18th AUG 2024 - Evening Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ချေးယူထားတဲ့ ချေးငွေတွေအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့ NUG စီမံဘဏ္ဍာဝန်ကြီးပြော 

📌 ၂။ စစ်အာဏာရှင်စစ်တပ်ယိမ်းယိုင်နေချိန်မှာ တိုက်ပွဲဝင်ကြဖို့ မွန်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်တွန်း 

📌 ၃။ မိုင်းနောင်မြို့နယ်ကိုရောက်လာတဲ့ မိဘမဲ့ စစ်ဘေးရှောင်ကလေးငယ်များကို SSPP/SSA ငွေကြေးထောက်ပံ့


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်တပ်က လေကြောင်းသုံးပြီးခုခံခဲ့ပေမယ့် ဒီပဲယင်းမြို့ကို PDF များသိမ်းပိုက်

🚩 ၂။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင်ပြီး အလင်းဝင်လာသူ ၁၀၀ ကျော်ရှိ

🚩 ၃။ သပိတ်ကျင်းမြို့နယ် ဖော့တော့စစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက် 

🚩 ၄။ ယင်းမာပင် ရဲတပ်ရင်း ၂၈ နဲ့ အောင်ဇေယျကုန်းက စစ်ကောင်စီတပ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်ဘက်က တဦးသေဆုံး

🚩 ၅။ မကွေးတိုင်း ပွင့်ဖြူမြို့နှင့်စေတုတ္တရာမြို့အကြား အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးနေ ရွာ၄ ရွာမှပြည်သူများစစ်ရှောင်နေရ

🚩 ၆။ ရွှေဘိုနယ်မှာ အကြမ်းဖက်စစ်တပ်က ဆန်နဲ့စားသုံးဆီ တန်းစီနေသူတွေကို ဖမ်းဆီးနေ 

🚩 ၇။ မှော်ဘီ ရဲတပ်ရင်း က ရဲတဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်တဲ့အတွက် ကျပ်သိန်း ၅၀ ချီးမြင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ချေးယူထားတဲ့ ချေးငွေတွေအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့ NUG စီမံဘဏ္ဍာဝန်ကြီးပြော 


ဩဂုတ်လ(၁၈)


အကြမ်းဖက်စစ်ကောင်စီက လက်ခံပြီး ချေးယူထားတဲ့ ချေးငွေတွေအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေး NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုလိုက်ပါတယ်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အရေးပေါ် လာရောက်တဲ့ ခရီးစဉ်နဲ့ဆက်စပ်ပြီး အကြမ်းဖက် စစ်ကောင်စီကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ ချေးလိုက်တယ်ဆိုတဲ့သတင်း ထွက်ပေါ် လာတာနဲ့ပတ်သက်လို့ NUG ဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ 

ဒါဟာ ပြည်ပနိုင်ငံတခုခုရဲ့ ထောက်ပံ့ငွေ၊ အကူအညီရငွေ၊ ချေးငွေတွေနဲ့စပ်လျဉ်းတဲ့ NUG ရဲ့ မူဝါဒကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုက်တာလည်းဖြစ်ပါတယ်။

ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲသည့်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကတည်းက ပြဌာန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


ဒီဥပဒေအရ အကြမ်းဖက်စစ်ကောင်စီက လက်ခံရယူ၊ချေးယူခဲ့သော မည်သည့်ချေးငွေမဆို ပြည်သူ့ကြွေးမြီအဖြစ် အသိအမှတ်ပြုမှာ မဟုတ်သလို NUG နဲ့ NUG ကိုဆက်ခံမယ့် အစိုးရတွေက ပေးဆပ်ဖို့ တာဝန်ရှိမှာမဟုတ်ဘူးဆိုတာ အတိအလင်းပြဌာန်းပြီးဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်းရဲ့ မှုမွန်ကွန်ယက်စာမျက်နှာနေလည်း အသိပေးထားပါတယ်။


ပြည်သူ့ကြွေးမြီဆိုတာဟာ ပြည်သူတွေကိုယ်တိုင် ကြည်ဖြူစွာနဲ့ အုပ်ချုပ်ရေးအာဏာအပ်နှင်းခံရတဲ့ အစိုးရကသာ ချေးယူ သုံးစွဲခွင့်ရှိပြီး ပြည်သူ့အာဏာကို အတင်းအဓမ္မလုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းက ချေးယူသုံးစွဲခွင့်မရှိဘူးလို့လည်း ဝန်ကြီးက အသိပေးထားပါတယ်။


စစ်ကောင်စီကိုထောက်ခံတဲ့ လော်ဘီတွေက မစ္စတာဝမ်ယိခရီးစဉ်မှာ တရုတ်အစိုးရက စစ်ကောင်စီကို အမေရိကန်ဒေါ် လာ ဘီလီယံ ထုတ်ချေးခဲ့တယ်လို့ ရေးသားဖြန့်ဝေနေပေမယ့် စစ်ကောင်စီနဲ့ တရုတ်ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ထုတ်ပြန်တာမရှိသေးပါဘူး။


========================


📌📌 ၂။ စစ်အာဏာရှင်စစ်တပ်ယိမ်းယိုင်နေချိန်မှာ တိုက်ပွဲဝင်ကြဖို့ မွန်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်တွန်း 


ဩဂုတ်လ(၁၈)


တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို စိတ်ရောကိုယ်ပါ ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ ယိမ်းယိုင်နေချိန်မှာ လက်နက်ကိုင်တပ်တွေအားလုံး တိုက်ပွဲဝင်ကြဖို့ မွန်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် မွန်ပြည်သူများအပါအဝင် မွန်အင်အားစုအားလုံး တက်ညီလက်ညီ တိုက်ပွဲ ဝင်ကြဖို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-MNLA-AD မွန်ပြည်တော်လှန်ရေးတပ်-MSRF မွန်ပြည် ကာကွယ်ရေးတပ်-MSDFတို့က ဒီနေ့ ဩဂုတ်လ ၁၈ ရကမှာ ထုတ်ပြန်ချက်တစောင်ပူးတွဲထုတ်ပြန်ပြီး တိုက်တွန်းလိုက် တာဖြစ်ပါတယ်။

ဩဂုတ် ၁၉ ရက်မှာ ကျရောက်မယ့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အကြိုအဖြစ် MNLA-AD MSRF MSDF စတဲ့ မွန်တော်လှန်ရေးတပ်၃ဖွဲ့က အခုလိုတိုက်တွန်းလိုက်တာပါ။

ဒီနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး စတဲ့ အခြေအနေအရပ်ရပ်ဟာ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲများအတွက် အကောင်းမွန်ဆုံးအချိန်ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်းအပါအဝင် အခြား တိုင်းနဲ့ပြည်နယ် တွေမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေကြပြီး ရန်သူ စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတောင် သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ မွန်တပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေကြား ညီညွှတ်မှုပျက်ပြားနေပြီး စစ်အာဏာရှင်စစ်တပ်ဟာ လွန်စွာယိမ်းယိုင်နေပြီလို့ ဆိုပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မွန်တို့ရဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး သာယာ၀ပြောရေးအတွက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ မွန်တပ် ဖွဲ့နဲ့အတူ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ အခြား သော မွန်နဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ပြည်တွင်းပြည်ပရောက် မွန်လူငယ်များနဲ့ မွန်ပြည်သူများအားလုံး တက်ညီ လက်ညီတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တမျိုးသားလုံးအင်အားစုအသွင်နဲ့ စုစည်းတော်လှန်ဖို့လိုသလို စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်နေတဲ့ ဘ၀တူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေး အင်အားစုများအားလုံးနဲ့ မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ဖို့ မွန်တပ်ဖွဲ့ ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မိုင်းနောင်မြို့နယ်ကိုရောက်လာတဲ့ မိဘမဲ့ စစ်ဘေးရှောင်ကလေးငယ်များကို SSPP/SSA ငွေကြေးထောက်ပံ့


ဩဂုတ်လ(၁၈)


ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လားရှိုးမြို့နယ် မိဘမဲ့ကျောင်းက စစ်ဘေးရောင်ကလေးများကို ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် SSPP/SSA က ဩဂုတ်လ ၁၆ ရက်မှာ ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။


လားရှိုးမြို့နယ် မိဘမဲ့ကျောင်းက စစ်ဘေးရှောင်လာတဲ့ မိဘမဲ့ကလေးတွေဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ထဲက ဝမ်စိမ်း‌ကျေးရွာကို ရောက်ရှိလာတဲ့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က ကျပ်သိန်း ၇၀ ကို ဝမ်စိမ်းကျေးရွာ စစ်ဘေးရှောင်ကူညီရေးကော်မတီထံ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

 

အလားတူ သြဂုတ်လ ၁၇ ရက်နေ့မှာလည်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာနဲ့ ပန်ညောင်ကျေးရွာကနေ မိုင်းရယ်မြို့တွင်းသို့ စစ်ဘေးရှောင်လာသူ ၃၀၀ ကျော်ကိုလည်း SSPP/SSA က စားသောက်ကုန်တွေ ပံ့ပိုးကူညီပေးခဲ့တယ်လို့ အသိပေးပါတယ်။


ရှမ်းပြည်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ ခိုလုံနေထိုင်ကြသလို ဆွေမျိုးမရှိသူတွေဟာ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းကိုသာ မှီခိုနေရတဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အကြမ်းဖက်စစ်တပ်က လေကြောင်းသုံးပြီးခုခံခဲ့ပေမယ့် ဒီပဲယင်းမြို့ကို PDF များသိမ်းပိုက်


ဩဂုတ်လ(၁၈)


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မကျရေး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် မြို့နယ်တခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာမှာ ၂ရက်အတွင်း အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နဲ့ မြို့နယ်တခုလုံးကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးမှုတာတွေရှိတဲ့အပြင် လက်နက်ချအညံ့ခံတာတွေလည်းရှိတယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ 

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးကလည်း တမြို့လုံးရပါပြီလို့ အတည်ပြုထားပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်က စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာအပြင် Y12 လေယာဉ်တွေနဲ့ပါ ပစ်ကူပေးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ရေဦးမြို့ဘက်ကနေ စစ်ကူလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကိုလည်း ရေဦးမြို့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ဖြတ်တောက် နိုင်ခဲ့တာကြောင့် ဩဂုတ်လ ၁၇ ရက်ညမှာ ဒီပဲယင်းမြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီမြို့သိမ်းတိုက်ပွဲကြောင့် ဒီပဲယင်း-ရေဦးလမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ယာယီတိမ်းရှောင် နေရတယ် လို့ သိရပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ ဒီပဲယင်း၊ ရေဦး၊ ဘုတင်လင် ပကဖများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ဒီပဲယင်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာရုံးအချို့ကိုတော့ အခုနှစ် ဇန်နဝါရီလကတည်းက တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၂။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင်ပြီး အလင်းဝင်လာသူ ၁၀၀ ကျော်ရှိ


ဩဂုတ်လ(၁၈)


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး အလင်းဝင်လာသူ ၁၀၀ ကျော်ရှိတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒီနေ့ ဩဂုတ်လ ၁၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အမှတ်()စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့က ဒီပဲယင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို ဒီနေ့မနက် နာရီ ၄၅ မိနစ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ အသိပေးထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားပြီး အလံဖြူထောင်ပြီး လက်လက်ချ အလင်းဝင်လာသူ ပျူစောထီး ၂ဦး၊ Non CDM ဝန်ထမ်း ၄၁ ဦးနဲ့ မိသားစုဝင် ၈၀ ဦး စုစုပေါင်း ၁၂၃ ဦးရှိတယ်လို့ ပြောပါတယ်။ 

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က အသိပေးထုတ်ပြန်ရာမှာ မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ရေဦးမြို့ကထွက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကိုလည်း ရေဦးနဲ့ ဒီပဲယင်း ပကဖတပ်ဖွဲ့ဝင်တွေက ထိရောက်စွာ တားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေလို့လည်း ထပ်မံအသိပေးထားပါတယ်။

ဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ စုစုပေါင်း ၂၀ခန့် သေဆုံးသွားတယ်လို့ သတင်းထွက် နေပေမယ့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထုတ်ပြန်ချက်မှာ ဖော်ပြမထားသေးပါဘူး။

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာပါဝင်တဲ့ 96 Soldiers -PDF ခေါင်းဆောင် ကိုဇေယျာလွင်ကအဖွဲ့အားလုံးရဲ့ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်းအောက်ပိုင်းမှာ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့ မြို့ပါလို့ ဒီမနက်မှာပဲ သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ 

People's Spring က စုဆောင်းထားတဲ့အချက်အလက်တွေအရ ဒီနွေဦးတော်လှန်ရေးမှာ ဒီပဲယင်းမြို့ဟာ တော်လှန်ရေး တပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ၇၈ ခုမြောက် မြို့ဖြစ်လာပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့လို့ သိရပါတယ်။


========================


🚩🚩 ၃။ သပိတ်ကျင်းမြို့နယ် ဖော့တော့စစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက် 


ဩဂုတ်လ(၁၈)


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်မှာရှိတဲ့ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PLA က ထုတ်ပြန်ထားပါတယ်။ 

မိုးကုတ်-သပိတ်ကျင်း - မန္တလေးလမ်းဆုံမှာရှိတဲ့ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်ကို သြဂုတ် ၁၄ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်းစီဘက်က သေဆုံးတာတွေရှိတဲ့အပြင် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတာတွေရှိပေမယ့် အရေအတွက်ကို တော့ မသိရသေးဘူးလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီရဲ့ မိုင် လေ့ကျင့်ရေးသင်တန်းကျောင်းကို ဆက်လက်တိုက်ခိုက်နေပြီး ဖော့တော့လမ်းဆုံဂိတ်ကို တအာင်းတပ်မတော် TNLA မန္တလေး PDF မိုးကုတ်ဗျူဟာ၊ PDF ၅၁၃ တပ်ရင်း မိုးကုတ်ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။

အခု သြဂုတ် ၉ရက် ညနေပိုင်းကလည်း TNLA မိုးကုတ်ဗျူဟာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA -၂၂၂ တပ်ဖွဲ့တို့ ပူးပေါင်းပြီး သပိတ်ကျင်းမြို့မှာရှိတဲ့ ခလရ-၁၄၈ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။


========================


🚩🚩 ၄။ ယင်းမာပင် ရဲတပ်ရင်း ၂၈ နဲ့ အောင်ဇေယျကုန်းက စစ်ကောင်စီတပ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်ဘက်က တဦးသေဆုံး


ဩဂုတ်လ(၁၈)


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ရဲတပ်ရင်း ၂၈ နှင့် အောင်ဇေယျကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကတဦးသေဆုံးသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ BLUE ROSE ဒရုန်း အဖွဲ့က ပြောပါတယ်။

သြဂုတ်လ ရက်နေ့က ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ရွှေတောင်ဦးကုန်းနဲ့ ဩဂုတ်လ ရက်နေ့မှာ အောင်ဇေယျကုန်း ပေါ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘန်ကာတလုံး မီးလောင်ပျက်စီးကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိတိုက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က စိုင်းသီဟလင်း () ငိုဝ ဆိုသူ သေဆုံးသွားပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာ ရက်လည်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း-၃၆ BLUE ROSE ဒရုန်းအဖွဲ့နဲ့အတူ KLG PDF-ဗျူဟာ အမှတ် ၄၅၊ ယင်းမာပင်ခရိုင် ဗျူဟာ-၄၇၊ PDA ယင်းမာပင်ခရိုင် တပ်ရင်း ၃၅၊ B 21 PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇၊ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ -ယင်းမာပင်ခရိုင် တပ်ရင်း ၂၇၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ ULF စစ်ကြောင်း၊ Regional Friend Fighter ယင်းမာပင်ခရိုင် တိုက်နယ် ပကဖနဲ့ ဘိုးတော်နီတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မစ်ရှင်ဆောင်ရွက်နေချိန်မှာ အောင်ဇေယျကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာနဲ့ အများပြည်သူနေထိုင်ရာ ကျေးရွာကို ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မဟာမိတ်တပ်ဖွဲ့ဘက်က Scott Drone တစင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၅။ မကွေးတိုင်း ပွင့်ဖြူမြို့နှင့်စေတုတ္တရာမြို့အကြား အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးနေ ရွာ၄ ရွာမှပြည်သူများစစ်ရှောင်နေရ


ဩဂုတ်လ(၁၈)


မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ရွာ၄ရွာမှ ပြည်သူများ အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 


ဩဂုတ်လ ၁၇ရက်နေ့ နံနက်ပိုင်းကစပြီး ပွင့်ဖြူမြို့ မဲဇလီရွာရဲစခန်းက အာဏာသိမ်းစစ်တပ်နှင့် ရဲပူးပေါင်းအင်အား ၆၀ကျော်မှ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ် ကျေးရွာများကို စစ်ကြောင်းထိုးနေတယ်ဟု သိရပါတယ်။ ပွင့်ဖြူမြိုနယ် ရေယာဉ်ရွာ စေတုတ္တရာမြို့နယ် မိုးညှင်းရွာ၊ ခိုနမ်းရွာနှင့် ဝန်လိုရွာ စတဲ့ကျေးရွာများကို အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ကျေးရွာပြည်သူများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။ 


မနက်ပိုင်း ရွာတွေထဲသို့ စစ်ကြောင်းစဝင်လာတာနဲ့ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်။ ပွင့်ဖြူမြို့နယ် မဲဇလီစခန်းမှ ပျူစောထီးနှင့် စစ်တပ်ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ပစ်ခတ်မှုများကြားထဲမှ ပြည်သူများမှာ အသက်လုထွက်ပြေးနေရတာဖြစ်တယ်လို့ ပွင့်ဖြူမြို့နယ်ဒေသခံတစ်ဦးက ပြောကြားပါတယ်။ 


ပွင့်ဖြူမြို့နယ် အနီးတစ်ဝိုက်တွင် စစ်ဆင်ရေးတွေဖြစ်လာနိုင်တဲ့အတွက် မဲဇလီရွာရဲစခန်းအနီးတွင်နေထိုင်ကြသော ပြည်သူများအား ရွေ့ပြောင်းကြဖို့ မင်းဘူးခရိုင် အမှတ်()တပ်ရင်းနှင့် ပွင့်ဖြူမြို့နယ် PDF များကသတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ရွှေဘိုနယ်မှာ အကြမ်းဖက်စစ်တပ်က ဆန်နဲ့စားသုံးဆီ တန်းစီနေသူတွေကို ဖမ်းဆီးနေ 


ဩဂုတ်လ(၁၈)


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဆန်နဲ့စားသုံးဆီ တန်းစီနေသူတွေကို ဖမ်းဆီးတာတွေရှိနေတယ်လို့ ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ ဩဂုတ်လ ၁၈ ရက်မှာ သတိပေးပြောဆို လိုက်ပါတယ်။

လက်ရှိ ရွှေဘိုမြို့ပေါ်မှာ ဆန်နဲ့ဆီတန်းစီရာကနေ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေပြီလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ NGO အဖွဲ့စည်း တွေနဲ့ပေါင်းပြီး မြို့ပြနေပြည်သူတွေနဲ့ ကျေးလက်နေပြည်သူတွေကို ဆန်နဲ့ စားသုံးဆီ ဝေငှပေးကမ်းမယ်လို့သတင်းလွှင့်ပြီး လာရောက်တန်းစီနေသူတွေထဲက မသင်္ကာသူတွေကို အဓမ္မ ဖမ်းဆီးနေတာ လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ ရွှေဘိုနယ်က ပြည်သူပိုင်နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဝင်ရောက် ပြီး အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။  

ဒါကြောင့် မိဘပြည်သူများအနေနဲ့ ပြည်သူလူထုအပေါ် စေတနာမရှိခဲ့သော စစ်ကောင်စီက ထုတ်ပြန်တာတွေ စစ်ကောင်စီနဲ့ ပတ်သက်တာတွေ အလွယ်တကူ မရုံကြည်ကြဖို့နဲ့ အထူးဂရုစိုက် ရှောင်ရှားကြဖို့ ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး အဖွဲ့က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၇။ မှော်ဘီ ရဲတပ်ရင်း က ရဲတဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်တဲ့အတွက် ကျပ်သိန်း ၅၀ ချီးမြင့်


ဩဂုတ်လ(၁၈)


ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အမှတ် ရဲတပ်ရင်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၅၀ ချီးမြင့်လိုက်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဩဂုတ် ၁၈ မှာထုတ်ပြန်ပါတယ်။ 

အမှတ် ရဲတပ်ရင်းက ရဲတပ်သား မျိုးချစ်သူဟာ ဩဂုတ် ၁၇ ရက်နေ့မှာ G-3တလက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တလုံးနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့အတွက် ဂုဏ်ပြုငွေ သိန်း ၅၀ ကျပ် ချီးမြင့်ခဲ့တာလို့ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ လက်ရှိမှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO မှာ ပါဝင်တိုက်ခိုက် နေပြီး တောင်သာမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment