၂၀၂၄ သြဂုတ်လ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ဖို့လိုအပ်မှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သည့်အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေခြင်း ကြောင့် မြန်မာပြည်သူများခံစားနေရမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၃။ တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက် ၂ဦး ကို အမြန်ဆုံးလွှတ်ပေးဖို့ Dawei Watch တောင်းဆို
📌 ၄။ ဦးပိန်တံတားအနီး ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခ
📌 ၅။ ကသာခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ကြီးမှူး၍အင်းတော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
📌 ၆။ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊နေရေးထိုင်ရေးအဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးနေ
📌 ၇။ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ် NUG ပညာရေးကျောင်းတွင်လိုအပ်နေသော စာသင်ဆောင်တစ်ဆောင်လှူဒါန်း
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြောင်နယ် ကျောက်ရစ်ကျေးရွာက ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၇ ဦးသေဆုံး
🚩 ၂။ ဝက်ထီးကန်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ကွပ်ကဲရေးမှူးနဲ့ အရာရှိ၆ ဦး သေဆုံးပြီး ထိခိုက်သေဆုံးသူများ
🚩 ၃။ လက်ပံတန်းမြို့နယ် ရေငံရွာနဲ့အုပ်ဖိုရွာကို စစ်တပ်က စီးနင်းပြီး မီးရှို့ဖျက်ဆီး
🚩 ၄။ သံဖြူဇရပ်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး
🚩 ၅။ ကြို့ပင်ကောက်မှာ လူငယ်တွေကို ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်
🚩 ၆။ ထားဝယ်မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
🚩 ၇။ ပုလောမြို့နယ်က စစ်တပ် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ဖို့လိုအပ်မှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၂၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၄/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက စစ်ရှိန်ကို မြှင့်နိုင်သမျှ မြှင့်ဖို့လိုအပ်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
"ရှေ့နှစ်အတွင်းမှာဆိုရင် စစ်အုပ်စုက နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတစ်ချို့လည်း ရှိနေတာကြောင့် သူတို့ကလည်း ရတဲ့နည်း နဲ့ လုပ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သေသေချာချာထည့်သွင်း စဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာပြည်သူ့ခုခံတွန်းလှန်တွန်းလှန်စစ်များစတင်ခဲ့ပြီး၂၀၂၄ ခုနှစ်အတွင်းမှာတော့မြို့သိမ်းတိုက်ပွဲတွေအထိဆင်နွှဲလာနိူင်ဖြစ်ပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သည့်အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေခြင်း ကြောင့် မြန်မာပြည်သူများခံစားနေရမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
သြဂုတ်လ၂၈ရက်
နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သည့်အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေခြင်း ကြောင့် မြန်မာပြည်သူများခံစားနေရမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်လို့မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။
Executive Board of the United Nations Development Programme, the United Nations Population Fund and the United Nations Office for Project Services ၏ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး၏ UNDP Segment ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
"စစ်တပ်အကြမ်းဖက် ရက်စက်ရုပ်မာမှုများ၏ ရိုက်ခတ်မှုများကို အမျိုးသမီး၊ မိန်းကလေး ငယ်များနှင့် လူငယ်များက ဆိုးရွားစွာ ခါးစည်းခံစားနေကြရကြောင်း၊နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သည့်အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေခြင်း ကြောင့် မြန်မာပြည်သူများခံစားနေရမှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ ကြောင်း၊ မြန်မာပြည်သူများ ခံစားနေရမှုသည် စကားလုံးဖြင့်ဖော်ပြ၍ မရသည့် ကြေကွဲ စရာဖြစ်ရပ်ဖြစ်ကြောင်း၊အဆိုပါပြဿနာရပ်များ၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် မတရားစစ်အာဏာ သိမ်းယူမှု ကြောင့်ဖြစ်သည်ဆိုသည်မှာ ရှင်းလင်းနေကြောင်း၊ ယင်းပြဿာနာကို ဖြေရှင်းရေးအတွက် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့်တို့တွင် ဟန်ချက်ညီညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ထို့အပြင် လူပေါင်း (၅,၅၀၀) ကျော် မှာ စစ်တပ်၏ မတရားရက်စက်စွာ သတ်ဖြတ်ခံရပြီး (၃.၂) သန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး နေရကြောင်း၊ (၁၈.၆) သန်းမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်လျက်ရှိကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက် ၂ဦး ကို အမြန်ဆုံးလွှတ်ပေးဖို့ Dawei Watch တောင်းဆို
သြဂုတ်လ၂၈ရက်
တနင်္သာရီတိုင်း မြိတ်မြို့က သတင်းသမားတွေဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို အာဏာသိမ်းစစ်ကောင်စီက တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာကို ကန့်ကွက်လိုက်ပြီး အမြန်ဆုံးလွှတ်ပေးဖို့ Dawei Watch သတင်းဌာနက မနေ့ ဩဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Dawei Watch မီဒီယာရဲ့ မြိတ်အခြေစိုက် သတင်းသမား ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက တသက်တကျွန်းနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ တိတ်တဆိတ်ချမှတ်လိုက်တာကြောင့် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ညမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ခုံရုံးကနေ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တသက်တကျွန်းနဲ့ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ အထိ အသီးသီးချမှတ်လိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ မတရားအမှုဆင်စွဲဆိုပြီး ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့မှာ ကိုအောင်ဆန်းဦးကို ထောင်ဒဏ်နှစ် ၂ဝ ချခဲ့ကာ ၂ဝ၂၄ ခုနှစ် မေ ၁၅ မှာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တသက်တကျွန်း ချခဲ့တာလို့ Dawei Watch က ခန့်မှန်းထားပါတယ်။
မြိတ်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်မဟုတ်တဲ့အတွက် သတင်းသမားတွေကို ဥပဒေနဲ့အညီ ခုခံ ကာကွယ်ခွင့်ပေးရမှာဖြစ်ပေမယ့် တရားရုံးမှာ စစ်ဆေးခြင်းမရှိဘဲ မြိတ်ထောင်မှာရှိတဲ့ စစ်ခုံရုံးကနေ ဥပဒေမဲ့ ထောင်ဒဏ် ချမှတ်ခဲ့တာလို့ Dawei Watch က ဆိုပါတယ်။
ဒါဟာ သတင်းသမားတွေအပေါ် အာဏာသိမ်းစစ်ကောင်စီက တရားမဲ့ ကျူးလွန်လိုက်တာလို့ Dawei Watch အယ်ဒီတာ ချုပ် ကိုကျော်က ပြောပါတယ်။
အခုလို စစ်ကောင်စီက သတင်းသမားတွေကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင် စစ်ဆေးတာ၊ ဥပဒေနဲ့အညီ ခုခံကာကွယ်ချေပခွင့် မပေးဘဲ ပြစ်ဒဏ်ချမှတ်အရေးယူတာတွေကို ပြင်းထန်စွာကန့်ကွက်ပြီး ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ Dawei Watch က ထုတ်ပြန် တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လက်ပြကျေးရွာမှာနေတဲ့ သတင်းသမား ကိုထက်မြတ်နဲ့ ကိုဝင်းထွဋ်ဦးတို့ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တာရှိပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီးထောင်ချထားတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့-RSF က ဩဂုတ် ၂၆ ရက်နေ့ကပဲ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ဦးပိန်တံတားအနီး ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခ
သြဂုတ်လ၂၈ရက်
မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတားအအရှေ့ဘက်ထိပ်မှာရှိတဲ့ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ အမရပူရမြို့ တောင်သမန်အင်းအရှေ့ဘက်ကမ်း ဦးပိန်တံတားအရှေ့ ထိပ်မှာရှိတဲ့ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခခဲ့တာလို့ ဆိုပါတယ်။
နေပူနေတာကနေ ရုတ်တရက် မိုးရွာချပြီးနောက် ကျောက်တော်ကြီးဘုရား မိုးကြိုးထိတာဖြစ်ပြီး လျှပ်စီးအရောင်ကို အဝေးကမြင်ရသလို မိုးကြိုးပစ်သံကလည်း အလွန်ကျယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ ဩဂုတ်လ ၂၆ ရက်က မန္တလေးတောင်ခြေမှာရှိတဲ့ ကျောက်တော်ကြီးဘုရား ကို သွားရောက်ခဲ့ပြီး နောက်ရက်မှာ အမရပူရမြို့က ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရတာလို့ ဒေသတွင်း သတင်းတွေ အရ သိရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အဖွဲ့ မန္တလေးမြို့တော်ကို ရောက်ရှိနေချိန် နန်းမြို့ရိုးပြိုကျတာ၊ ဦးပိန်တံတား အနီးမှာရှိတဲ့ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရတာတွေဟာ ကောင်းတဲ့နိမိတ်မဟုတ်ဘူးလို့ ကောက်ယူနေသူတွေလည်းရှိပါတယ်။
မန္တလေးနန်းတွင်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက်ခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်မှာ သဲအိတ်တွေတင်ထားတဲ့ မန္တလေးနန်းမြို့ရိုးက အုတ်ရိုးတခန်းနီးပါး ပြိုကျပျက်စီးခဲ့တာနဲ့ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော် မြေခခဲ့တာကြောင့် မြို့ခံတွေက အခုလို မှတ်ယူနေတာလည်းဖြစ်ပါတယ်။
ပြိုကျပျက်စီးသွားတဲ့ မန္တလေးနန်းမြို့ရိုးဟာ အောင်မြေသာစံမြို့နယ် ၂၆ လမ်း ကျုံးတောင်ဘက်ခြမ်း လမ်း ၇၀ နဲ့ ၇၁ လမ်း ကြားက နန်းမြို့ရိုးဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ ပြိုကျခဲ့ဖူးပြီး မင်းအောင်လှိူင်နဲ့ အပေါင်းအပါတွေ မန္တလေးရောက်နေချိန် ဩဂုတ်လ ၂၆ ရက်မှာ ထပ်မံပြိုကျတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲ့ဒီနန်းမြို့ရိုးမှာ အက်နေတဲ့နေရာတွေလည်းရှိတာကြောင့် ထပ်ပြိုနိုင်ဖွယ်ရှိတယ်လို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၂၅ ရက်က မန္တလေးမြို့တော်ခန်းမမှာ ခရိုင်အဆင့် Non CDM ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ပြည်သူလူထုကို အဓမ္မစစ်သင်တန်းတက်ခိုင်းမယ့် ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည် ဖော်မယ့်ကိစ္စ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ကသာခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ကြီးမှူး၍အင်းတော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
သြဂုတ်လ၂၈ရက်
ကသာခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ အင်းတော်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ နေအိမ်များကိုအကြောင်းမဲ့ မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသော စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများကို သြဂုတ်လ ၂၇ ရက်နေ့တွင် ပေးအပ်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထောက်ပံ့ငွေများမှာ ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ (၁၀)သိန်းကျပ်၊ ဗန်းမောက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ (၂၅)သိန်း၊ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ(၁၀)သိန်းကျပ် စုစုပေါင်းငွေကျပ် (၄၅)သိန်းကျပ်တိတိကို ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံမှတဆင့်အင်းတော်မြို့နယ် လူသားစာနာတာဝန်ခံ ထံသို့ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊နေရေးထိုင်ရေးအဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးနေ
သြဂုတ်လ၂၈ရက်
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား၊မြို့သိမ်းတိုက်ပွဲဖြစ်ပွါးခဲ့သည့် သြဂုတ်လ၁၅ရက်နေ့မှ ယနေ့လက်ရှိအချိန်အထိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊နေရေးထိုင်ရေးအဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးခြင်းများကို ရပ်ကျေးပအဖ၊ပကဖ အစရှိသည့်သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သြဂုတ်လ၂၈ရက်မှာ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
စစ်ဘေးရှောင်ကျေးရွာများမှာ၊ဝဘာ၊သပြေသာ၊မဲသည်၊ရွာသစ်၊မှန်သာ၊တောကျောင်း၊အင်တန်း၊လက်တီး၊ယင်းထွေ၊ရွာရှည်၊အောင်ချမ်းသာ၊ပျော်ဘွယ် ၊ကံပြားစတဲ့ကျေးရွာများဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၇။ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ် NUG ပညာရေးကျောင်းတွင်လိုအပ်နေသော စာသင်ဆောင်တစ်ဆောင်လှူဒါန်း
သြဂုတ်လ၂၈ရက်
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ် NUG ပညာရေးကျောင်းတွင်လိုအပ်နေသော စာသင်ဆောင်တစ်ဆောင်လှူဒါန်းခဲ့ကြောင်းကို သြဂုတ်လ၂၈ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှအသိပေးဆိုပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှလှူဒါန်းသောကျောင်းဆောင်မှာ၁၀ ဆောင်မြှောက် ကျောင်းဆောင်ဖြစ်ပြီးဆားလင်းကြီးမြို့နယ်၊ပုလဲမြို့နယ်၊ဘုတလင်မြို့နယ်၊ယင်းမာပင်မြို့နယ် တို့တွင် စာသင်ဆောင်များလှူဒါန်းပေးလျှက်ရှိပါတယ်လို့ဖော်ပြပါတယ်။
အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာအညာဒေသမှာစစ်ဘေးရှောင်များကိုလည်းကူညီဆောင်ရွက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြောင်နယ် ကျောက်ရစ်ကျေးရွာက ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၇ ဦးသေဆုံး
သြဂုတ်လ၂၈ရက်
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၇ ဦး သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ - MSPDF က ဒီနေ့ ဩဂုတ် ၂၈ မှာ ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့က စစ်ကိုင်းခရိုင် အမှတ်-၄ တပ်ရင်း MSPDF နဲ့ အတူ တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့ တွေက မနက် ၈ နာရီအချိန်ကနေ နေ့လည် ၁ နာရီအချိန်ခန့်ထိ စစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ပစ်ခတ်ခဲ့ တဲ့အပြင် Multi Wings ၊ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wings Drone တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် တိုက်ပွဲ စတင်ချိန်မှာ ရေစကြိုဘက်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ၁၈ လုံးခန့် ပစ်ကူပေးခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် မှာ တိုက်လေယာဥ် ၂စင်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်ပြီးခနောက် ညအချိန်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်သားအလောင်း ၄ လောင်းကို သုံးဘီးဆိုက်တွဲပေါ်တင် ပြီး တိတ်တစိတ်မြေမြုပ်သွားသလို နောက်တရက်ညနေမှာလည်း အလောင်း ၃ လောင်းကို ထပ်မံပြီး တိတ်တစိတ် မြေမြုပ် သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ ရာမှာ ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ MSPDF က ထပ်မံ အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း-MSPDF စစ်ကြောင်းက မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ Sagaing District Drone Force (SDDF) ၊ မြောင်ကျေးရွာ တပ်ပေါင်းစု၊ သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မိတ္ထီလာခရိုင်အမှတ် ၂ တပ်ရင်း၊ CDSOM မြောက်ပိုင်း တိုက်ခိုက်ရေး ဗိုလ်စင်္ကြာစစ်ကြောင်း ၊ MRF စားဖို စစ်ကြောင်းနဲ့အတူ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၂။ ဝက်ထီးကန်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ကွပ်ကဲရေးမှူးနဲ့ အရာရှိ၆ ဦး သေဆုံးပြီး ထိခိုက်သေဆုံးသူများ
သြဂုတ်လ၂၈ရက်
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ဝက်ထီးကန်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် က အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနဲ့အတူ အရာရှိ၆ ဦး အပါအဝင် ထိခိုက်သေဆုံးသူများစွာရှိခဲ့တယ်လို့ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်းက ပြောပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့က ဝက်ထီးကန်မြို့ ကိုင်းချောင်းကျေးရွာအရှေ့ဘက် ရွာအဝင်လမ်းမှာ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း-၂ က စစ်ကြောင်းမှူး စောဒေးဗစ် ဦးဆောင်တဲ့အဖွဲ့နဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ရာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများတာကြောင့် ဖောကားတွေနဲ့ အင်အား ၆၀ ခန့်စစ်ကူ လာရောက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပဲခူးတိုင်း အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနဲ့အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်မြို့မရဲစခန်းမှူး၊ ကပဆ ၁၉ က အရာရှိတဦးနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၅ ဦးခန့် သေဆုံးသွားတယ်လို့ သတင်းထားပြီး ဒဏ်ရာရသူစာရင်း ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အသိပေးထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်နယ်မြေမှာ အကြမ်းဖက်စစ်သားတွေ အချင်းချင်း မှားယွင်းပစ်ခတ် တာကနေ ၃ ဦးသေဆုံးသွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ လက်ပံတန်းမြို့နယ် ရေငံရွာနဲ့အုပ်ဖိုရွာကို စစ်တပ်က စီးနင်းပြီး မီးရှို့ဖျက်ဆီး
သြဂုတ်လ၂၈ရက်
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်ထဲက ရေငံရွာနဲ့ အုပ်ဖိုရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညက စီးနင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်အချိန်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေငံရွာနဲ့အုပ်ဖိုရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့က ရေငံရွာအနီးမှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးခံခဲ့ရတာကို မကျေနပ် တာကြောင့် အကြမ်းဖက်စစ်တပ်က ညအချိန်မှာ ရွာကို စီးနင်းပြီး မီးတင်ရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၂၃ ရက် နေတုန်းကလည်း လက်ပံတန်းမြိုနယ် ဆင်တလင်းအုပ်စု မအူတန်းကျေးရွာ ကနေ ငှက်ပျောတုံးရွာဘက်ကို ဆန်အိတ်၂အိတ်စီ တင်ဆောင်မောင်းနှင်လာတဲ့ ဆိုင်ကယ်ကယ်ရီသမား ၃ ဦးကို PDF ထောက်ပို့တွေလို့စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စီတုန်ရွာက ဘုန်းကြီးကျောင်း နတ်လမ်းပျက်စီးခဲ့ပြီး ရွာငံရွာက အိမ်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
လတ်တလောမှာ မြေပြင်တိုက်ပွဲတွေရှိနေတာကြောင့် အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ရေငံရွာနဲ့ အုပ်ဖိုရွာက မီးလောင်ပျက်စီးသွားတဲ့အိမ်ခြေအရေအတွက်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို ဒီနေ့ ဩဂုတ် ၂၈ ရက် မနက် ၁၁ နာရီအချိန်အထိတော့ မသိရသေးပါဘူး။
========================
🚩🚩 ၄။ သံဖြူဇရပ်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး
သြဂုတ်လ၂၈ရက်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲက အတွင်းစခန်းကြီးရွာနဲ့ ဝဲတော်သင်္ချိုင်းကြားမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦးသေဆုံးသွားတယ်လို့ တောင်ညိုစစ်ကြောင်းက ပြောပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့ နယ် သက်ကော့ကျေးရွာဘက်ကနေ အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ အတွင်းစခန်းကြီးရွာနဲ့ ဝဲတော်သင်္ချိုင်းကြား ရောက်ရှိလာချိန်မှာ ၁ဝ မိနစ်ခန့် ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေရာဟာ လူနေထူထပ်ရာဒေသဖြစ်တာကြောင့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဒေသခံတွေ ထိခိုက်မှုမရှိ အောင် ပြောက်ကျားစနစ်နဲ့ ပစ်ခတ်ခဲ့ရတာလို့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ရာ အနီးပတ်ဝန်းကျင်မှာပဲ ရှိနေသေးတဲ့အတွက် တိုက်ပွဲတွေ ထပ်ဖြစ် လာနိုင်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့နဲ့ နယ်မြေခံတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရှိရာ အနီးပတ်ဝန်းကျင်မှာ မနေကြဖို့ တောင်ညိုစစ်ကြောင်းက မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက်မှာ လူငယ်တွေကို ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်
သြဂုတ်လ၂၈ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် ကြို့ပင်ကောက်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ လုပ်နေတဲ့ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK-PDF က ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်ထဲက အရပ်သားပြည်သူတွေကို ပေါ်တာဆွဲဖို့လုပ်ဆောင်နေတဲ့ အလယ်ကုန်းရဲစခန်းက စစ်ကောင်စီ တပ်ဖွဲ့ကို မနေ့ ဩဂုတ်လ ၂၇ ရက် ည ၈နာရီခန့်အချိန်မှာ Black Dragon GBK-PDF က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လူငယ်တွေကိုပေါ်တာဆွဲဖို့ အလယ်ကုန်းရဲစခန်းကို ရောက်နေကြောင်းသိရတဲ့ အတွက် တိုက်ခိုက်ဖို့စောင့်နေပေမယ့် ထွက်မလာကြောင့် စခန်းအထိသွားပြီး တိုက်ခိုက်ခဲ့တာလို့ Black Dragon GBK-PDF တပ်ခွဲမှူးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ မိနစ် ၃ဝခန့် ကြာမြင့်ခဲ့ပြီး စခန်းအပေါက်ဝမှာရှိတဲ့ စစ်သားတဦး အရုပ်ကြိုးပြတ်လဲကျသွားတာ မြင်ရပေမယ့် သေဆုံးမှုရှိမရှိနဲ့ အခြားသူတွေ ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီနဲ့စစ်တပ်ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ၎င်းတို့အနီး သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့ Black Dragon GBK-PDF က ဒေသခံပြည်သူတွေကို အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ထားဝယ်မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
သြဂုတ်လ၂၈ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ-ထားဝယ်က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို ဒီနေ့ သြဂုတ် ၂၈ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ-ထားဝယ် ၃ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ "နီရဲတဲ့နှင်းဆီ ငါတို့အားလုံး နီရဲတဲ့နှင်းဆီ" ခေါင်းစဥ်နဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ ပျော့ညံ့တဲ့ လူတန်းစားတရပ်အနေနဲ့ သတ်မှတ်ခံလာရတဲ့ ကျွန်မတို့အမျိုးသမီးတွေဟာ လက်ရှိ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ရဲရဲတောက် တော်လှန်ပါဝင်နေတယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။
နှင်းဆီနီလို ရဲရဲတောက်ပြီး ရဲရင့်လှတဲ့ ကျွန်မတို့ အမျိုးသမီးထုဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြုတ်ချဖို့ အားကောင်း မောင်းသန် ချီတက်နေပါတယ်လို့လည်း အသိပေးထားပါတယ်။
ကျွန်မတို့ အမျိုးသမီးထုရဲ့ နှင်းဆီနီလို ရဲရဲတောက် ရဲရင့်မှုဟာ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ ရင်ဝကို အားပြင်းပြင်းနဲ့ ထိုးစိုက်မယ့် ချွန်ထက်လှတဲ့ ဆူးတချောင်း ဖြစ်စေရမယ်လို့လည်း နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ-ထားဝယ်က ကြွေးကြေားထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ ထားဝယ်အမျိုးသမီးလူငယ်တွေဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ-ထားဝယ်ကို စတင် ဖွဲ့စည်းလိုက်ပြီး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကို နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာလို့သိရပါတယ်။
========================
🚩🚩 ၇။ ပုလောမြို့နယ်က စစ်တပ် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်
သြဂုတ်လ၂၈ရက်
တနင်္သာရီတိုင်း ပုလောမြို့နယ် မကျည်းကုန်းကျေးရွာက အော်သာယာတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တာဝါတိုင်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဒီစစ်တပ်စခန်းကုန်းကို ပုလော-ပကဖ Drone တပ်စိတ် -Shadow Squad နဲ့ မြိတ်ခရိုင် အမှတ်-၁တပ်ရင်းတို့ ပူးပေါင်းပြီး သြဂုတ်လ ၁၇ ရက်နဲ့ ၂၆ ရက်နေ့တို့မှာ ဒရုန်းဗုံးသီးတွေ ၁၀ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်စခန်းကုန်းဟာ ခလရ ၂၈၅ နဲ့ တဆက်တည်းရှိနေတာကြောင့် ခလရ ၂၈၅ တပ်ရင်း တောင်ကုန်းလို့လည်း ခေါ်ကြတယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးတောင်ကုန်းတခုတည်းမှာပဲ အင်အား ၃၀ ကျော် ၄၀ ခန့်က ကင်းရှည်တာဝန်ယူလေ့ရှိတယ်လို့ ပုလော-ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုမှာ စခန်းအတွင်း ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက်က စစ်သား ၂ဦး ထက် မနည်းထိခိုက်သွားတာကြောင့် မှော်ကြောင်း၊ ခမောင်းတောနဲ့ အော်သာယာ စတဲ့ ကျေးရွာတွေဘက်ကို စစ်တပ်စခန်းကနေ လက် နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အပြင် ခလရ-၂၈၅ အတွင်းကနေလည်း အော်သာယာနဲ့ခမောင်းတောကျေးရွာ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာရှိတယ်လို့ ပုလော-ပကဖ က အသိပေးထားပါတယ်။
စစ်တပ် တာဝါတိုင်စခန်းကုန်းဟာ မှော်ကြောင်း၊လက္ကူး၊မြဒေါင်၊မင်းထိန်၊ ခမောင်းတောနဲ့ အော်သာယာ စတဲ့ ကျေးရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတဲ့ စခန်းကုန်းတခုဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment