ဂေါ်ဖီထုပ် ဈေးကြီးပြီး ပစ္စည်းပြတ်လပ်မှုနဲ့ မကြုံစဖူး ကြုံရ




ဂေါ်ဖီထုပ် ဈေးကြီးပြီး ပစ္စည်းပြတ်လပ်မှုနဲ့ မကြုံစဖူး ကြုံရ
Radio NUG ဇူလိုင် ၉၊ ၂၀၂၄

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မြဝတီ၊ ရခိုင်ပြည်နယ်နဲ့ ကချင်၊ ရှမ်းမြောက် စတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စိုက်သမျှ ဂေါ်ဖီဈေးကွက် မတင်ပို့နိုင်ဘဲ အဆုံး အရှုံးတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရာသီမှာ ရှမ်းတောင်သူတွေ ဂေါ်ဖီတွေ အစိုက်နည်းလို့ ရန်ကုန် တညင်းကုန်းဈေးကွက်ကို အဝင်နည်းလာပြီး ဂေါာဖီ ဈေးကွက်သမိုင်းမှာ အမြင့်ဆုံးဈေးတွေ ဖြစ်ပေါ်ခဲ့သလို ၃ လဆက်တိုက် ဈေးတွေ မြင့်လာခဲ့တာ ဖြစ်ပါတယ်။

“ရန်ကုန်ဈေးကွက်အတွက်ကတော့ ဒီလိုအခြေအနေကတော့ နှစ်ပေါင်း အတော်ကြာပြီ တခါမှ မဖြစ်ဖူးဘူး။ တော်တော်ကို ကြာပြီ။ တစ်ခါမှ မဖြစ်ဖူးဘူး။ လေး ငါးနှစ် တကြိမ်တော့ ဖြစ်ဖူးတယ်။ အဲဒီအချိန်က ဂေါ်ဖီ ၂၅၀၀၊ ၂၀၀၀ ပတ်ချာလည်လောက်ပဲ၊ မိုင်ကုန်ပေါ့နော်။ အခုဟာကကျတော့ ဂေါ်ဖီအကြီးဆုံးက ၅၀၀၀၊ ၆၀၀၀ ပတ်ချာလည်။ အသေးကတော့ အသေးဈေးပေါ့။ အဲဒီပုံစံတွေ ရှိတယ်။”

မြန်မာ့စားဖိုချောင်လို တင်စားကြတဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်သူတွေဟာ မုန်ညင်း၊ မုန်လာ၊ မုန်လာထုပ်လို ရှမ်းတောင်သူတွေ ခေါ်ဆိုကြတဲ့ ဂေါ်ဖီတွေကို နှစ်စဉ်နှစ်တိုင်း အများအပြား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဂေါ်ဖီချိန်ရောက်ရင် အဲဒီအခင်းတွေက ရှမ်းပြည်တကြောမှာ လက်ညှိုးထိုးမလွဲ တွေ့ရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီအချိန်မှာတော့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေးနဲ့ ဂေါ်ဖီမျိုးတွေ ဈေးမြင့်တက်လာတာ၊ ဈေးကွက် မသေချာတဲ့ အခြေအနေတွေကြောင့် ရှမ်းတောင်သူတွေဟာ ဂေါ်ဖီစိုက်ဧကတွေကို လျှော့ချလိုက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အထွက်နည်းတဲ့ ဂေါ်ဖီတွေ ရန်ကုန်ကို ရောက်လာတဲ့အခါ လက်လီဈေးကွက်မှာ ဂေါ်ဖီ တထုပ်ကို မနှစ်က ကျပ် ၂၅၀၀ နဲ့ ကျပ် ၃၀၀၀ လောက်ရှိရာကနေ ကျပ် ၈၀၀၀ လောက်အထိမြင့်တက်သွားပြီး လက္ကားအဝယ်တွေလည်း ကျဆင်းသွားခဲ့တယ်လို တညင်းကုန်းဈေးက ကုန်စိမ်းရောင်းဝယ်သူ တဦးက ပြောပါတယ်။

“အခက်အခဲ ဖြစ်တာပေါ့။ ခါတိုင်း ဒီပန်းတစ်ပွင့် ခုနစ်ရာ၊ ရှစ်ရာ၊ တစ်ထောင်ပဲ ခါတိုင်းရှိတာလေ။ အခုကျတော့ ပန်းတစ်ပွင့်ကို ထောင့်လေး ငါးရာ နှစ်ထောင် ရှိတာ။ ဂေါ်ဖီ တထုက်ကို ခုနစ်ထောင်၊ ရှစ်ထောင်အထိ ဖြစ်သွားတာ။ စားသုံးသူက ပြန်ပြီးတော့ ဖြန့်တဲ့ သူက ရပ်ကွက်ဈေးမှာ ရောင်းတဲ့သူက အလုံး ၃၀ ဝယ်တဲ့သူက ကျွန်တော်တို့ဆီမှာ ငါးလုံး၊ ဆယ်လုံး အဲဒီလောက်ပဲ ရင်းနိုင်တော့တယ်။ ငွေအမောင့် အရင်းအနှီး များသွားတဲ့အတွက် သူတို့လည်း တအားမရင်းတော့ဘူး။ စားသုံးသူကလည်း ဂေါ်ဖီတထုပ် ခုနစ်ထောင်၊ ရှစ်ထောင် ဆိုတော့ အဆင်မပြေတော့ဘူးလေ။”

ဂေါ်ဖီက ဝင်ငွေနည်းပြည်သူတွေ အဆာပြေအဖြစ် စားကြတဲ့ ကြာဆံကြော်၊ ပဲပြားအဆာသွတ် စတာတွေမှာ ဂေါ်ဖီကို လုံးဝမသုံးနိုင်ကြတော့သလောက် ဖြစ်သွားပြီး အခြား ဈေးသက်သာတဲ့ သဘောင်သီးစိမ်းတွေကို အစားထိုး အသုံးပြုလာကြပါတယ်။

“အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ လူတွေက အကုန်လုံးက ကျပ်တည်းနေကြပြီ ဗျ။ ထမင်းစားရဖို့ မနည်းရှာနေကြရတယ်။ နောက် ဆန်တပြည်တောင် မနည်းဘူးလေ။ အဲဒီတော့ ဂေါ်ဖီတလုံးကို လေး ငါး ခြောက်ထောင် ဆိုတာ ဝယ်မစားဘူး။ မဖြစ်မနေ သုံးကုန်လောက်ပဲ သဘောထားတော့တယ်။ ခေါက်ဆွဲကြော်တို့၊ ကြာဆံကြော်တို့၊ တချို့လမ်းဘေးရောင်းတဲ့ဆိုင်တွေဆို ဂေါ်ဖီတောင် မထည့်ကြတော့ဘူး။ အဲဒီတော့ ဓာတ်စာသဘောမျိုးပဲ ဖြစ်နေတယ်။”

လတ်တလောမှာတော့ ဂေါ်ဖီ လက်လီဈေးကွက်မှာ ဈေးပြန်လည်ကျဆင်းတာမရှိသေးဘဲ ဟင်းသီးဟင်းရွက် တောင်သူတွေရဲ့ အကျပ်အတည်းကလည်း ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပါတယ်။


Share:

No comments:

Post a Comment