၂၀၂၄ သြဂုတ်လ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာတဲ့အတွက် လေကြောင်းရန်သတိထားဖို့ CDF-Mindat တိုက်တွန်း
📌 ၂။ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချနေသူများကို ရှာဖွေစစ်ဆေး
📌 ၃။ နယူးယောက်မြို့မှာ အမေရိကန်ရောက်မြန်မာတွေ ၃၆ နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သီပေါမြို့ အထိမနာစေဖို့ လက်နက်ချပြီးထွက်ခွာသွားဖို့ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် တိုက်ပွဲပြန်ဖြစ်
🚩 ၂။ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ တဦး အရှင်မိ
🚩 ၃။ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
🚩 ၄။ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး တိုက်ပွဲကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာတဲ့အတွက် လေကြောင်းရန်သတိထားဖို့ CDF-Mindat တိုက်တွန်း
ဩဂုတ်လ ၁၁ရက်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတဲ့အတွက် လေကြောင်းရန်ကို သတိထားနေထိုင်ကြဖို့ CDF-Mindat က ဒီနေ့ ဩဂုတ် ၁၁ မှာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းပျံသန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် စစ်ကောင်စီကို အဖက်ဖက်ကနေ တော်လှန်နေတဲ့ မိဘပြည်သူများအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေး အသိ သတိ ရှိပေးကြဖို့ CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက အသိပေးလိုက်တာဖြစ်ပါတယ်။
မင်းတပ်မြို့နယ်မှာ အခုနှစ် ၆ လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ၁၄ ဦးသေဆုံးခဲ့ရတဲ့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရတယ်လို့လည်း CDF-Mindat က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်မှာ အခုနှစ် ၆ လအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၆ ကြိမ် ပြုလုပ်ခဲ့တာ ကြောင့် အရပ်သားပြည်သူ ၅ဝ ဦးကျော်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့သလို ပြည်သူပိုင်နေအိမ် ၅၃ လုံး၊ ခရစ်ယာန်ဘုရားကျောင်း တကျောင်းနဲ့စာသင်ကျောင်း တကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်အနေနဲ့ ၆လတာကာလအတွင်း ကျင်ဒွေးမြို့စခန်းသိမ်းတိုက်ပွဲနဲ့ မတူပီမြို့သိမ်း တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်ရဲဘော် ၁၂ ဦး အသက်ပေးလှူခဲ့ရတယ်လို့လည်း သိရပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ချင်းညီနောင်စစ်ဆင်ရေး - Operation CB အဖြစ် ဖော်ဆောင်ခဲ့ တာဖြစ်ပြီး မတူပီ စစ်ဗျူဟာ အခြေချ -စဗခ၊ ခမရ-၃၀၄ နဲ့ ခလရ ၁၄၀ တပ်တို့ကနေ ဟောင်ဝပ်ဇာအမြောက်နဲ့ 14.5 ZPU အမျိုးအစား လေယာဉ်ပစ်စက်သေနတ်ကြီး ၂ လက်အပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံနဲ့ ခဲယမ်း မီးကျောက် အမြောက်အများ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
========================
📌📌 ၂။ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချနေသူများကို ရှာဖွေစစ်ဆေး
ဩဂုတ်လ ၁၁ရက်။
မကွေးတိုင်းထဲက မင်းတုန်းမြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ ရောင်းချနေသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး စစ်ဆေးအရေးယူတာတွေလုပ်ဆောင်နေတယ်လို့ မင်းတုန်းမြိုနယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးလုပ်ငန်းဖြစ်တဲ့ စစ်ကောင်စီထုတ် boycot ပစ္စည်များ ၀ယ်ယူရောင်းချနေတာတွေကို မင်းတုန်းမြို့နယ် ပကဖ က ရှာဖွေစစ်ဆေးတားဆီးတာနဲ့ အရေးယူခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။
အခုလို လုပ်ဆောင်ရာမှာ စစ်ကောင်စီထုတ် ဘီယာတွေ ရောင်းချနေသူတွေကို ရှာဖွေစစ်ဆေးပြီး အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ကပဲ အကြမ်းဖက်စစ်ကောင်စီထုတ် ဘီယာတွေ ၀ယ်ယူရောင်းချနေသူတွေကို Mindon Township People Defense Organization မင်းတုန်းမြိုနယ် ပကဖ က စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့ပြီး ထပ်မံတွေ့ရှိပါက ဖမ်းဆီးခံရမယ်လို့ သတိပေးတာမျိုး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ နယူးယောက်မြို့မှာ အမေရိကန်ရောက်မြန်မာတွေ ၃၆ နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
ဩဂုတ်လ ၁၁ရက်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အမေရိကန်နိုင်ငံရောက်မြန်မာတွေစုပေါင်းပြီး မနေ့ ဩဂုတ်လ ၁ဝ ရက်က ၃၆ နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသား ကိုနေတင်မြင့်၊ Gen Z မောင်အောင်နိုင်လတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးတို့က ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်လို့ အမှတ်တရစကားတွေပြောခဲ့ပြီး တေးသံရှင် ဝင်နိုင်စိုးက တော်လှန်ရေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စုဝေးပွဲအခမ်းအနားကို Newyork City Burmese Community-NYCBC က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ရောက် မြန်မာတွေနဲ့ ကျောင်းသားလူငယ်တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
NYCBC က ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားမှာ ၈၈ အရေးတော်ပုံဖြစ်ရပ်မှန် ပါဖော့မန့်တွေတင်ဆက်ခဲ့ပြီး ကြွေးကြော် သံတွေ ဟစ်ကြွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သီပေါမြို့ အထိမနာစေဖို့ လက်နက်ချပြီးထွက်ခွာသွားဖို့ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် တိုက်ပွဲပြန်ဖြစ်
ဩဂုတ်လ ၁၁ရက်။
သီပေါမြို့အထိမနာစေရေး လက်နက်တွေထားခဲ့ပြီး ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်ဖွဲ့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ကမ်းလှမ်းခဲ့တာကို စစ်ကောင်စီတပ်က ငြင်းဆန်တဲ့အတွက် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကမ်းလှမ်းမှုကို စစ်ကောင်စိတပ်ဘက်က ငြင်းဆိုခဲ့တာကြောင့် မနေ့ည ည ၇ နာရီခန့်ကစပြီး မြို့မြောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတာလို့ ဆိုပါတယ်။
လက်နက်တွေထားခဲ့ပြီး ထွက်ခွာသွားဖို့ညှိနှိုင်ရာမှာ စစ်ကောင်စီဘက်က လက်နက်တွေနဲ့အတူ သွားချင်တာကြောင့် ညှိနှိုင်းမှု အဆင်မပြောဘဲ တိုက်ပွဲတွေပြန်ဖြစ်နေတာလို့ သိရပါတယ်။
သီပေါမြို့မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- TNLA နဲ့ မဟာမိတ်တပ်တွေက မနေ့ သြဂုတ် ၁၀ ရက် မနက်အစောပိုင်းကစပြီး တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲ ပြင်ထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခလရ-၂၃ ၊ ခမရ-၅၀၃နဲ့ ခမရ-၅၀၄ တပ်ရင်းတွေဘက် ဆုတ်ခွာသွားခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ မဟာမိတ်ပူးပေါင်းတပ်တွေက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ညှိနိုင်းနေချိန်မှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ကင်းပတ်စောင့်ကြည်နေခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တဘက်မှာလည်း သီပေါထောင် ပွင့်သွားပြီး နိုင်ငံရေးအကျဉ်းသား ၂၉ ဦးအပါအဝင် အကျဉ်းသား ၁၀၉ ဦးကို မဟာမိတ် တပ်များတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
တိုက်ပွဲပြင်းထန်နေချိန်မှာ အကျဉ်းသားတွေဟာ ကိုယ်နည်းကိုယ်ဟန်နဲ့ ထောင်ဖောက်ပြီး ထွက်ပြေးလာကြတာလို့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ တဦး အရှင်မိ
ဩဂုတ်လ ၁၁ရက်။
ပအိုဝ်းတိုင်းရင်းသားတွေ အများစုနေထိုင်ရာဒေဖြစ်တဲ့သ ဆီဆိုင်မြို့နယ်မှာ မနေ့ ဩဂုတ် ၁၀ ရက်က တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ တဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ပြောပါတယ်။
ဆီဆိုင်မြို့နယ်အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အလောင်း ၃ လောင်းကျန်ရှိခဲ့ပြီး သုံ့ပန်းတဦးနဲ့အတူ MA1 သေနတ်တလက်၊ ဒရုန်း တစင်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ဖမ်းမိထားတဲ့စစ်သုံ့ပန်းဟာ ရွှေဘိုမြို့နယ်က ပြည်သူ့စစ်မှုထမ်းသင်တန်းတဦးဖြစ်ပြီး ဆီဆိုင်မြို့ကို အပို့ခံရတာ တလတောင် မပြည့်သေးဘူးလို့ ထွက်ဆိုထားတယ်။
စစ်ကောင်စီတပ်ဟာ အခုဩဂုတ်လဆန်းကတည်းက ဆီဆိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် PNLA နဲ့ တိုက်ပွဲတွေ ဖြစ်နေပါ။
ဩဂုတ်လ ၆ ရက်ကဖြစ်တဲ့ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နဲ့ ဒရုန်းတစင်း သိမ်းဆည်းရရှိခဲ့သလို ဩဂုတ်လ ၇ ရက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးကာ လက်နက်အချို့ရရှိခဲ့ တယ်လို့ PNLA က အသိပေးထားပါတယ်။
========================
🚩🚩 ၃။ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
ဩဂုတ်လ ၁၁ရက်။
ရခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့ပေါ် က လူနေရပ်ကွက်တွေကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသွားတယ်လို့ ရခိုင့်တပ်တော်-AA က ထုတ်ပြန်ထားပါတယ်။
မနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နဲ့ လမ်းမပေါ် ကျရောက်ပေါက်ကွဲထိမှန်ခဲ့တာကြောင့် တုတ်တုတ်လို့ခေါ်တဲ့ အနှေးယာဉ်တစီးပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အပြစ်မဲ့အရပ်သားတွေ ထိခိုက် သေဆုံးရတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဩဂုတ်လ ၆ ရက်နေ့ကလည်း မြောက်ဦးမှာရှိတဲ့ ဆေးရုံတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သေး တယ်လို့ AA ဘက်က ထုတ်ပြန်ထားပေမယ့် ထိခိုက်မှုအခြေအနေကိုတော့ အသိပေးမထားပါဘူး။
မြောက်ဦးမြို့ဟာ လက်ရှိအချိန်မှာ စစ်ကောင်စီကင်းစင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်တာ ၆ လကျော်ရှိနေပြီလို့ သိရပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ကျန်နေတဲ့မြို့တွေကို ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီဘက်က တိုက်ပွဲမဖြစ်တာ ၁၈၅ ရက်ရှိနေပြီဖြစ်တဲ့ မြောက်ဦးမြို့ကို လေကြောင်းကနေ တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။
စစ်ရေးအရ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်း တော်လှန်ရေးအဖွဲ့အစည်းတွေ ထိန်းချုပ် ထားပြီး တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးနဲ့ လူနေထူထပ်တဲ့နေရာတွေကို လေကြောင်းကနေ ရော့ကတ်နဲ့ ဖျက်အားပြင်းဗုံးတွေ ကြဲချတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲလို့ AA က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်တာမရှိတဲ့ မြို့ရွာဒေသတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဟန့်တားပေးဖို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီလပထမပတ်ကပဲ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းကို တောင်းဆိုထားခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး တိုက်ပွဲကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထား
ဩဂုတ်လ ၁၁ရက်။
မန္တလေးတိုင်းထဲက မြင်းခြံ နွားထိုးကြီးနဲ့ တောင်သာမြို့ နယ်တို့မှာဖော်ဆောင်နေတဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး တိုက်ပွဲ မှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
မနေ့ ဩဂုတ်လ ၁၀ ရက် မနက်ကစပြီး မြင်းခြံ နွားထိုးကြီးနဲ့ တောင်သာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ် တပ်ရင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိထားတယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း Myingyan Black Tiger (MBT) နဲ့ မြင်းခြံခရိုင်အတွင်းက တပ်ရင်း တပ်ဖွဲ့တွေ၊ ဒေသတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး LPDF တွေ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က တန်ပြန်စစ်ကြောင်းထိုးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် အသေးစိတ်ထုတ်ပြန်နိုင် တာမရှိသေးပါဘူး။
စစ်ဆင်ရေးကာလဖြစ်တဲ့တာကြောင့် အန္တရာယ်များတဲ့အတွက် ပြည်သူလူထုအနေနဲ့ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ-တောင်သာလမ်းပိုင်းကို အသုံးပြုပြီး ဖြတ်သန်းသွားလာတာမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒှနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းရရှိထားတဲ့ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ထားတယ်လို့သိရပြီး အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့ပေမယ့် မြေပြင်တိုက်ပွဲဖြစ်တာ ကြောင့် တော်လှန်ရေအင်အားစုတွေဘက်ကလည်း ပေးဆပ်ခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment