၂၀၂၄ သြဂုတ်လ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုအရောက်သွားမယ်လိူ့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အကြမ်းဖက်စစ်တပ်က မကွေးခရိုင်ကွပ်ကဲရေးရုံးအမည်ကို အသုံးပြုကာ ပြည်သူများကို ခြိမ်းခြောက်၍ ငွေတောင်းခံနေ
📌 ၃။ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၇၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံNUGက ပံ့ပိုးပေးနိုင်ခဲ့
📌 ၄။ ရိုဟင်ဂျာတွေကို ရှင်းလင်းတဲ့စစ်ဆင်ရေးမှာ ကျူးလွန်ခဲ့သူတွေကို အပြစ်အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ IIMM ပြော
📌 ၅။ မိုးမခ ရဲ့ ရှင်သန်မှု ကမ်ပိန်းအွန်လိုင်းနဲ့ မြေပြင် ပါ၀င်မှု အင်မတန် အားနည်းနေသေး၍ဝိုင်းဝန်းပါဝင်ကြရန် ဖားဆောင်းမြို့နယ်_ပြည်သူ့ကာကွယ်ရေးတပ်တိုက်တွန်း
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အင်းတော်၊ပင်လယ်ဘူးနဲ့ထီးချိုင့်မှာရှိတဲ့ စစ်စခန်းတွေကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်
🚩 ၂။ လူငယ်တွေနဲ့ PDFတပ်မတော် အားပိုကောင်းအောင်လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော
🚩 ၃။ ကျိုက်ထိုမှာ အကြမ်းဖက်စစ်တပ်ရဲ့စီးနင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၂ ဦးနဲ့သတင်းသမား ၂ ဦး သေဆုံး
🚩 ၄။ သရက်ကန်ပျူရွာဘက်ထွက်ပြေးသွာတဲ့ စစ်ကြောင်းက ဗိုလ်မှူးအပါအဝင် စစ်သား ၅ဦးထပ်မံသေဆုံး
🚩 ၅။ ခလရ ၃၂ တပ်ရင်းက တပ်သားတဦး လက်နက်ခဲယမ်းနဲ့အတူ KNU ထံ လာရောက်ပူးပေါင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုအရောက်သွားမယ်လိူ့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၂၃ရက်
"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ”အစီအစဥ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၏ ပြောကြားချက်ကောက်နုတ်ချက်ကို သြဂုတ်လ၂၃ရက် မှာ ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အခုလို ပြန်လည်ဖော်ပြထားပါတယ်။
"ကျွန်တော်တို့သွားမယ့် ပန်းတိုင်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပါတယ်။ အဲဒီ့ကို ကျွန်တော်တို့သွားမှာပါ"လို့ ရေဆိုပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီးတော့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူစစ်ရေး၊နိူင်ငံရေးများပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က မကွေးခရိုင်ကွပ်ကဲရေးရုံးအမည်ကို အသုံးပြုကာ ပြည်သူများကို ခြိမ်းခြောက်၍ ငွေတောင်းခံနေ
သြဂုတ်လ၂၃ရက်
ပြည်သူများခင်ဗျာယခုအချိန်တွင် စစ်ခွေးများက မကွေးခရိုင်ကွပ်ကဲရေးရုံးအမည်ကို အသုံးပြုကာ ပြည်သူများကို ခြိမ်းခြောက်၍ ငွေတောင်းခံနေကြောင်း သိရှိရပါတယ်။အထက်ပါစာသည် မကွေးခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်သော စာမဟုတ်ပါ။ ရုံးစာအတုသာ ဖြစ်ပါတယ်လို့ သြဂုတ်လ၂၃ရက်မှာ အမှတ်၁စစ်ဒေသ မကွေးခရိုင်ကွပ်ကဲရေးရုံးကအသိပေးဆိုပါတယ်။
မကွေးခရိုင်ကွပ်ကဲရေးရုံးအနေဖြင့် ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ စော်ကားခြင်း၊ မတရားပြုမူခြင်း မရှိဘဲ မည်သည့်အကြောင်းနှင့်မျှ ငွေတောင်းခံခြင်း မပြုဘူးလို့အသိပေးကြေညာထားပါတယ်။
ထို့အပြင်နောက်ထပ်မကွေးခရိုင်ကွပ်ကဲရေးရုံး၊ မကွေးခရိုင်တပ်ရင်းများအမည်ကို အသုံးပြု၍ ခြိမ်းခြောက်စာများ ပို့လာပါက တိုင်တန်းနိုင်တယ်လို့ အမှတ်၁စစ်ဒေသ မကွေးခရိုင်ကွပ်ကဲရေးရုံးကဆိုပါတယ်။
========================
📌📌 ၃။ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၇၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံNUGက ပံ့ပိုးပေးနိုင်ခဲ့
ဩဂုတ် ၂၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၇၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သြဂုတ်လ၂၂ရက်သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၅၇၅) သန်းကိုနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၂၄၇,၀၄၆) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၄၆၂.၈) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၆၂) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၅၃) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၁.၆) သန်း၊CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၀.၉) သန်း၊နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁.၉) သန်း၊သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၅၃) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂၄.၇) သန်း တို့ကူညီခဲ့ပါတယ်။
ဒါ့အပြင်ဇူလိုင်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသအလိုက် ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် မြို့နယ် (၃၁)မြို့မှ ကျောင်းရွာပေါင်း (၅၃၄)ရှိ လူဦးရေ (၅၀၄,၂၆၀) ဦးအတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ရိုဟင်ဂျာတွေကို ရှင်းလင်းတဲ့စစ်ဆင်ရေးမှာ ကျူးလွန်ခဲ့သူတွေကို အပြစ်အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ IIMM ပြော
ဩဂုတ် ၂၃ရက်
ရခိုင်ပြည်က ရိုဟင်ဂျာတွေကို ရှင်းလင်းတဲ့စစ်ဆင်ရေးဖြစ်ခဲ့တာ ၇ နှစ်ရှိနေပြီဖြစ်ဖြစ်တာကြောင့် ကျူးလွန်သူ မြန်မာ စစ်ခေါင်းဆောင်တွေကို အပြစ်အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား-IIMM အကြီးအကဲ Nicholas Koumjian က ပြောကြားလိုက်ပါတယ်။
ယုံကြည်ချက်နဲ့ကိုးကွယ်မှုအပေါ်အခြေခံပြီး အကြမ်းဖက်ခံကြရသူများအတွက် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ် တဲ့ ဩဂုတ်လ ၂၂ ရက်မှာ Nicholas က အခုလို ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ရက်စက်တဲ့ အကြမ်းဖက်မှုလှိုင်းများကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာ ယခုသီတင်းပတ်မှာ ၇ နှစ်ပြည့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေဟာ ၎င်းတို့ချစ်ခင်ရသူတွေနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရပြီး အများအပြားဟာလည်း ကြောက်မက်ဖွယ်ရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေခံခဲ့ရပြီး အများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရကာ မြန်မာနိုင်ငံက ၎င်းတို့နေရပ်ကို လုံခြုံစွာပြန်လာနိုင်မယ့်နေ့ကို စောင့်မျှော်နေကြဆဲဖြစ်တယ်လို့ IIMM က အသိပေးထားပါတယ်။
ဒီကြောက်မက်ဖွယ် ရာဇ၀တ်မှုတွေအတွက် ဘယ်သူတဦးတစ်ယောက်မှ ပြစ်ဒဏ်ပေးခံရခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။
အခုလို အရေးယူခံရခြင်းကနေ ကင်းလွတ်နေတဲ့အတွက် ကျူးလွန်သူတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြောက်စရာ မလိုဘဲ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အတင့်ရဲလာစေတယ်လို့လည်း ပြောထားပါတယ်။
ရာဇ၀တ်မှုကျူးလွန်တာကို အပြစ်ပေးနိုင်ခြင်းမရှိတာဟာ အကြမ်းဖက်မှုတွေကို ပိုမိုကျူးလွန်စေဖို့ အားပေးရာရောက်တဲ့ အတွက် ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့သံသရာကနေ ကျိုးပျက်ဖို့လိုအပ်တယ်လို့ IIMM အကြီးအကဲက ထောက်ပြထားပါတယ်။
ယခုလပိုင်းတွေမှာပဲ ရခိုင်ပြည်နယ်မှာ သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ၊ မုဒိမ်းမှုတွေနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ အစရှိတဲ့ အကြမ်းဖက်မှုများနဲ့ကြုံနေတဲ့ရာတခု ပြန်ဖြစ်လာတယ်လို့လည်း IIMM က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာ တရားစီရင်ရေးဟာ နှေးကွေးလေ့ရှိတာကြောင့် တရားမျှတမှုရရှိရေးအတွက် မျှော်လင့်နေတဲ့ ထိခိုက်နစ်နာသူ တွေအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အနေနဲ့ ရလဒ်ကောင်းတွေထွက်အောင် ကြိုးစားအားထုတ်နေတယ်လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ အာဂျင်တီးနားနိုင်ငံက ရိုဟင်ဂျာဆိုင်ရာအမှုတွေကို ဆောင်ရွက်နေတဲ့ တရားရေးအာဏာပိုင်တွေဆီကို အထောက်အထားတွေနဲ့ စိစစ်သုံးသပ်မှုတွေ တိုးမြှင့်မျှဝေနေရာမှာ ယနေ့ အထိဆိုရင် အထောက်အထားအချက်အလက်နဲ့ စိစစ်သုံးသပ်မှုပေါင်း တသန်းကျော်ပါဝင်တဲ့ ဖိုင်တွဲ ၈၀ မျှဝေပြီး ဖြစ်တယ် လို့ IIMM က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မိုးမခ ရဲ့ ရှင်သန်မှု ကမ်ပိန်းအွန်လိုင်းနဲ့ မြေပြင် ပါ၀င်မှု အင်မတန် အားနည်းနေသေး၍ဝိုင်းဝန်းပါဝင်ကြရန် ဖားဆောင်းမြို့နယ်_ပြည်သူ့ကာကွယ်ရေးတပ်တိုက်တွန်း
သြဂုတ်လ၂၃ရက်
မိုးမခ ရဲ့ ရှင်သန်မှု ကမ်ပိန်းအွန်လိုင်းနဲ့ မြေပြင် ပါ၀င်မှု အင်မတန် အားနည်းနေသေး၍ဝိုင်းဝန်းပါဝင်ကြရန် သြဂုတ်လ၂၃ရက်မှာ ဖားဆောင်းမြို့နယ်_ပြည်သူ့ကာကွယ်ရေးတပ်ကအသိပေးဆိုထားပါတယ်။
"ကျွန်တော်တို့ မိုးမခ ရဲ့ ရှင်သန်မှု ကမ်ပိန်းလေး စခဲ့တာ အခုဆို ( ၄ ) ရက်မြောက်ခဲ့ပါပြီ။အခုထိ Online / မြေပြင် ပါ၀င်မှု အင်မတန် အားနည်းနေပါသေးတယ်။ဒါ့ကြောင့် မိဘပြည်သူတို့အနေနဲ့ မိမိတို့ တတ်နိုင်သလောက် ပါ၀င် ကူညီထည့်၀င်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်"လို့ဖော်ပြထားပါတယ်။
ကမ်ပိန်းကိုအောက်တိုဘာလအထိရည်ရွယ်သတ်မှတ်ထားပြီးရဲဘော်များအတွက် ဖိနပ်နဲ့Equipment ၊ယူနီဖောင်း ၊ဦးထုပ် ၊ကျောပိုးအိတ်တို့ကိုဖြည့်ဆည်းပေးရန်ပြုလုပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အင်းတော်၊ပင်လယ်ဘူးနဲ့ထီးချိုင့်မှာရှိတဲ့ စစ်စခန်းတွေကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်
ဩဂုတ်လ (၂၃)
စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော် ပင်လည်ဘူးနဲ့ ထီးချိုင့်မြို့မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ခုခံကာကွယ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။
KIA ရဲ့ အနောက်ပိုင်းတိုင်း အမှတ် ၈ တပ်မဟာနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ပင်လယ်ဘူးမြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်စခန်းကို သြဂုတ် ၂၂ ရက်နေ့ မနက်မှ စတင်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက တိုက်လေယာဉ်တွေ Y12 လေယာဉ် တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ကာ ခုခံနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အခုလို လေကြောင်းကနေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူလူထုနေထိုင်ရာအိမ်တွေ ထိခိုက်ပျက်စီးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ပြောပေမယ့် ထိခိုက်မှုအရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။
KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့အပတ်ကစပြီး အင်းတော်၊ ပင်လယ်ဘူး၊ နဘား၊ ထီးချိုင့် စတဲ့မြို့တွေမှာရှိတဲ့ စစ်စခန်းတွေကို ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။
သြဂုတ် ၂၂ ရက်ကဆိုရင် ထီးချိုင့်မှာရှိတဲ့ မြတောင်စစ်ကောင်စီ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲဟာ ပြင်းထန်ခဲ့တဲယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KIA၊ ABSDF နဲ့ KPDF တို့ပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ သြဂုတ် ၂၁ ရက်မှာ စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သြဂုတ်လ ၂၂ ရက်ညမှာ မြတောင်မှာရှိတဲ့ စစ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထီးချိုင့်မြို့အတွက် အဓိက ခံစစ်စခန်းဖြစ်တဲ့ မြတောင်ရွာက စစ်ကောင်စီဗျူဟာကုန်းဟာ ခံစစ်အခိုင်အမာတည်ဆောက်ပြီး ခုခံနေတာလို့ သိရပါတယ်။
KIA ဟာ သပိတ်ကျင်းမြို့နယ်စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မိုးမောက်မြို့နယ် မှာရှိတဲ့ ခမရ ၄၃၇ စစ်ကောင်စီစခန်းကို သိမ်းပိုက်ကာ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက်ရာ ဗန်းမော်မြို့ ကို ဖိအားပေးထားနိုင်တဲ့အထိ စစ်ရေးအောင်မြင်မှုတွေ ရရှိထားပါတယ်။
========================
🚩🚩 ၂။ လူငယ်တွေနဲ့ PDFတပ်မတော် အားပိုကောင်းအောင်လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော
ဩဂုတ်လ (၂၃)
စစ်ကောင်စီကိုဆန့်ကျင်တဲ့ လူငယ်များစွာရောက်ရှိလာတဲ့အတွက် လူငယ်တွေနဲ့ PDFတပ်မတော် အားပိုကောင်းအောင် လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက ပြောပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်ကျွန်ပြုမှုကို ဆန့်ကျင်တဲ့ လူငယ်တွေဟာ ကျွန်တော်တို့ တောင်ပိုင်းစစ်ဒေသကိုလည်း ထောင်နဲ့ချီပြီး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၄ ခုနှစ် အတွင်းမှာဆိုရင် တောင်ပိုင်းရဲ့စစ်ဒေသခွဲ ၃ ခုလုံးမှာ အခြေခံစစ်ပညာ သင်တန်းများ၊ NCO သင်တန်းများ၊ အထူးတိုက်ခိုက်ရေးနဲ့ ကွန်မန်ဒိုသင်တန်းများ ဆက်တိုက် စီစဉ်ပြီး PDF တပ်မတော် အားကောင်းသထက်ကောင်းအောင် ဆောင်ရွက်နေပါတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားရဲ့ ပြောဆိုချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD မှာလည်း ဒီကနေ ဩဂုတ် ၂၃ မှာ ဖော်ပြထားပါတယ်။
တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တိုက်ပွဲတွေဆင်နွှဲလျက်ရှိရာမှာ ဇူလိုင်လအတွင်းက စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအကြိမ်ပေါင်း ၅၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကျိုက်ထိုမှာ အကြမ်းဖက်စစ်တပ်ရဲ့စီးနင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၂ ဦးနဲ့သတင်းသမား ၂ ဦး သေဆုံး
ဩဂုတ်လ (၂၃)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်တာကိုခံလိုက်ရတဲ့အတွက် တော်လှန်ရေးရဲဘော် ၂ ဦးနဲ့ သတင်းသမား ၂ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
ကျိုက်ထိုမြို့နယ် လှည်းကူးလမ်းကျေးရွာအုပ်စု လက်ပြကျေးရွာမှာရှိတဲ့ သတင်းသမား ကိုထက်မြတ်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက်နေ့ မနက် ၉ နာရီခန့်အချိန်မှာ စီးနင်းတိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။
အခုလိုစီးနင်းတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ရဲဘော်အဝင်းနဲ့ ရဲဘော်ကျင်ဝှက်တို့ ကျဆုံးခဲ့ရပြီး တဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
သတင်းသမားတွေဖြစ်တဲ့ ကိုထက်မြတ်နဲ့ ဝင်းထွဋ်ဦး ဆိုသူတို့ဟာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလို တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ရမှုအတွက် မှတ်တမ်းတင်ထားပြီး ဩဂုတ်လ ၂၂ ရက်မှာ အမိန့်ပြန်တမ်းထုတ်ပြန်ထားပါတယ်။
ကျိုက်ထို တော်လှန်ရေးအင်အားစုက ရဲဘော် ၂ဦး ကျဆုံးခဲ့မှနဲ့ သတင်းသမား ၂ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ အတွက် စစ်ကောင်စီအနေနဲ့ အပြည့်အဝတာဝန်ယူရမှာဖြစ်တယလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက အသိပေးထားပါတယ်။
========================
🚩🚩 ၄။ သရက်ကန်ပျူရွာဘက်ထွက်ပြေးသွာတဲ့ စစ်ကြောင်းက ဗိုလ်မှူးအပါအဝင် စစ်သား ၅ဦးထပ်မံသေဆုံး
ဩဂုတ်လ (၂၃)
မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရွာအရှေ့ဘက် ရွာသစ်ရွာဘုန်းကြီးကျောင်းမှာအခြေချနေတဲ့စစ်ကြောင်းက အထိနာ သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့ ဩဂုတ်လ ၂၃ ရက်မှာ သရက်ကန်ပျူရွာဘက် ဆုတ်ခွာထွက်ပြေးသွားခဲ့ရာမှာ စစ်တပ် ဗိုလ်မှူးအပါအဝင် စစ်သား ၅ ဦးအလောင်းနဲ့ လက်နက်ကြီးကျည်အချို့ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ပွဲဝင် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ မနက် ၆ နာရီခန့်အချိန်က ကိုင်းတောမကျေးရွာအရှေ့ဘက်မှာရှိတဲ့ ရွာသစ်ဘုန်ကြီးကျောင်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ချေမှုန်းတိုက်ခိုက်ခဲ့တာရှိ ပါတယ်။
မနက် ၆ နာရီကနေ ညနေ့ ၄ နာရီအထိ ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦးသဆုံးခဲ့ပြီး ဒုတပ်ကြပ် ၂ ဦး နဲ့ တပ်သား ၃ ဦးကို စစ်သုံပန်းအဖြစ်ဖမ်းဆီးရရှိခဲ့ကာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၉ လက်နဲ့ခဲယမ်းမျိုးစုံ များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအပါအဝင် စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက ကောင်းမွန်စွာ သင်္ဂြိုလ် ပေးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ဒီနေ့ သြဂုတ်လ ၂၃ ရက်မနက် ၄ နာရီခွဲခန့်အချိန်မှာ အထိနာသွားတဲ့ အဆိုပါစစ်ကြောင်းဟာ သရက်ကန်ပျူစောထီး ကျေးရွာဘက် ဆုတ်ခွာထွက်ပြေးသွားခဲ့ရာမှာ တပ်ကြပ်ကြီးခင်မောင်လွင်၊ ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်သားရဲရင့်သွေးနဲ့ အမည်မသိရသေးတဲ့ တပ်သား ၂ ဦးအလောင်းနဲ့ ၈၁ မမ အဖူး၊ ၄၀ မမ အဖူး၊ RPG အဖူးနဲ့-စစ်အသုံးအဆောင်များစွာ ထပ်မံ သိမ်းဆည်းရရှိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအဖြစ် jet fighter နဲ့ ၂ ကြိမ် Mi35 တကြိမ် တိုက်ခိုက်ခဲ့ ပြီး စစ်ရေးပစ်မှတ်နဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူနေထိုင်ရာ နေရာတွေကို အဓိကထားတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူပိုင် အိမ်လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံပန်းတွေကို လူသားချင်းစာနာမှု စစ်သုံးပန်းဥပဒေတို့နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်း ထားတာကြောင့် သရက်ကန်ပျူစောထီးကျေးရွာ၊ တွင်းမကျေးရွာနဲ့ ပခုက္ကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီအထိုင်ချနေရာတွေ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့တိုက်တွန်းထားပြီး မပူးပေါင်းဘူးဆိုရင် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲများကို ပခုက္ကူတပ်ပေါင်းစုတွေဖြစ်တဲ့ Eartquake၊ Ppdf၊ Young Force UG၊Hunter pku၊ Thu Rain TR၊ Justice Revolution Force၊ Pakokku Ranger၊ Black Cheeth၊ pakokku Underground၊ Shwe Nyar Myae၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊၆၇)၊ အညာမြေတပ်ပေါင်းစု၊ ဝံပုလွေပပြာက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖနဲ့ မြိုင်ပကဖတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ခလရ ၃၂ တပ်ရင်းက တပ်သားတဦး လက်နက်ခဲယမ်းနဲ့အတူ KNU ထံ လာရောက်ပူးပေါင်း
ဩဂုတ်လ (၂၃)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၃၂ တပ်ရင်းက တပ်သားတဦး လက်နက်ခဲယမ်းများနဲ့အတူ လာရောက်ပူးပေါင်းတယ်လို့ KNU က ဒီနေ့ ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိတဲ့ တပ်သား ဇင်မင်းအောင်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ KNU တပ်မဟာ ၆ KNLA တပ်ရင်း ၁၇ ထံ ဩဂုတ်လ ၁၉ ရက်နေ့မှာ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
တပ်သား ဇင်မင်းအောင်ဟာ ၎င်းနဲ့အတူ MA-1 တလက်၊ ကျည်ဘောက် ၈ခု၊ ကျည် ၂၀၆ တောင့်၊ အီနာဂါတလုံးနဲ့ အီကွေးမင့် တစုံ ယူဆောင်လာတယ်လို့ အသိပေးထားပါတယ်။
KNLA တပ်ရင်း ၁၇ ထံမှာ လက်နက်ချခဲ့တဲ့ တပ်သား ဇင်မင်းအောင်ဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို ပြန်လည်တော်လှန်တိုက်ခိုက်မှာဖြစ်တဲ့အတွက် အဆိုပါတပ်သားကို KNU-ဒူးပလာယာခရိုင် KNLA တပ်မဟာ-၆ က သတ်မှတ်ထားတဲ့ ထောက်ပံ့မှုပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ၎င်းရဲ့ ဘဝရှေ့ရေးအတွက်လည်း စီစဥ်ပေးထားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment