9th JUL 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေနဲ့လေကြောင်းအချက်ပေးစနစ်အကူအညီတွေပေးဖို့ရာမှာနှောင့်နှေးကြန့်ကြာမှုတွေရှိတယ်လို့ဆို

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ ကယန်းအမျိုးသားတက္ကသိုလ်/ကောလိပ် ဖွင့်လှစ်နိုင်ရေးအတွက်  KNEC ပညာရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒေါက်တာသိန်းလွင်နှင့်အွန်လိုင်းမှာတွေ့ဆုံဆွေးနွေး

📌 ၄။ ကာလဝမ်းရောဂါ မဏ္ဍပ်ထိုးဖို့ မလောက်တဲ့အထိ သေဆုံးမှုရှိ

📌 ၅။ လူထုကိုဖိနှိပ်ဖို့၊ အကြောက်တရားနှင့် အုပ်ချုပ်ဖို့၊ သွေးခွဲဖို့စစ်အာဏာရှင်တွေ တစိုက်တမက် လုပ်ဆောင်လိမ့်မယ်လို့သတိပေး

📌 ၆။ "စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်"တစ်နှစ်ပြည့်အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ(Talk show)ကျင်းပမည်


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စလင်းမြို့ရဲစခန်းကို ကာကွယ်ရေးတပ်များလက်နက်ကြီးနှင့်ပစ်ခတ်၍ရဲ၆ဦးထိခိုက်ကာဆေးရုံတင်ထား

🚩 ၂။ ကွန်မန်ဒိုသင်တန်းဆင်းလာသည့် အာဠာဝက တပ်ဖွဲ့များအားပြည်သူများကသောင်းသောင်း ဖြဖြကြိုဆိုနှုတ်ဆက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေနဲ့လေကြောင်းအချက်ပေးစနစ်အကူအညီတွေပေးဖို့ရာမှာနှောင့်နှေးကြန့်ကြာမှုတွေရှိတယ်လို့ဆို


ဇူလိုင်၉ရက်


အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေနဲ့လေကြောင်းအချက်ပေးစနစ်အကူအညီတွေပေးဖို့ရာမှာနှောင့်နှေးကြန့်ကြာမှုတွေရှိတယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


ဇူလိုင်လအတွင်းမေးမြန်းခန်းအစီအစဥ်တခုမှာ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"အမေရိကန်နိူင်ငံခြားရေးမူဝါဒကလူ့အခွင့်အရေး၊ဒီမိုကရေစီအရေးကိုအားပေးတာဖြစ်တဲ့အတွက် လူ့အခွင့်ရေး၊ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေတဲ့ကျနော်တို့အတွက်တော့ သဟဇာတရှိပါတယ်။တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့အာဏာရှင်စစ်တပ်ကိုပြင်းပြင်းထန်ထန်ရှုတ်ချတာတွေ၊အရေးယူဆောင်ရွက်မှုတွေရှိတယ်။စီးပွားရေးပိတ်ဆို့မှုတွေ၊လက်နက်တင်ပို့ရောင်းချမှုတွေကိုပိတ်ဆို့တာတွေဒါတွေလုပ်ဆောင်တယ်ဆိုတော့ အဲဒီအပိုင်းတွေကောင်းပါတယ်။ဒါပေမယ့် တဖက်မှာလည်းစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သလိုမြန်မာပြည်သူတွေလိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ၊အခုဆိုစကစကလေကြောင်းတိုက်ခိုက်မှုတွေအများကြီးဖြစ်နေတယ်။အဲဒါကိုကာကွယ်ဖို့လေကြောင်းအချက်ပေးစနစ်အဲဒါတွေကလိုအပ်တယ်။အခုလိုမျိုးဆက်သွယ်ရေးကိုစစ်တပ်ကပြင်းပြင်းထန်ထန်ဖြတ်တောက်တဲ့အချိန်မှာအဲဒါတွေလိုအပ်တယ်။အဲဒီအပိုင်းတွေမှာတော့ နှောင့်နှေးကြန့်ကြာနေတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်ထောင်စုဝန်ကြီးဟာ အမေရိကန်နိူင်ငံကိုအလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇူလိုင်၉ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၆/၂၀၂၄)ကိုဇူလိုင်၈ရက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့်  လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ကယန်းအမျိုးသားတက္ကသိုလ်/ကောလိပ် ဖွင့်လှစ်နိုင်ရေးအတွက်  KNEC ပညာရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒေါက်တာသိန်းလွင်နှင့်အွန်လိုင်းမှာတွေ့ဆုံဆွေးနွေး


ဇူလိုင်၉ရက်


ကယန်းအမျိုးသားတက္ကသိုလ်/ကောလိပ် ဖွင့်လှစ်နိုင်ရေးအတွက် KNEC ပညာရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ဒေါက်တာသိန်းလွင်နှင့် အွန်လိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းကို ဇူလိုင်လ၉ရက်မှာ  KNEC ပညာရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အသိပေးဖော်ပြပါတယ်။


 တွေ့ဆုံဆွေးနွေးမှုမှာ ကယန်းအမျိုးသားပညာရေးကော်မတီ ပညာရေးဖော်ဆောင်မှုအခြေအနေနှင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ၊ အဆင့်မြှင့်ပညာရေးကဏ္ဍနှင့် ဘာသာရပ်စုံပါဝင်တဲ့ အဆင့်မြှင့်ပညာရေးကိစ္စကို စတင်ဖွင့်လှစ်ရန် အဓိကဆွေနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကာလဝမ်းရောဂါ မဏ္ဍပ်ထိုးဖို့ မလောက်တဲ့အထိ သေဆုံးမှုရှိ


Radio NUG ဇူလိုင်


ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကတည်းက ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံးသူစာရင်းကို အကြမ်းဖက်စစ်တပ်က အတိအကျ ထုတ်ပြန်တာမရှိတဲ့အပြင် ထိမ်ချန် ထုတ်ပြန်တာတွေ ရှိနေပေမယ့် သေဆုံးသူ အရေအတွက်တိုးလာပြီး မဏ္ဍပ်ထိုးဖို့ မဏ္ဍပ် မလောက်ငတဲ့အထိ ဖြစ်လာပါတယ်။

သာကေတ၊ အနော်မာထဲမှာ ကာလဝမ်းရောဂါ ဖြစ်ပွားသေဆုံးတဲ့ အခြေအနေတွေအပြင် ဓမ္မာရုံတွေနဲ့ သာရေး နာရေးအသင်းတွေကနေ မဏ္ဍပ်ငှားဖို့ မလုံလောက်တော့တဲ့ အခြေအနေကို သာကေတ မြို့ခံတဦးက အခုလို ပြောပါတယ်။ 


ဘယ်လိုမျိုးလဲဆိုတော့ ရက်စိပ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆုံးတာတွေက၊ ရက်တွ စိပ်လာတယ်။ နောက်တစ်အိမ်တည်းကို နှစ်ယောက်၊ သုံးယောက်ဖြစ်တာတွေ ဖြစ်လာတယ်။ အဲဒီဟာတွေ လိုက်ပြီးတော့ လိုက်စုံစမ်းမှာပေါ့။ စုံစမ်းတဲ့ဟာတွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ဖြစ်တာ များလာတော့ လမ်းဘေးဈေးဆိုင်တွေကို ပိတ်ခိုင်းတယ်။ ရက်အကန့်သတ်နဲ့ အခုဆိုရင် သူတို့အော်တဲ့ဟာဆိုရင် တချို့ကျတော့ ၁၂ ရက်နေ့မှ ပြန်ဖွင့်ရတာ၊ ၁၃ ရက်နေ့မှ ပြန်ဖွင့်ရတာရှိတယ်။ ကျွန်တော်တို့ ထူပါရုံတကြောဆိုရင် ၁၃ ရက်နေ့မှ ပြန်ဖွင့်ရမယ်။ တချို့ကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်းနဲ့ ဆုံးသွားတဲ့၊ အသက်ပါပါသွားတဲ့ အနေအထား ရှိတာတွေလည်း ရှိတယ်။ တချို့ကျတော့ မထိုးဘူးဆိုတာ ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဒီမှာက ထိုးတာ များတယ်။ အဲဒီဟာတွေက ဘယ်လို ပြောမလဲ မဏ္ဍပ်တွေ မလောက်တာလည်း ပါတယ်။ ထိုးထားတဲ့အိမ်တွေ ထိုးထားကြတယ်။ 


ကာလဝမ်းရောဂါပိုးက ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ နောက်ကျော၊ ငမိုးရိပ်ချောင်းနံဘေးက သဲကွင်းကျူးကျော်အိမ်တွေကနေ စတွေ့ခဲ့ပြီး သာကေတ အနော်မာထဲကိုကူးစက်လာတာ ဖြစ်ပါတယ်။ ဒီရောဂါအမျိုးအစားနဲ့ပတ်သက်ပြီး ပြင်ပဆရာဝန်တဦး အတည်ပြုထားတာက Cholera Vibrio အမျိုးအစား ဖြစ်ပြီး နေရာတခုအတွင်း ကြိုကြား ဖြစ်တတ်တဲ့ Sporadic Outbreak အမျိုးအစား ဖြစ်တယ်လို့ အဆိုပါ ဆရာဝန်က သုံးသပ်ပါတယ်။

 ဒီကာလဝမ်းရောဂါပိုးကို ကာကွယ်ဆေးထိုးနှံနိုင်ပြီး ရောဂါဖြစ်ပွားတဲ့အခါမှာ ဝမ်းတွေ ဒလဟော သွားတာ၊ အရည်တွေမှာ ညှီတဲ့အနံ့ ထွက်တာ၊ ဆန်ဆေးရည်လို အဖြူရောင်အဖတ်တွေ သွားတာ၊ သုံးကြိမ်လောက် ဝမ်းသွားရုံနဲ့ လူနာတွေက ရှော့ခ်ရတတ်တယ်လို့ ဆိုပါ တယ်။ ဝမ်းသွားချိန် ကြာပြီး Drip သွင်းတာ နောက်ကျသွားရင်လည်း ကျောက်ကပ် ထိခိုက် ပျက်စီးတတ်တယ်လို့ ဆိုပါတယ်။ 

Cholera Vibrio ကာလဝမ်းရောဂါပိုးက အသက်ရှူရာက ကူးစက်တတ်တာမျိုးမဟုတ်ဘဲ အစားအသောက်ကတဆင့် ပါးစပ်က ဝင်လာတဲ့ ရောဂါပိုးဖြစ်တဲ့အတွက် လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးတာ၊ အစာသန့်၊ ရေသန့်၊ လက်သန့် စတဲ့ သန့် သန့်နဲ့ ကာကွယ်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝမ်းလျှောဝမ်းပျက်တာတွေ ဖြစ်လာရင် ဓာတ်ဆားရည် သောက်ထားပြီး Cholera Vibrio ကာ လဝမ်းရောဂါပိုးရဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖိုက အရေးတကြီး လိုအပ်ပါတယ်။ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ ဖြစ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မီသွားရောက်ဖို့ အဆိုပါ ဆရာဝန်က လမ်းညွှန်ထားပါတယ်။ သာကေတ အနောမာထဲက အဲဒီရောဂါနဲ့ သေဆုံးသွားသူ တဦးရဲ့ မိသားစုဝင်တဦးကတော့ ဖြစ်သွားတဲ့အခြေအနေကို အခုလို ပြောပါတယ်။ 


ဘာရောဂါမှ မရှိဘူး။ ဒေါင်ဒေါင်မြည်တယ်။ အေးအေးချမ်းချမ်းပဲ။ ပြောရမယ်ဆိုရင် ဝမ်းနည်းနည်းလေးပဲ၊ ဒီအတိုင်းသွားပြီးတော့ ၄နာရီ တရက်ပါပဲ။ ဟိုလိုမျိုးချည်း မဖြစ်ဘူး။ ဘာရောဂါမှ အခံမရှိဘူး။ သွေးတိုးရောဂါအခံ နည်းနည်းရှိတယ်။ အဲ့လောက်ပဲ။ ရှေ့နှစ်ရက်လုံးလည်း ဒေါင်ဒေါင်မြည်ပဲ။ နောက်မှ ဖြစ်သွားတာ။ 


လတ်တလော ကာလဝမ်းရောဂါပိုးနဲ့ပတ်သက်ပြီး သာကေတမြို့နယ်ထဲရှိ ပရဟိတ အသင်းတွေက ကူညီလုပ်ဆောင်ပေးနေပြီး မြိုနယ်အတွင်း ကားနဲ့လှည့်လည်ပြီး အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ 

ဒီလို ဆောင်ရွက်နေပေမယ့် ကာလဝမ်းရောဂါပိုးက ကျန်းမာရေးအသိ အားနည်းတာရယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ ရောဂါ  ဖြစ်ပွား၊ သေဆုံး စတာတွေနဲ့ပတ်သက်ပြီး သတင်းအချက်လက် ထိမ်ချန်တာတွေရယ်ကြောင့် ပိုပြီး အသေအပျောက်များနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။


========================


📌📌 ၅။ လူထုကိုဖိနှိပ်ဖို့၊ အကြောက်တရားနှင့် အုပ်ချုပ်ဖို့၊ သွေးခွဲဖို့စစ်အာဏာရှင်တွေ တစိုက်တမက် လုပ်ဆောင်လိမ့်မယ်လို့သတိပေး


ဇူလိုင်၉ရက်


လူထုကိုဖိနှိပ်ဖို့၊ အကြောက်တရားနှင့် အုပ်ချုပ်ဖို့၊ သွေးခွဲဖို့စစ်အာဏာရှင်တွေ တစိုက်တမက် လုပ်ဆောင်လိမ့်မယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇူလိုင်လအတွင်း ဆိုရှယ်မီဒီယာမှာ  သုံးသပ်ပြောကြားထားပါတယ်။


"အာဏာရှင် တွေဘာဆက်လုပ်မလဲ ဆိုတာ မှန်းဆရမခက်ခဲပါ။လူထုကိုဖိနှိပ်ဖို့၊ အကြောက်တရားနှင့် အုပ်ချုပ်ဖို့၊ သွေးခွဲဖို့ တစိုက်တမက် လုပ်ဆောင်ပါလိမ့်မည်။မြန်မာနိုင်ငံ အဖြစ်အပျက် အနေဖြင့် အခြားနိုင်ငံ ဖြစ်ရပ်များကို ကြည့်ကာ ပုံတူ ကားချ ဖြစ်လာလိမ့်မည် ဟု မပြော နိုင်သော်လည်း ဥပမာ ယူသင့်သည်များ ရှိပါတယ်။အာရပ်နွေဦး တော်လှန်ရေး ဟုခေါ်ဆိုသည့် အာရပ်နိုင်ငံများ ၏လူထု တော်လှန်ရေးသည် ၂၀၁၀ ခုနှစ်များတွင် တူနီးရှား၊ လစ်ဗျား၊ အီဂျစ်၊ ဘာရိန်း၊ ဆီးရီးယား စသည့် နိုင်ငံများ ကိုကူးစက်သွားပြီး ရလာဒ်အမျိုးမျိုး ထွက်ပေါ်လာခဲ့ သည်ကို တွေ့ရပါတယ်။လက်နက်ကိုင် တော်လှန်ရေး အဆင့်ထိ ကူးပြောင်းရောက်ရှိခဲ့သည့် လစ်ဗျား နှင့် ဆီးရီးယား ဖြစ်ရပ်များမှလည်းသင်ခန်းစာယူစရာရှိနေသည် ကို မမေ့သင့်ပါ"လို့ဆိုပါတယ်။


မြန်မာနိူင်ငံအတွက် မိမိမှာ ရှိနေသည့် ဒီမိုကရက်တစ် မန်းဒိတ်၊ ဥပဒေရေးရာ တရားဝင်မှု၊ လူထု ထောက်ခံမှု နှင့် မဟာမိတ် အင်အားတည်ဆောက် မှု များဟာ လှည်းဘီးတခု၏ ဝင်ရိုးများ ဖြစ်ကြသည်ကို မြင်ပြီး အပြန်အလှန်အားဖြည့် ဖို့လိုအပ်တယ်လို့ဒုဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၆။ "စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်"တစ်နှစ်ပြည့်အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ(Talk show)ကျင်းပမည်


ဇူလိုင်၉ရက်။


လာမည့်ဇူလိုင်(11)ရက်နေ့ဆိုရင် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကိုဖွဲ့စည်းပြီး စစ်ကိုင်းပြည်သူ့အကျိုးကိုသယ်ပိုးခဲ့တာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။


ဒါကြောင့် ကွန်ရက်တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စကားဝိုင်းဆွေးနွေးပွဲ(Talk show)ကို ဇူလိုင်လ( ၁၁)ရက်နေ့ မြန်မာစံတော်ချိန်- (:၃၀)မှာ ပြုလုပ်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


Talk show ကို ကွန်ရက်အဖွဲ့ဝင်  လူသားချင်းစာနာထောက်ထားရေးအဖွဲ့  ခေါင်းဆောင်များကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးကြမှာမို့ စစ်ကိုင်းတိုင်းတွင်းက စစ်ဘေးရှောင်ပြည်သူများရဲ့အခြေအနေမှန်များ၊ ကွန်ရက်ရဲ့ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံများအကြောင်းကို ပိုမိုသိရှိနားလည်လာစေမှာဖြစ်တယ်လို့ အသိပေးပြောကြားထားပါတယ်။


Talk showကို စစ်ကိုင်းဖိုရမ် fb page, ကွန်ရက် fb page, စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) fb page နဲ့ မီဒီယာများစွာကနေလည်း တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပြီး Q&A section လည်း ပါတာမို့ မိတ်ဆွေတို့အနေနဲ့ ဆွေးနွေးပွဲကို တက်ရောက်နားထောင်ပြီး သိရှိလိုရာများကိုလည်း မေးမြန်း၊အကြံပြုနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဖိတ်ခေါ်ထားပါတယ်


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စလင်းမြို့ရဲစခန်းကို ကာကွယ်ရေးတပ်များလက်နက်ကြီးနှင့်ပစ်ခတ်၍ရဲ၆ဦးထိခိုက်ကာဆေးရုံတင်ထား


ဇူလိုင်၉ရက်


စလင်းမြို့ရဲစခန်းကို ကာကွယ်ရေးတပ်များလက်နက်ကြီးနှင့်ပစ်ခတ်၍ရဲ၆ဦးထိခိုက်ကာဆေးရုံတင်ထားရတယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်၉ရက်နံနက်အစောပိုင်းတနာရီအချိန်မှာ စလင်းပကဖက လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တာလို့ အတည်ပြုပါတယ်။


လက်နက်ကြီးများ၊ရှော့တိုက်ဒုန်းများမှာစလင်းရဲစခန်းသို့ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။


အဆိုပါလက်နက်ကြီးများပေါက်ကွဲ၍ စလင်းရဲစခန်းမှရဲ၆ဦးနေပြည်တော်ဆေးရုံသို့ပို့ဆောင်ထားရကြောင်းဆိုပါတယ်။


စစ်မှုထမ်းဥပဒေအသုံးပြုပြီး ပြည်သူလူထုအားနှောင့်ယှက်နေတဲ့စလင်းရဲများကို အထူးသတိပေးလိုတယ်လို့ အသိပေးကြေညာပါတယ်။


========================


🚩🚩 ၂။ ကွန်မန်ဒိုသင်တန်းဆင်းလာသည့် အာဠာဝက တပ်ဖွဲ့များအားပြည်သူများကသောင်းသောင်း ဖြဖြကြိုဆိုနှုတ်ဆက်


ဇူလိုင်၉ရက်


ကွန်မန်ဒိုသင်တန်းဆင်းလာသည့် အာဠာဝက တပ်ဖွဲ့များအားပြည်သူများကသောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ ဇူလိုင်၉ရက်မှာ အာဠာဝကတပ်ဖွဲ့က အသိပေးဆိုထားပါတယ်။


"အညာသားတို့သမိုင်း မရိုင်းဘူးဆိုတာကို သက်သေပြရင်း အာဠာဝက တပ်ဖွဲ့များအား ကွန်မန်ဒိုသင်တန်းဆင်းပြီး မိဘပြည်သူများက ကြိုဆိုကြပါတယ်"လို့ဖော်ပြပါတယ်။


အာဠာဝက Local P.D.F အဖွဲ့တွင် လိုအပ်နေသော ပစ္စည်းများအတွက်လည်း ပြည်သူများ ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment