23rd JUL 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာ

📌 ၂။ အခွန်ကောက်ခံတဲ့ စနစ်မှာအကျင့်ပျက်မှုများကို ပြင်ဆင်ဖို့လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ထောက်ပြ

📌 ၃။ ကာကွယ်ရေးဝန်ကြီး ရှေ့တန်းစစ်မြေပြင်မှ တပ်ရင်းတပ်ဖွဲ့များကို စစ်ဆေးရင်း စစ်ကိုင်းတိုင်းအထဲအထိပါ ရောက်ရှိခဲ့

📌 ၄။ စစ်ရေးနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မန္တလေးတွင် ဒေါက်တာတေဇာဆန်း တိုက်တွန်း

📌 ၅။ စစ်ကောင်စီက တရုတ်ကို မျက်နှာချိုသွေးဆက်ဆံနေပေမယ့် စစ်ကောင်စီလော်ဘီတွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်ကို ပုံဖျက် ဝါဒဖြန့်နေ 

📌 ၆။ Spring Healthcare Heroes - SHH အဖွဲ့ဝင် အစီအစဉ်မှာ Member ကြေး တစ်လလျှင် အမေရိကန်ဒေါ်လာ (၃၀) နှုန်းနှင့် ပါဝင်နိုင်

📌 ၇။ နွေဦးဘဏ်သက်တမ်း () နှစ်ပြည့်တွင် သုံးစွဲသူပြည်သူများကဆုမွန်ကောင်းတောင်းပေးခဲ့

📌 ၈။ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း AAPP ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တိုက်ပွဲရပ်ဖို့ တရုတ်က ဖိအားပေးနေပြီး တိုက်ပွဲတွေရပ်ဖို့ ဗဟိုက ညွန်ကြားထားတာ မရှိသေးဘူးလို့ TNLA ပြောဆို

🚩 ၂။ နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ခဲယမ်းနဲ့ ရန်သူ့အလောင်းများ သိမ်းဆည်း ရရှိကြောင်း TNLA ထုတ်ပြန်

🚩 ၃။ နှစ်ပတ်အတွင်း နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့များတွင် တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတလျောက်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၄၆) ဦးသေဆုံးပြီး (၃၅ဦးဒဏ်ရာရကာ အဆောက်အဦး (၁၅၀) ကျော် ပျက်စီး

🚩 ၄။ ကျောက်မြောင်း အခြေစိုက် ခမရ (၁၂) တပ်ရင်းကို Drone ဖြင့် ဗုံးသီး (၁၂) လုံး ကြဲချတိုက်ခိုက်

🚩 ၅။ ရပ်စောက်တွင် ရှမ်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး SSPP တပ်သား () ဦးဖမ်းဆီးရမိဟု RCSS ထုတ်ပြန်

🚩 ၆။ ကော်သူးလေ၊ မူတြော်ခရိုင်တွင် ကျင်းပပြုလုပ်သော "ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး" သင်တန်း အောင်မြင်စွာ ပြီးဆုံး

🚩 ၇။ ပအိုဝ်းလူငယ် အကယ်ဒမီ (Pa-O Youth Academy) ဖွဲ့စည်းပြီး စစ်သင်တန်းများ စတင်လုပ်ဆောင်

🚩 ၈။ ကန်ပက်လက် ရဲစခန်းမှာ ရဲဒုတပ်ကြပ်တဦး လက်နက်နဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာ


ယာယီသမ္မတ မြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရ၍ အကြမ်းဖက်မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူးပေးအပ်ကြောင်း ကြေညာလိုက်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း၊ ဇူလိုင်လ (၂၂) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ယာယီသမ္မတ တာဝန်များကို လွှဲပြောင်းအပ်နှံလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာလိုက်တာပါ။

မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် သမ္မတလုပ်လိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည့် သမ္မတရူး ရူးနေသူတစ်ဦး ဖြစ်ရာ ယခု သမ္မတရာထူး လွှဲပြောင်းရယူမှုမှာလည်း အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းချက် ပါဝင်ခြင်းမရှိဘဲ သမ္မတရာထူးရယူလိုက်ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၂။ အခွန်ကောက်ခံတဲ့ စနစ်မှာအကျင့်ပျက်မှုများကို ပြင်ဆင်ဖို့လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ထောက်ပြ


အခွန်ကောက်ခံတဲ့စနစ်မှာ အကျင့်ပျက်မှုများကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဇူလိုင်လ (၂၂) ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင် ထောက်ပြဆိုလိုက်ပါတယ်။

"လက်ရှိ ကျင့်သုံးနေတဲ့ အခွန်စနစ်က ဖက်ဒရယ်အရေးကို ရည်မျှော်ပြီး ရာခိုင်နှုန်း အတော်များများကို ပကဖ၊ ပအဖ၊ ပလဖဆီကို ချထားပေးပါတယ်။ တဖက်မှာ အာဏာကို မြေပြင်ကို ခွဲဝေထားတာက ယေဘုယျကောင်းတယ်ဆိုပေမယ့် ထိရောက်တဲ့ ကြီးကြပ်မှုစနစ် မထူထောင်နိုင်ခင်စပ်ကြားမှာ အန်ယူဂျီ မြေပြင်မှာ မရှိဘူး ဆိုတဲ့ Narratives ကို ဝိုင်းမှုတ်ကြရင်း တချို့သော အဖွဲ့တွေက အခွန်ကောက်နေရင်း ငါတို့ဟာ အန်ယူဂျီရဲ့ ယန္တရား အစိတ်အပိုင်းဖြစ်လို့ အခွန်ကောက်ခံခွင့် ကို ပြည်သူတွေက ပေးထားတယ်ဆိုတာကို မေ့သွားကြတာကလည်း ပြသနာပါပဲ။သယံဇာတ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသလို၊ အန်ယူဂျီရဲ့ မြေပြင်ယန္တရားတွေ ပိုပြီး တာဝန်ယူတာဝန်ခံဖို့ ပြင်ဆင်ရပါမယ်။ တယောက်က အကျင့်ပျက်နေတာကို မြင်ပြီး မပြင်ဆင်ဘူးဆိုရင် တဖွဲ့လုံး ဒီလို ဖြစ်နေလေသလား ဆိုတဲ့ သံသယကတော့ ရှိလာတတ်ပါတယ်။ မင်းအောင်လှိုင်က ကျရှုံးသွားပါပြီ။ သူတော်လှန်ရေး အဟုန်ကို မထိန်းနိုင်တော့ပါဘူး။ အတွင်းရန်ကသာ တော်လှန်ရေးကို ခြိမ်းခြောက်စေတာ ဖြစ်တယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းတွင်း အောက်ခြေအဖွဲ့တချို့၏ လုပ်ရပ်များအား တိုင်တန်းမှုတို့ ရှိကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ ကာကွယ်ရေးဝန်ကြီး ရှေ့တန်းစစ်မြေပြင်မှ တပ်ရင်းတပ်ဖွဲ့များကို စစ်ဆေးရင်း စစ်ကိုင်းတိုင်းအထဲအထိပါ ရောက်ရှိခဲ့


ကာကွယ်ရေးဝန်ကြီးဦးရည်မွန်သည် ရှေ့တန်းစစ်မြေပြင်မှတပ်ရင်းတပ်ဖွဲ့များကို စစ်ဆေးရင်း စစ်ကိုင်းတိုင်းအထဲအထိပါ ရောက်ရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ဇူလိုင် (၂၂) ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ဆိုထားပါတယ်။

"သိပ်မဝေးတဲ့ကာလတခုကပါ။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်  မြေပြင်အထိ ရှေ့တန်းအထိ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ဆေးရင်း စစ်ကိုင်းတိုင်းထဲအထိ ရောက်လာပါတယ်။

တော်လှန်ရေးအစိုးရတရပ်ရဲ့ခေါင်းဆောင်တဦး အခုလို  ပြည်တွင်းမှာရှိနေတာကို မြင်ရကြုံရတာ ကောင်းတဲ့အခြင်းအရာတရပ်မဟုတ်လား။ဧည့်ကောင်းစောင်ကောင်း ရောက်လာလေတော့ အိမ်ရှင်ပီပီ ခရီးဦးကြိုပြုပြီး မြေအပြင် ခြေယာဉ်နဲ့ လှည့်လည် ပို့ဆောင်ရသပေါ့" လို့ ဆိုထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ မကြာသေးမီက ကောလင်းခရိုင်အမှတ် () တပ်ရင်းကိုလည်း ရောက်ရှိစစ်ဆေးခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ရေးနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မန္တလေးတွင် ဒေါက်တာတေဇာဆန်း တိုက်တွန်း


စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွ လှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဇူလိုင်လ (၂၂) ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ဆိုလိုက်ပါတယ်။

"ကျနော်တော့ အညာမြေ မြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ ပြန်လည် ထိတွေ့ဖြစ်တယ်ဗျာ။ ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ထုတ်ကုန်များကို သုံးစွဲဖို့ငြင်းပယ်တဲ့ ဘူးသပိတ်ကို ဆက်လက်ဆင်နွှဲဖို့ကိုလည်း အခုရက်ပိုင်းအတွင်း မန္တလေးကို ရောက်ရှိခဲ့တဲ့ ဒေါက်တာတေဇာဆန်းက ဆိုပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီက တရုတ်ကို မျက်နှာချိုသွေးဆက်ဆံနေပေမယ့် စစ်ကောင်စီလော်ဘီတွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်ကို ပုံဖျက် ဝါဒဖြန့်နေ 


အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲအသိအမှတ်ပြုရေးနဲ့ အစိုးအရအဖြစ် အသိအမှတ်ပြုရေး၊ အကူအညီများ ရရေးအတွက် တရုတ်အစိုးရကို မျက်နှာချိုသွေး ဆက်ဆံနေကြပေမယ့် စစ်ကောင်စီလော်ဘီတွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တရုတ်အစိုးရကိုပါ ပုံဖျက်ဝါဒဖြန့်တာတွေ လုပ်ဆောင်နေကြတယ်လို့ BACS မှ သတင်း ဖော်ပြထားပါတယ်။

(၁၀၂၇) စစ်ဆင်ရေး အပိုင်း () တိုက်ပွဲပြင်းထန်နေမှုအတွင်းမှာ စစ်ကောင်စီလော်ဘီတွေက ညီနောင်မဟာမိတ်တွေနဲ့အတူ တရုတ်စစ်သားတွေ ပါဝင်တိုက်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပြီး MNDAA က တိုက်ပွဲတွေအတွင်းမှာ တရုတ်အလံတွေ၊ တရုတ်စစ်သားတွေ အသုံးပြုနေတယ်လို့  စွပ်စွဲလာသည့်အပြင် ညီနောင်မဟာမိတ်တပ်တွေဟာ တရုတ်နောက်လိုက်အဖွဲ့တွေ၊ တရုတ်အလိုကျ မြန်မာပြည်ကို ကျူးကျော်တိုက်ခိုက်သူတွေအဖြစ် ပုံဖော်ခဲ့ပြီး စစ်ကောင်စီသတင်းစာပါ  ဆောင်းပါးအချို့ကလည်း ရှမ်းမြောက်က စစ်ပွဲတွေကို ခေတ်သစ် ကိုလိုနီပြုမှုအဖြစ်  အထင်ရောက်အောင် ပုံဖော်နေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တရုတ်သံတမန်အဖွဲ့ကို မကြာခဏတွေ့ဆုံနေရသလို ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း တရုတ်သွားပြီး အကူအညီတောင်းရ၊ ရွေးကောက်ပွဲအသိအမှတ်ပြုရေးအတွက် သွားရောက်တွေ့ဆုံရတဲ့ ခရီးစဉ်တွေရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ မြောက်ပိုင်းက တိုက်ပွဲတွေရပ်ဖို့ ပထမအကြိမ်မှာလည်း တရုတ်အားကိုးခဲ့ရသလို အခုလည်း အားကိုးနေရဆဲဖြစ်ကာ ယခင်ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးမှာလည်း စစ်တပ်လော်ဘီတွေကတဆင့် တရုတ်အကျိုးစီးပွားတွေကို ခြိမ်းခြောက်တာ၊ တရုတ်ဟာ အိမ်နီးချင်းကောင်းမပီသတဲ့ နိုင်ငံအဖြစ် ဝေဖန်တာ၊ တရုတ်လူမျိုးတွေနဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေအကြား အမုန်းတရားဖြန့်တာ၊ တရုတ်အစိုးရနဲ့ တော်လှန်ရေးတပ်တွေကြား  အထင်မြင်လွဲမှားစရာ သတင်းအမှားတွေ ဖြန့်တာ စတဲ့ ဝါဒဖြန့်မှုတွေကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဇူလိုင်လ () ရက် မှ (၁၂) ရက်အထိ စောင့်ကြည့်ကာလအတွင်း စစ်ကောင်စီလော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်  ဦးတည်ဝါဒဖြန့်ပို့စ် (၂၇၀) ကျော်ရှိခဲ့ပြီး လာရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ MNDAA ကို ပို့စ်ပေါင်း (၁၀၆) ခုနဲ့ ဦးတည်ဝါဒဖြန့်မှု အများဆုံး ပြုလုပ်ခဲ့ကာ နောင်ချိုမြို့ကို ထိန်းချုပ်နေတဲ့ TNLA ကိုတော့ ပို့စ်ပေါင်း (၈၆) ခုနဲ့ ဒုတိယအများဆုံး ဝါဒဖြန့်ခဲ့သလို တတိယနေရာက အာရက္ခတပ်တော် AA ရဲ့ ပို့စ် (၄၁) ခုနဲ့ ထက်ဝက်ကျော် ပိုများခဲ့တာကို တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီတွေရဲ့ ဝါဒဖြန့်ခြင်းဆိုင်ရာ သတင်းအချက်တွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ် ချန်နယ်တွေထဲက လူပုဂ္ဂိုလ်အမည်ခံ ချန်နယ် () ခု နဲ့ သတင်းဌာနအမည်ခံ ချန်နယ် () ခုက ဝါဒဖြန့်သတင်းတွေကို  BACS က နေ့စဉ်စောင့်ကြည့်ခဲ့တာလို့ သိရှိရပါတယ်။


========================


📌📌 ၆။ Spring Healthcare Heroes - SHH အဖွဲ့ဝင် အစီအစဉ်မှာ Member ကြေး တစ်လလျှင် အမေရိကန်ဒေါ်လာ (၃၀) နှုန်းနှင့် ပါဝင်နိုင်


နွေဦးကျန်းမာရေးသူရဲကောင်း (Spring Healthcare Heroes - SHH) အဖွဲ့ဝင် အစီအစဉ်ကို (၂၀၂၂) ခုနှစ်၊ ဩဂုတ်လက စတင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ () နှစ်တာကာလကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes - SHH) အစီအစဉ်ဟာ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပြီးတော့တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင် ပြည်သူများကို ပင်ပန်းဆင်းရဲခံပြီး တစ်သားတည်း ဆေးကုသမှုပေးလျက်ရှိတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများကို ကူညီစောင့်ရှောက်မယ့် အစီအစဉ်တရပ် ဖြစ်ပါတယ်။

အစီအစဉ်မှာ Member ကြေးကို တစ်လလျှင် အမေရိကန်ဒေါ်လာ (၃၀) နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် () လ၊ () လ၊ () နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။

မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်ကာ  အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၇။ နွေဦးဘဏ်သက်တမ်း () နှစ်ပြည့်တွင် သုံးစွဲသူပြည်သူများကဆုမွန်ကောင်းတောင်းပေးခဲ့


နွေဦးဘဏ်သက်တမ်း () နှစ်ပြည့်တွင် သုံးစွဲသူပြည်သူများကဆုမွန်ကောင်းတောင်းပေးခဲ့ကြကြောင်း ဇူလိုင် (၂၂) ရက်မှာ နွေဦးဘဏ်ကအသိပေးဖော်ပြပါတယ်။

ဖက်ဆစ်ဝင်ငွေဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာတည်ဆောက်ဆိုတဲ့ ဦးတည်ချက်နဲ့  လုံခြုံလွတ်လပ်ခြင်းကို ဧကန်ပိုင်ဆိုင်ဖို့ တဆင့်ပြီးတဆင့် ခရီးနှင်လာခဲ့တာ ဇူလိုင်လ (၂၂) မှာ နွေဦးဘဏ်ဟာ () နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ အခက်အခဲများစွာ ကြားကနေ  ပြည်တွင်းပြည်ပမှ ဝန်းရံအားပေးမှုတွေကြောင့် နွေဦးဘဏ်ဟာ တော်လှန်မိဘပြည်သူတို့၏ ယုံကြည်အားကိုးရာ ဘဏ်တခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပါတယ်" လို့ ဆိုပါတယ်။

ပြည်သူများရှိနေသရွေ့နွေဦးဘဏ်တည်တံ့ပါစေကြောင်း၊ အလားတူ အောင်မြင်မှုတွေနဲ့ ရှေ့ဆက်နိုင်စေဖို့ သုံးစွဲသူ ပြည်သူတဦးချင်းစီကလည်း ဆုမွန်ကောင်းတောင်းထားပါတယ်။

"SDB နှစ်ပြည့်တဲ့နေ့ကျရင် မြို့တိုင်း နယ်တိုင်းမှာ  ခန့်ညားထည်ဝါတဲ SDB ဘဏ် နဲ့ ATM စက်တွေကြီးဘဲ မြင်ချင်ပါတယ်" လို့ ပြည်သူတဦးက ၄င်းဆန္ဒကို ဆိုထားပါသေးတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း AAPP ထုတ်ပြန်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိရာ ဇူလိုင်လ (၁၆) ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် တစ်ရာဝန်းကျင် မီးလောင်ပျက်စီးပြီး အရပ်သားပြည်သူ နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

 ထို့ပြင် ဇူလိုင်လ (၁၈) ရက်နေ့တွင်လည်း ရှမ်းပြည်နယ်၊ သိန္နီမြို့၊ မြို့မဈေးကို စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စျေးဆိုင်ခန်းများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် အရပ်သားပြည်သူ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၁၄) ဦး ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နဲ့ ခါးရှဲလ်တို့က စုစည်းပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တိုက်ပွဲရပ်ဖို့ တရုတ်က ဖိအားပေးနေပြီး တိုက်ပွဲတွေရပ်ဖို့ ဗဟိုက ညွန်ကြားထားတာ မရှိသေးဘူးလို့ TNLA ပြောဆို


လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဖိအားပေးနေပြီး တိုက်ပွဲတွေရပ်ဖို့ ဗဟိုက ညွန်ကြားထားတာ မရှိသေးဘူးလို့ တအာင်းတပ်မတော် (PSLF/TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားခဲ့တယ်လို့ ရွှေဖီမြေသတင်းဌာနမှ ဖော်ပြထားပါတယ်။

မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တရုတ်ရဲ့ ဖိအားကြောင့် တိုက်ပွဲတွေ ရပ်တန့်သွားနိုင်လားဆိုတဲ့ ရွှေဖီမြေရဲ့ မေးမြန်းချက်ကိုတော့ လွေးယေဦးက ဖြေဆိုဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ခဲယမ်းနဲ့ ရန်သူ့အလောင်းများ သိမ်းဆည်း ရရှိကြောင်း TNLA ထုတ်ပြန်


ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေမှာ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း (၂၈) ရက်မြောက် ဇူလိုင် (၂၂) ရက်နေ့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ခဲယမ်းနဲ့ ရန်သူ့ အလောင်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန် ထားပါတယ်။

မိုးကုတ် (အရှေ့ပိုင်း) ပန်မထိပ်ရွာ အနီးနဲ့ အကျဉ်းထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းအား TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ထံမှ လက်နက်ငယ် () လက်၊ ဒရုန်း () စီးနဲ့ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကာ ရန်သူ့အလောင်း (၂၀) ကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီ တပ်စခန်းများကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ် တို့က ဆက်လက်ထိုးစစ်ဆင်နေပြီး ဇူလိုင် (၂၂) ရက်၊ နေ့လည် နာရီခန့်မှာ တဲခေါ်ရွာက စစ်ကောင်စီ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နှစ်ပတ်အတွင်း နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့များတွင် တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတလျောက်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၄၆) ဦးသေဆုံးပြီး (၃၅ဦးဒဏ်ရာရကာ အဆောက်အဦး (၁၅၀) ကျော် ပျက်စီး


ဇွန်လ (၁၉) ရက်နေ့မှ ဇူလိုင်လ () ရက်နေ့အထိ နှစ်ပတ်တာကာလအတွင်း နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်အတွင်း ဇွန်လ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်သည် မြို့အတွင်းသို့တိုက်ရိုက် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦးလဒဏ်ရာရရှိပြီး ဘူတာရပ်နှင့် စျေးရပ်တွင်းရှိ နေအိမ်များစွာပျက်စီးခဲ့ပြီး ဆမ္မဆယ် ကျေးရွာဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့ကာ လက်နက်ကြီးတစ်လုံးသည် ချိုခမ်းဘုန်းကြီး ကျောင်း၀င်းအတွင်း ကျရောက်ကာ သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သလို ကျောင်းအဆောက်အဦး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ (၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ စစ်ကောင်စီတပ်သည် နောင်ချိုမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနောက်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ ဆက်တိုက်ပြုလုပ်ခဲ့ရာ နေအိမ် (၁၂) လုံးခန့် ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား (၄၄) ဦးသေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိပြီး နေအိမ် အလုံး (၁၀၀) ကျော် ပျက်စီးခဲ့သည်ကို မှတ်တမ်းပြုစုနိုင်ခဲ့သော်လည်း ဒေသခံ လူမှုကူညီရေးအဖွဲ့များမှ  ဇူလိုင်လအစောပိုင်းတွင် အရပ်၀တ်ဖြင့် ရုပ်အလောင်း (၆၀) ကို ကောက်ယူခဲ့ရသော မှတ်တမ်းများအရ အရပ်သားထိခိုက်သေဆုံးမှုမှာ ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကျောက်မဲမြို့ အနောက်မြောက်အရပ်ရှိ ကျေးရွာ () ရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား () ဦး ထိခိုက်ခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ပါတယ်။

သီပေါမြို့နယ်တွင် ပန်းတိမ်တောင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး စံဖိတ်ကျေးရွာအုပ်စု စံလှိုင်ရွာအနီးတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် () လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် ခမရ (၂၃) မှ ပစ်လိုက်သောလက်နက်ကြီးသည် ပန်းတိမ်တောင်ရပ်ကွက် အတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရကာ နေအိမ် () လုံး ထပ်မံပျက်စီးခဲ့ပါတယ်။

(၁၀၂၇) စစ်ဆင်ရေး ပထမပိုင်းနှင့်အလားတူစွာ စစ်ကောင်စီသည် တရုတ်ရေနံနှင့် သဘာဓာတ်ငွေ့ပိုက်လိုင်းတလျှောက်ရှိ မြို့များတွင် သေဆုံးထိခိုက်မှု များစေသော ပေါင် (၅၀၀) ဗုံးများ အသုံးပြုခြင်း အပါအ၀င် အမြောက်နှင့်  လေကြောင်းတိုက်ခိုက်မှုများကို မြို့များနှင့်ရွာများအပေါ် ပိုမိုစုစည်းပစ်မှတ်ထားလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ကျောက်မြောင်း အခြေစိုက် ခမရ (၁၂) တပ်ရင်းကို Drone ဖြင့် ဗုံးသီး (၁၂) လုံး ကြဲချတိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း မခရ-၁၂ ကို Drone ဖြင့် ဗုံးသီး (၁၂) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Phoenix Wings Drone အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၁၉) ရက်နေ့က Phoenix Wings Drone အဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက ခမရ-၁၂ ကို (၆၀) မမ ဗုံးသီး (၁၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ဟောင်ဝှစ်ဇာ () လုံးနဲ့ လက်နက်ငယ်များ (၁၅) မိနစ်ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရပ်စောက်တွင် ရှမ်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး SSPP တပ်သား () ဦးဖမ်းဆီးရမိဟု RCSS ထုတ်ပြန်


ဇူလိုင်လ (၂၁) ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပျဉ်း၊ ရပ်စောက်ဘက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) စစ်ကြောင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တိုက်ပွဲခဲ့ခြင်းဖြစ်ပြီး SSPP တပ်သား () ဦးကို သေနတ် () လက်နှင့်အတူ ဖမ်းဆီးရမိကြောင်း RCSS က ရှမ်းဘာသာဖြင့် သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း SSPP တပ်သားတချို့သည် ရှမ်းလူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်လိုခြင်း မရှိသဖြင့် RCSS ထံ အလင်းဝင်သည့် တပ်သားတချို့လည်း ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ကော်သူးလေ၊ မူတြော်ခရိုင်တွင် ကျင်းပပြုလုပ်သော "ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး" သင်တန်း အောင်မြင်စွာ ပြီးဆုံး


"ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး" သင်တန်းအစီအစဉ်အား တစ်လတိတိ သေချာစွာ လေ့လာ၊ သင်ယူ၊ ဆွေးနွေးခဲ့ကြသည့်အပြင် အသုံးချနိုင်မည့်နည်းလမ်းများလည်း ဖော်ထုတ်ခဲ့ကြသည့် သင်တန်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။

လေးပတ်ကြာ လည်ပတ်ခဲ့သည့် ဤသင်တန်းအစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်ခေါင်းဆောင်များအား ဒေသန္တရအဆင့်တွင် ခေါင်းဆောင်မှုနှင့်  အုပ်ချုပ်ရေး မြှင့်တင်ရန် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှု၊ အသိပညာများနှင့် ပြည်သူ့ရေးများကို စီမံခန့်ခွဲခြင်းအပေါ် အာရုံစိုက်လုပ်ဆောင်နိုင်ရန်  ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တတိယအကြိမ် ပြုလုပ်သော သင်တန်းအား တော်အူး၊ ခလယ်လွီထူ နှင့် မူတြော် ခရိုင်များမှ ကိုယ်စားလှယ်ခေါင်းဆောင် သင်တန်းသူ/သား စုစုပေါင်း (၃၀) ဦး ပါဝင်တက်ရောက်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကျောင်း၏ တတ်ကျွမ်းပညာရှင်များနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများအတွက် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကျောင်း (SGPA) အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ပအိုဝ်းလူငယ် အကယ်ဒမီ (Pa-O Youth Academy) ဖွဲ့စည်းပြီး စစ်သင်တန်းများ စတင်လုပ်ဆောင်


လူငယ်တွေ စုဖွဲ့ထားတဲ့ ပအိုဝ်းလူငယ် အကယ်ဒမီ (Pa-O Youth Academy) ကို ပြီးခဲ့တဲ့ ဧပြီလ (၂၃) ရက်က စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စွမ်းရည်သင်တန်းတွေ လုပ်ဆောင်နေတယ်လို့ မဲခေါင်သတင်းက ဖော်ပြထားပါတယ်။

ပအိုဝ်းလူငယ် အကယ်ဒမီကို စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်ပြီးတဲ့ နောက်မှာ ယခင်က တသီးတခြားစီ လှုပ်ရှားနေခဲ့ကြတဲ့ ဒေသတွင်းက ပအိုဝ်း၊ တောင်ရိုး၊ ဓနုနဲ့ ဗမာ လူငယ်အစုအဖွဲ့တွေ စုစည်းပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးမှာ တက်စွမ်းတဲ့ ကဏ္ဍအသီးသီးက ပါဝင်ဖို့ လေ့ကျင့်တည်ဆောက်ပေးရန်၊ အမျိုးသားရေး မျှော်မှန်းချက်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ အခင်းအကျင်းမှာ လူငယ်အစုအဖွဲ့ကိုယ်စား ပါဝင်နိုင်ရန်၊ တော်လှန်ရေး အလွန်ကာလမှာ ဒေသတွင်း ပြန်လည်ထူထောင်ရေးနဲ့ ပညာရေး နယ်ပယ်မှာ အထောက်ကူ ဖြစ် စေရန် ကြားကာလ အစီအမံမှာ စနစ်တကျ ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ ပြည်သူလူထု လုံခြုံမှုဆိုင်ရာ အခန်းကဏ္ဍကို အာမခံ ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး PYA ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိပြုလုပ်နေတဲ့ စစ်သင်တန်းမှာ အခြေခံ၊ တိုက်ခိုက်ရေး တန်းမြင့်လျာထားသင်တန်းတွေ၊ အကြပ်၊ ဆေးနဲ့ ကယ်ဆယ်ရေး၊ တပ်ဖွဲစည်းပုံ၊ လက်နက်ငယ်၊ မိုင်းဘာသာရပ်တွေအပြင် အထွေထွေ နိုင်ငံရေးမိတ်ဆက်၊ ဒီပလိုမေစီ မိတ်ဆက်၊ ဖက်ဒရယ် မိတ်ဆက်၊ လူထုနိုင်ငံရေး၊ ပထဝီနိုင်ငံရေး တွေကို ကျွမ်းကျင်ပညာရှင်တွေ ဖိတ်ခေါ် သင်ကြား လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပအိုဝ်းတော်လှန်ရေး တပ်တွေဖြစ်တဲ့ PNO/ PNLA, PNDF-KK, PPDF-KD နဲ့ PA တို့က စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၈။ ကန်ပက်လက် ရဲစခန်းမှာ ရဲဒုတပ်ကြပ်တဦး လက်နက်နဲ့ အလင်းဝင်


ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ ကန်ပက်လက် မြို့မရဲစခန်းမှာ ရဲဒုတပ်ကြပ် တဦး လက်နက်နဲ့တကွ အလင်းဝင် လာတယ်လို့ Chin Defence Force - Kanpetlet က ဇူလိုင်လ (၂၂) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကန်ပက်လက် မြို့မရဲစခန်းက ရဲ-ဒုတပ်ကြပ် ကွီးလိန်း ဆိုသူဟာ ဇူလိုင်လ (၁၈) ရက်က BA 63 တလက်၊ ကျည် (၃၀) တောင့်၊ ကျည်အိမ် () ခု၊ ဆက်သွယ်ရေးစက် တလုံးတို့ကို ယူဆောင်လာပြီး CDF - Kanpetlet ထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင် ရဲ-ဒုတပ်ကြပ်ကို လုံခြုံစိတ်ချရသော နေရာကို ပို့ဆောင် ပေးထားတယ်လို့ သိရပြီး ကန်ပက်လက်မြို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အနေနဲ့ CDF Kanpetlet ထံကို ယုံကြည်စွာ ဆက်သွယ် အလင်းဝင်နိုင်ကြောင်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နဲ့ ခါးရှဲလ်တို့က စုစည်းပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment