၂၀၂၄ သြဂုတ်လ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရခိုင်နဲ့ ရိုဟင်ဂျာဆိုတာ အတူနေ ညီအရင်းအကိုပမာတွေဆိုတာကို သက်သေပြဖို့ အချိန်ကောင်းဖြစ််လို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြား
📌 ၂။ ကယန်းအမျိုးသား တက္ကသိုလ် (Kayan National University) ကို ယနေ့ ဩဂုတ်လ ၆ ရက်တွင် စတင်ဖွင့်လှစ်
📌 ၃။ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများကြုံတွေ့နေရသော ရွေ့ပြောင်းအလုပ်သမား (၃၈၀) ဦးခန့်အား နစ်နာကြေးအဖြစ် ဘတ် (၁၈) သန်းကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့
📌 ၄။ ဖက်ဆစ်တပ်ဖွဲ့က မျိုးဆက်ပြတ်မှ မြန်မာပြည်သူတွေ ငြိမ်းချမ်းမှာဖြစ်တယ်လို့ဆို
📌 ၅။ မြန်မာနိူင်ငံကိုဝင်ရောက်ရန် ရုရှားနိူင်ငံအားUSDPပါတီစစ်ကူတောင်းမှု ရုရှားကူညီရန်မဖြစ်နိူင်
၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မန္တလေးတိုင်း စဉ့်ကူးမြို့ လက်ပန်လှရွာကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီဗုံးကြဲ
🚩 ၂။ ကျွန်းစုမြို့နယ် ဂျိူးတောင်ရွာမှတနင်္သာရီမြို့နယ်လယ်သစ်ရွာသို့အင်အား၂၀၀ခန့်စစ်ကြောင်းထိုး
🚩 ၃။ မုံရွာမြို့ပေါ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရခိုင်နဲ့ ရိုဟင်ဂျာဆိုတာ အတူနေ ညီအရင်းအကိုပမာတွေဆိုတာကို သက်သေပြဖို့ အချိန်ကောင်းဖြစ််လို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြား
သြဂုတ်လ၆ရက်
ရခိုင်နဲ့ ရိုဟင်ဂျာဆိုတာ အတူနေ ညီအရင်းအကိုပမာတွေဆိုတာကို သက်သေပြဖို့ အချိန်ကောင်းဖြစ််လို့ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက သြဂုတ်လ၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
"အတိတ်က ဖြစ်ရပ်တွေကနေ သင်ခန်းစာတွေကို ယူဖို့ လိုတဲ့အကြောင်းနဲ့ စစ်ကောင်စီတဖြစ်လဲ အကြမ်းဖက်စစ်တပ်က ရခိုင်တွေအတွက်လည်း မကောင်းဘူး၊ ရိုဟင်ဂျာတွေအတွက်လည်း မကောင်းဘူး ဘယ်လူမျိုး၊ ဘယ်ဘာသာအတွက်မှ မကောင်းဘူးဆိုတာကို ကျွန်တော့်အနေနဲ့ အခါအားလျော်စွာ ပြောပြလေ့ရှိတယ်။လူမျိုးဘာသာမတူသူတွေကြား သပ်လျှိုသွေးခွဲထားမှ သူတို့ အာဏာတည်မြဲရေးကို ကျားကန်ပေးမှာမို့ စစ်ကောင်စီက အဲ့ဒီ့လှည့်ကွက်ကိုချည်း ကြိမ်ဖန်များစွာ အလှည့်အပြောင်းနဲ့ ပြောင်းကစားနေတယ်။ ကျွန်တော် အကြိမ်ကြိမ် ထောက်ပြခဲ့တယ်။ ဒီကနေ့အတိအလင်းပြောချင်တာက ဒေသတစ်ခုမှာ တည်ငြိမ်အေးချမ်းရေးက ပထမဦးစားပေး အဲ့ဒီ့နောက်မှာမှ နောက်ဆက်တွဲဖြစ်စဉ်တွေကို လုပ်ဆောင်နိုင်မယ်။ ရခိုင်နဲ့ ရိုဟင်ဂျာဆိုတာ အတူနေ ညီအရင်းအကိုပမာတွေဆိုတာကို သက်သေပြဖို့ အချိန်ကောင်းပါပဲ"လို့ဆိုပါတယ်။
ဒါ့အပြင် အားကြီးသူက အားနည်းသူကို ဖေးမဖို့၊ တန်းတူအခွင့်အရေးအတွက် အာမခံဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ရာအတွက် အချင်းချင်းကြား ထိတွေ့ ဆွေးနွေးတာတွေကို လုပ်ကိုင်ဖို့လိုအပ်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ ကယန်းအမျိုးသား တက္ကသိုလ် (Kayan National University) ကို ယနေ့ ဩဂုတ်လ ၆ ရက်တွင် စတင်ဖွင့်လှစ်
သြဂုတ်လ၆ရက်
ကယန်းအမျိုးသား တက္ကသိုလ် (Kayan National University) ကို ယနေ့ ဩဂုတ်လ ၆ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပါတယ်။
ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်လှစ်ကြောင်း ကြေညာချက်ကိုကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။
"ကယန်းအမျိုးသား ပညာရေးကော်မတီ စတင်ဖွဲ့စည်းချိန် ၂၀၂၂ ခုနှစ်မှ စ၍ ယနေ့ အထိ အခြေခံပညာရေးတွင် ကျောင်းပေါင်း ၁၄၅ ကျောင်းခန့်၊ ကျောင်းသား/သူပေါင်း ၁၃၀၀၀ ခန့်၊ နှင့် ဆရာ/မ ၁၀၀၀ ဦးခန့်ဖြင့် လည်ပတ်လျက်ရှိပါတယ် ယခုတစ်ဖန် ကျောင်းနေအရွယ်လူငယ်များ၏ အခြေခံမှသည် အဆင့်မြှင့်ပညာရေးနှင့် နိုင်ငံတကာပညာရေးသို့ လက်လှမ်းမီစေရန် ရည်ရွယ်ချက် ဖြင့် ကယန်းအမျိုးသား တက္ကသိုလ် (Kayan National University) ကို ယနေ့ ဩဂုတ်လ ၆ ရက်တွင် စတင်ဖွင့်လှစ် ကြောင်းကို မိဘပြည်သူများအား အသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။
ကယန်းအမျိုးသားတက္ကသိုလ် (KyNU) တွင်ပညာရပ် (၆) ခုဖြင့် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကာဆရာအတတ်သင် ပညာရပ်၊ စိုက်ပျိုးရေးပညာရပ်၊ ကျန်းမာရေး ပညာရပ်၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံ ပညာရပ်၊ ကွန်ပျူတာပညာရပ်၊ ကယန်းစာပေနှင့် ဘာသာစကား ပညာရပ်များ ဖြစ်ပါတယ်။
ထိုမှတစ်ဆင့် သဘာဝသိပ္ပံပညာရပ်များ၊ စီးပွားရေးပညာရပ်များ၊ ဥပဒေပညာရပ်များ နှင့် မြို့ပြ တည်ဆောက်ခြင်းဆိုင်ရာ ပညာရပ်များကိုလည်း တိုးချဲ့ဖွင့်လှစ် သွားမယ်လို့သိရပါတယ်။
ဒါ့အပြင် တက္ကသိုလ်သည် မိတ်ဖက်တိုင်းရင်းသားတက္ကသိုလ်များ၊ ပြည်ထောင်စု တက္ကသိုလ်များ၊ နိုင်ငံတကာ တက္ကသိုလ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများကြုံတွေ့နေရသော ရွေ့ပြောင်းအလုပ်သမား (၃၈၀) ဦးခန့်အား နစ်နာကြေးအဖြစ် ဘတ် (၁၈) သန်းကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့
သြဂုတ်လ၆ရက်
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများကြုံတွေ့နေရသော ရွေ့ပြောင်းအလုပ်သမား (၃၈၀) ဦးခန့်အား နစ်နာကြေးအဖြစ် ဘတ် (၁၈) သန်းကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သြဂုတ်လ၆ရက်မှာ NUG အလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံမှ ဇူလိုင်လ ဒုတိယပတ်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းကြောင်းကို စကားပြန်မှတစ်ဆင့် အလုပ်သမားများအားပြောကြားစေခဲ့ရာ မြန်မာအလုပ်သမား ၃၀၀ ကျော် အပါအဝင် စုစုပေါင်း ရွေ့ပြောင်းအလုပ်သမား ၃၈၀ ဦးခန့်သည် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိရာ (M.H.A.C) မဟာမိတ်အဖွဲ့သို့ အကူအညီတောင်းခံခဲ့ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ LPN ဖောင်ဒေးရှင်းနှင့်အတူ ထိုင်းနိုင်ငံဥပဒေနှင့်အညီ နစ်နာကြေးများရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့နောက်သြဂုတ်လ၄ရက်နေ့တွင်အလုပ်သမားများ(၃၈၀)ဦးအတွက် နစ်နာကြေး ဘတ် (၁၈)သန်းကျော်ကို အလုပ်ရှင်က သဘောတူပေးချေခဲ့သည့်အပြင် အလုပ်သမားများ အလုပ်ရှာနေချိန်တွင် လူမှုဖူလုံရေးကြေး (၂) လစာရရှိရန်လည်း လူမှုဖူလုံရေးရုံးသို့ တင်ပြတောင်းခံပေးထားခဲ့တယ်လို့သိရပါတယ်။
ထို့အပြင် အလုပ်သမားများအနေဖြင့် အလုပ်ရှာနေစဉ်ကာလအတွင်း ထောက်ပံ့ကြေးငွေ များလည်း ရရှိမည်ဖြစ်သလို အလုပ်ပြောင်းရွှေ့ခွင့် (ဘိုက်ကျန့်အော့) လည်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ ဖက်ဆစ်တပ်ဖွဲ့က မျိုးဆက်ပြတ်မှ မြန်မာပြည်သူတွေ ငြိမ်းချမ်းမှာဖြစ်တယ်လို့ဆို
သြဂုတ်လ၆ရက်
ဖက်ဆစ်တပ်ဖွဲ့က မျိုးဆက်ပြတ်မှ မြန်မာပြည်သူတွေ ငြိမ်းချမ်းမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က သြဂုတ်လအတွင်းမှာ ပြောကြားခဲ့ပါတယ်။
"ဒီနိုင်ငံမှာ စစ်ပွဲတွေ မပြီးနိုင်တာက ဖက်ဆစ်တပ်နဲ့ အနီးကပ်ဆုံးနေတဲ့ လူကြီး လူငယ် အားလုံးရဲ့အတွေးအခေါ်မှာ စစ်တိုက်ဖို့၊ ပြန်လှန်မရအောင် အပြောင်ရှင်းဖို့၊ မီးရှို့၊ ဗုံးကြဲဖို့ကလွဲပြီး ဘာအကြံမှ မပေးတတ်တဲ့ပြဿနာ ပေါ့။ နိုင်ငံရေးမှာဆိုလဲ အသာစီးရဖို့ ဘယ်လိုဥပဒေဆွဲရမယ် မရရင် အာဏာသိမ်း၊ ဖမ်းပြီးထောင်ချ ဆိုတာလောက်ပဲ အကြံပေးတတ်ကြတာ။နှစ် ၇၀ လုံးလုံးတိုက်လာပြီပဲ၊ မီးရှို့သတ်ဖြတ်၊ ရွာလုံးအပြောင်းရှင်း ဆိုတာတွေက နေရာဒေသ တလှည့်စီ ခေတ္တရပ်နေတာပဲ ရှိတာ တနိုင်ငံလုံး အထူးသဖြင့် ဖက်ဆစ်တပ်ဖက်ကရပ်ဆဲကာလ ဆိုတာမရှိဘူး။ တော်ပြီပေါ့၊ အဲ့လိုနည်းတွေနဲ့ မရဘူး ဆိုတာ နားလည်သင့်ပြီလေ။ ဒါကြောင့်ဒီအဖွဲ့က မျိုးဆက်ပြတ်မှ မြန်မာပြည်သူတွေ ငြိမ်းချမ်းမှာပါ"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုဟာ ဖက်ဒရယ်မူအား ခွဲထွက်ရေးမူအဖြစ်တလွဲ ယူဆထားတာက လွဲလို့ ခေါင်းထဲ ဘာမှ မရှိဘူးလို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၅။ မြန်မာနိူင်ငံကိုဝင်ရောက်ရန် ရုရှားနိူင်ငံအားUSDPပါတီစစ်ကူတောင်းမှု ရုရှားကူညီရန်မဖြစ်နိူင်
သြဂုတ်လ၆ရက်
မြန်မာနိူင်ငံကိုဝင်ရောက်ရန် ရုရှားနိူင်ငံအားUSDPပါတီစစ်ကူတောင်းမှု ရုရှားကူညီရန်မဖြစ်နိူင်ကြောင်းနှင့်ပတ်သက်ပြီး သြဂုတ်လ၆ရက်မှာ အမေရိကန်အခြေစိုက် NYCBCမှ အမှုဆောင်ကိုနေတင်မြင့်က Radio NUGကို အခုလိုပြောပါတယ်။
- ကိုနေတင်မြင့်(အသံဖိုင်)
ရုရှားနိူင်ငံသို့ ရောက်ခဲ့ရှိသောUSDPပါတီဥက္ကဌဦးခင်ရီက မြန်မာနိူင်ငံတွင်အကြမ်းဖက်မှုများဖြစ်ပေါ်နေပြီး ရုရှားတပ်ဖွဲ့ကဝင်ရောက်ကူညီပေးရန်တောင်းဆိုမှုတရပ်ဖြစ်ပေါ်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မန္တလေးတိုင်း စဉ့်ကူးမြို့ လက်ပန်လှရွာကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီဗုံးကြဲ
ဩဂုတ်လ ၆ရက်
မန္တလေး PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲရာမှာ အရပ်သား အမျိုးသမီး ၁ ဦးသေဆုံးပြီး စာသင်ကျောင်းနဲ့ စျေးဆိုင်တွေထိ ခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံသိရ ကြောင်း People’s Springမီဒီယာမှ ဖေါ်ပြထားပါတယ်။
စဉ့်ကူးမြို့ရဲ့ အရှေ့ဘက် ၄ မိုင်ကျော်အကွာ က လက်ပန်လှ ရွာကို မနေ့ သြဂုတ်လ ၅ ရက်ညနေပိုင်းနဲ့ ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲ အချိန်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတာပါ။
ဒီမနက်အစောပိုင်း ဗုံးကြဲခံရမှုမှာ လက်ပန်လှရွာ ၊ ငြိမ်းချမ်းအောင်ရပ်ကွက် ဖြစ်ပြီး အမျိုးသမီး ၁ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရသူ၁ဦးလည်းရှိတယ်လို့ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး) အဖွဲ့က ဆိုပါတယ်။
မနေ့ညနေပိုင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ ပြည်စိုးအောင်ရပ်ကွက်ကစာသင်ကျောင်း ၊ ပုဂ္ဂလိကဆေးရုံနဲ့ စျေးဆိုင်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ ရက် သြဂုတ်လ ၄ ရက်ကလည်း စဉ့်ကူးမြို့နယ်ထဲက ကံတောင်ရွာနဲ့ နွယ်ရုံရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲရာမှာ ကလေးငယ်တွေအပါအဝင် ဒေသခံအရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အခုလို စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လက်ပန်လှရွာဟာ မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာရှိပြီး အဲဒီရွာက နယ်မြေရဲစခန်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အတွင်း မန္တလေး PDF က သိမ်းယူလိုက်တာပါ။
လတ်တလောမှာ တိုက်ပွဲမဖြစ်ဘဲ စဉ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေမှာလည်း နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ဗုံးပဒေသာ အမျိုးအစားတွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ မန္တလေး PDF က ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်နားက စဉ့်ကူးမြို့နယ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်မှာ မန္တလေး PDF ကအပြီးသတ် သိမ်းယူလိုက်တာပါ။ စဉ့်ကူးဟာ မန္တလေးတိုင်းထဲမှာ မန္တလေး PDF က ပထမဆုံး သိမ်းယူနိုင်တဲ့ မြို့ အဖြစ်လည်းမှတ်တမ်းဝင်ထားပါတယ်။
========================
🚩🚩 ၂။ ကျွန်းစုမြို့နယ် ဂျိူးတောင်ရွာမှတနင်္သာရီမြို့နယ်လယ်သစ်ရွာသို့အင်အား၂၀၀ခန့်စစ်ကြောင်းထိုး
ဩဂုတ်လ ၆ရက်
ဇူလိုင်လ(၁၈)ရက်မှဩဂုတ်လ(၄)ရက်နေ့အထိကျွန်းစုမြို့နယ် ဂျိူးတောင်ရွာမှတနင်္သာရီမြို့နယ်လယ်သစ်ရွာသို့ အင်အား၂၀၀ခန့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီ+ပျူစောထီးတပ်များနှင့်မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂အဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုပေါင်း (၁၁)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဩဂုတ်လ၅ရက်မှာ မြိတ်ခရိုင်သတင်းနှင့်ပြန်ကြားရေး၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂မှ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွင် စစ်ကောင်စီဖက်မှဗိုလ်ကြီးတစ်ဦးအပါအဝင်(၅၂)ဦးသေ၊ (၁၁)ဦးအပြင်းအထန်ဒဏ်ရာရ စုစုပေါင်း(၆၃)ဦးထိခိုက်သေဆုံးခဲ့သည်။ ထိတွေ့တိုက်ပွဲအတွင်းမိမိတို့ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂မှရဲဘော်တစ်ဦးဒဏ်ရာရ(မစိုးရိမ်ရ)နှင့်အရပ်သားဥယာဉ်ခြံစောင့်တစ်ဦးသေဆုံးခဲ့ရပါသည်။
မိမိတို့စစ်ကြောင်း၂တွင်းပူးပေါင်းပါဝင်ခဲ့သောအဖွဲ့များမှာမြိတ်ခရိုင်တပ်ရင်း၂၊တပ်ခွဲ၂၊တနင်္သာရီမြို့နယ်ပကဖ၊ကျွန်းစုပကဖ၊ကာကွယ်ရေးပြောက်ကျား၊တနင်္သာရီရိုးမ၊တောဗုံးကြီး၊
တောင်ပံနီ၊တိုင်းပကဖလုံခြုံရေး၊Dragon Squad ဒရုန်းအဖွဲ့၊KNLAအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ပြည်သူများအနေဖြင့်လည်း ကျနော်တို့ "လက်တွဲကူညီ တနင်္သာရီ ကျည်တစ်သောင်း Projet" လေး မှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်တယ် ခင်ဗျာဟု၍ မြိတ်ခရိုင် သတင်းနှင့်ပြန်ကြားရေးပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂ မှထုတ်ပြန်ထားပါတယ်
========================
🚩🚩 ၃။ မုံရွာမြို့ပေါ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှား
သြဂုတ်လ၆ရက်
မုံရွာမြို့ပေါ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့တယ်လို့ သြဂုတ်လ၆ရက်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကဖော်ပြပါတယ်။
မုံရွာမြို့ တစ်နေရာတွင် မုံရွာပင်မသပိတ်အနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုများကို ဖက်ဆစ် စစ်ကောင်စီတပ်သားများ သောင်းကျန်းမင်းမူနေတဲ့ကြား၊ အဖမ်းအဆီး အစစ်အဆေးများကြားကနေ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
စစ်အာဏာရှင်စနစ် ပြိုကျရေးအတွက် ပြည်သူလူထုတရပ်လုံးအနေဖြင့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုများတွင် ပုံစံအမျိုးမျိုးနဲ့ ပါဝင်လှုပ်ရှားကြပါရန် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် တပ်လှန့်နှိုးဆော်အပ်တယ်လို့အသိပေးဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment