၂၀၂၄ သြဂုတ်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၅) တပ်ရင်း နှင့် ဥက္ကဋ္ဌ တွေ့ဆုံခြင်း အခမ်းအနားကျင်းပ
📌 ၂။ အားလုံးအိမ်ပြန်ချိန်ရောက်လာနေပြီလို့ NUG ပြင်သစ်ကိုယ်စားလှယ်ဆို
📌 ၃။ မြန်မာနိူင်ငံရဲ့ပြဿနာအရင်းခံမှာ မင်းအောင်လှိုင်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဆို
📌 ၄။ အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်များသည် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုကို (၄) ကြိမ်တိုင်တိုင် လုပ်ဆောင်နေ
📌 ၅။ "တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် မြန်မာ့တပ်မတော်သားများ ပြည်သူ့ဘက်သို့ " အလံဖြူထောင်" ပူးပေါင်းရန် ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများ သပိတ်တိုက်ပွဲဖော်ဆောင်
📌 ၆။ သဲအိတ်တွေ တင်ပြီး ဘန်ကာဆောက်လုပ်မှုကြောင့် မန္တလေးနန်းမြို့ရိုး ပြိုကျ
📌 ၇။ ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းပေါ်ရှိ ဈေးဆိုင်များ ပြဿနာ ဖြေရှင်းရန် မန်ဆူဘုရားလမ်းဆုံဈေးကို ပြောင်းရွှေ့နေရာ
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအဆင့် (၁) ဦး အပါအဝင် (၂၀) ကျော် သေဆုံး
🚩 ၂။ မြင်းမူနှင့် အရာတော်မြို့နယ်များရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို (၇) ကြိမ် ဗုံးကျဲတိုက်ခိုက်
🚩 ၃။ မုံရွာ - မန္တလေး လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား လက်နက်ကြီး၊ drone များဖြင့် တိုက်ခိုက်
🚩 ၄။ လောင်းလုံးတွင် လမ်းကင်း လုံခြုံရေးယူရန် ထွက်လာတဲ့ စစ်သား (၃) ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၂) ဦး သေဆုံး
🚩 ၅။ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် Jet fighter ဖြင့် (၃) ကြိမ်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
🚩 ၆။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၁၀) ဦး စုစုပေါင်း (၁၉) ဦး သေဆုံးခဲ့ပြီး (၁၁) ဦးမှာ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၅) တပ်ရင်း နှင့် ဥက္ကဋ္ဌ တွေ့ဆုံခြင်း အခမ်းအနားကျင်းပ
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၅) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဋ္ဌ ခွန်းဘီထူးတို့ တွေ့ဆုံခြင်း အခမ်းအနားတစ်ရပ်ကို ဩဂုတ်လ (၂၇) ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခမ်းအနားတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ဖွဲ့အလံတော် နှင့် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ်(၁၅) တပ်ရင်းမှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဋ္ဌ ခွန်းဘီထူး မှ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ စစ်ရေး ကြိုတင်ပြင်ဆင်ရမည့် အရာများ၊ အပြန်အလှန် မေးခွန်းမေးမြန်း၊ ဖြေကြားမှုများ၊ တိုက်တွန်း အားပေးစကားပြောကြားခဲ့ကြတယ်လို့ သိရှိရပါတယ်။
အဆိုပါပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၅) တပ်ရင်း ရဲဘော်များ၊ ကေးလျားမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များ ပါဝင် တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ အားလုံးအိမ်ပြန်ချိန်ရောက်လာနေပြီလို့ NUG ပြင်သစ်ကိုယ်စားလှယ်ဆို
NUG ပြင်သစ်ကိုယ်စားလှယ် မနန်းဆုမွန်အောင်သည် သြဂုတ်လ (၂၈) ရက်နေ့က ဆိုရှယ်မီဒီယာမှာ အခုလို ဆိုလို ကပါတယ်။
"အရွယ်မျိုးစုံခုန်ပေါက်ပြီး ကြိုနေတာလေး မြင်ရတာ ဝမ်းသာရလိုက်တာ။ အားလုံး အိမ်ပြန်ချိန်ရောက်လာပါပြီ။ သုညကစခဲ့တဲ့ ဒီနွေဦး.....အရင်းအနှီးကြီးမြတ်လှတဲ့ ဒီနွေဦး...မြေပြင်က ပြည်သူ့ရဲဘော်သားကောင်းများအားလုံးကို လေးစားကျေးဇူးတင်ပါတယ်" လို့ ဆိုထားပါတယ်။
စစ်သည်၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု၊ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနှင့်အတူ ရှမ်းမြောက် - မန္တလေး၊ မန္တလေး - ရှမ်းမြောက် ဖြစ်ပြီးရင် မန္တလေးမှသည် နေပြည်တော် ဆိုတာလည်း မဝေးတော့ဘူး ဆိုတာ အသေအချာဘဲ ဖြစ်တယ်လို့ Mandalay PDF ကလည်း ပြည်သူများကြိုဆိုတဲ့ ရုပ်သံနှင့်အတူ ထုတ်ပြန်ထားပါသေးတယ်။
========================
📌📌 ၃။ မြန်မာနိူင်ငံရဲ့ပြဿနာအရင်းခံမှာ မင်းအောင်လှိုင်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဆို
နွေဦးမှန်ကူကွက်များ အစီအစဥ် အပိုင်း (၂၇) မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မြန်မာနိုင်ငံရဲ့ပြဿနာအရင်းခံမှာ မင်းအောင်လှိုင်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
"မြန်မာငွေ တန်ဖိုးလေး ဒီကာလမှာ တက်ပြီဆိုတဲ့အချိန်က မင်းအောင်လှိုင်ကို ဖမ်းပြီဆိုပြီး သတင်းထွက်တဲ့ အချိန်ခဏလေးပဲ။ အဲ့ဒီတော့ မြန်မာငွေ တန်ဖိုးတက်ချင်ရင် အခုလက်ရှိဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းတွေ နိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းချင်တယ်ဆိုရင် မင်းအောင်လှိုင်က ကိုယ့်ဘာသာကိုယ် ထောင်ထဲသွားပြီး အဖမ်းခံလိုက်။ အဲဒါဆို အကုန်ပြေလည်သွားမှာ။ မြန်မာငွေတန်ဖိုးတက်ရုံ မဟုတ်ဘူး။ ကိစ္စတော်တော်များများ ပြေလည်သွားမှာ။ ရှင်းရှင်းလေးပါ ပြဿနာရဲ့အရင်းခံက မင်းအောင်လှိုင်ပဲ" လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။
========================
📌📌 ၄။ အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်များသည် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုကို (၄) ကြိမ်တိုင်တိုင် လုပ်ဆောင်နေ
အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်များသည် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုကို (၄) ကြိမ်တိုင်တိုင် လုပ်ဆောင်နေတယ်လို့ သြဂုတ်လ (၂၈) ရက်မှာ India For Myanmar က အသိပေးဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အသက်လုံခြုံမှု မရှိသော မြန်မာနိုင်ငံသား မြောက်များစွာတို့သည် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ သောင်းချီပြီး ခိုလှုံလာကြတယ်လို့ ဖော်ပြပါတယ်။
ဤသို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေး ဒုက္ခသည်များသည် အိန္ဒိယနိုင်ငံ၏ ဗဟိုအစိုးရမှ စနစ်တကျ ကူညီဆောင်ရွက်ပေးခြင်း မရှိသောကြောင့် UNHCR ရုံးရှိရာ နယူးဒေလီမြို့သို့ UNHCR စောင့်ရှောက်မှု ခံယူရန်အတွက် အသွားလမ်းပေါ်တွင် စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနှင့်သော်လည်းကောင်း၊ မဏိပူရ် ပြည်နယ်အတွင်း ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခတွင် မြန်မာစစ်ဘေး ဒုက္ခသည်များ ပါဝင်ပတ်သက်မှုရှိသည်ဟု အထောက်အထားမဲ့ စွပ်စွဲချက်များဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံသား (၂၅၀) ဦးခန့် အာသံပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့တွင် ဖမ်းဆီး ထောင်ချ ခံနေကြရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးခံ မြန်မာစစ်ဘေး ဒုက္ခသည်များသည် သူတို့ကျခံရမည့် ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံပြီး ဖြစ်ကြသော်လည်း ယနေ့တိုင် ရာဇဝတ်သားများနည်းတူ ပြင်းထန်သော ထောင်စည်းကမ်းများနှင့် ရက်စက်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောင်တွင်းမွေးကင်းစ ကလေးငယ်များမှ သက်ကြီးရွယ်အိုများအထိ အပြင်းအထန် ခံစားကြရတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဤသို့ အပြစ်မဲ့သော မြန်မာဒုက္ခသည်များအား ထိန်းသိမ်းထားရာတွင် လွတ်ရက်အတိအကျ မရှိခြင်းကြောင့် ပြင်းထန်လွန်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား အကန့်အသတ်မရှိ ရင်ဆိုင်ရဖွယ် အခြေအနေများနှင့် ရင်ဆိုင်နေကြရသဖြင့် အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်များသည် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုကို (၄) ကြိမ်တိုင်တိုင် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြမှုသည် (၄) ကြိမ်မြောက် တတိယနေ့အထိ ရောက်နေပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များမှ လာရောက်ညှိနှိုင်းခြင်း လုံးဝမရှိသောကြောင့် ထောင်အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်နိုင်သည့်အထိ ဆက်လက်ပြီး ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ "တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် မြန်မာ့တပ်မတော်သားများ ပြည်သူ့ဘက်သို့ " အလံဖြူထောင်" ပူးပေါင်းရန် ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများ သပိတ်တိုက်ပွဲဖော်ဆောင်
အဆုံးစွန်ထိ မိုက်ကမ်းစွာဖြင့် တိုင်းပြည်၊ လူထုနှင့် တပ်ကို ဖျက်စီး ဖိနှိပ်နေသည့် အာဏာရူး မင်းအောင်လှိုင်အတွက် အသေမခံပဲ၊ ပြည်သူ့ဘက်သို့ အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြရန် လှုံ့ဆော်စည်းရုံးသည့် "တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် သပိတ်လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုများက သြဂုတ်လ (၂၈) ရက်မှာ ပူးပေါင်း ဖော်ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
"ပြည်သူ မထောက်ခံသည့် စစ်ကို ဆင်နွှဲနေသည့်အပြင် ပြည်သူကိုပါ ဖိနှိပ်သတ်ဖြတ်နေသည့်" စစ်အုပ်စု သက်ဆိုးရှည်နေမှုကို မြန်မာ့တပ်မတော်သားများပါ နွေဦးတော်လှန်ရေးတွင် အမြန်ဆုံးပါဝင်ပူးပေါင်း၍ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြပါရန်နှင့် အထွေထွေအုံကြွအာခံမှုများဖြင့် လူထုတရပ်လုံး တိုက်ပွဲဝင် ကြရန်လည်း အလေးအနက် ပန်ကြားအပ်တယ်လို့ဖော်ပြပါတယ်။
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာစသည့် မြို့ကြီးများတွင် စစ်ကောင်စီမှ ပျူစောထီးများကို အုပ်ကြီး ရာထူးပေး၊ လက်နက်တပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ လူဖမ်းပွဲများဖြင့် အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစု ခြင်းများဖြင့်လည်းကောင်း ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများကို ပို၍ ဆိုးဝါး ပြင်းထန်စွာ ဆက်တိုက်ကျူးလွန်လာလျက်ရှိပါတယ်။
========================
📌📌 ၆။ သဲအိတ်တွေ တင်ပြီး ဘန်ကာဆောက်လုပ်မှုကြောင့် မန္တလေးနန်းမြို့ရိုး ပြိုကျ
နှစ်ပေါင်း (၁၆၅) နှစ် သက်တမ်းရှိပြီဖြစ်တဲ့ မန္တလေးနန်းမြို့ရိုးပေါ်မှာ စစ်ကောင်စီက သဲအိတ်တွေ တင်ပြီး ဘန်ကာပြုလုပ်မှုကြောင့် နန်းတွင်းရဲ့ မြို့ရိုးအရှည်ပေ (၄၀) ကျော်ဟာ ဩဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်းက ပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"ရှေးဟောင်းအမွေအနှစ်တစ်ခုကို အသိဉာဏ်မရှိတဲ့ ကောင်တွေက လက်လွတ်စပယ် ဖျက်ဆီးပစ်လိုက်တာပဲဗျ။ ကြောက်အားလန့်အားနဲ့ သဲအိတ်တွေ စွတ်တင်ပြီး ဘန်ကာဆောက်တော့ ရှေးဟောင်းမြို့ရိုးက အလေးချိန်ဒဏ်ကို ဘယ်လိုလုပ်ခံနိုင်ရည် ရှိမလဲဗျာ။ နောက်ပြီး မြို့ရိုးအောက်မှာလည်း ရေတွေ ဝပ်နေတယ်။ အခုတော့ အကုန်စုပြုံဖြစ်သွားပြီး ပြိုပြီ" လို့ အသက် (၆၀) အရွယ် ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောဆိုထားပါတယ်။
မြို့ရိုးပြိုကျမှုဟာ ရှေးဘုရင်လက်ထက်က အထွဋ်အမြတ်ထားရာ မင်္ဂလာတံခါးရှိတဲ့ နန်းတော်တောင်ဖက်၊ (၂၆) လမ်း၊ လမ်း (၇၀) နဲ့ (၇၁) လမ်းကြား၊ မြို့တော်ခန်းမရှေ့မှာဖြစ်ပွားခဲ့ပြီး အနည်းဆုံး နေရာပေါင်း (၆) နေရာထက်မနည်း ပြိုကျပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၇။ ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းပေါ်ရှိ ဈေးဆိုင်များ ပြဿနာ ဖြေရှင်းရန် မန်ဆူဘုရားလမ်းဆုံဈေးကို ပြောင်းရွှေ့နေရာ
လားရှိုးမြို့ မန်ဆူဘုရားအနီး လမ်းဆုံများတွင် စျေးဆိုင်များ ဖွင့်လှစ်ထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးစေရန်နှင့် လမ်းဘေးဈေးဆိုင်များ ပြဿနာကို ဖြေရှင်းနိုင်စေရန်အတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီမှ မန်ဆူဘုရားလမ်းဆုံဈေးကို ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
ယာယီဈေးနေရာသို့ ကိုးကန့်ခရိုင် ကွမ်းလုံမြို့နယ် ဒုတိယမြို့နယ်မှူး/ စည်ပင်သာယာလုပ်ငန်းအဖွဲ့၏ အကြီးအကဲဖြစ်သူမှ သန့်ရှင်းသပ်ရပ်သော လုပ်ငန်းပတ်ဝန်းကျင် ရှိစေရန် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ကွတ်ခိုင်ခရိုင် ဒုတိယအတွင်းရေးမှူး/ လူထုလုပ်ငန်းအဖွဲ့၏ တာဝန်ခံ မှ စျေးသည်များကို မဲနှိုက်ပြီး ဆိုင်များ ချမှတ်ပေးပြီး လက်ရှိ "လမ်းဆုံဈေး" သည် အဆိုပါလမ်း၏ ယာဉ်ကြောပိတ်ဆို့မှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိသောကြောင့် စျေးပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း၊ ဈေးဆိုင်များကို မဲနှိုက်ချမှတ်ရခြင်းမှာ ဈေးသည်များ တရားမျှတမှုရှိစေရန်နှင့် စျေးသည်များ ရန်ဖြစ်ခြင်း သို့မဟုတ် အခြားသော ပဋိပက္ခများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒုတိယအတွင်းရေးမှူးက အနာဂတ်တွင် ဈေးကို အကြီးစားဖြစ်စေရန် လိုအပ်သလို ချိန်ညှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြိး ဒေါ်ကျောင်းယုယင်အား စျေးယာယီစီမံခန့်ခွဲရေး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စျေးသည်အများစုကလည်း လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအဆင့် (၁) ဦး အပါအဝင် (၂၀) ကျော် သေဆုံး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင်၊ ပဲခူးရိုးမပေါ် တက်လာတဲ့ အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အဆင့် (၁) ဦး အပါအဝင် (၂၀) ကျော် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ (၂၇) ရက် ညနေ (၄) နာရီခန့်မှာ အဆိုပါ စစ်ကြောင်းကို တောင်တန်းမြိုင် ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု (၁) နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထန်းပင်ချောင်ရွာ အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေး ရဲဘော် (၁) ဦး ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်မှလည်း (၂၀) ကျော် သေဆုံးခဲ့ကာ သေဆုံးသူများထဲမှာ တပ်ရင်းမှူးအဆင့် တာဝန်ယူထားသူ (၁) ဦး ပါဝင်နေပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၆) ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ သာယာဝတီဂဠုန် တပ်ဖွဲ့၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့နဲ့ မိုးညို မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၂။ မြင်းမူနှင့် အရာတော်မြို့နယ်များရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို (၇) ကြိမ် ဗုံးကျဲတိုက်ခိုက်
မြင်းမူနှင့် အရာတော်မြို့နယ်များရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို တော်လှန်ရေးတပ်ဖွဲ့များမှ (၇) ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း People's knight Defense Force Myinmu (PKDF-MMU) မှ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ (၂၈) ရက်နေ့ (၁၀) နာရီ (၅၀) မိနစ်အချိန်တွင် မြင်းမူမြို့နယ် ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာကြား ဒို့မြန်မာကျော်ဆီဆိုင် နှင့် မြောင်လမ်းခွဲတွင် အထိုင်ချနေသော စကစ အထိုင်စခန်း များကို drone များဖြင့် ဗုံးသီး (၁၃) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ (၂၇) ရက်နေ့ကလည်း မွန်းတည့် (၁၂း၀၀) အချိန်တွင် မြင်းမူမြို့နယ် တောချောင်းဦးကျေးရွာရှိ ရဲစခန်းအား drone များဖြင့် (၇) ကြိမ် ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ သြဂုတ်လ (၂၅) ရက် ည (၇) နာရီအချိန်တွင် မြင်းမူ မြို့နယ် တောချောင်းဦးကျေးရွာရှိ ရဲစခန်းအား drone များဖြင့် (၄) ကြိမ်တိုင် ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီနောက် သြဂုတ်လ (၂၃) ရက် မနက် (၇) နာရီ (၅၀) မိနစ် အချိန်တွင် ထီးဆောင်း နှင့် မြင်းမူမြို့ကြားတွင် အထိုင် ချနေသော စကစတပ်ဖွဲ့များကို drone ဗုံးသီး (၁၄) လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ပြီး ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် မြင်းမူ မြို့ နှင့် အလ္လကပ္ပကျေးရွာကြား ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချနေသော စကစများကို drone ဗုံးသီး (၅) လုံးကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ သြဂုတ်လ (၁၄) ရက် နံနက် (၅) နာရီ (၃၀) မိနစ်အချိန်တွင် အရာတော်မြို့နယ် သလဲဘာ ပျူရွာကို တော်လှန်ရေးတပ်ပေါင်းစုများမှ မြေပြင်ထိုး စစ်ဝင်ချိန်တွင် Drone များဖြင့် သလဲဘာကျေးရွာအား အကြိမ် (၂၀) ကျဲချ တိုက်ခိုက်ခြင်းဖြင့် ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် သြဂုတ်လ (၉) ရက် ညနေ (၆း၀၀) အချိန်ခန့်တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင်အထိုင်ချနေထိုင်သော စကစ အထိုင်စခန်းကို Droneဖြင့် (၄) ကြိမ်တိုင် ကျဲချတိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ်လ (၆) ရက် ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ ရှိ ရဲစခန်းအား droneများဖြင့် (၇) ကြိမ်တိုင် ကျဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အထက်ဖော်ပြပါ စစ်ဆင်ရေးများကို People's knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ (၃)၊ စစ်ကိုင်းခရိုင် အမှတ် ( ၆ ) တပ်ရင်းတပ်ခွဲ (၁ )နှင့် National Security Force ( NSF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မုံရွာ - မန္တလေး လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား လက်နက်ကြီး၊ drone များဖြင့် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတော ကျေးရွာ၊ မုံရွာ - မန္တလေး လမ်းဘေးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို 60mm, 80mm လက်နက်ကြီးများ၊ Fixed wings drone များဖြင့် တိုက်ခိုက်ခဲ့တယ် လို့ Peacock Drone Team-Myaung က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ (၂၇) ရက်နေ့ နေ့လည် (၂) နာရီခွဲခန့်မှာ စစ်ကောင်စီ အင်အား (၅၀) ခန့်ရှိ အဆိုပါ တပ်စခန်းအား 60mm ပြောင်းဖြင့် လက်နက်ကြီး (၁၅) လုံး၊ 80mm (၁၂) လုံး၊ Shar Htoo Waw နည်းပညာသုံး Fixed wings drone (၄) စီးဖြင့် Drop Bomb (၈) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၀) ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရှိရခဲ့ကာ မုံရွာ - မန္တလေး လမ်းမ၊ အုန်းတောကျေးရွာ လမ်းပိုင်းကို (၂) နာရီခန့် ပိတ်ဆိုပြီး အလောင်းများ ရှင်းလင်းခဲ့တယ်လို့ Peacock Drone Team-Myaung က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ 60mm, 40mm လက်နက်ကြီးများ၊ စက်လက်များ၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ် ခဲ့ပေမယ် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခု စစ်ဆင်ရေးကို Peacock Drone Team-Myaung ၊ Standard Revolution Force-SRF MMU ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃) ၊ အင်းလေးသား (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Golden Triangle (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ လောင်းလုံးတွင် လမ်းကင်း လုံခြုံရေးယူရန် ထွက်လာတဲ့ စစ်သား (၃) ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၂) ဦး သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သောကြာပြင်ကျေးရွာနဲ့ ခလရ (၁၀၄) တပ်ရင်းကြား လမ်းမှာ လမ်းကင်းလုံခြုံရေး ယူပေးရန် ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဗထူးတပ်မတော် (BHA) က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ (၂၈) ရက်နေ့ မနက် (၇) နာရီ (၃၇) မိနစ်မှာ ခလရ (၁၀၄) တပ်ရင်းမှ ကျောင်းကား အသွားအပြန် အတွက် လုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ စစ်သား (၃) ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် (၃) မိနစ် အတွင်း (၂) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် MA 1 သေနတ် (၁) လက်၊ MA 2 သေနတ် (၁) လက်၊ 5.56 ကျည် (၃၇၀) တောင့်၊ ကျည်ဘောက် (၈) ခု၊ 40mm ဗုံးသီး (၃) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၃) လုံး၊ စကားပြောစက် (၁) လုံး၊ လက်ကိုင်ဖုန်း (၁) လုံးနဲ့ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကို စစ်ရေးအရှိန်မြှင့်ကာ တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြဖို့၊ လေကြောင်းရန် ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ် ထားကြဖို့နဲ့ စစ်ကောင်စီ လက်အောက်ခံများ အမြန်ဆုံး အလင်းဝင်ကြဖို့ကိုလည်း ဗထူးတပ်မတော်က သတိပေး ထားပါတယ်။
========================
🚩🚩 ၅။ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် Jet fighter ဖြင့် (၃) ကြိမ်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
ဩဂုတ်လ (၂၈) ရက်နေ့ နံနက် (၇) နာရီတွင် မင်းတုန်းမြို့နယ်၌ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နံနက် (၉) နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲအပြီး နံနက် (၉) နာရီခွဲ အချိန်တွင် သင်တန်းဆင်းပွဲကျင်းပခဲ့သော နေရာကို Jet fighter ဖြင့် (၃) ကြိမ်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြိး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘူးလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၁၀) ဦး စုစုပေါင်း (၁၉) ဦး သေဆုံးခဲ့ပြီး (၁၁) ဦးမှာ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၁၀) ဦး စုစုပေါင်း (၁၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ မှတ်တမ်းကောက်ယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
၎င်းတို့အနက် (၁၁) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင်းသို့ အကြမ်းဖက်စစ်အုပ်စု၏ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေသော ဒေသခံများ နေထိုင်ရာ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၂ နှစ်အရွယ် မငြိမ်းရတီနှင့် အသက် ၁၅ နှစ်အရွယ် မောင်လှမင်းထွန်းတို့ အပါအဝင် မလှဆန်း၊ မဇင်မျိုးထွန်း၊ မခင်မိုးဝေ၊ ဒေါ်ညွန့်တင်၊ ဒေါ်လှလှဝင်း၊ ဒေါ်ကြူကြူဝင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုမင်းထွန်းသိန်း၊ ဦးကျော်စိန် တို့သည် ကျည်စထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြရတာပဲ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment