၂၀၂၄ သြဂုတ်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သောရာဇဝတ်မှုများ၏ သတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီးခွန်းဗဟန်းထန် တက်ရောက်
📌 ၂။ ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ် ကျင့်သုံးမှုများအကြောင်း လေ့လာဆွေးနွေးပွဲကျင်းပ
📌 ၃။ "နိုင်ငံတကာအနေနဲ့ ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို လစ်လျူမရှုဘဲမှန်မှန်ကန်ကန်ဆုံးဖြတ်သင့်ပြီ"လို့ဆို
📌 ၄။ ဩစတြေးလျနှင့် အခြားလွတ်လပ်သောနိုင်ငံများမှ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြု ထောက်ခံရန် အရေးကြီးတယ်လို့ မစ္စတာရှောင်တာနယ်အသိပေး
📌 ၅။ CDM ကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပကျန်းမာရေးပညာရှင်များ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဖိတ်ခေါ်
📌 ၆။ ခက်ထရော် ကြမ်းတမ်းသောပြည်သူ့နွေဦးတော်လှန်ရေးကာလကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွန်နိုင်မှသာ ငြိမ်းချမ်းသာယာမှုကိုဆုံဆည်းရမယ်လို့ ဒေါက်တာတေဇာဆန်းဆို
📌 ၇။ အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် စစ်အုပ်စု ပြည်ထဲရေး၀န်ကြီး ရာပြည့်ကို ဖယ်ထုတ်ပေးရန် အဖွဲ့အစည်း ၃၁၉ ဖွဲ့မှ အိတ်ဖွင့်ပေးစာပေးပို့
📌 ၈။ မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ပြန်စတင်
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ကြီးတွင် ပြည်သူ့စစ်သင်တန်း ဆက်တိုက်ပြုလုပ်နေပြီး မတက်ရောက်သူတွေကို PNO က ၃ သိန်းကျပ်စီ ကောက်ခံနေ
🚩 ၂။ လောင်းမင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ၁၀ သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကာ စစ်သုံပန်းနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၃။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်သတ်၊ စစ်မှုထမ်းသင်တန်းဆင်း စစ်သားများ လစာ ၁ သိန်း ၇ သောင်းသာ ရရှိ
🚩 ၄။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ကျယ်ပြန့်တဲ့ စစ်နယ်ဝှမ်း တလျောက်မှာ ချိတ်ဆက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်ပါ ပိုင်ဆိုင်ပြီလို့ဆို
🚩 ၅။ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပကဖ အပတ်စဥ် ၄ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
🚩 ၆။ မတ္တရာမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စစ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲ ကျင်းပ
🚩 ၇။ စစ်ကောင်စီ ရဲတပ်သား ၁ ဦး ဓားမဆိုင်း တပ်မတော်ထံ လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သောရာဇဝတ်မှုများ၏ သတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီးခွန်းဗဟန်းထန် တက်ရောက်
သြဂုတ်လ ၂၆ရက်။
RadioNUG
သြဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်ခဲ့သော ၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သောရာဇဝတ်မှုများ၏ သတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဩဂုတ်လ ၂၅ရက်နေ့ မွန်းလွဲ ၂ နာရီချိန်တွင် အွန်လိုင်းမှ တဆင့်ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်းဗဟန်းထန် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၏ အမှာစကားတွင် “၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ သတ္တမမြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ကို ဝမ်းနည်းမှုများစွာဖြင့် အသိအမှတ်ပြုပါကြောင်း၊ (၇) နှစ်တာကာလနှင့် ယခုချိန်အထိ ရိုဟင်ဂျာပြည်သူတစ်သန်းကျော်မှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် ကျပ်တည်းဆင်းရဲစွာ နေထိုင်နေကြရဆဲဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာပြည်သူများအပါအ၀င် အခြားသော လူနည်းစုဘာသာဝင်များ၊ လူနည်းစု မျိုးနွယ်အုပ်စုများကို နှစ်ပေါင်းများစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံခဲ့စေသော မူဝါဒအမှားများ၊ အလေ့အကျင့်များနှင့် ပြုမှုပြောဆိုမှုများ၊ လုပ်ရပ်အမှားများစွာလည်း ရှိခဲ့ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားမဲ့ပြုကျင့်မှု ခံနေရသည့် ရိုဟင်ဂျာများအပါအဝင် လူမျိုးစုအသီးသီးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ တရားမျှတမှု ရရှိဖို့ရာအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအောင်မြင်ပြီးကာလနောက်ပိုင်းမှာ ရိုဟင်ဂျာပြည်သူများ မိမိတို့နေရပ်သို့ မိမိကိုယ်ပိုင်ဆန္ဒသဘောဖြင့်၊ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးအတွက် သဘောထား၊ မူဝါဒတွေကို ချထားပြီးသားလည်းဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားမဲ့ပြုကျင့်မှု ခံနေရသည့် ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအသီးသီးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ တရားမျှတမှု ရရှိဖို့ရာအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကျဆုံးပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူမျိုးစု၊ လူနည်းစုများအား ကာကွယ်ပေးရေးတို့အပေါ် အခြေခံတည်ဆောက်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုအခြေခံပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် လူမျိုးအသီးသီး ဘာသာအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူတစ်ရပ်လုံးနှင့် အတူတကွ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အခမ်းအနားကျင်းပရေးကော်မတီမှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်းဗဟန်းထန် နှင့် တာဝန်ရှိသူများတက်ရောက်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၂။ ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ် ကျင့်သုံးမှုများအကြောင်း လေ့လာဆွေးနွေးပွဲကျင်းပ
သြဂုတ်လ ၂၆ရက်။
Radio NUG
ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ် ကျင့်သုံးမှုများအကြောင်း လေ့လာဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
သြဂုတ်လ၂၆ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့သည် International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ် ကျင့်သုံးမှုများအကြောင်း လေ့လာဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။
ဆွေးနွေးပွဲကို ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်၍ ဩဂုတ်လ ၂၅ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆွေးနွေးသွားမည်ဖြစ်ကာ ယင်းဆွေးနွေးပွဲများတွင် ဖက်ဒရယ်နိုင်ငံများ၌ ရေးဆွဲကျင့်သုံးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ အာဏာခွဲဝေမှုများ၊ ဥပဒေပြုရေးစနစ်၊ ဘဏ္ဍာရေးစနစ်များ၊ ပြည်ထောင်စု/ပြည်နယ်/ယူနစ်နယ်မြေအကြောင်းအရာများနှင့် ဖက်ဒရယ်နိုင်ငံအချို့၏ စံနမူနာယူရမည့် ဖက်ဒရယ်ပြောင်းလဲမှု ဖြစ်စဉ်များအား ဆွေးနွေးမျှဝေသွားမယ်လို့ သတင်းရရှိပါတယ်။
ပထမနေ့ဆွေးနွေးမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ အခြေခံအချက်(၇)ချက်ဖြစ်သည့် ပြည်သူ့အချုပ်အခြာအာဏာ၊ ပြည်သူ့ကိုယ်စားပြုအစိုးရစနစ်၊ နိုင်ငံရေးစနစ်များ၊ အာဏာပိုင်းခြားအသုံးပြုခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်း၊ အကန့်အသတ်ရှိသောအစိုးရစနစ်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ စသည့် ခေါင်းစဉ်များနှင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ "နိုင်ငံတကာအနေနဲ့ ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို လစ်လျူမရှုဘဲမှန်မှန်ကန်ကန်ဆုံးဖြတ်သင့်ပြီ"လို့ဆို
သြဂုတ်လ ၂၆ရက်။
Radio NUG
"နိုင်ငံတကာအနေနဲ့ ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို လစ်လျူမရှုဘဲမှန်မှန်ကန်ကန်ဆုံးဖြတ်သင့်ပြီ"လို့ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။
သြဂုတ်လအတွင်း နွေဦးမှန်ကူကွက်များအစီအစဥ်၂၇မှာ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုခဲ့ပါတယ်။
"နိုင်ငံတကာအနေနဲ့လည်း ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးစားအားထုတ်မှုကို လစ်လျူမရှုဘဲနဲ့ အခြေအနေမှန်ကိုသိမြင်ပြီး ဘာလုပ်ရမယ်ဆိုတာကို မှန်မှန်ကန်ကန်ဆုံးဖြတ်သင့်ပြီ၊ ဒီတော်လှန်ရေးထဲမှာတော်လှန်ရေးနဲ့အတူ ပြည်သူနဲ့အတူ ရပ်တည်သင့်တဲ့အချိန်က ရောက်ရုံမက ကျော်တောင်ကျော်နေပြီ" လို့ဆိုပါတယ်။
လက်ရှိမှာ နိူင်ငံတကာက လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်သော်လည်း မြန်မာပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များ ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ ဩစတြေးလျနှင့် အခြားလွတ်လပ်သောနိုင်ငံများမှ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြု ထောက်ခံရန် အရေးကြီးတယ်လို့ မစ္စတာရှောင်တာနယ်အသိပေး
သြဂုတ်လ ၂၆ရက်။
RadioNUG
ဩစတြေးလျနှင့် အခြားလွတ်လပ်သောနိုင်ငံများမှ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြု ထောက်ခံရန် အရေးကြီးတယ်လို့ မစ္စတာရှောင်တာနယ်အသိပေးဆိုပါတယ်။
သြဂုတ်လ၂၆ရက် ဆိုရှယ်မီဒီယာမှာမစ္စတာရှောင်တာနယ်ကဆိုပါတယ်။
"ဩစတြေးလျနှင့် အခြားလွတ်လပ်သောနိုင်ငံများမှ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြု ထောက်ခံရန် အရေးကြီးပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာပြည်သူလူထုနှင့်အတူ သတ္တိရှိရှိ ရပ်တည်ခဲ့သော်လည်း ထိုအကြောင်းကြောင့် ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်အစိုးရသည် သူ့အား ၎င်းတို့၏ လက်ကိုင်တုတ်များထဲမှ အစားထိုးလိုခြင်း ဖြစ်တယ်"လို့မစ္စတာရှောင်တာနယ်ကဖော်ပြပါတယ်။
သံအမတ်ကြီးအားထောက်ခံပေးခြင်းသည် မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာတဝှမ်းမှ အမှန်တကယ် ကူညီဆောင်ရွက်ပေးနိုင်သည့် အရာများဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ CDM ကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပကျန်းမာရေးပညာရှင်များ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဖိတ်ခေါ်
ဩဂုတ်လ ၂၆ရက်။
RadioNUG
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ CDM ကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပကျန်းမာရေးပညာရှင်များ၊ သူနာပြုနှင့် သားဖွားဆရာမများ၊ ဓာတ်ခွဲဓာတ်မှန်ပညာရှင်များ စသည့် ကျန်းမာရေးပညာရှင်များ အားလုံးကို လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်ကြောင်း တအာင်းပြည်ကျန်းမာရေးကောင်စီ - THC က သတင်းထုတ်ပြန်ပါတယ်။
တအာင်းပြည်သို့ ရောက်ရှိပြီး တော်လှန်ရေး တာဝန်အသီးသီးတွင် ပါဝင်ထမ်းဆောင်နေသော Medical Family Mandalay - MFM မှ ကျန်းမာရေးမိသားစုဝင်များ၊ CDM ကျန်းမာရေးပညာရှင်များ၊ ဒေသခံကျန်းမာရေးပညာရှင်များအား ဖိတ်ကြား၍ ဩဂုတ်လ (၂၀)ရက်နေ့တွင် PSLF/TNLA ဗဟိုဌာနချုပ်ရုံး၌ ကျန်းမာရေးဆိုင်ရာ စုံညီအစည်းအဝေးကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် PSLF/TNLAမှ တာဝန်ယူအုပ်ချုပ်နေသော မြို့နယ်အသီးသီးရှိ ပြည်သူလူထုများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်နိုင်ရန် “တအာင်းပြည်ကျန်းမာရေးကောင်စီ Ta'angland Health Council – THC ကို ကောင်စီဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။
တအာင်းပြည်ကျန်းမာရေးကောင်စီ၏ ကျန်းမာရေးရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ကောင်စီနှင့်အတူ တအာင်းပြည်ကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေး ဌာန၊ ကုသရေးဌာန၊ ကျန်းမာရေးဆိုင်ရာလူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ကျန်းမာရေးညွှန်းကိန်းနှင့် စီမံကိန်းရေးဆွဲရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနများ စသည်တို့ကို ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် တာဝန်ယူဆောင်ရွက်သွားမည့် ဌာနမှူးများ၊ တွဲဖက်ဌာနမှူးများနှင့် ရုံးအဖွဲ့များကိုလည်း အစည်းအဝေးမှ တာဝန်ခွဲဝေ အပ်နှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တအာင်းပြည်အတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့အတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့်အတူ ရောဂါကုသမှုလုပ်ငန်းများနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို အဓိကထားလုပ်ဆောင်သွားမည့်အပြင် ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးနှုန်းလျော့ကျလာစေရန်၊ ကျန်းမာစွာ သက်တမ်းစေ့နေနိုင်ရေးနှင့် ပျမ်းမျှသက်တမ်း ပိုမိုမြင့်မားလာစေရန်တို့အတွက် ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ခက်ထရော် ကြမ်းတမ်းသောပြည်သူ့နွေဦးတော်လှန်ရေးကာလကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွန်နိုင်မှသာ ငြိမ်းချမ်းသာယာမှုကိုဆုံဆည်းရမယ်လို့ ဒေါက်တာတေဇာဆန်းဆို
ဩဂုတ်လ ၂၆ရက်။
RadioNUG
ခက်ထရော် ကြမ်းတမ်းသောပြည်သူ့နွေဦးတော်လှန်ရေးကာလကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွန်နိုင်မှသာ ငြိမ်းချမ်းသာယာမှုကိုဆုံဆည်းရမယ်လို့ ဒေါက်တာတေဇာဆန်းဆိုလိုက်ပါတယ်။
သြဂုတ်လ၂၆ရက်ဆိုရှယ်မီဒီယာမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကဆိုပါတယ်။
"ခက်ထရော် ကြမ်းတမ်းသော ဤပြည်သူ့နွေဦးတော်လှန်ရေးကာလကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွန်နိုင်မှသာ ဆွတ်ပျံ့ကြည်နူးဖွယ် အတိပြီးသော ငြိမ်းချမ်းသာယာမှုကို ကျွန်ူပ်တို့ဆုံဆည်းရပါလိမ့်မယ်"လို့ဖော်ပြပါတယ်။
လက်ရှိမှာအကြမ်းဖက်စကစတပ်ဟာလေကြောင်းအသုံးပြုတိုက်ခိုက်၍ အရပ်သားများထိခိုက်သေဆုံးမှုမြင့်တက်လျက်ရှိပါတယ်။
========================
📌📌 ၇။ အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် စစ်အုပ်စု ပြည်ထဲရေး၀န်ကြီး ရာပြည့်ကို ဖယ်ထုတ်ပေးရန် အဖွဲ့အစည်း ၃၁၉ ဖွဲ့မှ အိတ်ဖွင့်ပေးစာပေးပို့
သြဂုတ်လ ၂၆ရက်။
RadioNUG
အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် စစ်အုပ်စု ပြည်ထဲရေး၀န်ကြီး ရာပြည့်ကို ဖယ်ထုတ်ပေးရန် အဖွဲ့အစည်း ၃၁၉ ဖွဲ့မှ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လာအိုနိုင်ငံ၊ ဗီယန်းကျင်းမြို့တော်တွင် ကျင်းပမည့် (၁၈)ကြိမ်မြောက်အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေး (AMMTC) နှင့် စပ်လျဉ်း၍ မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုခွင့်တို့အပေါ် ထောက်ခံအားပေးပါရန် တောင်းဆိုသည့်အနေဖြင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၃၁၉ ဖွဲ့ကအိတ်ဖွင့်ပေးစာကို ရေးသား ပေးပို့လိုက်ပါတယ်။
အိတ်ဖွင့်ပေးစာအရအစည်းအဝေးတွင် မြန်မာပြည်သူလူထု ကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန်၊ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အစည်းများကို တရားမဝင်သိမ်းပိုက်ထားသည့် စစ်အုပ်စု ကိုယ်စားလှယ်များနှင့် ၎င်းတို့ခန့်အပ်ခံများအား အစည်းအဝေးမှ ဖယ်ရှားရန်၊ စစ်အုပ်စုကိုယ်စားလှယ်များနှင့် ၎င်းတို့ခန့်အပ်ခံများအား နောင်လာမည့် AMMTC အစည်းအဝေးများအားလုံးသို့ တက်ရောက်ခွင့် ပိတ်ပင်ရန်တို့တောင်းဆိုထားပါတယ်။
အဆိုပါအစည်းအဝေးများမှ မြန်မာစစ်တပ်အား ထုတ်ပယ်ခြင်းမရှိပါက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များအနေဖြင့် မြန်မာစစ်အုပ်စုအား ဖယ်ရှားသည့် အချိန်အထိ ယခုအစည်းအဝေးများနှင့် နောင်လာမည့်အစည်းအဝေး အားလုံးကို သပိတ်မှောက်ဆန့်ကျင်ရန် တိုက်တွန်းတောင်းဆိုထားပါတယ်။
========================
📌📌 ၈။ မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ပြန်စတင်
ဩဂုတ်လ ၂၆ရက်။
RadioNUG
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဩဂုတ် ၂၆ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာကို ပြန်စတင်လိုက်တယ်လို့ အကျဉ်းသားတွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံမှ သိရပါတယ်။
အစာငတ်ခံဆန္ဒပြမှုမှာ အမျိုးသား ၅၂ ဦးပါဝင်ပြီး မြန်မာစစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၁၃ ရက်ကြာ အစာအငတ်ခံဆန္ဒပြခဲ့ကြပြီး ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို ပြန်တင်ပြပေးမယ်လို့ ညှိနှိုင်းမှုကြောင့် ဆန္ဒပြတာကို ရပ်ဆိုင်းခဲ့ပါတယ်။
သို့သော် ဒီနေ့အချိန်အထိ ဘာမှထူးခြားမှု မရှိလာတာကြောင့် အစာအငတ်ခံဆန္ဒပြတာကို ဩဂုတ်လ ၂၆ရက်နေ့မှာ ပြန်လည်စတင်တာဖြစ်တယ်လို့ သိရပါတယ်။
“လူတွေကို ရက်ရက်စက်စက်နဲ့ ထောင်ချပြီးတော့မှ မွေးကင်းစကလေးတွေကစ သက်ကြီးရွယ်အိုတွေအထိ ပြင်းထန်တဲ့ ထောင်စည်းကမ်းတွေနဲ့ ထိန်းသိမ်းတာတို့၊ သူတို့လုပ်ရပ်ကို မသိနိုင်ဘဲနဲ့ စစ်ဘေးဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံပေးတာကတော့ ကျွန်တော့်အနေနဲ့ လုံး၀လက်မခံပါဘူး" လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အခုလို ဖမ်းဆီးမဲ့အစား စဝင်လာကတည်းက အကုန်လုံးကို လက်မခံသင့်ဘူးလို့ သူက ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကြီးတွင် ပြည်သူ့စစ်သင်တန်း ဆက်တိုက်ပြုလုပ်နေပြီး မတက်ရောက်သူတွေကို PNO က ၃ သိန်းကျပ်စီ ကောက်ခံနေ
ဩဂုတ်လ ၂၆ ရက်။
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)က ပြည်သူ့စစ်သင်တန်း မတက်ရောက်သူတွေကို တယောက်လျှင် ၃ သိန်းကျပ် ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို အခြေခံပြီး ရွှေဖီမြေ သတင်းဌာနက ဖော်ပြပါတယ်။
ဩဂုတ်လ အတွင်းမှာ ၁၀ ရက်ကို ၁ ကြိမ်နှုန်း တပ်သားသစ် စုဆောင်းကာ သင်တန်းပေးနေပြီး နိုင်ငံခြား ရောက်နေသူတွေနဲ့ တိမ်းရှောင်နေသူတွေကို အခုလို ငွေကြေးကောက်ခံ နေတာလို့ ဆိုပါတယ်။
အဆိုပါ ပြည်သူ့စစ်သင်တန်းကို အသက် ၁၈ နှစ်ကနေ ၄၀ အတွင်း အမျိုးသားအားလုံး တက်ရောက်ရပြီး သင်တန်းဆင်းတွေကို ကျေးရွာတွေမှာ လုံခြုံရေး ကင်းစောင့်ခိုင်းပြီး ရှေ့တန်းကိုတော့ လာမယ့် စက်တင်ဘာလမှာမှ ထွက်ခိုင်းမယ်လို့ သိရပါတယ်။
၁၀ ရက်တာ ပြုလုပ်တဲ့ အဆိုပါသင်တန်းအတွင်း လက်နက်အစစ်တွေနဲ့ သင်ကြားပေးခြင်း မရှိဘဲ ဝါးလုံး သစ်သားတွေကိုသာ ကိုင်ဆောင်ခွင့်ပေးတယ်လို့ ဆိုပါတယ်။
ပအိုဝ်းဒေသ အတွင်းမှာ PNA က လူသစ်စုဆောင်းတာ စစ်သင်တန်းပေးတာ အကြောင်းအမျိုးမျိုးပြပြီး အခွန်ကောက်ခံတာတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသတွင်းက လူငယ်တွေဟာ ပြည်ပနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေတွေဆီကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
========================
🚩🚩 ၂။ လောင်းမင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ၁၀ သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကာ စစ်သုံပန်းနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
ဩဂုတ်လ ၂၆ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ အထက်ပိုင်းရှိ လောင်းမင်းရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကာ စစ်သုံပန်းနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန် ထားပါတယ်။
ဩဂုတ်လ ၂၄ ရက်က လောင်းမင်းရွာမှာ တပ်စွဲထားတဲ့ ခမရ-၃၀၉ မှ စစ်ကောင်စီ တပ်သားများ၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်နှင့် တီလောင်ရွာမှ ထပ်မံရောက်ရှိလာတဲ့ ကသည်းတပ်ဖွဲ့ အင်အား ၇၀ ခန့်အား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပြီး လောင်းမင်း ရွာကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်း ၁၀ လောင်း ရရှိခဲ့ပြီး SNA ၅ ဦးကို ဖမ်းဆီးရမိခဲ့ကာ ၁၁ ဦးခန့် ဒဏ်ရာရခဲ့ပြီး လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၁၈၄ တောင့်၊ ဗုံးသီး ၆ လုံး၊ ကျည်အိမ် ၂၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း Mi-2 ဖြင့် ၂ ကြိမ် ဗုံး အလုံး ၃၀ ကျော် ကြဲချ ခဲ့တဲ့အပြင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁ ဦးမှာ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ခန္တီး ခရိုင် တပ်ရင်း - ၂ ၊ အထူးလှုပ်ရှား တပ်ရင်း ( ၂ ၊ ၈ )နှင့် မော်လိုက် ခရိုင် တပ်ရင်း - ၃ နှင့် တိုက်နယ် ၄ ပ.က.ဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကလည်း ဟုမ္မလင်းမြို့နယ် ဆပ်ကယားရွာကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းအဖွဲ့ကို ခန္တီးခရိုင် တပ်ရင်း (၁၊၃), အထူးလှုပ်ရှားတပ်ရင်း (၈၊ ၉) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ၅ ဦးသေ ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်း ကျည်ထိမှန်ကာ ဒါဏ်ရာရခဲ့တဲ့ တော်လှန်ရေး ရဲဘော် တဦးကို စစ်ကောင်စီက ခေါင်းဖြတ် သတ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်သတ်၊ စစ်မှုထမ်းသင်တန်းဆင်း စစ်သားများ လစာ ၁ သိန်း ၇ သောင်းသာ ရရှိ
ဩဂုတ်လ ၂၆ရက်။
RadioNUG
ဩဂုတ်လ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ တပ်စခန်းတွင် ဖယ်ခုံ ခမရ ၃၃၆ တပ်သို့ သွားရောက် တာဝန်ထမ်းဆောင်ရမည့် တပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်သတ်လိုက်ကြောင်း သိရပါတယ်။
ဆောင်းပြောင်းကျေးရွာ တပ်စခန်းမှာ ဒုတပ်ကြပ်နှင့် ကင်းစောင့်ခိုင်းသည့်ကိစ္စ စကားများကြပြိးနောက် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်က သေနတ်ဖြင့် ဒုတပ်ကြပ်ကို ပစ်သတ်လိုက်ခြင်းဖြစ်ကာ ပစ်ခတ်သော တပ်သားသစ်မှာလည်း အဖမ်းခံထားရတယ်လို့ သိရှိရပါတယ်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင် လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်၊ စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ၃ သိန်း ၆ သောင်းကျော် စုဆောင်းရရှိလိမ့်မည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာကိုလည်း ၁၅ရက်ကျော်မှ ပေးတယ်လို့ သိရပါတယ်။
စစ်သားတစ်ဦးလျှင် သက်စွန့်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ် ၁ သိန်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် သက်စွန့် စရိတ်ကိုလည်း ပေးခြင်းမရှိကြောင်း၊ လူပျိုများအတွက် ရိပ်သာ၊ အိမ်ထောင်သည်များအတွက် တိုက်ခန်းများ နေအိမ်လိုင်းခန်းများတွင် ရေ၊ မီး၊ အိမ်လခ အခမဲ့နေထိုင်ခွင့် ပေးမည်ဟု ပြောဆိုမှုများမှာလည်း လုံး၀ မဟုတ်မှန်ကြောင်း၊ တပ်ထဲ လိုင်းခန်းများတွင် နေရာချထားပေးခြင်း မရှိသည့်အပြင် မိသားစုကိုပါ တာဝန်ကျရာ နေရာသို့ လုံး၀ ခေါ်ယူခွင့် မပေးကြောင်း၊ ရှေ့တန်းရောက်ချိန်များတွင် မိသားစုကို လုံး၀ ဆက်သွယ်ခွင့်မပြုကြောင်း သိရပါတယ်။
စစ်ကောင်စီက လက်ရှိတွင် လစဉ် ခေါ်ယူနေသော စစ်မှုထမ်းသင်တန်းများအတွက် လူပြည့်မီခြင်းမရှိသဖြင့် အသက် ၃၅ နှစ်ကျော်သူများကိုလည်း စစ်ထဲသို့ ခေါ်သွင်းခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်းများနှင့် စစ်သားစုဆောင်းနေပါတယ်။
========================
🚩🚩 ၄။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ကျယ်ပြန့်တဲ့ စစ်နယ်ဝှမ်း တလျောက်မှာ ချိတ်ဆက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်ပါ ပိုင်ဆိုင်ပြီလို့ဆို
ဩဂုတ်လ ၂၆ ရက်။
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ကျယ်ပြန့်တဲ့ စစ်နယ်ဝှမ်း တလျောက်မှာ ချိတ်ဆက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်ပါ ပိုင်ဆိုင်ပြီလို့ဆိုပါတယ်။
သြဂုတ်လ၂၆ရက် စစ်ရေးသုံးသပ်ချက်များကိုဖော်ပြတဲ့ PDFInsightကသုံးသပ်ဆိုထားပါတယ်။
PDF တွေ စတင်စုဖွဲ့ခါစ ကာလမှာ ပြောက်ကျားစစ်၊ ချုံခိုတိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုတွေကိုသာ အဓိက လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အခိုင်အမာ ခံစစ်ဆင်နေတဲ့ ရန်သူ့ မြို့တွေကိုပင် တိုက်ခိုင်နိုင်နေပြီဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်တဲ့ မြို့တွေကို ကြည့်ရင်လဲ ပင်လည်ဘူး၊ အင်းတော် မြို့တွေလို မြောက်ဘက်ခြမ်းက မြို့တွေ၊ ဧရာဝတီမြစ်ဘေးက ထီးချိုင့်လို၊ သပိတ်ကျင်းလိုမြို့တွေ၊ ဒီပဲယင်း၊ တောင်သာ၊ နွားထိုးကြီးလို မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့တွေ ပါဝင်နေပါတယ်။ ဒါတွေကို ကြည့်ရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ကျယ်ပြန့်တဲ့ စစ်နယ်ဝှမ်း တလျောက်မှာ ချိတ်ဆက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်ပါ ပိုင်ဆိုင်နိုင်လာပြီကို ပြသပါတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံအထက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့တွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ ပကဖတွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတိုက်ခိုက်လျက်ရှိပါတယ်။
အဆိုပါ တိုက်ပွဲတွေမှာ PDF တပ်ရင်းဆယ်ချီ ပါဝင်နေသလို PDF နဲ့ ပကဖ အင်အား ထောင်နဲ့ချီ ပါဝင်လျက်ရှိတယ်လို့လည်းသတင်းရရှိပါတယ်။
========================
🚩🚩 ၅။ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပကဖ အပတ်စဥ် ၄ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
ဩဂုတ်လ ၂၆ရက်။
RadioNUG
ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပကဖ အပတ်စဥ် ၄ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
သြဂုတ်လ၂၆ရက် ပကဖအသံကအသိပေးဖော်ပြပါတယ်။
"ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပကဖ အပတ်စဥ် ၄ မွမ်းမံသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၄ ရက်နေ့ကကျင်းပခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
သင်တန်းဆင်းပွဲမှာ သေနတ်ပစ်ပြိုင်ပွဲအတွင်း ပထမ၊ ဒုတိယနဲ့ တတိယ ဆုရရှိခဲ့ကြတဲ့ ရဲဘော်တွေကို မြို့နယ် ပကဖကနေ ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့တယ်လို့လဲ ယင်းမာပင် ပကဖ ထံကနေ သိရပါတယ်။
========================
🚩🚩 ၆။ မတ္တရာမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စစ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲ ကျင်းပ
ဩဂုတ်လ ၂၆ ရက်။
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မိုးကြိုးစစ်ကြောင်းမှ စစ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲမှာ တိုက်နယ် (၃)တာဝန်ခံ ၁ ဗိုလ်မိုးကြိုးမှ သင်တန်းဆင်း ရဲဘော်များအား ယူနီဖောင်း များ ပေးအပ်ခြင်းနှင့် ဘက်တံဆိပ်များ တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ရေးပြ ချီတက်ခြင်း၊ ဖက်ဒရယ် အလံတော်အား အလေးပြုခြင်း၊ သစ္စာအဓ္ဂိဌါန် ၅ ချက်ဖြင့် သစ္စာပြုခြင်း၊ တိုက်ခိုက်ရေး သရုပ်ပြပြိုင်ပွဲ၊ သေနတ်ပစ် ပြိုင်ပွဲများ ကျင်းပခြင်း၊ သစ္စာရေသောက် သစ္စာပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် တာဝန်ခံမှ ပြိုင်ပွဲဝင် ဆုရသင်တန်းသားများအား ဆုငွေများ ပေးအပ်ခြင်း၊ စစ်ကြောင်းမှုးအား စစ်ကြောင်းအတွက် အသုံးပြုရန် ချီးမြှင့်ငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကာ ပလောင်ရိုးရာ သီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပြီး သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီ ရဲတပ်သား ၁ ဦး ဓားမဆိုင်း တပ်မတော်ထံ လက်နက်နဲ့ အလင်းဝင်
ဩဂုတ်လ ၂၆ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ် ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်နဲ့ အလင်းဝင် လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့က အဆိုပါ ရဲတပ်သား ဟာ G - 3 သေနတ် ၁ လက် ၊ 7.62 ကျည် 15 တောင့် နှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈)ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံဝင်လာခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment