စစ်ကောင်စီ၏ လက်ချက်နဲ့ ကျဆုံးခဲ့သူ အနုပညာရှင် ဖေမောင်စိမ်း ဈာပန ကျင်းပပြီးစီး
ကိုမြင့်သူ ၊ Radio NUG ဩဂုတ် ၂၂၊ ၂၀၂၄
အကြမ်းဖက်စစ်တပ်က သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဦးဖေမောင်စိမ်း ဈာပန ကို ကျန်ရစ်သူမိသားစုတွေက ကျင်းပခဲ့ကြပါတယ်။
ထောင်ကလွတ်ပြီး ၃ ရက်အကြာမှာ စစ်ကြောမေးမြန်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားလည်းဖြစ်သူ၊ ထင်ရှားတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အသက် ၅၀ နှစ်အရွယ် ဦးဖေမောင်စိမ်းရဲ့ ဈာပနကို မနေ့က ဩဂုတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြိုက ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။ သူ ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေထဲက The River Our Ayeyarwaddy မှတ်တမ်း ရုပ်ရှင်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် စာရေးဆရာတစ်ဦးက အခုလို သတိတရ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“မြန်မာတွေရဲ့ နေ့စဥ်ဘဝ အသက်ရှင်မှုလေးတွေ တွေ့ရတယ်။ လှေလေးတွေနဲ့ ငါးရှာ၊ ဖားရှာတို့ အရောင်းအဝယ် လုပ်ကြတာတို၊ ဒီမြစ်ကြီးရဲ့ ကျေးဇူးတွေ ဘာတွေ ဖော်ပြီးတော့ မျက်ရည်ကျလာတယ်။ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ သက်ရှိလူသားတစ်ယောက်လို တို့နိုင်ငံကို ကျေးဇူးပြုတဲ့ မြစ်ကြီးလေ၊ အဲဒါကို ချစ်တာပေါ့။ ချစ်တာလည်း ပါတာပေါ့။ အဲဒါကို ဘယ်သူရိုက်တာလဲ ဆိုတော့ ဖေမောင်စိမ်း ရိုက်တာတဲ့။ ရိုက်ထားတာလေးတွေလည်း ကောင်းတယ်။ မနက်ဘက် လှေသံလေးတွေနဲ့ ခပ်တဲ့ ကျီကျိမော်တော်ဘုတ်လေးတွေ ဖုတ်ဖုတ်နဲ့ သွားတာကအစ၊ နေလုံးထွက်လာတာ၊ ဝေလီဝေလင်းမှာ လှေလေးတွေ ထွက်သွားကြတာက တို့ပြည်သူတွေရဲ့ ဘဝနဲ့ စပ်ဆက်နေတဲ့ မြစ်ကြီးပါလားဆိုပြီး ခံစားရတယ်။”
ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ သားတစ်ဦးလည်းဖြစ်သူ ဦးဖေမောင်စိမ်းရဲ့ ဈာပနအခမ်းအနားကို စာပေ၊ ပန်းချီနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေ အများအပြား လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ လွိင်ကော်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ် မတရားချမှတ်ခံရတဲ့ ဦးဖေမောင်စိမ်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားလှတဲ့ အကျဥ်းထောင်ထဲမှာ စိတ်ဓာတ် ခိုင်ကျည်စွာနဲ့ စာပေ၊ အနုပညာနဲ့ ဘာသာရေးအနှစ်သာရတွေကို သင်ကြားပေးခဲ့ပါတယ်။ သူ့ရဲ့သင်ကြားမှုကို နှစ်သက်လက်ခံခဲ့သူ လူငယ်အကျဥ်းသားဟောင်းတစ်ဦး ဖြစ်သူက သူ သင်ယူခဲ့ရတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျွန်တော့်နားမှာတော့ သူ့နား သင်ယူခဲ့ရတာ ၂ ချက် ရှိတယ်။ ပထမ တစ်ချက်ကတော့ အနုပညာ စာပေနဲ့ ပတ်သက်ပြီးတော့ ခွဲခြမ်းစိတ်ဖြာတတ်အောင်၊ ခံစားတတ်အောင် လမ်းကြောင်းပေးခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ လမ်းကြောင်းပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်လျှောက်နိုင်အောင် ကျွန်တော်တို့မှာ ရှိကြတယ်။ ဒါ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ဖွဲ့လုံးပေါ့နော်။ သူနဲ့ အတူတူစားခဲ့တဲ့ ဒုက္ခအတူခံခဲ့တဲ့ လူအကုန်လုံးပေါ့နော်၊ အဲဒါက တစ်ချက်၊ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက်နဲ့ဆိုရင်တော့ ကျွန်တော်တို့တွေ ရိုးသားဖို့အတွက်၊ ကောင်းမွန်စွာ ဆက်ပြီး လျှောက်လှမ်းဖို့အတွက် ဘယ်တော့မှ နောက်မဆုတ်ဖို့အတွက်၊ မှန်မှန်ကန်ကန်နဲ့ လျှောက်ဖို့အတွက် သူ လမ်းကြောင်းချခဲ့တဲ့အတိုင်း၊ သူ ပြောပြခဲ့တဲ့အတိုင်း ဆက်လျှောက်ဖြစ်မှာပါ ”
မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ထူးချွန်တဲ့ အနုပညာရှင် ဦးဖေမောင်စိမ်းဟာ မတရားဖမ်းဆီး ထောင်ချပြီး သေသည်အထိ နှိပ်စက်ညှင်းပန်းခံခဲ့ရပေမယ့် အကြမ်းဖက်စစ်တပ်ကို နောက်ဆုံးအချိန်ထိ ဆန့်ကျင်ခဲ့သူဖြစ်ပြီး အနုပညာကို ခံစားတတ်ဖို့နဲ့ တိုင်းပြည်အတွက် ရိုးသားမှန်ကန်စွာ လျှောက်လှမ်းကြဖို့ သင်ကြားပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
(ဦးဖေမောင်စိမ်း ဈာပနအခမ်းအနားကျင်းပနေစဥ်)
No comments:
Post a Comment