁ ဦး၊ ၎င်းရဲ့ဇနီးနဲ့ ပျူစောထီး ၁ ဦးတို့ မိုင်းနင်းမိပြီး ၂ ဦး သေဆုံး
🚩 ၆။ သံတွဲမြို့နယ်မှ နောက်ဆုံးလက်ကျန် ကွင်းဝိုင်းရေတပ်အား ခံစစ်ပြင်ပြီး ရေတပ်အဝင်လမ်းပေါ်ရှိ တံတားတွေကိုဖျက်ဆီး
🚩 ၇။ သံတွဲမြို့နယ် အဘဲကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ ဒေသခံပြည်သူ ၆ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလမှ “ဓမ္မစကြာအခါတော်နေ့” ဆုတောင်းစကား ပြောကြား
ဇူလိုင်လ ၂၀ရက်။
RadioNUG
ဇူလိုင်လ ၂၀ရက်နေ့မှာ ကျရောက်တဲ့ “ဓမ္မစကြာအခါတော်နေ့”မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဇူလိုင်လ ၂၀ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တခုဖြစ်တဲ့ “ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့” ဖြစ်တာနဲ့အညီ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့တကွ တိုင်းရင်းသားလူမျိုးစုံ ပြည်သူလူထုကြီးတရပ်လုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်ဟု ဖော်ပြထားပါတယ်။
ဒီကနေ့လို နေ့ထူးနေ့မြတ်တွေကို နိုင်ငံတဝန်း ဘေးရန်ဒုက္ခအပေါင်းက ကင်းဝေးပြီး ပူပန်သောက စိုးရိမ်ကြောင့်ကျကင်းစွာ၊ အေးချမ်းသာယာ ပျော်ရွှင်စွာ ဆင်နွှဲနိုင်မယ့် ငြိမ်းချမ်းတဲ့ အချိန်ကာလတခုကို များမကြာမီ ရောက်ရှိနိုင်ကြပါစေကြောင်းလည်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ဟု ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် MNDAA ဇူလိုင်လကုန်အထိ အပစ်ရပ်
ဇူလိုင်လ ၂၀ရက်။
RadioNUG
တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့အထိ ထိုးစစ်တွေ ရပ်ထားမယ်လို့ MNDAA က တရုတ်ဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။
ထိုးစစ်ရပ်ထားတဲ့ ကာလအတွင်း လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေနဲ့ စစ်ဘေးရှောင်တွေရဲ့အရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
MNDAAဟာ တရုတ်မှာ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးရှိနေလို့ ဇူလိုင် ၁၄ ရက်ကစလို့ ၁၈ ရက်အထိ အပစ်ရပ်ခဲ့ပါသေးတယ်။
========================
📌📌 ၃။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုမှုကိစ္စနှင့် မြန်မာစစ်အုပ်စုကို အစည်းအဝေးများအားလုံးမှ ဖယ်ထုတ်ရေး အိတ်ဖွင့်ပေးစာ ပေးပို့
ဇူလိုင်လ ၂၀ရက်။
RadioNUG
ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများတွင် မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံအားပေးရန် တောင်းဆိုသည့် အိတ်ဖွင့် ပေးစာကို တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၃၃ဖွဲ့မှ လက်မှတ်ရေးထိုး ပေးပို့လိုက်ကြောင်း Blood Money - ငွေစွန်းငွေက ဖော်ပြထားပါတယ်။
အိတ်ဖွင့်ပေးစာတွင် ပါရှိသည့် အဓိက တောင်းဆိုချက်များမှာ -
(၁) မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးမှ ဖယ်ထုတ်ရန်နှင့်
(၂) အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးတွင် မြန်မာပြည်သူလူထု ကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန်။
တို့ဖြစ်တယ်လို့ သိရပါတယ်။
အိတ်ဖွင့်ပေးစာတွင် တရားမဝင် စစ်အုပ်စုအဖွဲ့ဝင်များအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်သည့်အခမ်းအနားအချို့သို့ ဖိတ်ကြားမည်ကို စိုးရိမ်ပူပန်ကြောင်း၊ စစ်အုပ်စု ခေါင်းဆောင်ပိုင်းများအား အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက ချမှတ်ခဲ့ကြောင်း၊ ယခု ကျင်းပတော့မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများသို့ စစ်အုပ်စုကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားမှုလုပ်ရပ်သည် စစ်ကောင်စီအတွက် အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ရန် “နောက်ဖေးဝင်ပေါက်” တစ်ခု ဖန်တီးပေးနေခြင်းဖြစ်ကြောင်းနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ကို စစ်အုပ်စုက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကို တုန့်ပြန်သည့်အနေဖြင့် အာဆီယံသည် အဆိုပါရပ်တည်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းကို သတိပြုရမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံအများအပြားသည် အာဆီယံအစည်း အဝေးများနှင့် အခမ်းအနားများတွင် စစ်အုပ်စုကိုယ်စားလှယ်များ ပါဝင်မှုအပေါ် ဆန့်ကျင်ကြသည် သို့မဟုတ် အနိမ့်ဆုံးအနေဖြင့် အလွန်စိုးရိမ်ပူပန်ကြသည်မှာ ထင်ရှားပါကြောင်း၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်ရှုတ်ချသည့် အရေးယူ လုပ်ဆောင်မှုများအပေါ်ကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း၊ သို့သော်လည်း အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများမှ စစ်အုပ်စုအား ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူများကိုယ်စား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရမှ ကိုယ်စားပြုခွင့်ပေးရန် အာဆီယံထံမှ လေးနက်သည့် ရှေ့ဆက်လုပ်ဆောင်ချက်များ အရေးတကြီးလိုအပ်နေသေးကြောင်း ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ ချင်းညီနောင်မဟာမိတ်အဖွဲ့မှ စကစမိသားစုဝင် ၁၀၀ ကျော်နှင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ဦး ကယ်ဆယ်ထိန်းသိမ်းထား
ဇူလိုင်လ ၂၀ရက်။
RadioNUG
ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များမှ (Operation CB) မတူပီမြို့သိမ်းတိုက်တွင် စစ်ကောင်စီနှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားသည့်အပြင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ဦးကိုလည်း ချင်းညီနောင်ဖက်မှ ကျွေးမွေး ပြုစုထားတယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကလေးငယ်များထဲတွင် တောထဲသို့ ထွက်ပြေးရင်း လမ်းခရီးတွင် ခရီးလမ်း ကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ရသော ကလေးငယ်များလည်း ပါဝင်နေတယ်လို့သိရပါတယ်။
အများစုသည် ခြေလက် သဲဝဲစားမှုကို ချင်းညီနောင်နှင့် မဟာမိတ် တပ်ဆေးရဲဘော်/ရဲမေများက ဆေးဝါးကုသပေးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA)မှ နောင်ချိုဒေသနေ ပြည်သူများအား ဆန်များ ပေးဝေ
ဇူလိုင်လ ၂၀ရက်။
RadioNUG
ဇူလိုင်လ ၁၉ရက်နေ့တွင် စစ်ဘေးရှောင်ရာမှ ပြန်လာကြသော နောင်ချိုဒေသနေ ပြည်သူများအား ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA)မှ လူသားချင်းစာနာမှုဖြင့် ဆန်များပေးဝေခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ရဲဘော်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ MDY-PDFတို့နှင့်အတူ နောင်ချိုတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြပါတယ်။
========================
📌📌 ၆။ ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေစဉ် ဗုံးကြဲခံရ၍ ၃၀ ဦးခန့်သေဆုံး
ဇူလိုင်လ ၂၀ရက်။
RadioNUG
ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်(ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ)၊ ငပုအင်းကျောင်းသစ် ဘုန်းကြီးကျောင်း၌ ဝါဆိုလပြည့်နေ့၊ ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်နေမှုများ လုပ်ဆောင်နေစဉ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ ခန့် သေဆုံးခဲ့သည်ဟု KIC က သတင်းဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ သံပုရာကျေးရွာအုပ်စုအတွင်းရှိ ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းနေရာနှင့် လွှစင်ကုန်းကျေးရွာလမ်းဆုံနေရာအား ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ကလေး၊ လူကြီးအပါအဝင် လူ ၂၀ ကျော် (စိစစ်ဆဲ)နှင့် KNLA မဟာမိတ် PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်းများမှ ရဲဘော်(၁၀)ဦးကျော် ကျဆုံးကြောင်း သိရပါတယ်။
ငပုအင်း ကျောင်းသစ်က ဆွမ်းစားဆောင် တစ်ဆောင်လုံး ပျက်သွားပြီး လွှစင်ကုန်းလမ်းဆုံမှာလည်း အိမ်တွေ ဆိုင်ခန်းတွေ ပွင့်ထွက်ပြိုကုန်တယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့သူတွေကို KNU ဆေးတပ်ဖွဲ့ဆီ ပို့ပေးကုပေးနေပြီး နောက်ထပ် ဗုံးလာကြဲမှာ ကြောက်ကာ နေရာရွှေ့တာ၊ ရှောင်ကြတာများ ပြုလုပ်နေပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လွိုင်ကော် ဒေသကာကွယ်ရေးတပ် Loikaw LPDF အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်
ဇူလိုင်လ ၂၀ ရက်။
Radio NUG
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ဒေသခံကာကွယ်ရေးတပ် (Loikaw Local People Defence Force)ဗဟိုကော်မတီက ပြည်သူ့ကာကွယ်ရေး တပ်သားသစ်များ အခြေခံ စစ်သင်တန်းဆင်းပွဲကို ဒီမောဆို တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို လွိုင်ကော်မြို့နယ် ဒေသကာကွယ်ရေးတပ် (Loikaw LPDF) ဗဟိုကော်မတီ နာယက၊ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များ၊ တပ်ရင်းမှူးများ၊ မဟာမိတ်တပ်ဖွဲ့များမှ တပ်ရင်းမှူးများနဲ့ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ အလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ ဥက္ကဋ္ဌ၊ နာယကနဲ့ မဟာမိတ်တပ်ဖွဲ့ အကြီးအကဲများက မိန့်ခွန်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၂။ ခင်ဦးမြို့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်
ဇူလိုင်လ ၂၀ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှာ၊ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ရဲ တပ်သားများကို ဒရုန်းနဲ့ ဗုံးးကျဲတိုက်ခိုက်ခဲ့တယ်လို့ DUGF ( Dragon Urban Guerrilla Force )က သတင်း ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၉ မနက် ၇ နာရီခန့်က ခင်ဦးထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲ အင်အား ၂၀ ခန့်အား Drone ဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို DUGF( Dragon Urban Guerrilla Force )၊ ရွှေဘိုခရိုင် တပ်ရင်း(၃)၊ Fire Dragon (Khin U) ပကဖတို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကျောက်တိုင်ရွာက နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲ နေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ
ဇူလိုင်လ ၂၀ ရက်။
Radio NUG
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့အနီး ကျောက်တိုင်ကျေးရွာ အတွင်းက ပြည်သူပိုင် နေအိမ်များမှာ ဝင်ရောက်တပ်စွဲ နေထိုင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း (၃၅၀၂)၊ Delta One Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ ၂ နာရီခန့်က ကျောက်တိုက်ရွာ အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို 5 kg ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် ခဲ့ပေမယ့် Delta One Drone Teamအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မြိုင်မြို့ပေါ်ရှိ စကစဒေါက်တင် ပျူခေါင်းဆောင်အား ပစ်ခတ်
ဇူလိုင်လ ၂၀ရက်။
RadioNUG
ဇူလိုင်လ ၂၀ရက်နေ့ နေ့ခင်း ၂ နာရီခန့်တွင် မြိုင်မြို့ပေါ်ရှိ စကစဒေါက်တင် ပျူခေါင်းဆောင် ထိန်လင်းအား ပစ်ခတ်ခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ပျူခေါင်းဆောင်လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိပြီး ဆေးရုံအနီးရှိ အိမ်တစ်အိမ်တွင် ဆေးကုသနေတယ်လို့ သိရပါတယ်။
မြိုင်မြို့ပေါ်ရှိ စကစများနှင့် ဒေါက်တိုင် ပျုသတင်းပေးများအား ဆက်လက်ချေမှုန်း အရေးယူသွားယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ပျူရွာမှ ပြန်လာတဲ့ စစ်သား ၁ ဦး၊ ၎င်းရဲ့ဇနီးနဲ့ ပျူစောထီး ၁ ဦးတို့ မိုင်းနင်းမိပြီး ၂ ဦး သေဆုံး
ဇူလိုင်လ ၂၀ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ တင်ဘက်ပျူရွာမှ ပြန်လာတဲ့ စစ်သား ၁ ဦး၊ ၎င်းရဲ့ ဇနီးနဲ့ ပျူစောထီး ၁ ဦးတို့ မိုင်းနင်းမိပြီး စစ်သား ၁ဦး ခြေထောက်ပြတ်ကာ ကျန် ၂ဦး သေဆုံးခဲ့တယ်လို့ ကျောင်းသား တော်လှန်ရေးတပ်(SRF)က ထုတ်ပြန်ပါတယ်။
အဆိုပါ နင်းမိုင်းမှာ SRF က ထောင်ထားခဲ့တာ ဖြစ်ပြီး တဖက်ရွာမှာ တာဝန်ကျနေတဲ့ စစ်သား ၁ ဦးနဲ့ ၎င်းရဲ့ အမျိုးသမီးဖြစ်သူကို တွေ့စေပြီးအပြန်မှာ လိုက်ပို့တဲ့ သူငယ်ချင်း စစ်သားနဲ့ ပျူစောထီး၊ စစ်သားရဲ့ ဇနီးတို့ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
မိုင်းထိခဲ့တာကြောင့် စစ်သား ဖြစ်သူမှာ ပေါင်ကနေ ပြတ်သွားခဲ့ပြီး ပျူစောထီးနဲ့ အမျိုးသမီး ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဦးကြီးလမ်းဟာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်အောက်ခံ ပျူစောထီးများ အသုံးများတဲ့ လမ်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များမှ နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားနေတာကြောင့် အထူးဂရုစိုက် သွားလာကြဖို့နဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများမှ အမြန်ဆုံး စွန့်ခွာကြဖို့ SRF ဗဟိုကော်မတီက သတိပေး နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၆။ သံတွဲမြို့နယ်မှ နောက်ဆုံးလက်ကျန် ကွင်းဝိုင်းရေတပ်အား ခံစစ်ပြင်ပြီး ရေတပ်အဝင်လမ်းပေါ်ရှိ တံတားတွေကိုဖျက်ဆီး
ဇူလိုင်လ ၂၀ရက်။
RadioNUG
ရခိုင်ပြည် သံတွဲမြို့နယ်မှာ နောက်ဆုံးလက်ကျန် အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ကွင်းဝိုင်းရေတပ်ကို ခံစစ်အတွက် စစ်ကောင်စီက ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ရေတပ်အဝင် ကားလမ်းပေါ်ရှိ တံတားတွေကို သွားလာလို့မရအောင် ဖျက်ဆီးပစ်လိုက်ပြီဖြစ်တယ်လို့ နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ကွင်းဝိုင်းရေတပ်က ရေဖြူအိုင်နဲ့ သစ်ကောက်ရွာမှာ တပ်စွဲထားပြီး ရေတပ်ရှေ့မှာ မြောင်းတူးထားကာ ပြည်သူတွေ ဖြတ်သန်းသွားလာခွင့်တွေကို ခွင့်မပြုတော့တဲ့အတွက် မောင်ရွှေလေးနဲ့ ကျောက္ကလပ် ကျေးရွာတွေက ဒေသခံတွေလည်း ရွာထဲမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် ဝင်ရောက်လာနိုင်တဲ့ ဇလွန်လမ်းဆုံကနေ သပြုချိုင်ရွာအဝင် ကားလမ်းပေါ်ရှိ သရက်ပင်ကွင်းတံတား၊ ဇလွန်တံတား၊ ဆင်ဒင်လေးတံတားနဲ့ ပိန်းတောကြီးတံတားတို့ကို ဖျက်ဆီးခဲ့ပြီး စစ်တပ်နဲ့ ရင်းနှီးတဲ့ ဒေသခံတချို့ကို တံတားတွေကို မချိုးခင် ရွာကနေ ထွက်ခွာဖို့ ပြောဆိုတာတွေလည်းရှိခဲ့ပါတယ်။
========================
🚩🚩 ၇။ သံတွဲမြို့နယ် အဘဲကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ ဒေသခံပြည်သူ ၆ ဦး သေဆုံး
ဇူလိုင်လ ၂၀ရက်။
RadioNUG
ဇူလိုင်လ ၁၉ ရက်နေ့တွင် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းခြေအနီး ဂျိတ္တောကျေးရွာနှင့် ကွင်းဝိုင်းရေတပ်အကြားရှိ အဘဲကျေးရွာ အပါအဝင် အနီးအနားရှိ တောင်တန်းများကို စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူ ၆ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း နိရဥ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
သေဆုံးတဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေပါဝင်ပြီး အဘဲကျေးရွာသား ၄ ဦးနဲ့ ဂျိတ္တောကျေးရွာကနေ စစ်ရှောင်နေသူ ပြည်သူ ၂ ဦး၊ စုစုပေါင်း ၆ ဦးသေပါတယ်လို့ သိရပါတယ်။
သေဆုံးရာတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး၊ မိခင်ဖြစ်သူ လယ်စိုက်ရာတွင် ပျိုးပင်ကူသယ်ပေးသူ လူငယ်တစ်ဦးတို့ ပါဝင်တယ်လို့ ဒေသအခြေစိုက် ဒွာရ၀တီ သတင်းမှာလည်း ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်( AA)က ဂျိတ်တ္တောမှနေ ကွင်းဝိုင်းရေတပ်သို့ တပ်ဆုတ်လာသည့် စစ်ကြောင်းကို ဇူလိုင်လ ၁၉ ရက်နေ့က အဘဲကျေးရွာအနီး တောင်တန်းနှင့် ထူပါရုံဘုရားအနီးဝန်းကျင် ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါနေရာများကို စစ်ကောင်စီရေတပ် စစ်ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီလလယ်မှ စတင်ကာ ဇူလိုင်လအထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးရသူအရပ်သား ရာဂဏန်းဝန်းကျင်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment