၂၀၂၄ သြဂုတ်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ဦးဆောင်ပြီး ပထမဆုံးအကြိမ် ရိုးရာစုပေါင်းလက်ချည်ပွဲ ကျင်းပ
📌 ၂။ ရေမသန့်ရှင်းမှုကြောင့် ဖယ်ခုံ စစ်ဘေးရှောင်တွေ အရေပြားရောဂါ ဖြစ်ပွါး
📌 ၃။ မကွေးတိုင်း ပွင့်ဖြူမြို့နှင့်စေတုတ္တရာမြို့အကြား အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးနေ ရွာ၄ ရွာမှပြည်သူများစစ်ရှောင်နေရ
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ကုတ်မြို့နယ်တွင် တပ်ရင်းမှူးများအပါအဝင် စစ်အရာရှိများ AA ထိုးစစ်ကိုကြောက်၍ “ တောင်ကုတ်မယ်တော်” နတ်ကနားပွဲ ပြုလုပ်
🚩 ၂။ (၁၅)ရက်အတွင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲ ၅၇ကြိမ် ဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံး
🚩 ၃။ သစ်ပုတ် တာဝါတိုင်စခန်းကို အင်အားဖြည့်ရန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၄ ဦး သေဆုံး
🚩 ၄။ ကျိုက်ထို အမတ(၃၀၁)တပ်ကို ရှော့တိုက် မစ်ဇိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ပခုက္ကူမြို့အဝင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် ရှင်းလင်း
🚩 ၆။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက် စစ်သားနှင့်ပျူ၇ဦးသေဆုံးပြီး PDFရဲဘော်တစ်ဦးကျဆုံး
🚩 ၇။ ဘီးလင်းတိုက်ပွဲမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
🚩 ၈။ ဒီပဲယင်းမြို့နှင် အနီးဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်
🚩 ၉။ ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ဦးဆောင်ပြီး ပထမဆုံးအကြိမ် ရိုးရာစုပေါင်းလက်ချည်ပွဲ ကျင်းပ
ဩဂုတ်လ ၁၇ရက်။
RadioNUG
ကရင်အမျိုးသားအစည်းအရုံး - KNU ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD (ဗဟို)မှ ဦးဆောင်ပြီး ဝါခေါင်လအတွင်း ကျရောက်သည့် ကရင့်ရိုးရာ ချည်ဖြူထုံးဖွဲ့ခြင်း (ကရင့်ရိုးရာလက်ချည်ပွဲ)ကို ဘားအံခရိုင်အတွင်းရှိ KECD ပညာရေးဌာနတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့ကြောင်း ကေအိုင်စီမှာ ဖော်ပြထားပါတယ်။
KECD ၏ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များတွင် ၃ နှစ်တာ ကာလအတွင်း ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန် ပါဝင်သောကြောင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း KECD ဌာနအတွင်းရေးမှူး စောအယ်ကလူထူးက ပြောဆိုထားပါတယ်။
ကရင်လူမျိုးများသည် မတူကွဲပြားသည့် လူမျိုးစုများနှင့် နေရာဒေသကွဲပြား နေထိုင်မှု၊ ယုံကြည်ကိုးကွယ်မှု မတူညီမှုများကြောင့် ရိုးရာလက်ချည်ပွဲကို ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်သူအချို့က ဗုဒ္ဓဘာသာ၏ ဘာသာရေးအယူအဆအဖြစ် ထင်မြင်ယူဆကြသူများ ရှိသောကြောင့် ယခုလို ရှင်းလင်းမှုများ ပြုလုပ်ကြရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဝါခေါင်လဆန်းပိုင်းမှ စ၍ ဒေသအသီးသီးမှ ကရင်လူမျိုးများ၊ ပြည်ပနိုင်ငံရောက် ကရင်အမျိုးသားများ အနေဖြင့် စုပေါင်း ရိုးရာ လက်ချည်ပွဲကို ကြိုတင်၍ ပုံစံအမျိုးအမျိုးဖြင့် ပြုလုပ်နေကြသလို ဝါခေါင် လပြည့်နေ့တွင် အဓိက ပြုလုပ်ကြသူများလည်းရှိပြီး ဝါခေါင်လ တစ်လလုံးအတွင်း ပြုလုပ်နိုင်ကြောင်းလည်း သိရပါတယ်။
ကရင့်ရိုးရာ လက်ချည်ပွဲပြုလုပ်ရာတွင် သက်ကြီးရွယ်အို ဖိုးဖွား မိဘများက လူငယ်အမျိုးသမီး အမျိုးသားများကို လိပ်ပြာခေါ်၍ ပါဝင် ပစ္စည်း(၇)မျိုးဖြစ်သည့် ထမင်းဆုပ် (၇)ဆုပ်၊ ကောက်ညှင်းထုပ်(၇)ထုပ်၊ ငှက်ပျောသီး ၇ လုံး၊ ကြံ ၇ ခြမ်း၊ ချည်ဖြူ (၇)မျှင်၊ ပန်းညို(နတ်ပန်းညို) ၇ ခက်ဖြင့် ချည်ဖြူထုံးဖွဲ့ လက်ချည်ပေးခြင်းဖြစ်ပြီး ပစ္စည်းတစ်မျိုးစီတွင် အဓိပ္ပာယ်တစ်ခုစီ ပါဝင်ကာ အဓိကအားဖြင့် စည်းလုံးညီညွတ်မှုကို အမှတ်အသားပြုခြင်း ဖြစ်ပါတယ်။
========================
📌📌 ၂။ ရေမသန့်ရှင်းမှုကြောင့် ဖယ်ခုံ စစ်ဘေးရှောင်တွေ အရေပြားရောဂါ ဖြစ်ပွါး
ဩဂုတ်လ ၁၇ရက်။
RadioNUG
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနီးတစ်ဝိုက်ရွာတွေက စစ်ဘေးရှောင်တွေမှာ ဩဂုတ်လအတွင်း ရေမသန့်ရှင်းမှုကြောင့် အရေပြား၊ ယားနာရောဂါတွေ ဖြစ်ပွားနေကြပြီး နေ့စဉ်နဲ့အမျှ ကူးစက်ပြန့်ပွားနေကြတာကြောင့် ဆေးနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGOs)တွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
စစ်ဘေးရှောင် တစ်ဦးက “ဆေးတွေလည်း မရှိကြဘူးလေ။ တောထဲက ဆေးမြစ်တွေနဲ့ သွေးလိမ်းကြပေါ့။ ဆေခန်းလည်း တစ်ခု နှစ်ခုလောက်ပဲရှိတာဆိုတော့ အရမ်းလည်း အားကိုးမနေတော့ပါဘူး။ ကျွန်တော်တို့က ယားနာဖြစ်တာထက် လေယာဉ်ကိုပဲ လန့်တာ” လို့ ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်က မိုးဗြဲရေကာတာကို စစ်ကောင်စီရဲ့ (ခလရ - ၄၄၂)တပ်ရင်းက ဖောက်ချလိုက်တာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရေမြုပ်လာပြီး မသန့်ရှင်းတဲ့ ရေတွေကြောင့် အရေပြားရောဂါ ဖြစ်ပွားနေတာ ဖြစ်ပြီး အိမ်ထောင်စု ၅ ရာ နီးပါးရှိတဲ့အထဲက လူဦးရေ တစ်ထောင်ကျော်ဟာ ရောဂါဖြစ်ပွားနေကြကာ အကြမ်းဖျဉ်းအားဖြင့် လူ ၁၀ ဦးမှာ ၇ ဦးခန့်က ကူးစက်နေကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မကွေးတိုင်း ပွင့်ဖြူမြို့နှင့်စေတုတ္တရာမြို့အကြား အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးနေ ရွာ၄ ရွာမှပြည်သူများစစ်ရှောင်နေရ
ဩဂုတ်လ ၁၇ရက်။
Radio NUG
မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ရွာ၄ရွာမှ ပြည်သူများ အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ်လ ၁၇ရက်နေ့ နံနက်ပိုင်းကစပြီး ပွင့်ဖြူမြို့ မဲဇလီရွာရဲစခန်းက အာဏာသိမ်းစစ်တပ်နှင့် ရဲပူးပေါင်းအင်အား ၆၀ကျော်မှ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ် ကျေးရွာများကို စစ်ကြောင်းထိုးနေတယ်ဟု သိရပါတယ်။ ပွင့်ဖြူမြိုနယ် ရေယာဉ်ရွာ ၊ စေတုတ္တရာမြို့နယ် မိုးညှင်းရွာ၊ ခိုနမ်းရွာနှင့် ဝန်လိုရွာစတဲ့ကျေးရွာများကို အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ကျေးရွာပြည်သူများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။
မနက်ပိုင်း ရွာတွေထဲသို့ စစ်ကြောင်းစဝင်လာတာနဲ့ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်။ ပွင့်ဖြူမြို့နယ် မဲဇလီစခန်းမှ ပျူစောထီးနှင့် စစ်တပ်ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ပစ်ခတ်မှုများကြားထဲမှ ပြည်သူများမှာ အသက်လုထွက်ပြေးနေရတာဖြစ်တယ်လို့ ပွင့်ဖြူမြို့နယ်ဒေသခံတစ်ဦးက ပြောကြားပါတယ်။
ပွင့်ဖြူမြို့နယ် အနီးတစ်ဝိုက်တွင် စစ်ဆင်ရေးတွေဖြစ်လာနိုင်တဲ့အတွက် မဲဇလီရွာရဲစခန်းအနီးတွင်နေထိုင်ကြသော ပြည်သူများအား ရွေ့ပြောင်းကြဖို့ မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းနှင့် ပွင့်ဖြူမြို့နယ် PDF များကသတိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကုတ်မြို့နယ်တွင် တပ်ရင်းမှူးများအပါအဝင် စစ်အရာရှိများ AA ထိုးစစ်ကိုကြောက်၍ “ တောင်ကုတ်မယ်တော်” နတ်ကနားပွဲ ပြုလုပ်
ဩဂုတ်လ ၁၇ရက်။
RadioNUG
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ က စကခ(၅)မှ တပ်မမှုး ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့် တပ်ရင်းမှူး ကျော်ထက် အပါအဝင် တောင်ကုတ်မြို့၏ တပ်ရင်း ၂ ခုမှ တပ်ရင်းမှူးများက ခမရ(၃၄၆)အနီးက တပ်ဦးတောင်စေတီတောင်ပေါ်တွင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကိုကြောက်၍ “ တောင်ကုတ်မယ်တော်” ရုပ်တုကို နတ်ကနားပွဲလုပ်ပြီး ပူဇော်ပသခဲ့ကြသည်ဟု နေရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
မနက် ၉ နာရီကနေ ၁၁နာရီအထိ တောင်ကုတ်မယ်တော် ရုပ်ထုဖွင့်ပွဲ၊ပူဇော်ပွဲ ကျင်းပခဲ့ကြပြီး အဆိုပါ “ တောင်ကုတ်မယ်တော်” ရုပ်တုကို ပြီးခဲ့သည့် ဇူလိုင်လမှစကာ စတင်ထုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ ဒါက စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလို့ပြောလို့ရတယ်။ ရန်သူကိုချေဖို့ အကာအကွယ်ယူပြီး ပြုလုပ်တဲ့သဘောပေါ့။ ဒီလိုဖြစ်စဥ်တွေ မောင်တောတို့ သံတွဲတိုက်ပွဲတုန်းကလည်း ပရိတ်နာတာတို့ ပဌာန်းရွတ်တာတို့ ရှိခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ဘာထူးလဲ။ စစ်ဆိုတာက တိုက်ရတာလေ ဒီလိုတွေလုပ်နေတာက အကြောက်လွန်ပြီးလုပ်နေတယ်လို့ပဲမြင်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ (၁၅)ရက်အတွင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲ ၅၇ကြိမ် ဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံး
ဩဂုတ်လ ၁၇ရက်။
RadioNUG
ဩဂုတ်လ(၁)ရက်မှ (၁၅)ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ အမှတ်(၅)တပ်မဟာနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၅၇)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ (၂၀)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ အမှတ်(၅)တပ်မဟာနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက်မှုတစ်စုံတရာ မရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ရိက္ခာများအား လေယာဉ်ဖြင့် ပို့ဆောင်ခြင်းတို့အား ပြုလုပ်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား (၁)ဦးနှင့် နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ သစ်ပုတ် တာဝါတိုင်စခန်းကို အင်အားဖြည့်ရန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၄ ဦး သေဆုံး
ဩဂုတ်လ ၁၇ ရက်။
Radio NUG
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းကို အင်အားဖြည့်ရန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့မှာ မဏ္ဍိုင်ဘက်ကနေ ထွက်ခွာလာတဲ့ အင်အား ၂၆ ဦးပါ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ညောင်နီပင်ရွာနဲ့ သစ်ပုတ်ရွာကြားမှာ စနိုက်ပါ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် ၆ နာရီအတွင်း စစ်ကောင်စီဘက်က ၁၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံး/ ဒဏ်ရာရသူများကို မှတ်တိုင်ဘက်က ဖောကားဖြင့် လာရောက်သယ်ဆောင် သွားပြီး ရွှေတောင် ကုတင် (၁၀၀) စစ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၃၆ PPDF) တပ်ရင်းမှ ဦးဆောင်ကာ တပ်ခွဲစုံညီ စုပေါင်းစစ်ကြောင်း၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ (၁)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄)နှင့် ရွှေတောင် (ပ.က.ဖ) ပူးပေါင်း စစ်ကြောင်းနဲ့ (၃၈၀၁ PDF) တပ်ရင်း တပ်ခွဲ (၃) နတ်စစ်သည် စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် ခုခံခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ PPDF - ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ကျိုက်ထို အမတ(၃၀၁)တပ်ကို ရှော့တိုက် မစ်ဇိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်
ဩဂုတ်လ ၁၇ ရက်။
Radio NUG
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (အမတ - ၃၀၁) တပ်ရင်းကို ရှော့တိုက် မစ်ဇိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)နဲ့ KNU/KNLA ပူးပေါင်းအဖွဲ့က သိမ်ဇရပ် အမြှောက်တပ် (အမတ ၃၀၁)တပ်ကို ရှော့တိုက်မစ်ဇိုင်းဖြင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ည ၉ နာရီခန့်မှာ အဆိုပါ အမတ (၃၀၁)တပ်မှ ခရွဲကျေးရွာ ဘက်ကို ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ပြီးထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူမြို့အဝင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် ရှင်းလင်း
ဩဂုတ်လ ၁၇ ရက်။
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့အဝင် သုဿန်နားက စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့မှာ ပခုက္ကူမြို့အဝင်က အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ကျည်ထိမှန် ဒဏ်ရာဖြင့် ထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ဆေးရေး ဂိတ်အား ဝင်ရောက်ရှင်းလင်းခဲ့ရာ AK တလက်၊ AK ကျည်ဘောက် ၁ ဘောက်၊ ICON ၃ လုံးနဲ့ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ တပ်ခွဲ ၁ တပ်စိပ် ၁ ၊ Burma Revolution Rangers (B.R.R) ၊ Royal Defense Force (R.D.F) ၊ Pakokku People Defense Force (P.P.D.F) ၊ ဒေါင်းစစ်သည်၊ မြိုင် ပ.က.ဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက် စစ်သားနှင့်ပျူ၇ဦးသေဆုံးပြီး PDFရဲဘော်တစ်ဦးကျဆုံး
ဩဂုတ်လ ၁၇ရက်။
Radio NUG
ဩဂုတ်လ ၁၄ရက်နေ့ နံနက်ပိုင်း၌ စစ်ကိုင်းတိုင်းအရာတော်မြို့နယ်၊ သလဲဘာပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူ၇ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး အသက်ပေးလှူသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတွေပူးပေါင်း အထိုင်ချနေသော စပါးတွင်းရွာ၊ သလဲဘာရွာနှင့် ငွေတွင်းရွာတွေကို PDF၊ ပကဖနှင့် Local PDFပူးပေါင်းတပ် အင်အား၂၀၀ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ၅ နာရီကြာ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
တော်လှန်ရေးအင်အားကောင်းသော စစ်ကိုင်းတိုင်းတွင် ၁၀၂၇ ဒုတိယစစ်ဆင်ရေးလှိုင်းတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်အာဏာသိမ်းစစ်တပ်တို့အကြားတွင် အပြန်အလှန်တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်ရှိနေပြီး တော်လှန်ရေးဖက်တွင် အဖက်ဖက်မှ လိုအပ်ချက်များကြောင့် ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေခဲ့ပါတယ်။
========================
🚩🚩 ၇။ ဘီးလင်းတိုက်ပွဲမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
ဩဂုတ်လ ၁၇ ရက်။
Radio NUG
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာ၊ မစောတံတားအနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ သံလွင်တိုင်း မီဒီယာက ဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၄ နာရီခန့်က မစောတံတား အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
တစ်နာရီကြာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကလေး ကျေးရွာနေ အသက် ၁၈ နှစ်အရွယ်နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အသက် ၃၀ မှ ၄၅ ကြား အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိုထဲမှ အမျိုးသမီး ၁ ဦးမှာ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာရရှိထားတာကြောင့် စိုးရိမ်ရပြီး သထုံခရိုင် ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်း ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်မှာ ခရီးသွား ကားရာချီ ပိတ်မိခဲ့ပြီး မနက် ၉ နာရီခန့်မှသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးက မစောတံတားဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး အရပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၈။ ဒီပဲယင်းမြို့နှင် အနီးဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်
ဩဂုတ်လ ၁၇ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ နဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ တိမ်းရှောင်နေရတယ်လို့ People's Defense Comrade (ရေဦးအခြေပြု) အဖွဲ့ထံက သိရပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၇ နာရီ ၃၅ မိနစ်၊ ၈ နာရီ ၅၇ မိနစ်နဲ့ ၉ နာရီတို့တွင် Yak-130 Jet Fighter ဖြင့် ၃ ကြိမ်နဲ့ မနက် ၉ နာရီ ၄၇ မိနစ်၊ ၄၉ မိနစ်နှင့် ၅၂ မိနစ် တို့တွင် Mi-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ဒီပဲယင်း မြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒီပဲယင်းမြို့ အနီးဝန်းကျင်ကိုလည်း မနက် ၁၀ နာရီ ၁၈ မိနစ်၊ ၂၄ မိနစ်၊ ၃၀ မိနစ်၊ ၄၈ မိနစ်၊ ၅၁ မိနစ်နဲ့ ၁၁ နာရီ ၄ မိနစ်၊ ၅ မိနစ်၊ ၁၁ မိနစ်၊ ၁၆ မိနစ်၊ ၂၅ မိနစ်တို့တွင် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ၁၁ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၂ မိနစ်၊ ၂၄ မိနစ်နဲ့ ၃ နာရီခန့်မှာ Mi-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လေကြောင်းတိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဩဂုတ်လ ၁၇ ရက် မနက် အစောပိုင်းမှာ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများရှိရာ နေရာများကို Y-12 လေယာဉ်ဖြင့် လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာများ ကြဲချပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုနေ့ ညနေပိုင်းအချိန်ထိ ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်များ ဆက်တိုက်ပျံဝဲနေကြပြီး လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၉။ ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ဩဂုတ်လ ၁၇ရက်။
RadioNUG
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀)သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့တွင် တပ်တော်၏ ဗဟိုဌာနချုပ်နယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ တပ်တော်၏ စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆုချီးမြှင့်ခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် စစ်ကောင်စီအား အတူ လက်တွဲတိုက်ပွဲဝင်မည့် စစ်သည်များကို လက်ခံခေါ်ယူလျက်ရှိကာ လူတန်းစား အလွှာအသီးသီးက အမှန်တရားအတွက် ရပ်တည် တိုက်ပွဲဝင်လိုသူ မည်သူမဆို တပ်တော်သို့ ဝင်ရောက် အမှုထမ်းဆောင်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment