၂၀၂၄ သြဂုတ်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "စစ်အုပ်စုပြိုလဲပျက်စီးဖို့က သိပ်ကိုသေချာနေပြီ"လို့ ယာယီသမ္မတသတင်းစကားပါးဆို
📌 ၂။ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် မူဝါဒတွေ၊ ညွှန်ကြားချက်တွေ ခိုင်ခိုင်မာမာ ချမှတ်ထားဖို့ လိုသလို ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကိုလည်း ဖြစ်နိုင်သမျှ တိတိကျကျ လိုက်နာအကောင်အထည်ဖော်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၃။ နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၄။ ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခ ဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းနီးပါး ထောက်ပြ
📌 ၅။ တအာင်းသူနာပြုနဲ့ ကျန်းမာရေးသိပ္ပံကောလိပ် ဖွင့်လှစ်မည်
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၄၁)သင်တန်းဆင်းပွဲ ကျင်းပ
🚩 ၂။ လွိုင်ကော်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်း၏ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း(၃)နှစ်ပြည့်အခမ်းအနားကျင်းပ
🚩 ၃။ ကိုင်းတောမ ရွာသစ်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ သိမ်းပိုက်ရရှိ
🚩 ၄။ ပခုက္ကူ ကျက်ထိုးနယ်မြေ ရဲကင်းမှ ရဲတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး
🚩 ၅။ ထီးချိုင့်မှာကာကင်းစခန်းတစ်ချို့ သိမ်းပိုက်ရရှိ
🚩 ၆။ ဆုံရွာ ပျူကင်းစခန်းများနဲ့ ဆီမီးခုံ နယ်မြေရဲစခန်းကို Fixed Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၇။ နောင်ချိုုမြို့နယ်တွင် အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့
🚩 ၈။ ဒီပဲယင်းမြို့ပေါ်ရှိအရပ်သားနေအိမ်များကိုစကစတပ်များက(၄)ရက်မြောက်နေ့မှာလည်း ထပ်မံမီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "စစ်အုပ်စုပြိုလဲပျက်စီးဖို့က သိပ်ကိုသေချာနေပြီ"လို့ ယာယီသမ္မတသတင်းစကားပါးဆို
သြဂုတ်လ ၂၂ရက်။
Radio NUG
စစ်အုပ်စုပြိုလဲပျက်စီးဖို့က သိပ်ကိုသေချာနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလကသတင်းစကားပါးဆိုပါတယ်။
"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ”အစီအစဥ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလကဆိုခဲ့ပါတယ်။
"လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီကို လက်လွတ်ဆုံးရှုံးခံဖို့ ကျွန်တော်တို့ငြင်းပယ်လိုက်တာဟာ ကမ္ဘာကြီးအတွက်တောက်ပတဲ့ နမူနာကောင်းတခုဖြစ်စေခဲ့ပါတယ်။ အခုသုံးနှစ်ကျော်လာပြီးတဲ့နောက် စစ်အုပ်စုဟာ သူတို့ရှင်သန်ရေး အပြင်းအထန်ရုန်းကန်နေရပါပြီ။ စစ်အုပ်စုပြိုလဲပျက်စီးဖို့က သိပ်ကိုသေချာနေပါပြီ"လို့ ယာယီသမ္မတကဆိုပါတယ်။
လက်ရှိမှာအကြမ်းဖက်စကစတပ်များဟာ ကရင်နီပြည်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ အထိနာကျရှုံးလျက်ရှိပါတယ်။
========================
📌📌 ၂။ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် မူဝါဒတွေ၊ ညွှန်ကြားချက်တွေ ခိုင်ခိုင်မာမာ ချမှတ်ထားဖို့ လိုသလို ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကိုလည်း ဖြစ်နိုင်သမျှ တိတိကျကျ လိုက်နာအကောင်အထည်ဖော်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
သြဂုတ်လ ၂၂ရက်။
Radio NUG
အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် မူဝါဒတွေ၊ ညွှန်ကြားချက်တွေ ခိုင်ခိုင်မာမာ ချမှတ်ထားဖို့ လိုသလို ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကိုလည်း ဖြစ်နိုင်သမျှ တိတိကျကျ လိုက်နာအကောင်အထည်ဖော်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။
သြဂုတ်လ၂၂ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၁/၂၀၂၄)ကျင်းပရာမှာဝန်ကြီးချုပ်ကပြောပါတယ်။
"ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် မူဝါဒတွေ၊ ညွှန်ကြားချက်တွေ ခိုင်ခိုင်မာမာ ချမှတ်ထားဖို့ လိုသလို မိမိတို့ ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကိုလည်း ဖြစ်နိုင်သမျှ တိတိကျကျ လိုက်နာအကောင်အထည်ဖော်ဖို့ လိုအပ်ပါကြောင်း။ ဖြစ်နိုင်သမျှလို့ ထည့်သွင်းပြောကြားရတာက တော်လှန်ရေးကာလမို့ တစ်ချို့ အခြေအနေတွေက လုပ်ရကိုင်ရ မလွယ်ကူနေတာမျိုးလည်း ရှိတတ်တဲ့အတွက်ဖြစ်ပါကြောင်း။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ချမှတ်ထားတဲ့ မူဝါဒတွေကို ကိုယ်တိုင်လေးလေးစားစားနဲ့ ကျင့်သုံး လုပ်ဆောင်ကြဖို့တော့ လိုအပ်ပါကြောင်း။ ကော်မတီအနေနဲ့ အပတ်စဥ်အစည်းအဝေးတွေမှာ ဆွေးနွေးတိုင်ပင်ကြ တဲ့ လုပ်လက်စအလုပ်တွေရှိသလို ဆက်လုပ်ရမယ့် ရှေ့လုပ်ငန်းစဥ်တွေလည်း အများကြီးရှိပါကြောင်း။ ဆုံးဖြတ်ပြီးသား ကိစ္စတွေကိုလည်း ပြီးပြတ်အောင်လုပ်ကြရမှာတွေ ရှိပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၀/၂၀၂၄)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
သြဂုတ်လ ၂၂ရက်။
Radio NUG
နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားလိုက်ပါတယ်။
သြဂုတ်လ၂၁ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace Addressing Global, Regional and National Aspects of Conflict Prevention တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
"မြန်မာပြည်သူများမှ နိုင်ငံတကာအသိုက်အဝန်းအား ထိရောက်သော အရေးယူဆောင်ရွက်ချက်များနှင့် အကူအညီများပေးအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံခြင်းသည့်အပေါ် စိတ်ပျက်မိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခွင့် လိုင်စင် လက်ဝယ်ရရှိနေခြင်းကို ပိုမိုရှည်ကြာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း"သံအမတ်ကြီးကပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အား တသီးတခြား ဖယ်ကျဉ်နိုင်ရန်နှင့် ၎င်းတို့ထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက်နိုင်ရန် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် အားထုတ်မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်မှာဖြစ်တယ်လို့သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။
========================
📌📌 ၄။ ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခ ဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းနီးပါး ထောက်ပြ
ဩဂုတ်လ ၂၂ရက်။
RadioNUG
ဩဂုတ်လ ၂၁ ရက်က “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု၏ သဘောထားအမြင် စစ်တမ်းတွေ့ရှိချက်များ”အပေါ် သတင်းစာရှင်းလင်းပွဲတွင်
ချင်းပြည် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက်သင့်သည်ဟု ချင်းလူထုစစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောကြောင်း Chin Civic Movement – CCM က ထုတ်ပြန်ပါတယ်။
ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင်အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative - CMI ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းကြမည်ဟု သတင်းများထွက်အပြီးမှာ CCM ကလည်း ချင်းလူထုသဘောထားကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅ ဝန်းကျင်မှ ဖြေဆိုထားသူ ၁၀၁၀ ဦး ရှိပြီး ချင်းလူထုအသံကို ကိုယ်စားပြုသည့် စစ်တမ်းတစ်ခုဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီ အင်အားစုများနှင့် ချင်းညီနောင်အဖွဲ့တို့ကြား ပဋိပက္ခကို စစ်တမ်းဖြေဆိုသူ ၉၈ ရာခိုင်နှုန်းက သတိပြုသိထားကြောင်း CCM တာဝန်ရှိသူများက ပြောသည်။
အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်း အချင်းချင်းကြား ပဋိပက္ခကို ဖြစ်စေကြောင်း ချင်းလူထုစစ်တမ်းတွင် တွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။
ချင်းအချင်းချင်းကြား ပဋိပက္ခများကြောင့် တော်လှန်ရေး ရည်မှန်းချက်ပြည့်ရေးကို နှောင့်နှေးစေနိုင်သည်ဟု စစ်တမ်းဖြေဆိုသူ ၆၀ ရာခိုင်နှုန်းကျော်က သတိပေးထားပြီး ၅၇ ရာခိုင်နှုန်းက ချင်းလူမျိုးစုအချင်းချင်းအကြား မျိုးရိုးစဉ်ဆက် အမုန်းတရား ပြန့်ပွားတည်ရှိ စေနိုင်ကြောင်း ဖြေဆိုထားကြသည်ဟု စစ်တမ်းအရ သိရပါတယ်။
ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဘက်နှစ်ဘက်စလုံးက ခေါင်းဆောင်များ စားပွဲဝိုင်းတွင် ပွင့်လင်းစွာ ဆွေးနွေးရန်၊ နှစ်ဖက်စလုံး အပစ်အခတ် ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းလူထုက လိုလားလျက်ရှိပါတယ်။
မြို့သိမ်းတိုက်ပွဲများအပြီး နေရပ်ပြန်လည်အခြေချရန် မဖြစ်နိုင်မည်ကို စစ်တမ်းဖြေဆိုသူ ချင်းလူထု ၈၅ ရာခိုင်နှုန်းက စိုးရိမ် နေကြသကဲ့သို့ ချင်းအဖွဲ့များအကြား ညှိနှိုင်းမရဘဲ အချင်းချင်းကြား တိုက်ပွဲရှည်ကြာမည်ကိုလည်း စိုးရိမ်နေကြပါတယ်။
ချင်းလူထု စစ်တမ်းကို ပြည်တွင်းပြည်ပတွင် ရောက်ရှိနေကြသည့် ချင်းပြည်သူများက Google Form ကို အသုံးပြု၍ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေဖြေဆိုခြင်း၊ အင်တာနက်ခက်ခဲသည့် ချင်းပြည်အတွင်း လူထုအသံကို ရရှိရန် CCM အဖွဲ့ဝင် လူမှုကွန်ယက်နှင့် မြေပြင်အချိတ်အဆက်များဖြင့် ကောက်ယူခဲ့ကြခြင်းဖြစ်ပါတယ်။
စစ်တမ်းအပြည်အစုံကို ချင်းပြည်ကောင်စီအင်အားစုများနှင့် ချင်းညီနောင်အဖွဲ့ အင်အားစုများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၅။ တအာင်းသူနာပြုနဲ့ ကျန်းမာရေးသိပ္ပံကောလိပ် ဖွင့်လှစ်မည်
ဩဂုတ်လ ၂၂ရက်။
RadioNUG
ဩဂုတ်လ ၂၂ ရက်နေ့တွင် PSLF/TNLA ရဲ့ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေး မိသားစု- မန္တလေး (MFM)တို့ ပူးပေါင်းပြီး ၂ နှစ်ကြာ တက်ရောက်ရမယ့် တအာင်းသူနာပြုနဲ့ ကျန်းမာရေးသိပ္ပံကောလိပ် ဖွင့်လှစ်မှာ ဖြစ်ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
တအာင်းဒေသထဲက ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ကျန်းမာရေးစနစ် လက်လှမ်းမမှီတဲ့သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့၊ ဆေးရုံဆေးခန်းတွေမှာ လူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိစေဖို့ ဖွင့်လှစ်ရတာလို့ သိရပါတယ်။
လျှောက်ထားနိုင်သူတွေကတော့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်းရှိသူ၊ တက္ကသိုလ်ဝင်တန်း သို့မဟုတ် Grade-12 အောင်မြင်ပြီးသူ၊ သင်တန်းကာလ ၂ နှစ် တက်နိုင်သူ၊ သူနာပြုစုမှုပညာ စိတ်ဝင်စားသူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
လျှောက်လွှာတွေကို အောက်တိုဘာ ၁၄ ရက် နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပြီးတော့ ကောလိပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၄၁)သင်တန်းဆင်းပွဲ ကျင်းပ
သြဂုတ်လ ၂၂ရက်။
RadioNUG
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၁)သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း CNDFက သတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲသို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)မှ တာ၀န်ရှိပုဂ္ဂိုလ်များ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသင်တန်းအပတ်စဥ် (၄၁)တွင် သင်တန်းသူ၊ သား ၅၂ ဦး တက်ရောက်သင်ကြားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ လွိုင်ကော်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်း၏ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း(၃)နှစ်ပြည့်အခမ်းအနားကျင်းပ
သြဂုတ်လ ၂၂ရက်။
RadioNUG
လွိုင်ကော်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်း၏ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကယား(ကရင်နီ)စစ်ဒေသ၊ လွိုင်ကော်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီးမော့ဆို အမှတ်(၁၁၀၂)တပ်ရင်း၏ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း(၃)နှစ်ပြည့်အခမ်းအနားတစ်ရပ်ကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့တွင်အကျဥ်းချုပ် ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် အလံတော်အားအလေးပြုခြင်း၊ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးကြရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ၁၁၀၂ တပ်ရင်းမှူးမှ အားပေးအမှာစကားပြောကြားခြင်း၊ ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအတွက် ကျန်ရစ်သောမိသားစုများထံသို့ ဦးညွှတ်ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါများ ပေးဆပ်နစ်နာခဲ့ရသော ရဲဘော်များအား လေးစားဂုဏ်ပြုပေးခြင်း၊ ကျဆုံးရဲဘော် မိဘများမှ ရဲဘော်များအား အားပေးအမှာစကားပြောကြားပေးခြင်း၊ ၁၁၀၂ တပ်ရေးအရာရှိမှ ကျေးဇူးတင်စကား ပြောကြားပေးခြင်းတို့ဖြင့် အခမ်းအနား တစ်ရပ်ကိုကျင်းပခဲ့ပါတယ်။
DMO PDF (P3-1102)တပ်ရင်းအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးဆိုပါတယ်။
========================
🚩🚩 ၃။ ကိုင်းတောမ ရွာသစ်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ သိမ်းပိုက်ရရှိ
ဩဂုတ်လ ၂၃ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရွာသစ်ကျေးရွာမှာ အခြေချ တပ်စွဲထားပြီး အနီးပတ်ဝန်းကျင် ကျေးရွာများကို ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ခြုံခိုက်တိုက်ခိုက်ခဲ့တယ်လို့ Myaing Villages Revolution Front က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၁ ရက် မနက် ၆ နာရီတွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကာ စစ်သုံ့ပန်းများနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့အလောင်း ၁၂ လောင်းကို မျက်မြင်တွေ့ရှိခဲ့ပြီး လက်နက်ချ အညံခံခဲ့သူ ၅ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် MA-1 ၆ လက် ၊ MA-2 ၃ လက် ၊ MA-3 ၄လက် ၊ MA-4 ၁ လက် ၊ MA-11 ၁ လက် ၊ G-3 ၂ လက် ၊ 79MM - ၁ လက် ၊ BA-100 ( ၆၀ မမ) ၁ လက် ၊ G-3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉မမ ကျည် ၁၉၆ တောင့် ၊ ၆၀ မမ အဖူး ၁ ဖူး ၊ ၈၁ မမ အဖူး ၅ ဖူး ၊ ၄၀ မမ အဖူး ၁၂ ဖူး ၊ အီနာဂါ ၃ ဖူး ၊ RPG အဖူး ၃ ဖူး ၊ လက်ပစ်သီး ၃ လုံးနဲ့ အခြားပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် (၂ ၊ ၆ ၊ ၇) တပ်ရင်းများ ၊ မြိုင် ပကဖ ၊ ပကဖ တပ်ပေါင်းစု အမှတ်(၁)တပ်ရင်း ၊ ပခုက္ကူ စုဖွဲ့မှု ( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေ တပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ PKU - THURAIN ၊ စကြာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ ဝံပုလွေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ BLY တပ်ဖွဲ့ ၊ ဂဠုန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြိုင်) ၊ အလင်းတန်း ပျောက်ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီး တပ်ဖွဲ့ ၊ Justice Revolution Force နဲ့ အခြားသော ဒေသတွင်း လက်နက်ကြီး ငယ်အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကိုင်းတောမရွာသစ် တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူ ကျက်ထိုးနယ်မြေ ရဲကင်းမှ ရဲတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး
ဩဂုတ်လ ၂၃ ရက်။
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ-မြစ်ခြေ လမ်းပေါ်ရှိ ကျတ်ထိုးနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ABSDF Column - 3 က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၂ ရက်၊ မနက်ပိုင်းမှာ ကျတ်ထိုးနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်များ စွန့်ခွာသွားတဲ့ စခန်းအထိုင်ရှိ ဘန်ကာများ၊ ဆောက်အဦးများကို ABSDF အမှတ် (၃)စစ်ကြောင်းနဲ့ ဒေသခံများ၊ တော်လှန်ရေး အင်အားစုများက မီးရှို့ဖျက်ဆီးခြင်း၊ ဘူဒိုဇာအသုံးပြု ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အပြင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ် အစပ်က သာကြီးတောင် ရေနံမြေ ရဲကင်းကို ပေါက်မြို့နယ် ပကဖနှင့် တော်လှန်ရေး အင်အားစုများက ဩဂုတ်လ ၂၀ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂ ရက် အကြာ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပါသေးတယ်။
========================
🚩🚩 ၅။ ထီးချိုင့်မှာကာကင်းစခန်းတစ်ချို့ သိမ်းပိုက်ရရှိ
ဩဂုတ်လ ၂၂ရက်။
RadioNUG
စစ်ကိုင်းနဲ့ ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းက မြတောင်စစ်ကောင်စီတပ်စခန်းကို KIAနဲ့PDFပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကာ ဩဂုတ်လ ၂၁ရက်နေ့မှာတော့ အဲ့ဒီတပ်စခန်းရဲ့ ကာကင်းစခန်း၃ခုကို သိမ်းပိုက်ရရှိထားတယ်လို့ KIOသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်လွတ်လပ်ရေတပ်မတော် KIAရဲ့ သတင်းပြန်ကြားရေးသတင်းဌာနမှာတော့ ထီးချိုင့်မြို့ဟာ KIAရဲ့ တပ်မဟာ၁၁ တပ်ရင်း၁၂ဒေသဖြစ်သလို အဲ့ဒီဒေသက ကာကင်းစခန်းတွေဖြစ်တဲ့ဆီဆိုင်၊ ဟိုပုံးလေးနဲ့ ဘုရင့်နောင်တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားတယ်လို့ ဩဂုတ်လ၂၁ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ထီးချိုင်မြို့နယ်ကို ဩဂုတ်လ၂၀ရက်နေ့မှ ဩဂုတ်လ၂၂ရက်နေ့အထိ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ Tigyaing Revolution-TRက သတင်းထုတ်ပြန်ထားပါတယ်။
ထီးချိုင့်မြို့ဟာ မန္တလေး–ဗန်းမော်လမ်းကြောင်းပေါ် တည်ရှိပြီး ကုန်းလမ်းအပြင် ဧရာဝတီမြစ်ရေကြောင်းလမ်းနဲ့ပါ သွားလာနိုင်ကာ ကောလင်းနဲ့ အင်းတော်မြို့နဲ့လည်း ကပ်လျှက်မှာတည်ရှိတဲ့အတွက် စစ်ရေးအရနှစ်ဖက်တပ်တွေအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲမှာNUGအမှတ်၁စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြေပြင်မှာ အဓိကစစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်KIAဘက်က ပူးပေါင်းပြီး တိုက်ခိုက်နေတာလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုထားပါတယ်။
========================
🚩🚩 ၆။ ဆုံရွာ ပျူကင်းစခန်းများနဲ့ ဆီမီးခုံ နယ်မြေရဲစခန်းကို Fixed Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးများ ကြီးစိုးနေတဲ့ ဆုံရွာမှ ပျူကင်းခန်းများနဲ့ ဆီမီးခုံ နယ်မြေ ရဲစခန်းတို့ကို Fixed Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြင်းခြံ)က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၂၁ ရက် မနက် ၁၀ နာရီခန့်မှာ ဆုံရွာရှိ ပျူကင်းစခန်းကို Fixed Wing Drone ၂ စီးဖြင့် 800 kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကင်းစခန်းများပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦး ဒဏ်ရာရခဲ့ကာ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်မှာလည်း ဆီမီးခုံ ရဲစခန်းအတွင်းကို Fixed Wing Drone ဖြင့် 800 kg ဗုံးသီး ၁ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ယခုတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြင်းခြံ)နဲ့ Aung San's Blood Civilians Defense Force (ASBCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၇။ နောင်ချိုုမြို့နယ်တွင် အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့
ဩဂုတ်လ ၂၃ ရက်။
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း၊ (၄၅၄)တပ်စခန်း၊ တောင်ခမ်းနဲ့ တောင်ရှည် ဘုန်းတော်ကြီးကျောင်းတို့တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ ၃ နာရီ ၂၀ မိနစ် အချိန်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းနဲ့ ညနေ ၅ နာရီ ၄၆ မိနစ်တွင်(၄၅၄)တပ်စခန်း၊ ၂ နာရီ ၁၅ မိနစ်အချိန်တွင် တောင်ရှည် ဘုန်းတော်ကြီးကျောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တောင်ခမ်းရွာရှိ (၉၀၂)တပ်စခန်း အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Y 12 ဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့၊ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးစားနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် အခုလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရတာလို့ PSLF/TNLA က အသိပေးထားပါတယ်။
========================
🚩🚩 ၈။ ဒီပဲယင်းမြို့ပေါ်ရှိအရပ်သားနေအိမ်များကိုစကစတပ်များက(၄)ရက်မြောက်နေ့မှာလည်း ထပ်မံမီးရှို့ဖျက်ဆီး
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အရပ်သားနေအိမ်များကို စကစတပ်များက (၄)ရက်မြောက်နေ့မှာလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
သြဂုတ်လ၂၂ရက်မှာ မြေပြင်တော်လှန်ရေးအင်အားစုက ဖော်ပြတဲ့သတင်းများအရသိရှိရပါတယ်။
"ဒီပဲယင်းမြို့ပေါ် ပြန်လည်နေရာယူတပ်စွဲထားကြတဲ့ အကြမ်းဖက်စကစတပ်များဟာ မြို့ပေါ်ရှိ ပြည်သူပိုင်နေအိမ်များကို (၄)ရက်မြောက် ထပ်မံမီးရှို့ဖျက်ဆီးနေကြပါတယ်။ သြဂုတ်လ၂၂ရက် ညနေပိုင်းအချိန်ထိ မီးရှို့ဖျက်ဆီးလျှက်ရှိပြီး ပျက်စီးဆုံးရှုံးမှုများပြားနိုင်ကြောင်း ခန့်မှန်းရပါတယ်"လို့ဖော်ပြပါတယ်။
အနီးဝန်းကျင်ကျေးရွာများအနေနဲ့လည်း စကစတပ်များကို ဂရုပြုနေထိုင်ကြရန်သတိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment