၂၀၂၄ သြဂုတ်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်တပ်မှ စီစဉ်လျက်ရှိသည်ဟုဆိုသော မည်သည့်ရွေးကောက်ပွဲကိုမျှ ထောက်ခံပံ့ပိုးခြင်း အလျဉ်းမပြုကြရန်သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၂။ လက်နက်ကြီးထိမှန်သေဆုံးသူ၏ မိသားစုအား NUGကထောက်ပံ့ငွေပေးအပ်
📌 ၃။ စစ်အာဏာရှင် ယန္တရား နဲ့ အတူ ပါလာခဲ့တဲ့ မညီမျှမှု များ ကို စနစ်ပြောင်းခြင်းဖြင့်သာ ပြုပြင် နိုင်လိမ့်မယ်လို့ဆို
📌 ၄။ ဆောတိုက်နယ်အတွင်းရှိရွာများတွင် NUG၏ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် အရပ်သားများကို TB ရှိ၊မရှိဓါတ်မှန်ရိုက်စစ်ဆေးပေး
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းပြည်နယ်သီပေါရှိစာသင်ကျောင်းကိုစကစတပ်ကလေကြောင်းတိုက်ခိုက်၍ အရပ်သားနှစ်ဦးသေဆုံး
🚩 ၂။ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင်စကစတပ်များရမ်းကားသောင်းကျန်း၍ လူနာ ၁ ဦး သွေးလန့်၍ သေဆုံးခဲ့ရ
🚩 ၃။ ဒီပဲယင်းမြို့နယ်ရှိပြည်သူများ သြဂုတ်လ၁၅ရက်နေ့မှစတင်၍ စတင်၍စစ်ဘေးရှောင်နေရပြီးယခုအချိန်အထိနေရပ်ပြန်နိူင်ခြင်းမရှိသေး
🚩 ၄။ အကြမ်းဖက်စကစတပ်များကအရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှုနှင့်ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်တပ်မှ စီစဉ်လျက်ရှိသည်ဟုဆိုသော မည်သည့်ရွေးကောက်ပွဲကိုမျှ ထောက်ခံပံ့ပိုးခြင်း အလျဉ်းမပြုကြရန်သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
သြဂုတ်လ၂၇
စစ်တပ်မှ စီစဉ်လျက်ရှိသည်ဟုဆိုသော မည်သည့်ရွေးကောက်ပွဲကိုမျှ ထောက်ခံပံ့ပိုးခြင်း အလျဉ်းမပြုကြရန်မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
Executive Board of the United Nations Development Programme, the United Nations Population Fund and the United Nations Office for Project Services ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် UNFPA Segment အောက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
ပြောကြားပါတယ်။
"မြန်မာပြည်သူများသည် စစ်တပ်မှကျင်းပမည်ဟု ကြွေးကြော်လျက်ရှိသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်မည်ဟု မယူဆသကဲ့သို့ ပြဿနာအတွက် အဖြေတစ်ခုအဖြစ်လည်း မရှုမြင်ကြောင်း၊ ပြည်သူများ၏ ခံစားနေရသည့်ဒုက္ခ ပိုမိုများပြား၍ ရှည်ကြာစေမည်သာ ဖြစ်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ စစ်တပ်မှ စီစဉ်လျက်ရှိသည်ဟုဆိုသော မည်သည့်ရွေးကောက်ပွဲကိုမျှ ထောက်ခံပံ့ပိုးခြင်း အလျဉ်းမပြုကြရန် တိုက်တွန်းပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ဒါ့အပြင် ကုန်လွန်ပြီးသော (၃) နှစ်ကျော်ကြာ ကာလအတွင်း၌ စစ်တပ်သည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအားလုံး ရပ်တန့်ရန် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့၏ တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုခဲ့ ကြောင်း၊ ယင်းအစား စစ်တပ်က မဆင်မခြင် တိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှု များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေချိုးဖောက်မှုများကိုသာ တိုးချဲ့လုပ်ဆောင် ခဲ့တယ်လို့သံပမတ်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ လက်နက်ကြီးထိမှန်သေဆုံးသူ၏ မိသားစုအား NUGကထောက်ပံ့ငွေပေးအပ်
သြဂုတ် ၂၇ရက်
လက်နက်ကြီးထိမှန်သေဆုံးသူ၏ မိသားစုအား NUGကထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းကို သြဂုတ်လအတွင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဆိုပါလက်နက်ကြီးထိမှန်သေဆုံးခဲ့သူ၏ မိသားစုအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ဆားလင်းကြီးမြို့နယ် လူသားစာနာတာဝန်ခံမှ လက်ရောက်ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင် ယန္တရား နဲ့ အတူ ပါလာခဲ့တဲ့ မညီမျှမှု များ ကို စနစ်ပြောင်းခြင်းဖြင့်သာ ပြုပြင် နိုင်လိမ့်မယ်လို့ဆို
သြဂုတ်လ၂၇
စစ်အာဏာရှင် ယန္တရား နဲ့ အတူ ပါလာခဲ့တဲ့ မညီမျှမှု များ ကို စနစ်ပြောင်းခြင်းဖြင့်သာ ပြုပြင် နိုင်လိမ့်မယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကသြဂုတ်လအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်သုံးသပ်ဆိုထားပါတယ်။
"ကချင်ပြည်နယ် ဟာ မြေဆီဩဇာ ကောင်းတယ်၊ စိုက်ပျိုးနိုင်တဲ့ မြေများတယ်၊ ရေချို နှစ်ပတ်လည်ရတယ်၊ ရာသီဥတု ကလည်း သမပိုင်း ဖြစ်လို့ အပူပိုင်း ဒေသ ရော အအေးပိုင်း၊ သမပိုင်း က သီးနှံ များလည်း ဖြစ်ထွန်းတယ်။စားနပ်ရိက္ခာ မလုံလောက်တာ၊ မဖူလုံတာ တွေက စစ်ဖြစ်လို့ မတည်ငြိမ်တဲ့ အချက်ကိုဖယ်ထားရင် သယံဇာတ ကျိန်စာ လို့ ခေါ်တဲ့ သယံဇာတ ထွက်ကုန် အပေါ် အားထားရာကနေ ကျန်တဲ့ တိုင်းပြည် တည်ဆောက်ရေး အတွက် အရေးပါတဲ့ ထုတ်လုပ်ရေး ကဏ္ဍမှာ ထိခိုက် အားနည်းသွားရတဲ့ သဘောပါ။လက်ရှိ ကာလ ဟာ နိုင်ငံရေး အရ ဖြစ်နိုင်ချေ များ ဟာ လက်တွေ့ ဖြစ်လာဖို့ နီးစပ် လို့ နိုင်ငံရေး ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးဟာ မိမိ တို့ လိုလားတဲ့ ၊ ပြည်သူ့ အကျိုးစီးပွါး ဦးတည်စေတဲ့ မူဝါဒ များ ကို သေချာ တွက်ချက်ပြင်ဆင် ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ဒါ မှသာ စစ်အာဏာရှင် ယန္တရား နဲ့ အတူ ပါလာခဲ့တဲ့ မညီမျှမှု များ ကို စနစ်ပြောင်းခြင်းဖြင့် ပြုပြင် နိုင်ပါလိမ့်မယ်"လို့ဆိုပါတယ်။
တိုင်းပြည်တည်ဆောက်ရေးမှာအများအကျိုးကိုဦးတည်ဖို့လည်း ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုပါတယ်။
========================
📌📌 ၄။ ဆောတိုက်နယ်အတွင်းရှိရွာများတွင် NUG၏ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် အရပ်သားများကို TB ရှိ၊မရှိဓါတ်မှန်ရိုက်စစ်ဆေးပေး
သြဂုတ်လ၂၇ရက်
မကွေးတိုင်း ဆောမြို့နယ် ဆောတိုက်နယ်အတွင်းရှိရွာများတွင် NUG၏ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် အရပ်သားများကို TB ရှိ၊မရှိဓါတ်မှန်ရိုက်စစ်ဆေးပေးခဲ့ကြောင်းကို သြဂုတ်လအတွင်းမှာ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုထားပါတယ်။
"ဆောမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ NUG/ MOH မှ ပြည်သူများထံကွင်းဆင်းကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေကြခြင်းများအတွက် ကျေးဇူးတင်ရှိပါတယ်"လို့ဆိုထားပါတယ်။
မကွေးတိုင်း ဆောမြို့နယ် ဆောတိုက်နယ်အတွင်းရှိရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှူများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ TB အဆုတ်ဓါတ်မှန်ရိုက်ခြင်း စသည့် ကွင်းဆင်း ဆောင်ရွက်မှူများ ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းပြည်နယ်သီပေါရှိစာသင်ကျောင်းကိုစကစတပ်ကလေကြောင်းတိုက်ခိုက်၍ အရပ်သားနှစ်ဦးသေဆုံး
သြဂုတ်လ၂၇ရက်
ရှမ်းပြည်နယ်သီပေါရှိစာသင်ကျောင်းကို သြဂုတ်လ၂၇ရက် မနက်၁နာရီကျော်အချိန်မှာ စကစတပ်ကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
"သီပေါကိုမနက် ၁နာရီခွဲ စကစဘက်က ဂျက်ဖိုက်တာကော Y12နဲ့ကော ဗုံးလာကြဲပါတယ်။အဓိက ဒလန်သတင်းပေးတဲ့ စာသင်ကျောင်းတွေကို ပစ်တာပါ။ တိကျသေချာမှုမရှိတဲ့ ဒလန်သတင်းပေးမှုကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ပြီး စစ်သားတွေတော့ ကျောင်းထဲ ရှိမနေခဲ့ပါဘူး"လို့ဒေသသတင်းအရင်းအမြစ်တဦးကဆိုပါတယ်။
စကစဘက်ကတော့ ပိတ်မိနေတဲ့စကစတပ်သားတွေအတွက် ဗုံးရမ်းသမ်းထပ်ကြဲလာနိုင်ခြေရှိတာကြောင့် လူထုတွေအနေနဲ့ ဂျက်လေယာဉ်နဲ့ Y12 လေယာဉ်တွေကို အထူးဂရုစိုက်ကြဖို့လည်းသတိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင်စကစတပ်များရမ်းကားသောင်းကျန်း၍ လူနာ ၁ ဦး သွေးလန့်၍ သေဆုံးခဲ့ရ
သြဂုတ်လ၂၇ရက်
သြဂုတ်လ၂၇ရက်တွင် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အခုလို အသိပေးဆိုထားပါတယ်။
"မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ကျောက်ကန်ရွာမှ ပျူများ ၊စကစများ နှင့် ကုက်ကဲရှာမှ စကစများသည် မြင်းခြံမြို့မှ ထွက်လာသည့် ခရီးသွားကားများအား သြဂုတ်လ ၂၅ရက်နေ့မှစ၍ နေ့စဥ်ရက်ဆက် ဓားမြတိုက် လုယက်လျက်ရှိနေပါတယ်။လူနာတင်ကားများပါမကျန် ဓားမြတိုက်ခံရပြီး လူနာ ၁ ဦး သွေးလန့်၍ သေဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။
ခရီးသွားပြည်သူများအနေဖြင့် မြင်းခြံ-နဘူးအိုင် လမ်းပိုင်း သွားလာမှုအား မဖြစ်မနေသွားလာရမည့် အရေးပေါ် အခြေအနေမှအပ အသုံးမပြုကြပါရန် အသိပေးတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ဒီပဲယင်းမြို့နယ်ရှိပြည်သူများ သြဂုတ်လ၁၅ရက်နေ့မှစတင်၍ စတင်၍စစ်ဘေးရှောင်နေရပြီးယခုအချိန်အထိနေရပ်ပြန်နိူင်ခြင်းမရှိသေး
သြဂုတ်လ၂၇ရက်
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ရှိပြည်သူများ သြဂုတ်လ၁၅ရက်နေ့မှစတင်၍ စတင်၍စစ်ဘေးရှောင်နေရပြီးယခုအချိန်အထိနေရပ်ပြန်နိူင်ခြင်းမရှိသေးဘူးလို့ သြဂုတ်လအတွင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးဆိုထားပါတယ်။
"ဒီပဲယင်းနယ်အနောက်ခြမ်း စစ်ရှောင် ၃၀၀ ခန့်အား ကူညီချက်ပြုတ်ကျွေးမွေးနေသော Camp တစ်ခုအတွက် ထမင်းတစ်နပ်စာ အထောက်အကူဖြစ်စေရန် ငွေကျပ် (၃) သိန်း သွားရောက်ကူညီခဲ့ပါတယ်။ယခုတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများမှ ၁၅ ရက်နေ့မှစတင်၍ ယနေ့အထိ ၁၀ ရက်ကျော်တိမ်းရှောင်နေရဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
စစ်ရှောင်ရက်ကြာလာသည်နှင့်အမျှ ချက်ပြုတ်ကျွေးမွေးနေသော Camp များမှာလည်း ရိက္ခာအခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ အကြမ်းဖက်စကစတပ်များကအရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှုနှင့်ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်
သြဂုတ်လ၂၇
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၀ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၁ လုံး၊ ကုန်တင်ကား ၁ စီးနှင့် အိမ်မွေးတိရစ္ဆာန်များကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့ပြင် စစ်အုပ်စုက တိုင်းနှင့်ပြည်နယ်အချို့တွင် လူငယ်များအား အကြောင်းမဲ့ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ဒေသခံအရပ်သား ၁၀၀ ခန့်ကို ဖမ်းဆီးသွားပြီးနောက် ၅၀ ဦးဝန်းကျင်ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူများအား စစ်မှုထမ်းရန် ဆက်လက်ဖမ်းဆီးထားကြောင်းသိရပါတယ်။
အလားတူပင် ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်း၌လည်း လူငယ်လူရွယ် ၅၀ ဦး ထက်မနည်း စစ်အုပ်စု၏ ဖမ်းဆီးခံရမှုများရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment