၂၀၂၄ သြဂုတ်လ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အောင်မြင်ဖို့သေချာနေပြီဖြစ်တာကြောင့် ကူညီပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို NUG တိုက်တွန်း
📌 ၂။ စစ်အုပ်စုက တတိတိလဲပြိုလာရာကနေ မကြာခင် ဘုံးဘုံးလဲတော့မယ့် အခြေအနေကို ရောက်ရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို
📌 ၃။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လက်အောက်မှာ မြန်မာကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းအောက် ထိုးကျသွားတယ်လို့ စီးပွား ရေးပညာရှင် ပါမောက္ခ ဒေါက်တာရှောင်တာနယ် ပြော
📌 ၄။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကလေးငယ်များနှင့် လူငယ်အများအပြားမှာပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ ဆုံးရှုံးနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာဖွင့်ချပြောဆို
📌 ၅။ ပြည်သူ့ကူညီမှု ဆန်အိတ်ပေါင်း (၂၄၅၆) အိတ်မြောက် အဟာရဒါန ကုသိုလ်အဖြစ် ဆန်အိတ်(၂၀၀) ပင်လောင်းမြို့အနီးမှ စစ်ရှောင်ပြည်သူများအား ပေးလှူခဲ့
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရခိုင့်တပ်တော် AAအနေနဲ့ အရပ်သားအလုံးကို အကာအကွယ်ပေးဖို့ SAC-M တောင်းဆို
🚩 ၂။ တနင်္သာရီ ထုံမခါရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ၃ ဦး ဒဏ်ရာရ
🚩 ၃။ ပေါက်ခေါင်းမှာ ဒေသခံပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ချောင်းကောင်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၄။ မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဒေသခံပြည်သူများကို မင်းတပ် CDF အသိပေး
🚩 ၅။ အကြမ်းဖက်စကစတပ်များကန့်ဘလူရှိကျေးရွာများသို့တပ်ဖြန့်လှုပ်ရှားနေ၍သတိပြုရန်လို
🚩 ၆။ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ်တဦး လက်နက်များနဲ့အတူတော်လှန်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်လာ
🚩 ၇။ မကြာခင်တနိုင်ငံလုံးရှိ စစ်တပ်အထိမ်းအမှတ် လက္ခဏာအားလုံး ဖျက်ဆီးချေမွှခံရတော့မှာ ဖြစ်တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အောင်မြင်ဖို့သေချာနေပြီဖြစ်တာကြောင့် ကူညီပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို NUG တိုက်တွန်း
သြဂုတ်လ၂၂ရက်
မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲဟာ အောင်မြင်ဖို့သေချာနေပြီဖြစ်တာကြောင့် အောင်ပွဲ အမြန်ရစေရေး ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေက နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
မနေ့ သြဂုတ် ၂၁ရက်ညကပြုလုပ်တဲ့ "မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ - Insights on the achievements of Myanmar's Spring Revolution" ဆွေးနွေးပွဲမှာ NUG ခေါင်းဆောင်တွေက အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။
NUG ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အာဏာသိမ်းစစ်ကောင်စီဟာ မကြာမီကာလမှာ ဗုံးဗုံးလဲတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဒီမိုကရေစီဘက်တော်သားမိတ်ဖက်တွေကို တရားဝင်အသိအမှတ်ပြုပြီး ကူညီကြရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အခုအချိန်ဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ကျွန်ုပ်တို့နဲ့အတူ ရပ်တည်ကြဖို့ အချိန်ဖြစ်ပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာအသိုင်းအဝန်းကို သတင်းစကားပါးလိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း နိုင်ငံတကာအနေနဲ့ လက်ရှိအချိန်မှာ မြန်မာပြည်သူတွေဘက်က ရပ်တည်ပြီး ဘယ်သူ့ကိုမှကောင်းကျိုးမပေးတဲ့ စစ်အာဏာရှင်စနစ်ဆိုးတွေကို ကမ္ဘာ့မြေပေါ်ကနေမောင်းထုတ်ပြီး အဆုံးသတ်သင့်တဲ့ အချိန်အခါဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အကြမ်းဖက်စစ်တပ်မရှိရင် ကျွန်တော်တို့တိုင်းပြည်က အချင်းချင်းမညီမညွတ်နဲ့ တစစီပြိုကွဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ် သလိုလို စွပ်စွဲသလိုလို စကားတွေကြားနေရပါတယ်။ ကျွန်တော်တို့သွားမယ့်ပန်းတိုင်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ identity တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပဲ ဖြစ်ပါတယ်။ အဲဒီကို ကျွန်တော်တို့ သွားမှာပါ”လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒီအတွက်လည်း တော်လှန်ရေးအင်အားစုတွေကြား တူညီတဲ့သဘောထားများရှိထားပြီးဖြစ်သလို ထပ်မံပါဝင်လာဖို့ အတွက်လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့တဲ့ အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟောတာကလည်း ဒီမိုကရေစီတိုက်ပွဲဝင်သူများနဲ့ တော်လှန်ရေးအဖွဲ့တွေက အသာစီးရနေပြီး ယခုစစ်ပွဲကို နိုင်နေပြီး နိုင်သွားမှာလည်း ဖြစ် တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီ။ နိုင်ငံရေးစစ်မျက်နှာမှာလည်း ကျရှုံးနေပြီ။ ကဏ္ဍအားလုံးမှာ ကျရှုံးနေပါပြီလို့ အရှေ့တီမောသမ္မတက ပြောပါတယ်။
ဒါကြောင့် အရပ်သားပြည်သူ တွေအပေါ် နိုင့်ထက်ပြုကျင့်တာမျိုးတွေမလုပ်ဖို့နဲ့ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေအပေါ် အကြမ်းဖက်တာမျိုးတွေ မဖြစ်စေဖို့ အရှေ့တီမောသမ္မတက အကြံပြုတိုက်တွန်းထားပါတယ်။
ရန်သူဖြစ်ခဲ့ဘူးတဲ့သူတွေကို မိတ်ဆွေတွေအဖြစ် လက်ကမ်းကြိုဆိုလိုက်ကြပါ။ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ စည်းလုံး ညီညွတ်တဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာပါဝင်ဖို့ သူတို့ကို ဖိတ်ခေါ်လိုက်ကြပါ။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေ သူတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာ အောင်နိုင်သူတွေကို ကမ္ဘာ့ကစံနမူနာယူရမယ့်သူတွေဖြစ်အောင် ပြုမူပါ။ ဒေါသတွေ လက်စားချေမှုတွေနဲ့ ရက်စက်ဖိနှိပ်မှုတွေကင်းတဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် စံနမူနာယူဖွယ် လူ့အသိုင်းအဝန်း တခုကို တည်ဆောက်လိုက်ပါ။ မိတ်ဆွေတို့ဟာ မျှော်လင့်ချက်အပြည့်နဲ့ကြွယ်ဝတဲ့ နွေဦးအသစ်ကို ဦးဆောင်မယ့်သူတွေ ဖြစ်တယ်လို့ သမ္မတ ဟိုဆေးရာမို့စ်ဟောတာက ပြောကြားခဲ့ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များဆိုတဲ့ဆွေးနွေးပွဲကို ပရက်လူမှုအခြေပြုစင်တာရဲ့ အကြီးတန်းအကြံပေး အစ်ဂေါဘလာဇီဗစ်က ဆွေးနွေးပွဲပံ့ပိုးပေးသူအဖြစ်ဆောင်ရွက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ-KNPP ဥက္ကဋ္ဌ ခူရီးရယ်ကလည်း အမှာစကားပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာကာဆစ်ပီရိုမြ၊ သြစတြေးလျလွှတ်တော်အမတ် ဂျနဲလ်ဆက်ဖ်ဖင်းနဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုက တတိတိလဲပြိုလာရာကနေ မကြာခင် ဘုံးဘုံးလဲတော့မယ့် အခြေအနေကို ရောက်ရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို
သြဂုတ်လ၂၂ရက်
စစ်အုပ်စုက တတိတိလဲပြိုလာရာကနေ မကြာခင် ဘုံးဘုံးလဲတော့မယ့် အခြေအနေကို ရောက်ရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
သြဂုတ်လ၂၁ရက်"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ - Insights on the achievements of Myanmar's Spring Revolution" အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုခဲ့ပါတယ်။
"မြန်မာ့နွေဦးတော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလတခုကြာမြင့်လာချိန်မှာ ဘုံရန်သူကိုလည်း ပြတ်ပြတ်ထင်ထင်သိမြင်၊ ဘုံပန်းတိုင် ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နေကြပြီဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုစည်း ညီညွတ်မှုတွေ ရလာနေပြီဖြစ်သလို ပြည်သူလူထုတရပ်လုံးကို ရန်သူလို သဘောထားပြီး နေ့စဉ်ရက်စက် ကြမ်းကြုတ်ရက်စက်နေတဲ့ စစ်အုပ်စုကတော့ တတိတိလဲပြိုလာရာကနေ မကြာခင် ဘုံးဘုံးလဲတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ"လို့ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ် (၇၇) မြို့နယ်ရှိနေပြီဖြစ်သလို အကြမ်းဖက်စစ်အုပ်စု မလှုပ်နိုင်အောင် ဝိုင်းပတ်ပိတ်ဆိုးထားတဲ့ မြို့ (၁၀၅) မြို့ ရှိနေပြီဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လက်အောက်မှာ မြန်မာကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းအောက် ထိုးကျသွားတယ်လို့ စီးပွား ရေးပညာရှင် ပါမောက္ခ ဒေါက်တာရှောင်တာနယ် ပြော
သြဂုတ်လ၂၂ရက်
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၅၀ ရာခိုင်နှုန်းအောက် ထိုးကျ သွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာလည်း ၈၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တာနယ်က ပြောဆိုလိုက်ပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ပြုလုပ်တဲ့ "မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ" စကား၀ိုင်း အစီအစဉ်မှာ ဒေါက်တာရှောင်တာနယ်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်မှာ စီးပွားရေးက ဖြစ်သင့်တာထက် ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားပြီး တော့ မြန်မာကျပ်ငွေတန်ဖိုးကတော့ ၈၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိကျဆင်းသွားပါတယ်။ စစ်ကောင်စီအနေနဲ့ မြန်မာ့စီးပွားရေးကို စစ်ပွဲ စီးပွားရေးအဖြစ် လျော့ကျစေခဲ့ပါတယ်လို့ ဒေါက်တာရှောင်တာနယ်က ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေးအကြံပေး ဒေါက်တာရှောင်တာနယ်က စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့မှုကို ပိတ်ပင်ဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ ထိရောက်မှုရှိတဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ စစ်ကောင်စီကို စီးပွားရေးအရရော သံတမန်ရေးအရရော အသိအမှတ်မပြုဖို့လိုပါတယ်။ စစ်ကောင်စီက ရေရှည်တည်တံ့မှာမဟုတ်ပါဘူး။ ဘဏ္ဍာရေးအရ ပိတ်ဆို့မှုတွေက ထိရောက်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုက အရမ်းကိုထိရောက်ပါတယ်။ ဒါပေမယ့်လည်း ယိုပေါက်တွေကို ထပ်ပိတ်ဖို့လိုပါတယ်။ လေယာဉ်ဆီတင်သွင်းမှုတွေအပေါ် ပိတ်ဆို့ဖို့လိုအပ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဒါကို လုပ်ဖို့လိုပါတယ်လို့ ပါမောက္ခဒေါက်တာရှောင်တာနယ်က ရှင်းပြပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာအကူအညီမပါဘဲ စဉ်ဆက်မပြတ် ဆက်လက်ရွေ့လျားနေပြီး မျိုးဆက်သစ် လူငယ်တွေဟာ ထူးချွန်ပြောင်မြောက်စွာနဲ့ တော်လှန်ရေးမှာပါဝင်နေကြောင်းနဲ့ လူငယ်တွေက တိုင်းပြည်တည်ဆောက် ရေးအတွက် တော်လှန်နေချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
========================
📌📌 ၄။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကလေးငယ်များနှင့် လူငယ်အများအပြားမှာပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ ဆုံးရှုံးနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာဖွင့်ချပြောဆို
သြဂုတ်လ၂၂ရက်
စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကလေးငယ်များနှင့် လူငယ်အများအပြားမှာပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာဖွင့်ချပြောဆိုလိုက်ပါတယ်။
သြဂုတ်လ၂၁ရက်ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace Addressing Global, Regional and National Aspects of Conflict Prevention တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
"စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာသူနှင့် ဒုက္ခသည်များ အရေအတွက်မှာ (၃.၂) သန်းအထိ မြင့်တက်လာခဲ့ပြီး (၁၈.၆) သန်းခန့်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊ ကလေးငယ်များနှင့် လူငယ်အများအပြားမှာလည်း ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များနှင့် ရိုဟင်ဂျာများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများမှာ စစ်တပ်မှ ကျူးလွန်သည့် အမျိုးမျိုးသော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ဒါ့အပြင် စစ်တပ်သည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်း များကို နိုင်ငံရေးအရနှင့် လက်နက်သဖွယ် အသုံးချလျက်ရှိသဖြင့် ယင်းလုပ်ငန်း များ လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ထိရောက်စွာ ဖော်ဆောင်ပေးရန် ခက်ခဲလျက်ရှိတယ်လို့သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၅။ ပြည်သူ့ကူညီမှု ဆန်အိတ်ပေါင်း (၂၄၅၆) အိတ်မြောက် အဟာရဒါန ကုသိုလ်အဖြစ် ဆန်အိတ်(၂၀၀) ပင်လောင်းမြို့အနီးမှ စစ်ရှောင်ပြည်သူများအား ပေးလှူခဲ့
သြဂုတ်လ၂၂ရက်
ပြည်သူ့ကူညီမှု ဆန်အိတ်ပေါင်း (၂၄၅၆) အိတ်မြောက် အဟာရဒါန ကုသိုလ်အဖြစ် ဆန်အိတ်(၂၀၀) ပင်လောင်းမြို့အနီးမှ စစ်ရှောင်ပြည်သူများအား ပေးလှူခဲ့တယ်လို့ ဦးနေမျိုးဇင်က သြဂုတ်လအတွင်းမှာ စစ်ရှောင်များအား ပေးအပ်ကူညီမှုကိုဦးနေမျိုးဇင်ကအသိပေးဆိုထားပါတယ်။
"ပြည်သူ့ကူညီမှု ဆန်အိတ်ပေါင်း (၂၄၅၆) အိတ်မြောက် အဟာရဒါန ကုသိုလ်အဖြစ် ဆန်အိတ်(၂၀၀) ပင်လောင်းမြို့အနီးမှ စစ်ရှောင်ပြည်သူများအား ပေးလှူခြင်း"လို့ဖော်ပြထားပါတယ်။
စားဝတ်နေရေးအတွက်တချို့စစ်ရှောင်နေရတဲ့ရွာတွေဆိုအခက်ခဲကြီးစွာကြုံရပါတယ်။သွားလာရခက်ခဲတဲ့နေရာကပြည်သူတွေအတွက်အာဟာရဒါနဖြစ်မယ့်အလှူရှင်တွေလိုအပ်တယ်လို့လည်းဦးနေမျိုးဇင်ကဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရခိုင့်တပ်တော် AAအနေနဲ့ အရပ်သားအလုံးကို အကာအကွယ်ပေးဖို့ SAC-M တောင်းဆို
ဩဂုတ်လ(၂၂)
ရခိုင့်တပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို နိုင်ငံတကာအကူအညီများ၊ စောင့်ကြည့်သူများနဲ့ စုံစမ်းစစ်ဆေး သူများ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်စေရေး ဖြစ်မြောက်အောင်ဆောင်ရွက်ပေးဖို့နဲ့ အရပ်သားပြည်သူအားလုံးကို ကာကွယ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဩဂုတ်လ ၁၉ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ SAC-M ထုတ်ပြန်ချက်ထဲမှာ AA အနေနဲ့ ရခိုင်မြောက်ပိုင်းက အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအောက်ကနေ တာဝန်၀တ္တရားတွေကို လိုက်နာထိန်းသိမ်းဆောင်ရွက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာတွေနဲ့ အခြားအရပ်သားတွေအပေါ် ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်တွေနဲ့ပတ်သက်လို့ ဘယ်သူ့ မှာတာဝန်ရှိတယ်ဆိုတာ မဆုံးဖြတ်နိုင်သေးပေမယ့် AA အနေနဲ့ စစ်ကောင်စီကို အလုံးစုံးနီးပါး ချေမှုန်းဖယ်ရှားပြီး ဒေသတွင်း အခရာကျတဲ့ အုပ်ချုပ်မှုအာဏာပိုင်ဖြစ်လာတာဟာ ကျေနပ်အားရဖွယ်ဖြစ်တယ်လို့ SAC-M က အသိပေးထား ပါတယ်။
ဒါကြောင့် AA အနေနဲ့ ရခိုင်ဒေသမြောက်ပိုင်းက အရပ်သားအားလုံးကို အချိန်ပြည့်ကာကွယ်ပေးဖို့နဲ့ ချက်ချင်းဆောင်ရွက်ဖို့ SAC-M က တောင်းဆိုထားတာဖြစ်ပါတယ်။
ဒါ့အပြင် AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် လူသားချင်းစာနာထောက်ထားမှုစင်္ကြန်တခု တည်ဆောက်ဖို့နဲ့ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းအားလုံးကို လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ရာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ ၎င်းတို့ရဲ့အေဂျင်စီများ၊ အခြားအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ၎င်းတို့ရဲ့တာဝန်၀တ္တရာများအတိုင်း လိုက်နာ ကြဖို့ SAC-M က အသိပေးထားပါတယ်။
မြန်မာနိုင်ငံအတွင်း တရားမျှတမှုဖြစ်အောင် ဆောင်ကြဉ်းပေးဖို့နဲ့ ရာဇဝတ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရခြင်းက နေ ကင်းလွတ်ခွင့်ရရှိနေတာကို အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်တယ်လို့ လည်း SAC-M က ထုတ်ပြန်ထားပါတယ်။
ရခိုင်ဒေသတွင်း ခေတ်ကာလအဆက်ဆက်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းများ၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများရဲ့ အဓိကလက်သည်တရားခံဟာ စစ်အစိုးရအဆက်ဆက်နဲ့ မြန်မာ့တပ်မတော်တဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီ ဖြစ်သလို ယခုရက်သတ္တပတ်များအပါအဝင် လွန်ခဲ့သောလများကဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ်တိုင်းဟာလည်း စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတိုနဲ့အတူ ARSA ၊ RSO ၊ ARA စတဲ့ ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲများကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လုပ်ဆောင်ချက်တွေသာဖြစ်တယ် လို့ ရခိုင့်တပ်တော်က ဩဂုတ်လ ၁၈ ရက်ကပဲ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
========================
🚩🚩 ၂။ တနင်္သာရီ ထုံမခါရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ၃ ဦး ဒဏ်ရာရ
ဩဂုတ်လ(၂၂)
တနင်္သာရီမြို့နယ် ထုံမခါရွာတဝိုက် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ထံကနေ သိရပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က တနင်္သာရီမြို့နယ် ထုံမခါရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
အခုလိုတိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးသီး ၂ လုံးကြဲချသွားတဲ့အပြင် ပွိုင့်ဖွိုက်သေနတ်နဲ့လည်း ဘုန်းကြီးကျောင်းကို ပစ်ခတ် ခဲ့တာကြောင့် ဘုန်းကြီးကျောင်းထဲမှာရှိနေတဲ့ ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရသွားတာလို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ တာဝန်ရှိသူတဦးက အတည်ပြုထားပါတယ်။
ဩဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့ ၆ မိုင်ရွာ၊ ဆင်ခေါင်းရွာနဲ့ ကဏန်းကွင်းရွာတို့ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အခုလအတွင်းမှာ တိုက်လေယာဉ်တွေအသုံးပြုပြီး တနင်္သာရီမြို့နယ်အတွင်းက ပြည်သူလူထု နေထိုင်ရာကျေးရွာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာတွေ အကြိမ်ကြိမ်ပြုလုပ်နေတာကြောင့် ကျေးရွာနေပြည်သူ များအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ က အသိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ ပေါက်ခေါင်းမှာ ဒေသခံပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ချောင်းကောင်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
ဩဂုတ်လ(၂၂)
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ ဒေသခံပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ချောင်းကောင်းရွာက အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။
ပေါက်ခေါင်းမြို့နယ် ချောင်းကောင်းအုပ်စု ချောင်းကောင်းရွာမှာ နေထိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ဒိုး (ခ) ညွန့်နိုင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ-၃ နဲ့ ပေါက်ခေါင်း-ပကဖတို့က ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်မှာ နေအိမ်အတွင်းမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ကျောက်ဒိုး (ခ) ညွန့်နိုင်ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ကျေးရွာအုပ်စုအတွင်းက ပြည်သူတွေကို အတင်းအဓ္မ စစ်မှုထမ်းဖို့ခေါ်ဆောင်တာ မတရားငွေညှစ်တောင်းခံတာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ပေါ်တာဆွဲရာမှာ အချိန်ပြည့်လိုက်ပါဆောင်ရွက်ပေးနေတာတွေကြောင့် ပစ်ခတ်ရှင်းလင်းတာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်းက အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး စစ်မှုထမ်းစုဆောင်းရာမှာ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ ကျန်အုပ်ချုပ်ရေးမှူးတွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဒေသခံပြည်သူများကို မင်းတပ် CDF အသိပေး
ဩဂုတ်လ(၂၂)
ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေကို မင်းတပ် CDF က မနေ့ ဩဂုတ်လ ၂၁ ရက်နေ့ မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် Drone နဲ့ ဗုံးကြဲတိုက်ခိုက်တာ တွေ ဆက်တိုက်လုပ်လာတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်တို့ကြား အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ တိုက်ပွဲတွေဖြစ်လာခဲ့ရင် တိုက်ပွဲသတင်းများ၊ ထိခိုက်ကျဆုံးမှုများနဲ့ တိကျခိုင်လုံမှုမရှိတဲ့ သတင်းတွေကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေတာမျိုး လုံးဝမလုပ်ကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် က မေတ္တာရပ်ခံ ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် လူစုလူဝေးမလုပ်ကြဖို့၊ မိမိတို့ နေအိမ်များအနီး အိမ်အောက်မဟုတ်တဲ့နေရာတွေမှာ ပုန်းခိုစရာနေရာ ဗုံးခိုကျင်းတွေ သေချာတူးထားကြဖို့နဲ့ အန္တရယ်ကင်း စေဖို့ စစ်ရေးသတင်းတွေကို အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် သက်ဆိုင်ရာတာဝန်ရှိသူတွေကိုသာမေးမြန်းကြဖို့၊ ပြည်သူလူထု စိတ်သောကရောက်စေမယ့် သတင်းမှားတွေ ဖြန့်ဝေတာမျိုးမလုပ်ကြဖို့ CDF-Mindat က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စကစတပ်များကန့်ဘလူရှိကျေးရွာများသို့တပ်ဖြန့်လှုပ်ရှားနေ၍သတိပြုရန်လို
သြဂုတ်လ၂၂ရက်
သြဂုတ်လ၂၂ရက်မှာ စကစတပ်များအခြေအနေကို ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အခုလိုဖော်ပြပါတယ်။
သြဂုတ်လ၂၂ရက်မနက်၇နာရီ၃၀အချိန်ကန့်ဘလူ တကရ ၆၀၀၆ တပ်ရင်းမှထွက်လာသော စစ်ကြောင်းနှစ်ကြောင်းအနက် စကစ၊ပျူအင်အား(၇၄)ဦးခန့်ပါသည့် စစ်ကြောင်းသည် နတ်အင်းရွာဘက်သို့ ခြေလျှင်ထွက်နေကြောင်းသိရပြီး၊ကျန်အင်အား ၅၀ ခန့်စစ်ကြောင်းသည် ငတို့ရွာဘက်သို့ ဦးတည်ထွက်နေကြောင်းသိရတယ်လို့ဖော်ပြပါတယ်။
အလားတူကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်အနီးမှ ထွက်လာသော စကစ+ပျူအင်အား၂၀၀ ခန့်စစ်ကြောင်းဟာလည်း ကန့်ဘလူမြို့နယ်၊ အင်းမရွာတောင်ဘက်မှ ရှမ်းကုန်းဘက်ဦးတည်ထွက်ပြီးမနက်ဆယ်နာရီ တွင် ချပ်ကြီးရွာဘက်သို့ ဦးတည်ထွက်နေကြောင်းသိရပါတယ်။
========================
🚩🚩 ၆။ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ်တဦး လက်နက်များနဲ့အတူတော်လှန်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်လာ
ဩဂုတ် ၂၂ရက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ သြဂုတ်လ၂၂ရက်မှာ Freedom Revolution Force ( FRF) အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့က တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် တဦးလက်နက်များ ယူဆောင်လာပြီး Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း ၂ ပူပေါင်း အဖွဲ့ထံ အလင်း ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
၄င်းဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၁၇၃ တောင့်၊ ၅.၅၆ကျည် ၁ တောင့်၊9 mm ပစ်စတိုကျည် ၇တောင့်၊ ၉ လုံး ရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁လုံး နှင့် လက်ထိပ် ၁ ခု တို့ယူဆောင်လာခဲ့ပါတယ်။
========================
🚩🚩 ၇။ မကြာခင်တနိုင်ငံလုံးရှိ စစ်တပ်အထိမ်းအမှတ် လက္ခဏာအားလုံး ဖျက်ဆီးချေမွှခံရတော့မှာ ဖြစ်တယ်လို့ဆို
သြဂုတ်လ၂၂ရက်
"ချေမှုန်းခံလိုက်ရတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အခြေစိုက်စခန်း တခု၊မကြာခင်တနိုင်ငံလုံးရှိ စစ်တပ်အထိမ်းအမှတ် လက္ခဏာအားလုံး ဖျက်ဆီးချေမွှခံရတော့မှာ ဖြစ်ပါတယ်"လို့သြဂုတ်လအတွင်းစစ်ရေးသုံးသပ်ချက်များကိုဖေည်ပြရေးသားတဲ့ PDFInsightကဖော်ပြပါတယ်။
ဒါ့အပြင်မြေပြန့် ဒေသ တခုလုံး ခြုံကြည့်ပါကစစ်ကိုင်း၊ မန္တလေး နဲ့ မကွေးတိုင်းမှာ ရန်သူ့စစ်ခန်းတွေကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်တဲ့အထိ စစ်ရေးအရ အရှိန်မြင့်လာပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် နဲ့ နေပြည်တော် ဒေသမှာ ပြောက်ကျားတိုက်ခိုက်မှုတွေ၊ မြို့ပြ တိုက်ခိုက်မှုတွေကိုလဲ ပုံမှန် လုပ်ဆောင်နိုင်လာတဲ့အခြေအနေရှိလာနိူင်တယ်လို့PDFInsightကစစ်ရေးအခြေအနေကိုသုံးသပ်ထားပါတယ်။
No comments:
Post a Comment