ကာလဝမ်းရောဂါ မဏ္ဍပ်ထိုးဖို့ မလောက်တဲ့အထိ သေဆုံးမှုရှိ

ကာလဝမ်းရောဂါ မဏ္ဍပ်ထိုးဖို့ မလောက်တဲ့အထိ သေဆုံးမှုရှိ

Radio NUG ဇူလိုင် ၉၊ ၂၀၂၄

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကတည်းက ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံးသူစာရင်းကို အကြမ်းဖက်စစ်တပ်က အတိအကျ ထုတ်ပြန်တာမရှိတဲ့အပြင် ထိမ်ချန် ထုတ်ပြန်တာတွေ ရှိနေပေမယ့် သေဆုံးသူ အရေအတွက်တိုးလာပြီး မဏ္ဍပ်ထိုးဖို့ မဏ္ဍပ် မလောက်ငတဲ့အထိ ဖြစ်လာပါတယ်။

သာကေတ၊ အနော်မာထဲမှာ ကာလဝမ်းရောဂါ ဖြစ်ပွားသေဆုံးတဲ့ အခြေအနေတွေအပြင် ဓမ္မာရုံတွေနဲ့ သာရေး နာရေးအသင်းတွေကနေ မဏ္ဍပ်ငှားဖို့ မလုံလောက်တော့တဲ့ အခြေအနေကို သာကေတ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ဘယ်လိုမျိုးလဲဆိုတော့ ရက်စိပ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆုံးတာတွေက၊ ရက်တွ စိပ်လာတယ်။ နောက်တစ်အိမ်တည်းကို နှစ်ယောက်၊ သုံးယောက်ဖြစ်တာတွေ ဖြစ်လာတယ်။ အဲဒီဟာတွေ လိုက်ပြီးတော့ လိုက်စုံစမ်းမှာပေါ့။ စုံစမ်းတဲ့ဟာတွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ဖြစ်တာ များလာတော့ လမ်းဘေးဈေးဆိုင်တွေကို ပိတ်ခိုင်းတယ်။ ရက်အကန့်သတ်နဲ့ အခုဆိုရင် သူတို့အော်တဲ့ဟာဆိုရင် တချို့ကျတော့ ၁၂ ရက်နေ့မှ ပြန်ဖွင့်ရတာ၊ ၁၃ ရက်နေ့မှ ပြန်ဖွင့်ရတာရှိတယ်။ ကျွန်တော်တို့ ထူပါရုံတကြောဆိုရင် ၁၃ ရက်နေ့မှ ပြန်ဖွင့်ရမယ်။ တချို့ကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်းနဲ့ ဆုံးသွားတဲ့၊ အသက်ပါပါသွားတဲ့ အနေအထား ရှိတာတွေလည်း ရှိတယ်။ တချို့ကျတော့ မထိုးဘူးဆိုတာ ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဒီမှာက ထိုးတာ များတယ်။ အဲဒီဟာတွေက ဘယ်လို ပြောမလဲ မဏ္ဍပ်တွေ မလောက်တာလည်း ပါတယ်။ ထိုးထားတဲ့အိမ်တွေ ထိုးထားကြတယ်။”

ကာလဝမ်းရောဂါပိုးက ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ နောက်ကျော၊ ငမိုးရိပ်ချောင်းနံဘေးက သဲကွင်းကျူးကျော်အိမ်တွေကနေ စတွေ့ခဲ့ပြီး သာကေတ အနော်မာထဲကိုကူးစက်လာတာ ဖြစ်ပါတယ်။ ဒီရောဂါအမျိုးအစားနဲ့ပတ်သက်ပြီး ပြင်ပဆရာဝန်တဦး အတည်ပြုထားတာက Cholera Vibrio အမျိုးအစား ဖြစ်ပြီး နေရာတခုအတွင်း ကြိုကြား ဖြစ်တတ်တဲ့ Sporadic Outbreak အမျိုးအစား ဖြစ်တယ်လို့ အဆိုပါ ဆရာဝန်က သုံးသပ်ပါတယ်။

ဒီကာလဝမ်းရောဂါပိုးကို ကာကွယ်ဆေးထိုးနှံနိုင်ပြီး ရောဂါဖြစ်ပွားတဲ့အခါမှာ ဝမ်းတွေ ဒလဟော သွားတာ၊ အရည်တွေမှာ ညှီတဲ့အနံ့ ထွက်တာ၊ ဆန်ဆေးရည်လို အဖြူရောင်အဖတ်တွေ သွားတာ၊ သုံးကြိမ်လောက် ဝမ်းသွားရုံနဲ့ လူနာတွေက ရှော့ခ်ရတတ်တယ်လို့ ဆိုပါ တယ်။ ဝမ်းသွားချိန် ကြာပြီး Drip သွင်းတာ နောက်ကျသွားရင်လည်း ကျောက်ကပ် ထိခိုက် ပျက်စီးတတ်တယ်လို့ ဆိုပါတယ်။

Cholera Vibrio ကာလဝမ်းရောဂါပိုးက အသက်ရှူရာက ကူးစက်တတ်တာမျိုးမဟုတ်ဘဲ အစားအသောက်ကတဆင့် ပါးစပ်က ဝင်လာတဲ့ ရောဂါပိုးဖြစ်တဲ့အတွက် လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးတာ၊ အစာသန့်၊ ရေသန့်၊ လက်သန့် စတဲ့ သန့် ၄ သန့်နဲ့ ကာကွယ်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝမ်းလျှောဝမ်းပျက်တာတွေ ဖြစ်လာရင် ဓာတ်ဆားရည် သောက်ထားပြီး Cholera Vibrio ကာ လဝမ်းရောဂါပိုးရဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖိုက အရေးတကြီး လိုအပ်ပါတယ်။ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ ဖြစ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မီသွားရောက်ဖို့ အဆိုပါ ဆရာဝန်က လမ်းညွှန်ထားပါတယ်။ သာကေတ အနောမာထဲက အဲဒီရောဂါနဲ့ သေဆုံးသွားသူ တဦးရဲ့ မိသားစုဝင်တဦးကတော့ ဖြစ်သွားတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ဘာရောဂါမှ မရှိဘူး။ ဒေါင်ဒေါင်မြည်တယ်။ အေးအေးချမ်းချမ်းပဲ။ ပြောရမယ်ဆိုရင် ဝမ်းနည်းနည်းလေးပဲ၊ ဒီအတိုင်းသွားပြီးတော့ ၂ ၄နာရီ တရက်ပါပဲ။ ဟိုလိုမျိုးချည်း မဖြစ်ဘူး။ ဘာရောဂါမှ အခံမရှိဘူး။ သွေးတိုးရောဂါအခံ နည်းနည်းရှိတယ်။ အဲ့လောက်ပဲ။ ရှေ့နှစ်ရက်လုံးလည်း ဒေါင်ဒေါင်မြည်ပဲ။ နောက်မှ ဖြစ်သွားတာ။”

လတ်တလော ကာလဝမ်းရောဂါပိုးနဲ့ပတ်သက်ပြီး သာကေတမြို့နယ်ထဲရှိ ပရဟိတ အသင်းတွေက ကူညီလုပ်ဆောင်ပေးနေပြီး မြိုနယ်အတွင်း ကားနဲ့လှည့်လည်ပြီး အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ဒီလို ဆောင်ရွက်နေပေမယ့် ကာလဝမ်းရောဂါပိုးက ကျန်းမာရေးအသိ အားနည်းတာရယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ ရောဂါ ဖြစ်ပွား၊ သေဆုံး စတာတွေနဲ့ပတ်သက်ပြီး သတင်းအချက်လက် ထိမ်ချန်တာတွေရယ်ကြောင့် ပိုပြီး အသေအပျောက်များနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
Share:

No comments:

Post a Comment