၂၀၂၄ ဇူလိုင်လ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲသို့ သြစတြေးလျအထက်လွှတ်တော်အမတ် ဆီနိတ်တာ ဒင်းစမစ်တက်ရောက်အားပေး
📌 ၂။ ပြည်ထောင်ဝန်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် လက်ဖက်ရည်စကားဝိုင်းသို့ တက်ရောက်ခဲ့
📌 ၃။ အရေးကြီးတဲ့အချိန်မှာ ငွေအား၊ လူအား၊ နည်းပညာအကြံဥာဏ်အားဖြင့် အရှိန်မြှင့်အားထုတ်ကြဖို့ လူထုကို ဒုဝန်ကြီးဦးမင်းဇေယျာဦး တိုက်တွန်းစကားဆို
📌 ၄။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကကိုဂျင်မီရဲ့ မိခင်စျာပန အခမ်းအနား အလွှာစုံလူပုဂ္ဂိုလ်များတက်ရောက်
📌 ၅။ စစ်ကိုင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ မြစ်ရေဝင်ရောက်နေလို့ ဒေသခံများ ပြောင်းရွှေ့
၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့တော်လှန်ရေးတပ်ဦး၏(၃)နှစ်ပြည့် အခမ်းအနားကို တပ်ဦးအခြေစိုက်ရာ ယာယီဌာနချုပ်မှာ ကျင်းပခဲ့
🚩 ၂။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခု တိုက်ခိုက် သိမ်းပိုက်ရရှိ
🚩 ၃။ ပုလဲမြို့ထဲရှိ စုပေါင်းရုံး၊ ရဲစခန်း ၂ နေရာလုံးကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်၊ ပုလဲမြို့ကို ၂နာရီကျော်ကြာ ထိန်းချုပ်နိုင်
🚩 ၄။ စဉ့်ကူးစစ်ဆင်ရေးများအတွင်း သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင်(၁၅)ဦး အရှင်ဖမ်းဆီးရမိ
🚩 ၅။ သံတောင်မှ တောင်ငူသို့ ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၂၀ ဦးထက်မနည်း သေဆုံး
🚩 ၆။ ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ဗိုလ် ၁ဦးအပါ ရဲဘော် ၁၅ ဦးကျဆုံး
🚩 ၇။ ကျောက်တံခါးတွင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံး
🚩 ၈။ မြိုင်မြို့နယ်၊ အိုရင်းရွာ အမျိုးသမီး ၁ ဦးကိုသတ်ဖြတ်ပြီး နေအိမ် ၂၇ လုံးကို မီးရှို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲသို့ သြစတြေးလျအထက်လွှတ်တော်အမတ် ဆီနိတ်တာ ဒင်းစမစ်တက်ရောက်အားပေး
ဇူလိုင်လ ၈ရက်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲသို့ သြစတြေးလျအထက်လွှတ်တော်အမတ် ဆီနိတ်တာ ဒင်းစမစ်တက်ရောက်အားပေးခဲ့ပါတယ်။
ဇူလိုင်လ ၈ရက် ဆိုရှယ်မီဒီယာမှာ သြစတြေးလျအထက်လွှတ်တော်အမတ် ဆီနိတ်တာ ဒင်းစမစ်ကအသိပေးဆိုထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်ကို ယခုသီတင်းပတ်ကုန်တွင် ပါ့သ်မြို့သို့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။ ဒေါ်ဇင်မာအောင်သည် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီအခွင့်အရေးများအတွက် သတ္တိရှိပြီး အလိုအပ်ဆုံးအချိန်၌ တွန်းအားပေးသူဖြစ်ပါတယ်။ ဒေသခံမြန်မာအသိုင်းအ၀ိုင်းက အဖွဲ့ဝင်တွေ အများကြီးရှိနေတာကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ပြီးတော့ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ရေးအတွက် ကင်ဘာရာမှာ ပိုခိုင်မာတဲ့အသံရဖို့ ငြင်းခုံမှုတွေ ဆက်လုပ်သွားမယ်လို့ အာမခံပါတယ်"လို့၄င်းကဆိုထားပါတယ်။
အဆိုပါလူထုတွေ့ဆုံပွဲကို ဇူလိုင်လ ၆ရက်နေ့မှာ ကျင်းပခဲ့ပြီး မြန်မာတော်လှန်ရေးထောက်ခံဝန်းရံသူများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်ဝန်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် လက်ဖက်ရည်စကားဝိုင်းသို့ တက်ရောက်ခဲ့
ဇူလိုင်လ ၈ရက်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်ဝန်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကတော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် လက်ဖက်ရည်စကားဝိုင်းသို့ တက်ရောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ဇူလိုင်လ(၇)ရက်နေ့က ကျင်းပပြုလုပ်သည့် တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် လက်ဖက်ရည်စကားဝိုင်းသို့ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်ဝန်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းဟာ တက်ရောက်ခဲ့တာလို့ သတင်းရရှိပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးများ၊ မြန်မာ့အရေးကို တက်ကြွလှုပ်ရှားသူများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ထို့နောက်သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ ရောက်ရှိနေသည့် လူ့အခွင့်အရေးခရီးစဉ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ အရေးကြီးတဲ့အချိန်မှာ ငွေအား၊ လူအား၊ နည်းပညာအကြံဥာဏ်အားဖြင့် အရှိန်မြှင့်အားထုတ်ကြဖို့ လူထုကို ဒုဝန်ကြီးဦးမင်းဇေယျာဦး တိုက်တွန်းစကားဆို
ဇူလိုင်လ ၈ရက်။
အရေးကြီးတဲ့အချိန်မှာ ငွေအား၊ လူအား၊ နည်းပညာအကြံဥာဏ်အားဖြင့် အရှိန်မြှင့်အားထုတ်ကြဖို့ လူထုကို ဒုဝန်ကြီးဦးမင်းဇေယျာဦး တိုက်တွန်းစကားဆိုလိုက်ပါတယ်။
ဇူလိုင်လ ၈ရက် NUG Payကပြည်သူသို့ အစီရင်ခံရာမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာ ဒုဝန်ကြီးဦးမင်းဇေယျာဦးကပြောပါတယ်။
"မိမိတို့လိုချင်တဲ့ အနာဂတ်ကိုရောက်ဖို့အတွက် လက်ရှိစိန်ခေါ်မှုတွေကို ကျော်လွှားဖို့သာမက အနာဂတ်အတွက် ပြဿနာတွေမထားခဲ့ဘဲ အခြေခံကောင်းတချို့ကို ထူထောင်ပေးနိုင်ဖို့ MOPFIအနေနဲ့ အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါတယ်။ ပြိုင်ပွဲတခုမှာ ပန်းတိုင်နဲ့နီးလာတဲ့အချိန်ဟာ ပင်ပန်းသော်လည်း အားစိုက်ရဆုံးအချိန်ပါပဲ။ ပြည်သူများအနေနဲ့လည်း ကိုယ်စီကိုယ်စီနိုင်ရာ တာဝန်ထမ်းခဲ့ကြရာက ယခုလိုအရေးကြီးတဲ့အချိန်မှာ ကိုယ်စွမ်းနိုင်တယ်လို့ ထင်တာထက်ကို ကျော်လွန်ပြီး ငွေအား၊ လူအား၊ နည်းပညာအကြံဥာဏ်အားဖြင့် အရှိန်မြှင့်အားထုတ်ကြဖို့တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ NUG Payကတဆင့် တော်လှန်ရေးအင်အားစုများထံ ပြည်သူလူထုထောက်ပို့ငွေကြေးများစီးဆင်းလျက်ရှိနေပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကကိုဂျင်မီရဲ့ မိခင်စျာပန အခမ်းအနား အလွှာစုံလူပုဂ္ဂိုလ်များတက်ရောက်
ဇူလိုင်လ ၈ရက်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ကိုဂျင်မီရဲ့ မိခင်စျာပန အခမ်းအနား အလွှာစုံလူပုဂ္ဂိုလ်များတက်ရောက်ခဲ့ပါတယ်။
ဇူလိုင်၈ရက်မှာ ၈၈မျိုးဆက် ကျောင်းသားကိုဂျင်မီရဲ့ မိခင်ဖြစ်သူ ဒေါ်အမာညွန့်နာရေးအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
စျာပနအခမ်းအနားမှာ အလွှာစုံမှလူပုဂ္ဂိုလ်အများအပြားတက်ရောက်ကာ နာရေးကိုလိုက်လံပို့ဆောင်ခဲ့ကြပါတယ်။
ဒေါ်အမာညွန့်ဟာ ဇူလိုင် ၆ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ကာ အသက်(၇၈)နှစ်ရှိပြီဖြစ်ပါတယ်။
ကိုဂျင်မီကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ပြီးနောက်ပိုင်း နာမကျန်းဖြစ်ကာ စကစနဲ့ထောက်ခံသူများရန်ကို တိမ်းရှောင်ရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မိခင်ဒေါ်အမာညွန့်ဟာ လာရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ မြစ်ရေဝင်ရောက်နေလို့ ဒေသခံများ ပြောင်းရွှေ့
ဇူလိုင်လ ၈ရက်။
RadioNUG
ဇူလိုင် ၈ ရက် ဒီကနေ့မနက် ၄ နာရီခန့်ကစတင်ကာ စစ်ကိုင်းမြို့၊ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဧရာဝတီမြစ်ရေဝင်ရောက်နေလို့ ဒေသခံတွေ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
နှစ်စဉ် ရေဝင်နေကျ နေရာတွေဖြစ်ပြီး စိုးရိမ်ရေမှတ် မကျော်သေးပေမယ့် ရေဆက်လက်မြင့်တက်မှုကိုတော့ စောင့်ကြည့်ရမယ့် အခြေအနေလို့ သိရပါတယ်။
အနိမ့်ပိုင်း ရပ်ကွက်ကျေးရွာတွေမှာ ရေဝင်နေတာလို့ သိရပြီး လူနေထိုင်လို့ အဆင်မပြေတော့တဲ့နေရာက ဒေသခံတချို့ကတော့ အမြင့်ပိုင်း ဘုရားကုန်းတွေကို ပြောင်းရွှေ့နေထိုင်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့တော်လှန်ရေးတပ်ဦး၏(၃)နှစ်ပြည့် အခမ်းအနားကို တပ်ဦးအခြေစိုက်ရာ ယာယီဌာနချုပ်မှာ ကျင်းပခဲ့
ဇူလိုင်လ ၈ရက်။
ပြည်သူ့တော်လှန်ရေးတပ်ဦး၏(၃)နှစ်ပြည့်အခမ်းအနားကို တပ်ဦးအခြေစိုက်ရာ ယာယီဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
ဇူလိုင်လ ၈ရက်မှာ ပြည်သူ့တော်လှန်ရေးတပ်ဦးကအသိပေးဖော်ပြပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး၏(၃)နှစ်ပြည့်အခမ်းအနားကို တပ်ဦးအခြေစိုက်ရာ ယာယီဌာနချုပ်မှာ ကျင်းပခဲ့ကြပါတယ်။ ထိုသုံးနှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး အလံတော်လွှင့်တင်ခြင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-နိုင်ငံရေးဦးဆောင်အဖွဲ့၏ သုံးနှစ်ပြည့်ထုတ်ပြန်ချက် ဖတ်ကြားခြင်း၊ တပ်ဦး၏မဟာမိတ်အသီးသီးမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများ ဖတ်ကြားခြင်းအစီစဥ်များ ပါဝင်ခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် တပ်ဦးသုံးနှစ်ပြည့်အထိမ်းအမှတ် သေနတ်ပစ်ပြိုင်ပွဲ၊ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကိုလည်း အမှတ်တရ ပြုလုပ်ခဲ့ကြပါတယ်။
ထိုအခမ်းအနားကို ABSDF/ PDO-PDA/ PLA /SRF /YRF စတဲ့ တပ်ဦး၏ မဟာမိတ်တပ်ဖွဲ့မှ တာဝန်ရှိသူများအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူတချို့တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
========================
🚩🚩 ၂။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခု တိုက်ခိုက် သိမ်းပိုက်ရရှိ
ဇူလိုင်လ ၈ရက်။
RadioNUG
ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်စခန်းများ ဖြစ်ကြသည့် လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၈ ရက် နံနက် (၄:၄၄)နာရီအချိန်တွင် တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော် TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ဒုံးတပ်(၆၀၆)တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
ဒုံးတပ်(၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၈)ကြိမ်နှင့် Jet Fighterဖြင့် နောင်ချိုမြို့အတွင်း စာသင်ကျောင်းသို့(၁)ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
နံနက် (၁၀:၂၀)နာရီအချိန်တွင်လည်း သီပေါမြို့နယ် သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့နယ် မိုင်တိုင်(၅)နှင့် အိုက်ဆောင်တောင် အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ Jet Fighter ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင် ၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီ၃တပ် ခမရ (၅၀၁)စခန်းမှ လက်နက်ကြီးဖြင့် ငြိမ်းချမ်းရေးကုန်းသို့(၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မိုးမိတ်မြို့အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရွှေဇာလီရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ပုလဲမြို့ထဲရှိ စုပေါင်းရုံး၊ ရဲစခန်း ၂ နေရာလုံးကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်၊ ပုလဲမြို့ကို ၂နာရီကျော်ကြာ ထိန်းချုပ်နိုင်
ဇူလိုင်လ ၈ရက်။
RadioNUG
ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မြို့ထဲသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ပုလဲမြို့ထဲရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသော စုပေါင်းရုံး၊ ရဲစခန်း နေရာ ၂ နေရာလုံးကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ABSDF Column 3က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲကြာမြင့်ချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ ရရှိိခဲ့ပြီး ပြူစောထီး ၂ဦးအား ဖမ်းဆီးရမိကာ ပုလဲမြို့နယ် ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အမှတ် ၁၄ တပ်ရင်း ABSDF Column - 3၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ( PLA)၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် - နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ နှင့် ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ စဉ့်ကူးစစ်ဆင်ရေးများအတွင်း သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင်(၁၅)ဦး အရှင်ဖမ်းဆီးရမိ
ဇူလိုင်လ ၈ရက်။
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်းနှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်း(၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု(၁၁)ခုအထိ ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်(OTC-19)အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များ အပါအဝင် အခြားသော လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ သံတောင်မှ တောင်ငူသို့ ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၂၀ ဦးထက်မနည်း သေဆုံး
ဇူလိုင်လ ၈ ရက်။
Radio NUG
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ သံတောင်မြို့ကနေ တောင်ငူမြို့ကို ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ကား ၃ စီးပါယာဉ်တန်းကို KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ (Thawthikho)နှင့် ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
ဇူလိုင်လ ၈ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်က သံတောင် ၁၃ မိုင်ကနေ ဆင်းလာတဲ့ အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကို ၅ မိုင်နဲ့ ၆ မိုင်ကြား သစ်ပုံ အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့တယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thawthikho)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို လူအင်အား အနည်းငယ်ဖြင့် ပြောက်ကျားစစ်ဆင်ရေး လုပ်ဆောင်ခဲ့ရတာဖြစ်လို့ လက်နက်တွေကို ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ၎င်းတပ်ရင်းမှ တာဝန်ရှိသူက ဆက်ပြောပြပါတယ်။
========================
🚩🚩 ၆။ ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ဗိုလ် ၁ဦးအပါ ရဲဘော် ၁၅ ဦးကျဆုံး
ဇူလိုင်လ ၈ရက်။
RadioNUG
ဇူလိုင် ၃ ရက်နေ့မှာ မတ္တရာမြို့နယ်ရှိ ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မင်းဒင် အပါအဝင် ရဲဘော် ၁၅ ဦး လက်နက်ကြီးကျလို့ ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရပါတယ်။
ကျဆုံးသူတွေဟာ ဗိုလ်မင်းဒင်၊ ရဲဘော် မြစိန်၊ တင်မောင်ထွန်း၊ ဗိုက်ကြီး၊ သာအေး၊ လှဝင်း၊ မြအေး၊ မိုးသူ၊ တင်စိန်၊ အေးမင်းနိုင်၊ သောင်းလှထွန်း၊ အေးမင်းစိုး၊ ဘိုကြီး၊ ဌေးလှဦးနဲ့ မိုင်းတပ်သား လူမောင်တို့ဖြစ်ပြီး အသက် ၂၀ ကျော် ရဲဘော် ၇ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက်မနက်က မန္တလေး PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရေနံ့သာရဲစခန်းကို အပြီးသိမ်းနိုင်ခဲ့သလို ပစ္စည်းတွေပါ သိမ်းယူနိုင်ခဲ့ပါတယ်။
========================
🚩🚩 ၇။ ကျောက်တံခါးတွင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံး
ဇူလိုင်လ ၈ ရက်။
Radio NUG
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ ဘာဘူကုန်း ကျေးရွာနဲ့ ရမ်းမကျန်း ကျေးရွာကြား၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၂ ဦးသေဆုံး ခဲ့တယ်လို့ မောင်း သတင်းဌာနက ဖော်ပြပါတယ်။
ဇူလိုင်လ ၈ ရက်၊ နေ့လည်ပိုင်းက အဆိုပါ စစ်ကောင်စီ တပ်တွေက ဒရုန်းနှစ်စီးနဲ့ ကျောက်တံတား မြို့နယ် ထဲက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက် ခဲ့တာပါ။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် တောင်ခင်၊ ကြိတ်ကွင်း၊ လေးအိမ်စု ကျေးရွာတွေ အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး လေးအိမ်စု ရွာမှ ကိုကျော်ရဲအောင် (အသက် ၃၃နှစ်) နဲ့ ဒေါ်မိုးဝါ (အသက် ၄၂နှစ်) တို့နှစ်ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ နေ့စဉ်နဲ့အမျှ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေပြီး ရွာထဲက နေအိမ်တွေလည်း မီးလောင်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အလားတူ မနက် ၁၁ နာရီ ဝန်းကျင်ကလည်း ပိန်းဇလုပ် အခြေစိုက် ၂၆၄ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လေးအိမ်စု ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ်တစ်လုံး ပျက်စီးခဲ့ရ ပါသေးတယ်။
========================
🚩🚩 ၈။ မြိုင်မြို့နယ်၊ အိုရင်းရွာ အမျိုးသမီး ၁ ဦးကိုသတ်ဖြတ်ပြီး နေအိမ် ၂၇ လုံးကို မီးရှို့
ဇူလိုင်လ ၈ရက်။
RadioNUG
ဇူလိုင် ၇ ရက် မနက် ၅ နာရီခွဲခန့်ကစပြီး မကွေးတိုင်း၊ မြိုင်မြို့နယ် တွင်းမ ပျူစောထီးစခန်းက စစ်ကောင်စီနဲ့ ပျူစောထီးတပ်သား အင်အား ၇၀ ဝန်းကျင်နဲ့ အိုရင်းရွာထဲကို စီးနင်းဝင်ရောက်ပြီး စခန်းချခဲ့ကာ ည ၈ နာရီဝန်းကျင်မှာ နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ၂၀ ဝန်းကျင်ကိုပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဇူလိုင် ၈ ရက် မနက်မှာ ဒေသခံတချို့ နဲ့ ကာကွယ်ရေးအဖွဲ့တွေ အိုရင်းရွာထဲ ပြန်လည်ဝင်ရောက်ချိန် အသက် ၃၀ ဝန်းကျင်အရွယ် မဖြူစင်ဝင်းရဲ့ ရုပ်အလောင်းကို ရွာစာသင်ကျောင်းမှာ တွေ့ရှိခဲ့ရပြီး ထမီ မကျွတ်ပေမယ့် ဖြေလျက်သား လျော့နေကာ ပါးစပ်ကို ပုဝါစည်း၊ မုဒိမ်းကျင့်ပြီး သေနတ်ဒင်နဲ့ ရိုက်သတ်ထားတဲ့ ပုံစံအနေအထားမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
မဖြူစင်ဝင်းရဲ့ ရုပ်အလောင်းကို မနက်မှာပဲ သင်္ဂြိုဟ်ပေးခဲ့ပြီး ဖမ်းဆီးခံရတဲ့ပြည်သူတွေကတော့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အိုရင်းရွာက ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ တောတွေထဲမှာသာ နေထိုင်နေကြတယ်လို့ သိရပါတယ်။
အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ အိုရင်းကျေးရွာဟာ အခုလို မီးရှို့ခံရတာ ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာလည်း နေအိမ် ၇ လုံးမီးရှို့ခံခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment