၂၀၂၄ သြဂုတ်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၂။ “Bottom-Up Federalism ဖြင့် ကော်သူးလေ တည်ဆောက်ခြင်း” နိုင်ငံရေးစကားဝိုင်း ကျင်းပ
📌 ၃။ MNDAA ၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သိန္နီခရိုင် စစ်ဘေးရှောင်စခန်းများတွင် ရောဂါရှာဖွေခြင်းနှင့် ကုသမှုများ ပြုလုပ်
📌 ၄။ လူမှုစီးပွားဘဝနှင့် စပ်လျဥ်းသော သုတေသန စစ်တမ်း ပါဝင်အားဖြည့်ကူညီပေးရန် သွေးစွန်းငွေမှ တောင်းဆို
၂၀၂၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိဟု သတင်းများ ထွက်ပေါ်
🚩 ၂။ စစ်အာဏာရှင် ရှိနေပါက အာဏာသိမ်းမှု ထပ်ကြုံနေရမည်ဖြစ်ပြီး စစ်အာဏာရှင်ကင်းစင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သွေးစည်းညီညွတ်ကြရန် TNLA ဒုဥက္ကဋ္ဌ တိုက်တွန်း
🚩 ၃။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
🚩 ၄။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့
🚩 ၅။ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး အပါအဝင် ၁၃ဦး သေဆုံးကာ ၁၉ဦး ထိခိုက်ဒဏ်ရာရ
🚩 ၆။ ရဲစခန်းကို နောက်ဆုံးအချိန်အထိ ခုခံသွားမယ်လို့ စစ်တပ်လော်ဘီများ လိမ်လည်ဝါဒဖြန့်ခံရသူ ရဲတပ်သား MDY PDF ထံ အလင်းဝင်လာသူဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ဩဂုတ်လ ၄ရက်။
RadioNUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး(၁၅/၂၀၂၄)ကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီးအစည်းအဝေးကို(၁၂:၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
========================
📌📌 ၂။ “Bottom-Up Federalism ဖြင့် ကော်သူးလေ တည်ဆောက်ခြင်း” နိုင်ငံရေးစကားဝိုင်း ကျင်းပ
ဩဂုတ်လ ၄ရက်။
RadioNUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ခုဖြစ်သည့် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ (ဗဟို) မှ “Bottom-Up Federalism ဖြင့် ကော်သူးလေ တည်ဆောက်ခြင်း နိုင်ငံရေးစကားဝိုင်းအစီအစဉ်” တစ်ရပ်အား ဇူလိုင်လ ၃၀ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၌ ဦးဆောင်ကျင်းပခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ နိုင်ငံရေးစကားဝိုင်း အစီအစဉ်အား “ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်း ကော်မတီ-ဗဟို၏ အဖွဲ့ဝင်ဖြစ်သည့် ဆရာစောဆာလားမူမှ နိုင်ငံရေးစကားဝိုင်းအစီအစဉ် ပြုလုပ်ရသည့် ရည်ရွယ်ချက် (၂)ချက်ဖြစ်သည့် (၁)မိမိတို့ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက် (၄)ရပ်အား ရောက်ရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု တစ်ခုအနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် (၂)လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးချဉ်းကပ်မှုအား မျိုးဆက်သစ် ကရင်လူငယ်များ၊ ကရင်ပြည်သူလူထုများနှင့် ပြည်သူလူထုများ သိရှိနားလည်သဘောပေါက်နိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ MNDAA ၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သိန္နီခရိုင် စစ်ဘေးရှောင်စခန်းများတွင် ရောဂါရှာဖွေခြင်းနှင့် ကုသမှုများ ပြုလုပ်
ဩဂုတ်လ ၄ရက်။
RadioNUG
ကွတ်ခိုင်ခရိုင်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေး နေရာများ အားလုံးတွင် အခမဲ့ရောဂါရှာဖွေခြင်းနှင့် ကုသမှုများ လုပ်ဆောင်ပြီးစီးပြီးနောက် ဩဂုတ်လ ၃ ရက်နေ့တွင် ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် သိန္နီခရိုင်သို့ ဆက်လက်သွားရောက် ဆောင်ရွက်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။
ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သိန္နီခရိုင်ရှိ စစ်ရှောင်စခန်းလေးခုတွင် စုစုပေါင်း လူ ၂၇၂ ဦးကို စစ်ဆေးကုသပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယခုအချိန်အထိ MNDAAတပ်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ကွတ်ခိုင်နှင့် သိန္နီခရိုင်များရှိ စစ်ရှောင်စခန်းများတွင် ဖျားနာသူ ၆၂၁ ဦးအား အခမဲ့ ကုသမှုနှင့် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ လူမှုစီးပွားဘဝနှင့် စပ်လျဥ်းသော သုတေသန စစ်တမ်း ပါဝင်အားဖြည့်ကူညီပေးရန် သွေးစွန်းငွေမှ တောင်းဆို
ဩဂုတ်လ ၄ရက်။
RadioNUG
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ အနေဖြင့် နိုင်ငံတကာမှ စစ်အုပ်စုဝယ်ယူရရှိနေသော လေယာဉ်ဆီများကို ပိတ်ဆို့အရေးယူနိုင်ရေး တိုက်တွန်းနိုင်ရန် လူမှုစီးပွားဘဝနှင့် စပ်လျဥ်းသော သုတေသန စစ်တမ်းတစ်ခုကို ဩဂုတ်လ ၄ ရက်နေ့မှ စတင်ကောက်ခံနေကြောင်း ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ဖို့ရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့သည် လေယာဉ်ဆီ ဖြတ်တောက်နိုင်ရေးအတွက် တော်လှန်မိတ်ဆွေတို့နှင့်အတူ အစဉ်တစိုက် အားထုတ်ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုထားပါတယ်။
ယခုလူထုစစ်တမ်းသည် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေ့စဉ်လူမှုစီးပွားရေးကို မည်ကဲ့သို့ ထိခိုက်နစ်နာရကြောင်း လေ့လာဆန်းစစ်မည့် စစ်တမ်းဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် တော်လှန်မိတ်ဆွေတို့အနေဖြင့် ယခုစစ်တမ်းတွင် ပါဝင်အားဖြည့်ကူညီပေးပါရန် လေးစားစွာဖြင့် အကူညီတောင်းခံအပ်ပါတယ်လို့ ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိဟု သတင်းများ ထွက်ပေါ်
ဩဂုတ်လ ၄ရက်။
RadioNUG
လားရှိုးမြို့ MNDAAနှင့် ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ အရှင်ဖမ်းမိခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က "ဒါ နောက်ဆက်တွဲဖြစ်စဉ်အသစ်ပါ"ဟု ပြောကြားထားပါတယ်။
တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် လားရှိုးတိုက်ပွဲအတွင်း ရာထူးမှ အနားပေးခံရကာ ၎င်း၏ နေရာတွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို မင်းအောင်လှိုင်က အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် အလုပ်သင်ဗိုလ် တေဇ ၁၆ ကျောင်းဆင်း ဖြစ်ကြောင်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း ဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးမှာ ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူးဖြစ်ပြီး အလုပ်သင်ဗိုလ် တေဇ ၂၆ ကျောင်းဆင်းဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၂။ စစ်အာဏာရှင် ရှိနေပါက အာဏာသိမ်းမှု ထပ်ကြုံနေရမည်ဖြစ်ပြီး စစ်အာဏာရှင်ကင်းစင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သွေးစည်းညီညွတ်ကြရန် TNLA ဒုဥက္ကဋ္ဌ တိုက်တွန်း
ဩဂုတ်လ ၄ရက်။
RadioNUG
စစ်အာဏာရှင်များ ရှိနေသည့် ကာလပတ်လုံး စစ်တပ်အာဏာသိမ်းမှုကိစ္စများ ထပ်မံကြုံနေရမည်ဖြစ်၍ မြန်မာပြည်မြေပေါ်မှ စစ်အာဏာရှင် ကင်းစင်ရေးအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ငှတာဝန်ရှိကြကြောင်း၊ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ထူထောင်နိုင်ရေးအတွက် သွေးစည်း ညီညွတ်ကြ"ဟုလည်း တအာင်းတပ်မတော်(TNLA) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
"7 ဇူလိုင်၊ မှိုင်းရာပြည့်၊ ဆင်မလိုက်သင်ဘောကျင်း အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ နွေဦးတောင်လှန်ရေးတို့အပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ ပြန်အမှတ်ရကြပါ။ စစ်အာဏာရှင်ရှိနေသေးတဲ့ကာလပတ်လုံး ထပ်မံကြုံတွေ့နေရဦးမယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတို့လို ထပ်မံကြုံတွေ့နေရဦးမယ်” ဟု ခေတ်အဆက်ဆက် စစ်တပ်ကတိုင်းရင်းသား အဖွဲ့များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုလှုပ်ရှားမှုများအား ဖိနှိပ်ခဲ့မှု အခြေအနေများကိုလည်း ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက အသိပေးထားပါတယ်။
" တစ်ချိန်က ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော ခိုင်မိုးလင်းတို့အဖွဲ့ကို ချင်းပြည်နယ်တစ်နေရာမှာ စစ်အာဏာရှင်စစ်တပ်ရဲ့ အမြစ်ချေမှုန်းပစ်ခံရဖူးတယ်။ စစ်အာဏာရှင်အတွက် ဗကပ ပြိုကွဲအောင်၊ တစ်ပြည်လုံးနီးပါး အတုအယောင် ငြိမ်းချမ်းရေးယူဖြစ်အောင် စွမ်းဆောင်ပေးတဲ့ MNDAA ခေါင်းဆောင် ဖုန်ကြာရှင်နဲ့ ဖုန်ကြာဖူညီအစ်ကိုနှစ်ယောက်ကို သူတို့တည်ဆောက်ထားတဲ့ လောက်ကိုင်မြို့ကြီးမှ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ပြီး ညတွင်းချင်း တိုက်ထုတ်ခံရတယ်။ ဦးအိုက်မုန်းဦးဆောင်တဲ့ PSLO/PSLA တပ်ဖွဲ့ကို ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန်တုံမြို့၊ မြို့မဘောလုံးကွင်းထဲမှာ စစ်အာဏာရှင်ရဲ့ အတင်းအဓမ္မ လက်နတ်ဖြုတ်သိမ်းခံရတဲ့ ဖြစ်စဥ်တွေ ပြန်ပြောင်းအမှတ်ရကြပါ"ဟု မီးမောင်းထိုး ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
ဩဂုတ်လ ၃ ရက်။
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဝရတ်ရွာက ဘုန်းကြီးကျောင်း ဝင်းထဲမှာ ဝင်ရောက်တပ်စွဲ နေရာယူထားကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Youths Of Mandalay (Y.O.M) အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃ ရက် မနက် ၁၀ နာရီခွဲ ခန့်မှာ နဝရတ်ရွာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးခန့် သေဆုံးခဲ့တယ်လို့ Y.O.M က ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်ကလည်း လက်နက်ကြီးဖြင့် တကြိမ် ပြန်လည်ရမ်းသမ်း ပစ်ခတ် ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Youths Of Mandalay (Y.O.M) , မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ (၃) နှင့် ဧရာ၀တီမင်းသား ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့
ဩဂုတ်လ ၃ ရက်။
Radio NUG
‘၁၀၂၇’ စစ်ဆင်ရေး ဒုတိယပိုင်း(၄၁)ရက်မြောက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
TNLA တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ နောင်ချိုမြို့နယ်က ရွှေမုဌောရွာကို စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေကြား ဩဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ကျောက်မဲမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂)စခန်းကုန်း အနီးတဝိုက်ကို စစ်ကောင်စီက Jet Fighter ဖြင့် ၃ ကြိမ်နဲ့ ပတ္တမြားစေတီ အနီးတဝိုက်ကို Jet Fighter ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် စစ်ကောင်စီတပ်မှ အဆိုပါ ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းကို Y12 နဲ့ လက်နက်ခဲယမ်းများ ၁၃ ထုတ် လာရောက်ကြဲချပေးခဲ့တယ်လို TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး အပါအဝင် ၁၃ဦး သေဆုံးကာ ၁၉ဦး ထိခိုက်ဒဏ်ရာရ
ဩဂုတ်လ ၄ ရက်။
RadioNUG
အကြမ်းဖက် စစ်ကောင်စီသည် စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး (Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ(၄)ရက်နေ့ နေလယ် (၁)နာရီဝန်းကျင်တွင် စဉ့်ကူးမြို့နယ် ၊ ကံတောင်ကျေးရွာအား စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကလေးငယ်(၁)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၃)ဦး သေဆုံးကာ(၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် နေ့လယ်(၃:၃၀)ဝန်းကျင်၌ စဉ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကလေးငယ်(၁)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၁၀)ဦး သေဆုံးခဲ့ကာ (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်၏ စစ်ရှုံး စစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုပင် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ ရဲစခန်းကို နောက်ဆုံးအချိန်အထိ ခုခံသွားမယ်လို့ စစ်တပ်လော်ဘီများ လိမ်လည်ဝါဒဖြန့်ခံရသူ ရဲတပ်သား MDY PDF ထံ အလင်းဝင်လာသူဖြစ်
ဩဂုတ်လ ၄ရက်။
RadioNUG
မန္တလေးတိုင်း စဉ့်ကူး နွယ်ရုံရဲကင်းစခန်းမှာ ရဲတပ်သားအောင်မိုးသူဆိုသူဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တွေကနေ ရဲစခန်းကို နောက်ဆုံးအချိန်အထိ ခုခံသွားမယ်လို့ လိမ်လည်ဝါဒဖြန့်ခံခဲ့ရပြီး အမှန်တကယ်မှာ လက်နက် ၃ လက် ယူဆောင်လာပြီး MDY PDF ထံ အလင်းဝင်လာသူတစ်ဦး ဖြစ်ကြောင်း မန္တလေး PDFက ရုပ်သံထုတ်ပြန်ပါတယ်။
“အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ နာမည်ကြီးသုံးပြီး ပျံ့နှံ့နေတဲ့ကိစ္စက ကျွန်တော်မဟုတ်ပါဘူးဆိုတာတော့ ယောက်ျားသစ္စာတစ်ယောက်အနေနဲ့ ဝန်ခံရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲလိုအဆက်အသွယ် ကျနော့်မှာ မရှိပါဘူး။ ပြီးတော့ ကျွန်တော်လို ခပ်နိမ့်နိမ့်တစ်ယောက်အတွက် အရေးတယူလည်း ဖတ်ပြီးတော့လည်း တင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ခေတ်ပညာတတ် တစ်ယောက်ပါ၊ ဒီလိုမျိုး နာမည်ကြီးတပ်ပြီးတော့ မလုပ်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကိုယ့်လည်ပင်းကို ကြိုးကွင်းမစွပ်ဘူး။ ဒီလိုမျိုး ချပြဖို့ဆိုတာ မလုပ်ပါဘူး။ ပြီးတော့ ကျနော် ဖုန်းကလည်း ပျက်နေတာ။ ကျနော်တို့ရဲ့ FB အကောင့်ကလွဲရင် Viber ၊ Telegram Password ကုဒ်တွေအစ ပေးထားရပါတယ်။ FB Password ကတော့ ကျနော်တို့က ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် မယူတာ၊ ဒါတောင် FB နဲ့ Messenger ကို တစ်ပတ်တစ်ခါ ဝင်စစ်တယ်။ ပြီးရင် Gallery ထဲဝင် စစ်တယ်။ ဖျက်ထားတဲ့ ဓာတ်ပုံတွေကို ဆော့ဝဲလ်တစ်ခု ထည့်ပြီးတော့ ပြန်ယူတယ်။ Viber Telegram တွေ့ရဲ့ ကုတ်တွေ Password တွေက သူတို့ဆီမှာ ရှိတဲ့အတွက် အချိန်မရွေး ဝင်လို့ရပါတယ်။” ဟု ရဲတပ်သားအောင်မိုးသူက ပြောဆိုထားပါတယ်။
နွယ်ရုံရဲကင်းစခန်းတွင် စစ်သားများက ဦးဆောင်ပြီး စခန်းကျတော့မည်ကို ကြိုတင်သိရှိကြောင်း၊ ရဲ ၆ ဦးကို ဘန်ကာ ၄ လုံးပေးထားကာ လူစိမ်းမှန်သမျှ ပစ်ခတ်ရန် အမိန့်ပေးထားကြောင်း၊ ကိုယ့်လူမျိုး အချင်းချင်း ပစ်ခတ်တိုက်ခိုက်လိုစိတ် မရှိသဖြင့် ပစ်ခတ်ခံရခြင်း မရှိသည့်ဘက်မှ ထွက်လာခဲ့ရာ ထောင်ထားသည့် သေနတ် ၂ လက်နှင့် ကျည်ကာအင်္ကျီတစ်ထည်တွေ့ရှိသဖြင့် ယူဆောင်ကာ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ရဲတပ်သားအောင်မိုးသူသည် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ အမှတ် ၂ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ အခြေခံရဲတပ်သားသစ် သင်တန်းတက်ရောက်ခဲ့ပြီး အမှတ်၂၅ ရဲတပ်ရင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် လက်ပံလှနယ်မြေရဲကင်းစခန်းကို ရောက်ရှိကာ နွယ်ရုံရဲ ကင်းစခန်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment